Sunday, May 26, 2013
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးမိတ်ဆက်သင်တန်းမှတ်စု (ဆောက်လုပ်ရေး) (၁၀)
၉။ ၀န်ချီခြင်း (Lifting)
လက်မှတ်ရကျွမ်းကျင်လုပ်သား ဆိုသည်မှာ -
၁။ ၀န်ချီလုပ်ငန်းကြီးကြပ်သူ - Lifting Supervisor
၂။ အချက်ပြသူ - Signal man
၃။ ကြိုးချည်သူ - Rigger
၎။ ကရိန်းမောင်းသူ - Crane Operator
၁။ ၀န်ချီလုပ်ငန်းကြီးကြပ်သူ - Lifting Supervisor ၏ လက်မှတ် (Certificate)
၂။ အချက်ပြသူ - Signal man ၏ လက်မှတ် (Certificate)
၃။ ကြိုးချည်သူ - Rigger ၏ လက်မှတ် (Certificate)
၎။ ကရိန်းမောင်းသူ - Crane Operator ၏ လက်မှတ် (Certificate)
၅။ ကရိန်း ၏ လက်မှတ် (LM Cert) (Lifting Machine Certificate)
၆။ ၀န်ချီကရိယာများ၏ လက်မှတ် (Lifting Gear, Lifting Belt, Lifting Sling, Shackle’s Certificates)
၇။ Risk Assessment
၈။ Safe Work Procedure
၉။ Lifting Plan
လုပ်ငန်းမစတင်မီ အလုပ်လုပ်ခွင့်လက်မှတ် (PTW – Permit To Work) လျှောက်ထားရမည်။ ၎င်းလက်မှတ်၌ ကရိန်းမောင်းသူ၊ ၀န်ချီလုပ်ငန်းကြီးကြပ်သူတို့က လိုအပ်သည်များကို စစ်ဆေးပြီးကြောင်း လက်မှတ်ပါရမည်။ ၎င်းတို့ လက်မှတ်ထိုးပြီးလျှင် မန်နေဂျာကလက်မှတ်ထိုး အတည်ပြုပေးရမည်။ လက်မှတ်အားလုံးစုံပြီဆိုမှ အလုပ်စလုပ်လို့ရသည်။
              မိမိတို့သုံးသော ၀န်ချီကိရိယာအားလုံးသည် သက်တမ်းမကုန်သေးသော လက်မှတ်ရှိသည့် ကိရိယာများ ဖြစ်ရမည်။ လက်မှတ်သက်တမ်း ကုန်နေပြီဖြစ်သော ၀န်ချီကိရိယာများကို မသုံးပါနှင့်။ အန္တရာယ်များ၏။ သုံးမည့် ၀န်ချီကြိုးသည် မ,မည့် ၀န်ကို ကောင်းစွာထမ်းနိုင်ကြောင်း (SWL - Safe Working Load) သေချာပါစေ။
၁၃။ Lock Out Tag Out
Log Out Tag Out ဆို၍ ဟိုးယခင်က နာမည်ကျော် ဟာသပြဇာတ်တစ်ခုကို သွားသတိရမိပါသည်။ ပြဇာတ်နာမည်မှာ သူရဲလေးကောင် ဖြစ်၏။ ကြာပြီဆိုတော့ ကောင်းကောင်းမမှတ်မိတော့ပါ။ သို့သော် သူတို့အထဲမှ သူရဲတစ်ကောင်က သူသေခဲ့ရပုံ ပြန်ပြောပြတာကလေးကိုတော့ ကောင်းကောင်းမှတ်မိပါ၏။
            သူသေရသည်က မီးပလပ်ကို နှိုက်နေစဉ် တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှ တစ်နာရီ၊ တစ်နာရီမှ တစ်မိနစ်၊ တစ်မိနစ်မှ တစ်စက္ကန့် လာတောင့်လာခဲမီးက ဗြုန်းစားကြီးလာသဖြင့် သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင် ဖြစ်ကာ ဓါတ်လိုက်သေခဲ့ရသော မသာ ဖြစ်သတတ်။
            အထက်ပါ သတင်းကတော့ ပြဇာတ်မဟုတ်ပါ။ တကယ်သေတာ ဖြစ်ပါသည်။ ဘိလပ်မြေ ချိုးခွာနေစဉ် တစ်ယောက်က စက်မောင်းလိုက်သဖြင့် စက်ညပ်သေရခြင်းဖြစ်၏။
            ဤသည်များမှာ Log Out Tag Out Safety မရှိသဖြင့် သေရခြင်း ဖြစ်သတည်း။ ၎င်းကို အတိုကောက် လိုတို (LOTO) ဟု ခေါ်သည်။ ယခု ထို “လိုတို” အကြောင်း ရှင်းပြပါမည်။
လျှပ်စစ်လိုင်း၊ ဓါတ်ငွေ့ပိုက်လိုင်း၊ ရေနွေးငွေ့ပိုက်လိုင်း၊ ခေတ္တရပ်နားထားသော စက် အစရှိသည့် အန္တရာယ်ရှိသော လိုင်းများ၊ နေရာများတွင် လိုတို (LOTO) ကို လုပ်ရသည်။ အထက်ပါ လူသေသည့်ဖြစ်ရပ်၌ အလုပ်သမားနှစ်ဦးက ကွန်ကရိ ဖျော်စက်အတွင်းဝင်ကာ ချိုးခွာသည်။ ထိုစက်သာ လည်ပတ်လိုက်ပါက ထိုအလုပ်သမားနှစ်ဦး စက်ညပ်ကာ သေနိုင်သည်။ ထို့ကြောင့် ၎င်းတို့အလုပ်လုပ်နေစဉ်အတွင်း ထိုစက်ကို တစ်စုံတစ်ယောက်က မမောင်းနိုင်အောင် စီမံထားရသည်။
            ထို့အတူပင် စက်တစ်ခုမှ တာလပတ်ကြိုး၊ ဂီယာစသည်တို့ကို ပြင်ဆင်ရန် လိုသည်ဆိုပါစို့။ ထိုစက်ကို ပြုပြင် ထိန်းသိမ်းမှုလုပ်နေစဉ်အတွင်း မတော်တဆ စက်လည်မှုမဖြစ်စေရန် စီမံထားရသည်။
            လျှပ်စစ်လိုင်းများကို ပြင်ဆင်သည့် လျှပ်စစ်လုပ်သား (မြန်မာပြည်အခေါ် လိုင်းမင်း) (electrician, LEW – Licensed Electrical Worker) များသည် ၎င်းတို့မီးပြင်နေစဉ် ထိုလိုင်းကို မီးဖြတ်ထားရသည်။ တစ်စုံတစ်ယောက်က မတော်တဆ ထိုလိုင်းမှ မီးကိုလာမဖွင့်စေနိုင်ရန် မီးခလုတ်များကို သော့ခတ်ကာ သော့ကိုသိမ်းထားရသည်။
            ရေနွေးငွေ့ပိုက်လိုင်းသည် အပူချိန်ရော၊ ဖိအားပါမြင့်၏။ ထို့ကြောင့် အနည်းငယ်မျှသော ရေနွေးငွေ့ထိရုံမျှဖြင့် သေနိုင်သည်။ ထို့ကြောင့် ရေနွေးငွေ့ပိုက်လိုင်းပြင်သည့် လုပ်သားသည် ၎င်းအလုပ်လုပ်နေသည့် ရေနွေးငွေ့ပိုက်လိုင်းမှ ဗားများကို တစုံတစ်ယောက်က လာမဖွင့်နိုင်ရန် သော့ခတ်ထားရသည်။ နောက်ပြီး ဤလိုင်း၌ အလုပ်လုပ်နေသည်။ ဤဗားကို မဖွင့်ပါနှင့် ဟူသော စာတမ်း ချိတ်ဆွဲထားရသည်။
            ဤသည်ကိုပင် “လိုတို” ဟု ခေါ်၏။
စနစ်တကျလုပ်မည်ဆိုလျှင် လိုတိုလုပ်ပုံလုပ်နည်း (LOTO Procedure) မှာ လွယ်ကူပါသည်။ အောက်တွင် ရှင်းလင်း စွာ ဖော်ပြထားပါသည်။
၁။ “သည်မီးလိုင်း (သို့မဟုတ် ထိုစက်) တွင် အလုပ်လုပ်မည်ဖြစ်သဖြင့် မီးဖြတ်ထားမည်၊ (သို့မဟုတ် စက်ပိတ်ထားမည်။) ထို့ကြောင့် ထိုမီးလိုင်း (ထိုစက်) မှ ခလုတ်များကို မည်သူတစ်ဦးတစ် ယောက်ကမှ မဖွင့်ပါနှင့် ဟု အလုပ်ခွင်ရှိ လူအားလုံးကို အကြောင်းကြားထားရမည်။
၂။ ထို့နောက် မီးဖြတ်လိုက်ပါ။ (စက်မောင်းနေပါက ရပ်လိုက်ပါ။)
၃။ ထို့နောက် ထိုမီးလိုင်းနှင့် အခြား မီးလာနေသည့်လိုင်းများ ဆက်သွယ်ထားသည့် နေရာအားလုံးမှ ခလုတ်များကို သော့ခတ်ပြီး မဖွင့်ပါနှင့် ဟု စာတမ်းချိတ်ဆွဲထားပါ။ (စက်ဆိုလျှင်လည်း စက်ကိုစတင်လည်ပတ်နိုင်သည့် ခလုတ်အားလုံးကို သော့ခတ်ပြီး အလုပ်လုပ်နေသည်။ စက်ကို မနှိုးပါနှင့်။ ဟူသော စာတမ်းချိတ်ဆွဲထားပါ။)
၎။ ထိုသော့ကို ထိုမီးလိုင်းတာဝန်ခံအရာရှိက သိမ်းဆည်းထားရမည်။ မည်သူ့အားမျှ မပေးရ။
၅။ မီးပြင်နေသော (သို့မဟုတ် စက်ပြင်နေသော) လုပ်ငန်းများအားလုံးပြီးလျှင် လုပ်ငန်းပြီးကြောင်း သက်ဆိုင်ရာ တာဝန်ခံ အရာရှိထံ အကြောင်းကြားရမည်။ အရာရှိက ထိုမီးလိုင်းတွင် မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေစေရန် စစ်ဆေးရမည်။
၆။ မီးပြန်ဖွင့်မည် (သို့မဟုတ် စက်ပြန်နှိုးတော့မည်) ဆိုသည့်အကြောင်းကို လုပ်ငန်းခွင်ရှိလူအားလုံးကို အသိပေး၊ အကြောင်း ကြားရမည်။
၇။ ပြင်ဆင်စဉ်က သုံးခဲ့သော လက်နက်ကိရိယာအားလုံးကို ပြန်သိမ်းခဲ့ပါ။ တစ်ခုမှ မကျန်ခဲ့ပါစေနှင့်။
၈။ ဖွင့်ထားသောအဖုံးအားလုံးကို ပြန်ဖုံးပါ။
၉။ ထိုမီးလိုင်း (သို့မဟုတ် စက်) ၌ မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေ ဆိုတာ သေချာမှ မီးပြန်ဖွင့်ရမည်။ (သို့မဟုတ် စက်ပြန်နှိုးရမည်။)
၁၀။ မီးမဖွင့်ပါနှင့် ဟု ချိတ်ဆွဲထားသော ဆိုင်းဘုတ်များအား ပြန်လည်သိမ်းဆည်းရမည်။
                အလုပ်သမားများအနေနှင့် သိထားရမည်မှာ လိုတို ဆိုင်းဘုတ်များတွေ့ပါက ထို ခလုတ်၊ ဗား စသည်တို့ကို မဖွင့်ရ။ အလွန်အန္တရာယ်များလှ၏။ ထို့ပြင် မိမိအလုပ်လုပ်မည့်နေရာကို မိမိအထက်အရာရှိက လိုတိုဆိုင်းဘုတ်များ ချိတ်ဆွဲထားလျှင် ထိုဆိုင်းဘုတ်များကို ဖြုတ်မပစ်ရ။ ၎င်းတို့သည် သင့်အန္တရာယ်ကင်းရှင်းရေးအတွက် အလွန်အရေးကြီး၏။
ဆက်ပါဦးမည်။
အေးငြိမ်း
၂၆ မေ၊ ၂၀၁၃ ည ၉း၃၂ နာရီ
No comments: