Monday, May 27, 2013
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးမိတ်ဆက်သင်တန်းမှတ်စု (ဆောက်လုပ်ရေး) (၁၁)
၉။ ၀န်ချီခြင်း (Lifting)
လက်မှတ်ရကျွမ်းကျင်လုပ်သား ဆိုသည်မှာ -
၁။ ၀န်ချီလုပ်ငန်းကြီးကြပ်သူ - Lifting Supervisor
၂။ အချက်ပြသူ - Signal man
၃။ ကြိုးချည်သူ - Rigger
၎။ ကရိန်းမောင်းသူ - Crane Operator
၁။ ၀န်ချီလုပ်ငန်းကြီးကြပ်သူ - Lifting Supervisor ၏ လက်မှတ် (Certificate)
၂။ အချက်ပြသူ - Signal man ၏ လက်မှတ် (Certificate)
၃။ ကြိုးချည်သူ - Rigger ၏ လက်မှတ် (Certificate)
၎။ ကရိန်းမောင်းသူ - Crane Operator ၏ လက်မှတ် (Certificate)
၅။ ကရိန်း ၏ လက်မှတ် (LM Cert) (Lifting Machine Certificate)
၆။ ၀န်ချီကရိယာများ၏ လက်မှတ် (Lifting Gear, Lifting Belt, Lifting Sling, Shackle’s Certificates)
၇။ Risk Assessment
၈။ Safe Work Procedure
၉။ Lifting Plan
လုပ်ငန်းမစတင်မီ အလုပ်လုပ်ခွင့်လက်မှတ် (PTW – Permit To Work) လျှောက်ထားရမည်။ ၎င်းလက်မှတ်၌ ကရိန်းမောင်းသူ၊ ၀န်ချီလုပ်ငန်းကြီးကြပ်သူတို့က လိုအပ်သည်များကို စစ်ဆေးပြီးကြောင်း လက်မှတ်ပါရမည်။ ၎င်းတို့ လက်မှတ်ထိုးပြီးလျှင် မန်နေဂျာကလက်မှတ်ထိုး အတည်ပြုပေးရမည်။ လက်မှတ်အားလုံးစုံပြီဆိုမှ အလုပ်စလုပ်လို့ရသည်။
               မိမိတို့သုံးသော ၀န်ချီကိရိယာအားလုံးသည် သက်တမ်းမကုန်သေးသော လက်မှတ်ရှိသည့် ကိရိယာများ ဖြစ်ရမည်။ လက်မှတ်သက်တမ်း ကုန်နေပြီဖြစ်သော ၀န်ချီကိရိယာများကို မသုံးပါနှင့်။ အန္တရာယ်များ၏။ သုံးမည့် ၀န်ချီကြိုးသည် မ,မည့် ၀န်ကို ကောင်းစွာထမ်းနိုင်ကြောင်း (SWL - Safe Working Load) သေချာပါစေ။
၁၅။ ဓါတုပစ္စည်း အန္တရာယ်ကင်းရှင်းရေး (Chemical Safety)
၁။ လုပ်ငန်းခွင်၌ ဓါတုပစ္စည်းများသုံးမည်ဆိုပါက ထိုဓါတုပစ္စည်း၏ MSDS (Material Safety Data Sheet) ကို တင်ပြရသည်။ ထို MSDS ၌ ထိုဓါတုပစ္စည်းကို မည်ကဲ့သို့ သိုလှောင်ရမည်။ မည်ကဲ့သို့ကိုင်တွယ်ရမည်။ ကိုင်တွယ်ရာတွင် မည်ကဲ့သို့သော အ၀တ်အစားများ ၀တ်ဆင်ရမည်။ မီးလောင်လွယ်/မလောင်လွယ်။ အဆိပ်ဖြစ်နိုင်/မဖြစ်နိုင်။ မီးလောင်လျှင် မည်ကဲ့သို့ မီးငြိမ်းရမည်။ ခန္ဓာကိုယ်နှင့် ထိလျှင် မည်ကဲ့သို့ ရှေးဦးသူနာပြုရမည်။ မည်ကဲ့သို့စွန့်ပစ်ရမည်။ မည်သည့်ပစ္စည်းများနှင့် ဓါတ်မတည့်။ မည်သည့်အပူချိန်၌ မီးလောင်နိုင်သည် အစရှိသည်တို့ကို အပြည့်အစုံဖော်ပြထား၏။
၂။ MSDS ပါ အရေးကြီးသော သိသင့်သိထိုက်သည့်အချက်များကို ထိုဓါတုပစ္စည်းကိုင်တွယ်သုံးစွဲမည့် အလုပ်သမားများအား ကောင်းစွာရှင်းပြရမည်။ ရှင်းပြပြီးကြောင်းလည်း မည်သည့်နေ့က မည်သူများအား ရှင်းပြသည်ဆိုသည့်အကြောင်း မှတ်တမ်းတင်ထားရမည်။
၃။ ဓါတုပစ္စည်းများကို သီးသန့်နေရာတွင် ထားကာ ဓါတုပစ္စည်းများဖြစ်ကြောင်း၊ အန္တရာယ်ရှိကြောင်း ဆိုင်းဘုတ် ချိတ်ဆွဲထား ရမည်။ ထိုနေရာ၌ပင် ထိုဓါတုပစ္စည်းများ၏ MSDS ကို ထားရမည်။
၎။ ဓါတုပစ္စည်းများ ထားသိုသည့်နေရာတွင် မီးသတ်ဘူး အရံသင့်ထားရမည်။ ဆေးလိပ်မသောက်ရဟူသော ဆိုင်းဘုတ်လည်း ချိတ်ဆွဲထားရမည်။
၅။ ဓါတုပစ္စည်း အရေအတွက် မည်မျှသွင်းလာသည်။ မည်သူသို့ မည်သည့်နေ့က မည်မျှထုတ်ပေးလိုက်သည်။ မည်မျှ လက်ကျန်ရှိသေးသည် စသည့် မှတ်တမ်းပြုစုထားရမည်။
၆။ ဓါတုပစ္စည်းများ သုံးစွဲသည့်အခါတိုင်း သတ်မှတ်ထားသည့် ပီပီအီး (PPE) ၀တ်ဆင်ရမည်။
၇။ ဓါတုပစ္စည်းများကို ရေထဲသို့ (သို့မဟုတ်) မြေပြင်ပေါ်သို့ စွန့်မပစ်ရ။ သတ်မှတ်ထားသော စွန့်ပစ်နည်းအတိုင်းသာ စွန့်ပစ်ရမည်။
၈။ ဓါတုပစ္စည်းများကို မူရင်း ပုံး၊ ပုလင်း၊ ခွက်များအတွင်း၌သာ ထည့်ထားရမည်။ အကယ်၍ အခြားခွက်တစ်ခုအတွင်း ပြောင်း ထည့်ပါက ထိုပုံး၊ ခွက်များ၌ ဓါတုဆေးအမည်ကို ထင်ရှားစွာရေးထားရမည်။ အဆိပ်အတောက် သင်္ကေတလည်း ပြထား ရမည်။
၉။ ဓါတုဆေးရည်များကို မည်သည့်အခါမှ ရေသန့်ဘူးများအတွင်း မထည့်ပါနှင့်။
၁၀။ ဓါတုဆေးများသည် သင့်ခန္ဓာကိုယ်အတွင်းသို့ အရေပြားမှသော်လည်းကောင်း၊ နှာခေါင်းမှသော်လည်းကောင်း၊ ပါးစပ်မှ သော်လည်းကောင်း ၀င်နိုင်သည်။ ထို့ကြောင့် ဓါတုဆေးများကိုင်မည်ဆိုလျှင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ၀တ်ပါ။ လက်အိတ်စွပ်ပါ။ ဆေးများကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။ ခေါင်းမှ ရေဖြိုချိုးပါ။ ခေါင်းကိုပါ လျှော်ပါ။ ဓါတုဆေးနှင့် အလုပ်လုပ်ပြီးထားသော အ၀တ်များကို ပြန်မ၀တ်ပါနှင့်။
၁၁။ ဖြစ်နိုင်လျှင် ဓါတုဆေးများနှင့် အလုပ်လုပ်သည့်နေရာ၌ မျက်လုံးဆေးသည့်ရေစင် (Safety Eye Wash) နှင့် ရေချိုးသည့်စင် (Safety Shower) များထားပေးပါ။ မရနိုင်လျှင် မျက်လုံးဆေးရန် ရေဘူးအဆင်သင့် ထားပေးပါ။
၁၂။ ဓါတုဆေးများ မျက်လုံးအတွင်းဝင်လျှင် မပွတ်ပါနှင့်။ ရေများများနှင့် အနည်းဆုံး ၁၅ မိနစ်ခန့်ကြာအောင် ဆေးကြောပါ။
၁၃။ ဓါတုဆေးများ ပါးစပ်အတွင်း ၀င်လျှင် အန်ထုတ်ရန် မကြိုးစားပါနှင့်။ ရေများများသောက်၍ ဆရာဝန်ထံ အမြန်ဆုံးသွားပါ။
၁၄။ ဓါတုဆေးဝါးများ ခန္ဓာကိုယ်ပေါ် ဖိတ်စဉ်ကျလျှင် မည်သည့်ဆေးမှ မထည့်ပါနှင့်။ ရေများများနှင့် ၁၅ မိနစ်ခန့်ကြာအောင် လောင်းဆေး၍ ဆရာဝန်ထံ အမြန်ဆုံးသွားပါ။
၁၅။ ဓါတုအဆိပ်ငွေ့များ ရှုမိ၍ မူးမော်နေသည့် လူနာကို လေကောင်းလေသန့်ရှိရာသို့ အမြန်ဆုံးသယ်ထုတ်လာပါ။ ခန္ဓာကိုယ်ပေါ်မှ တင်းကျပ်နေသည့် အ၀တ်များကို လျှော့ပေးပါ။
ဆက်ပါဦးမည်။
အေးငြိမ်း
၂၇၊ မေ ၂၀၁၃ ည ၁၁း၄၂ နာရီ
No comments: