Monday, May 6, 2013

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးမိတ်ဆက်သင်တန်း မှတ်စု (ဆောက်လုပ်ရေး) (၅)

၆၊ ၉၊ ၅။ အသက်ကယ်ကြိုးကို ဖမ်းထားမည့် နေရာများ (Anchor Points) (အန်ကာပွိုင့်) 


            Anchor Point အတွက် စံနှုန်းမှာ EN795, Class A,B,C နှင့် EN362 တို့ဖြစ်၏။ Anchor Point အတွက် အနည်းဆုံး ကျိုးပြတ်အားမှာ ၁၅ ကီလိုနျူတန် (15kN) ဖြစ်သည်။ Body Harness များ၏ အဆက်သံကွင်းများ (connectors) ၏ အနည်းဆုံး ကျိုးပြတ်အားမှာလည်း ၁၅ ကီလိုနျူတန် (15kN) ပင်ဖြစ်၏။ ကိုယ်သိုင်းကြိုးများ၊ အသက်ကယ်ကြိုးများ မည်မျှ ကောင်းသည်ဖြစ်စေ ၎င်းတို့ကိုဖမ်းထားသည့် anchor point မကောင်းပါကလည်း အသက်ကို ကယ်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် anchor point များကိုလည်း သေချာကျနစွာ တပ်ဆင်ရန်လိုပါသည်။
            Anchor point နှစ်မျိုးရှိသည်။ အမြဲတမ်း (permanent) နှင့် ယာယီ (temporary) တို့ဖြစ်သည်။ အမြဲတမ်းအတွက် တပ်ဆင်ထားသော anchor point မှာ သေသေချာချာဆင်ထား၍ စိတ်ချလက်ချ သုံးနိုင်မည်ဖြစ်သော်လည်း ယာယီအတွက် ဆင်ထားသော anchor point များကိုမူ သေသေချာချာ ခိုင်ခိုင်မြဲမြဲရှိစေရန် စမ်းသပ်စစ်ဆေးရန် လိုပါသည်။
Anchor point တွင် အသက်ကယ်ကြိုး (Life line) ကိုချည်ရာ၌ ထုံးစံအားဖြင့် အထုံးထုံးချည်ကြပါသည်။ ထိုကဲ့သို့ အထုံးထုံးလိုက်သောအခါ ကြိုး၏ခံနိုင်ရည်အားမှာ ၄ ပုံတစ်ပုံမျှ လျော့ကျသွားသည်။ ထို့ကြောင့် ထို အသက်ကယ်ကြိုးသည် လူ ပြုတ်ကျသွားသည့်ဒဏ်ကို ခံနိုင်သော ခိုင်မာတောင့်တင်းသည့် ကြိုး ဖြစ်ရန် အရေးကြီးပါသည်။




အောက်တွင် Anchor design အမျိုးမျိုးကို ပြထားပါသည်။








၆၊ ၁၀။ ၀င်ပေါက်ထွက်ပေါက်များ၊ အတက်အဆင်းလှေခါးများ (ရည်ညွန်း - WSH (Construction) Regulation)

            ဆောက်လုပ်ဆဲ အဆောက်အဦအတွင်းသို့ ၀င်/ထွက်ရန် အမိုးပါသော ၀င်/ထွက်ပေါက်များ လုပ်ပေးထားရမည်။ အတက်အဆင်းလှေခါးများ၌ လက်ရမ်းတမ်းများ ပါရမည်ဖြစ်ပြီး အလင်းရောင်လည်း အလုံအလောက်ရှိရမည်။ ၀င်ပေါက်၊ ထွက်ပေါက်နှင့် လှေခါးများ၌ မည်သည့်ပစ္စည်းမှ စုပုံမထားရ။ လှေခါးကို နေ့စဉ် သန့်ရှင်းရေး လုပ်ရမည်။ မည်သည့် အမှိုက် သရိုက်မှ ရှိမနေစေရ။








အတက်၊ အဆင်းများအတွက် သင့်တော်သော၊ လုံခြုံစိတ်ချရသော၊ ခိုင်ခံ့သော လှေခါးများကိုသာ သုံးပါ။
  • ထိုလှေခါးများ၌ လက်ရမ်းတန်းများ တပ်ဆင်ထားရမည်။
  • မည်သည့်အခါမှ ဖြတ်လမ်းမသုံးပါနှင့်။
  • အလုပ်လုပ်ရန်အတွက် သင့်တော်သော အလုပ်လုပ်ရန် ကြမ်းပြင်တည်ဆောက်ပါ။
  • ထိုကြမ်းပြင်တွင် ပြုတ်ကျခြင်းမှ ကာကွယ်ရန် လက်ရမ်းတန်းများ တပ်ဆင်ရပါမည်။
  • ထိုကြမ်းပြင်သို့ တက်/ဆင်း ရန် ကောင်းမွန်သော လှေခါးတပ်ဆင်ထားရမည်။
  • ထိုကြမ်းပြင်၌ ပစ္စည်းများ လိမ့်ကျခြင်းမှ ကာကွယ်ရန် ခြေကာပြား (Toe Board) များတပ်ဆင်ထားရမည်။
  • ကျိုးပျက်၊ ပေါက်ပြဲနေသော ကြမ်းပြင်၊ မခိုင်ခံ့သောကြမ်းပြင်၊ အလုပ်လုပ်ရန် မသင့်တော်သည့် ကြမ်းပြင်များကို မသုံးပါနှင့်။ စိတ်ချရသည်ထိ ပြင်ဆင်ပြီးမှ သုံးပါ။
  • အောက်သို့ ပစ္စည်းများပြုတ်မကျနိုင်စေရန် လက်သုံးကိရိယာများကို ပုံးများအတွင်း ထည့်ထားပါ။
  • အမြင့်တွင် အလုပ်လုပ်သည့်အခါတိုင်း အန္တရာယ်ကင်း ကိုယ်သိုင်းကြိုး (Full Body Harness) ၀တ်ဆင်ပါ။ လင်းယတ်ကို ခိုင်ခံ့သည့်နေရာ၌ ချိတ်ပါ။




၆၊ ၁၁။ အလုပ်လုပ်ရန် သင့်တော်ကောင်းမွန်သော ကြမ်းပြင် (Working Platform) အတွက် လိုအပ်ချက်

၁။ ကြမ်းပြင်၏ အကျယ်သည် အနည်းဆုံး ၅၀၀ မီလီမီတာ (မီတာဝက်) ရှိရမည်။
၂။ ခြေကာပြား (Toe Board) ၏ အမြင့်သည် အနည်းဆုံး ၉၀ မီလီမီတာ ရှိရမည်။
၃။ အပေါ်ဆုံးလက်ရမ်းတန်း (Hand Rail) ၏ အမြင့်သည့် အနည်းဆုံး ၁၁၀၀ မီလီမီတာ (၁.၁ မီတာ) ရှိရမည်။
၎။ အလယ်မှ လက်ရမ်းတန်း၏ အမြင့်သည် အနည်းဆုံး ၆၀၀ မီလီမီတာ ရှိရမည်။
၅။ ကြမ်းပြင်၏ ခံနိုင်ရည်အားမှာ သစ်သားကြမ်းပြင်အတွက် 75 kgf/square meter ဖြစ်ပြီး သံကြမ်းပြင်အတွက်                      220 kgf/sqare meter ဖြစ်သည်။
၆။ ကြမ်းပြင်အား အမြဲသန့်ရှင်းထားရမည်။ ကြမ်းပြင်ပေါ်၌ မည်သည့် ပစ္စည်းအလွတ်မှ ရှိမနေစေရ။

၆၊ ၁၂။ လှေခါးများ (Ladder & Step Platform)



  • ပေါ့ပါးသောလုပ်ငန်းများ၊ ခဏတဖြုတ်သာလုပ်ရမည့်အလုပ်များ (၁၀ မိနစ်မှ ၁၅ မိနစ်) အတွက်သာ လှေခါးကို သုံးရမည်။
  • လှေခါးပြုလုပ်သော ပစ္စည်းသည် တောင့်တင်းခိုင်မာရမည်။ လူနှင့်ဝန်၏ ဒဏ်အားကို ကောင်းစွာခံနိုင်ရမည်။
  • လှေခါးထောင်သည့်နေရာသည် ညီညာပျံ့ပြူးရမည်။ မာကြောရမည်။ လှေခါးခြေထောက်သည် ကြမ်းပြင်ပေါ်တွင် ခိုင်ခိုင်မြဲမြဲ ရှိရမည်။
  • လှေခါးခြေထောက်ချထားရာ နေရာသည် (လှေခါး၏အလေးချိန် + လှေခါးပေါ်တက်မည့်လူ၏ အလေးချိန် + အလုပ်လုပ်ရန် ယူသွားမည့်ပစ္စည်း) စုစုပေါင်း အလေးချိန်ကို ကောင်းစွာခံနိုင်ရမည်။  
  • လှေခါးကို သေချာ၊ ခိုင်မြဲစွာ ဖမ်းထားရမည်။
  • အကယ်၍ လှေခါးကို ခိုင်မြဲစွာဖမ်းထားရန် အခြေအနေမပေးပါက လှေခါးကို လူတစ်ယောက်ကိုင်ပေးထားရမည်။
  • လှေခါးသည် အလုပ်လုပ်မည့်နေရာထိ ရောက်နေရမည်။ မမှီမကမ်းမဖြစ်စေရ။
  • ငြမ်းဆင်၍ မဖြစ်နိုင်သည့်အခါမှသာ လှေခါးကို သုံးရမည်။
  • တစ်ချိန်တွင် လူတစ်ဦးသာ လှေခါးပေါ်တက်ရမည်။
  • တက်/ဆင်းစဉ်တွင် လှေခါးကို မျက်နှာမူ၍ တက်/ဆင်းရမည်။
  • Three Point Contact (လက်နှစ်ဖက်၊ ခြေတစ်ဖက် (သို့မဟုတ်) ခြေနှစ်ဖက်၊ လက်တစ်ဖက်) အမြဲကိုင်လျှက် တက်/ဆင်းရမည်။
  • ခန္ဓာကိုယ်ကို လှေခါးအတွင်း၌သာ ရှိနေစေရမည်။ မမီမကမ်း လှမ်းမလုပ်ရ။
  • လှေခါးကို တံခါးများနောက်ကွယ်၌ မထောင်ရ။ အကယ်၍ တံခါးနောက်ကွယ်၌ လှေခါးထောင်လိုလျှင် တံခါးကို သော့ခတ်ထားရမည်။
  • မခိုင်မြဲသောနေရာများ၌ လှေခါးကို မှီမထောင်ရ။
  • မည်သည့်အခါမှ လှေခါးထိပ်တွင် တက်မရပ်ရ။
  • လှေခါးသည် ဆင်းမည့်ကြမ်းပြင်မှ အနည်းဆုံး ၁ မီတာ ကျော်ထွက်နေရမည်။ 















ဆက်ပါဦးမည်။

အေးငြိမ်း
၆၊ မေ၊ ၂၀၁၃။ ည ၉း၁၁ နာရီ


No comments: