Thursday, May 2, 2013

နိုင်ငံရပ်ခြားရှိ မြန်မာ အိမ်အကူအမျိုးသမီးများ၏ အခွင့်အရေးကို အာမခံနိုင်မည့် ဥပဒေများ


စာတမ်းအနှစ်ချုပ်

နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့နေထိုင်လုပ်ကိုင်ကြခြင်းသည် ယနေ့အချိန်၌ ကမ္ဘာလုံးဆိုင်ရာ ဝိသေသလက္ခဏာတရပ် ဖြစ်လာပါသည်။ မြန်မာအမျိုးသမီးများသည် ထိုဖြစ်စဉ်ထဲတွင် မလွဲမသွေပါဝင်လျက် ရှိပါသည်။ မြန်မာအမျိုးသမီးများ နိုင်ငံရပ်ခြားထွက်၍ လုပ်သော အလုပ်အကိုင်တို့တွင် အိမ်အကူအလုပ်လည်း တခုအပါအဝင် ဖြစ်ပါသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် မြန်မာအမျိုးသမီးများကို အိမ်အကူ (အိမ်ဖော်)အဖြစ် နိုင်ငံခြားတိုင်းပြည်များတွင် အလုပ်လုပ်ခြင်းကို တားမြစ်ထားပါသည်။ ထိုသို့တားမြစ်ထားသော်လည်း အမျိုးမျိုးသော အကြောင်းတို့ကြောင့် နိုင်ငံရပ်ခြားတွင် အိမ်အကူအဖြစ်အလုပ်လုပ်သော မြန်မာအမျိုးသမီးများ တစတစပို၍များလာသည်ကို တွေ့ရှိရပါသည်။ စင်ကာပူတနိုင်ငံထဲတွင် အိမ်အကူအဖြစ် အလုပ်လုပ်နေသော မြန်မာအမျိုးသမီးများ ၂၅,၀၀၀ - ၃၀,၀၀၀ အတွင်းရှိနိုင်သည်ဟု ခန့်မှန်းထားပါသည်။ အခြားနိုင်ငံများတွင်လည်း ဤအရေအတွက်ထက်မနည်း ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။
အဓိကကြုံတွေ့ရသော ပြဿနာများမှာ တရားဝင်ထွက်ခွာ၍ အလုပ်လုပ်ခွင့်မရသော အခြေအနေပေါ်တွင်မူတည်၍ဖြစ်ကြောင်း တွေ့ရှိရပါသည်။ တရားမဝင်ဖြစ်နေမှုပေါ်တွင် အခွင့်အရေးယူ၍ ပွဲစားများ၏လိမ်လည်မှု၊ ပွဲစားခကြေး မတန်တဆတောင်းမှု (ရလ မှ ၉လစာအထိ)၊ လပေါင်းစွာ လုပ်ခလစာမရရှိပဲ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရမှု(အကြွေးဖြင့်လာသောကြောင့်) တို့ကို ခံစားကြရပါသည်။  ထို့ပြင် လုံလောက်သော သင်တန်းပေးမှု၊ ရပိုင်ခွင့်နှင့် အခွင့်အရေးတို့ကို နားလည်အောင်သင်ကြားပေးမှုတို့ကို မြန်မာနိုင်ငံမှ မထွက်ခွာခင် မရရှိခဲ့ခြင်းကြောင့် လုပ်ငန်းခွင် အတွင်းသို့ ရောက်သောအခါ အဆင်မပြေမှုများကို အများစုသောမိန်းကလေးများ ကြုံတွေ့ကြရပါသည်။ မတရားပြုခံရခြင်း လုပ်ခလစာမရရှိခြင်း အစရှိသည့်ကိစ္စရပ်များပေါ်လာလျှင်လည်း မြန်မာနိုင်ငံသံရုံးအနေဖြင့် (တရားမဝင်ဖြစ်နေသော အလုပ်အကိုင်ကြောင့်) ကူညီရန် အခက်အခဲရှိသော အနေအထားများ (ယခင်က) ရှိခဲ့ပါသည်။
ရေကြည်ရာမြက်နုရာ တနိုင်ငံမှတနိုင်ငံသို့ မြန်မာအမျိုးသမီးများ ပြောင်းရွှေ့လုပ်ကိုင်ကြခြင်းမှာ တားမြစ်ရန်ခက်ခဲသော ကိစ္စဖြစ်ပါသည်။ ဥပဒေဖြင့်တားမြစ်မည့်အစား ထိုသို့ပြောင်းရွှေ့လုပ်ကိုင်ကြသော အမျိုးသမီးများ၏ အခွင့်အရေးကို ဥပဒေများပြဌာန်း၍ ကာကွယ်ပေးခြင်းမှာ ပိုမိုသင့်လျော်သော ဖြေရှင်းနည်းဖြစ်ပါမည်။ အခြားသော အလုပ်သမားစေလွှတ်သည့်နိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ နိုင်ငံရပ်ခြားထွက်၍ အလုပ်လုပ်ကြသော သူတို့နိုင်ငံသားများကို အကာအကွယ်ပေးထားသော ဥပဒေများကို အတုယူ၍ မြန်မာနိုင်ငံနှင့် သင့်လျော်သော ဥပဒေများ ပြဌာန်းအကောင်အထည်ဖော်သင့်ပါသည်။ ထိုသို့ပြဌာန်း၍ အကာအကွယ်ပေးနိုင်လျှင် အိမ်အကူမြန်မာအမျိုးသမီးများ ကြုံတွေ့ခံစားနေရသော မတရားအပြုခံရမှုဒုက္ခတို့မှ ကင်းလွတ်၍ ကောင်းမွန်စွာ အလုပ်လုပ်ကိုင်နိုင်ကြမည် ဖြစ်ပါသည်။
Myanmar Transitional Platform အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားဥပဒေများပြုစုခြင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ရှိ ရွှေ့ပြောင်း အလုပ်သမားအဖွဲ့များနှင့် ချိတ်ဆက်ပေးခြင်း၊ ပြည်တွင်းရှိ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့များ၏ စွမ်းရည်မြင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အကူအညီပေးနိုင်ပါသည်။

လက်ရှိအခြေအနေ

ဥပဒေဖြင့်တားမြစ်ထားသော်လည်း မြန်မာနိုင်ငံတွင် သင့်လျော်သောဝင်ငွေရရှိနိုင်မည့် အလုပ်အကိုင်ရှားပါးမှု၊ အလုပ်ပွဲစားများနှင့် အသိမိတ်ဆွေများ၏ သွေးဆောင်ခေါ်ယူမှု၊ တလလျှင် နှစ်သိန်းခွဲမှ သုံးသိန်းအထိရရှိနိုင်မည့် ဝင်ငွေကို လိုအပ်၊လိုချင်မှု အစရှိသည့် အကြောင်းများကြောင့် နိုင်ငံရပ်ခြားသို့ တရားမဝင်ထွက်ခွာ၍ အိမ်အကူအလုပ်လုပ်သော မြန်မာအမျိုးသမီးများ တစတစများလာသည်ကို တွေ့ရှိရပါသည်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စသည့်နိုင်ငံများမှ သူတို့၏နိုင်ငံသူ ပြည်ပထွက်၍ အိမ်အကူလုပ်မည့် အမျိုးသမီးများ၏ အခွင့်အရေး (အနည်းဆုံးလစာ၊ တပတ်တရက်နားရက်) တို့ကို တင်းတင်းကျပ်ကျပ် အကာအကွယ်ပေးနိုင်သော ဥပဒေများထုတ်ပြန်၍ အကောင်အထည် ဖော်နေခြင်းကြောင့် မတရားပြု၊ခေါင်းပုံဖြတ်ရန် လွယ်ကူသော မြန်မာအိမ်အကူအမျိုးသမီးများကို  ပိုမို၍ လူကြိုက်များလာပါသည်။

စင်ကာပူရောက်မြန်မာအိမ်အကူတို့၏အခြေအနေ

အများစုမှာ မြန်မာနိုင်ငံနေရာအနှံ့မှ လာသော အသက်၃၀အောက်ငယ်ရွယ်သူများ ဖြစ်ကြပါသည်။ အသက်၂၃နှစ်အောက်များကိုလည်း တွေ့ရှိရပါသည်။ (စင်ကာပူဥပဒေအရ အသက်၃၀နှစ်အောက်များ အိမ်အကူလုပ်ခွင့်မရှိပါ)။ ပညာအရည်အချင်းအားဖြင့် မူလတန်းမှ ဘွဲ့ရအထိ ပါပါသည်။ အများစုမှာ အင်္ဂလိပ် (သို့) တရုတ်စကား မပြောနိုင်ကြပါ။ ပွဲစားအဆက်အသွယ်ဖြင့် ပွဲစားခ ရလစာ မှ ၉လစာအထိ ပေး၍ လာကြရ ပါသည်။ တလလျှင် စင်ကာပူဒေါ်လာ ၃၅၀ - ၄၅၀ (၂၅၀,၀၀၀ မှ ၃၀၀,၀၀၀ ကျပ်) အတွင်း ရရှိကြပါသည်။ ပထမအိမ်ရှင်နှင့် အဆင်မပြေ၍ နောက်အိမ်ရှင်ထပ်ပြောင်းလျှင် ပွဲစားခ ၂လစာထပ်၍ ပေးရပါသည်။
အိမ်ဖော်အမျိုးသမီးများကို မြန်မာနိုင်ငံတွင်ရှိသော ပွဲစား (သို့)ကိုယ်စားလှယ်များမှ မြန်မာနိုင်ငံအနှံ့ အဆက်အသွယ်များမှတဆင့် မက်လုံးကောင်းကောင်းပေးပြီး စင်ကာပူနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် ပို့ဆောင်ပေးပါသည်။ စင်ကာပူရောက်လျှင် ပွဲစားမှဆီးကြိုခေါ်ဆောင်၍ တနေရာတွင်ထားကာ အိမ်အကူအလိုရှိသောလူများနှင့် တွေ့ဆုံ၍ အဆင်ပြေလျှင် အလုပ်ပါမစ်လျှောက်ခြင်း အစရှိသည်တို့ကို လိုက်ပါ လုပ်ဆောင်ပေးပါသည်။ အိမ်ရှင်မှ လေယာဉ်လက်မှတ်၊ အလုပ်ပါမစ်လျှောက်ရာတွင် ကုန်ကျသောစရိတ်နှင့် အခြားသော စရိတ်စကတို့ကို ကျခံရပါသည်။ စင်ကာပူဘက်မှ ပွဲစားသည် ဝန်ဆောင်ခအဖြစ် အိမ်အကူလခ၏ နှစ်လစာကို အိမ်အကူထံမှ တရားဝင်ဖြတ်ယူခွင့်ရှိပါသည်။ (နှစ်လစာထက်ပိုယူလျှင် အရေးယူခံရပါသည်။)




အဓိကကြုံတွေ့ရသော အခက်အခဲများ

မြန်မာအိမ်အကူများအနေဖြင့် တရားမဝင်ဖြစ်နေမှု (ဝါ) ဥပဒေဖြင့် အကာအကွယ်ပေးမှု မရှိခြင်းကြောင့် အောက်ပါအခက်အခဲများ ကြုံတွေ့ခံစားကြရပါသည်။

၁။ ပွဲစား၏အနိုင်ကျင့်မှု၊ အလိမ်ခံရမှု၊ ပွဲစားခကြေးကြီးမြင့်စွာ ပေးဆောင်ရမှု
၂။ မိမိတို့ရသင့်ရထိုက်သော အခွင့်အရေးတို့ကို မသိရှိခြင်းကြောင့် အိမ်ရှင်၊အလုပ်ရှင်တို့၏ မတရားပြုခံရခြင်းများ (ဥပမာ လစာမပေးပဲ အကြာကြီးထားမှု၊ တပတ်တရက်အားလပ်ရက်မပေးမှု၊ နှုတ်ဖြင့်လက်ဖြင့် စော်ကားမှု)
၃။ လုံလောက်သော ကြိုတင်ပြင်ဆင်ပေးမှု မရရှိခဲ့ခြင်းကြောင့် လုပ်ငန်းခွင်တွင် အဆင်မပြေမှု
၎။ အမှုကိစ္စဖြစ်ပွားခဲ့လျှင်လည်း (မြန်မာနိုင်ငံဘက်၌) ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ခွင့် ဆုံးရှုံးနေရခြင်း။

ဆွေးနွေးအကြံပြုချက်များ

၁။ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာဥပဒေများ (အိမ်အကူအမျိုးသမီးများအတွက်)

ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ပြည်ပတွင် အလုပ်လုပ်မည့် အိမ်အကူအမျိုးသမီးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အကာအကွယ်ပေးမည့် ဥပဒေများ ထုတ်ပြန်ကျင့်သုံးနေကြပါသည်။ ထိုဥပဒေများတွင် အိမ်အကူတို့၏ အနိမ့်ဆုံးရရှိရမည့်လစာ၊ တနှစ်ရရှိရမည့် အားလပ်ရက်၊ တပတ်တရက်ပေးရမည့်အားလပ်ရက်၊ အများဆုံးပေးရမည့် ပွဲစားခ၊ လိမ်လည်ခေါင်းပုံဖြတ်သူပွဲစားများကို အရေးယူပုံများ၊ မထွက်ခွာခင်တတ်ရောက်ရမည့်သင်တန်းတို့ကို တိကျစွာသတ်မှတ်ပေးနိုင်မှု အစရှိသည်တို့ကို ဆောင်ရွှက်ပေးနိုင်ပါသည်။

၂။ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်း

            အလုပ်သမားပို့ဆောင်ရာနိုင်ငံနှင့် လက်ခံရာနိုင်ငံအချင်းချင်း နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်နိုင်လျှင် အိမ်အကူအမျိုးသမီးများ၏ အခက်အခဲများကို ပိုမို၍လွယ်ကူစွာ ဖြေရှင်းနိုင်ပါမည်။

၃။ အစိုးရနှင့် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေး

            အစိုးရအနေနှင့် ပြည်တွင်းပြည်ပရှိ ရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ပိုမို၍နီးကပ်စွာ အလုပ်လုပ်နိုင်လျှင် ပြည်ပရောက်နေသော မြန်မာအလုပ်သမားများ (အိမ်အကူများအပါအဝင်)ကို ပိုမိုထိရောက်အောင် အကူအညီပေးနိုင်မည် ဖြစ်ပါသည်။

Myanmar Transitional Platform အနေဖြင့် ကူညီနိုင်သည်များ

၁။ အခြား အိမ်အကူအလုပ်သမား စေလွှတ်ရာနိုင်ငံများ၌ ပြဌာန်းကျင့်သုံးနေသော ဥပဒေ၊နည်းဥပဒေများကို ရှာဖွေ၍ မြန်မာနိုင်ငံနှင့်
    သင့်လျော်မည့်ဥပဒေများကို အကြံပြုတင်ပြနိုင်ပါသည်။
၂။ စင်ကာပူနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွှက်ပေးနေသော အဖွဲ့များနှင့်    ပြည်တွင်းရှိအဖွဲ့များကို ချိတ်ဆက်
    ပေးနိုင်ပါသည်။
၃။ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ နောက်ဆုံးရရှိသော သတင်းအချက်အလက်များကို စုဆောင်း၍ အကြံပြုသုံးသပ်ချက်များ ပေးပို့နိုင်
    ပါသည်။
၎။ ဒေသတွင်းနှင့် နိုင်ငံတကာတွင် ကျင်းပသော ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဆွေးနွေးပွဲများ၊ ဖိုရမ်များကို ပြည်တွင်းမှ အလုပ်သမား
    အရေးဆောင်ရွက်နေသော အဖွဲ့အစည်းများတတ်ရောက်ရန် ရှာဖွေအကြံပြုနိုငပါသည်။


ဦးတင်မောင်ဝင်း

ဓါတ်တော်တိုက်ဘုန်းတော်ကြီးကျောင်း

Member of Myanmar Transitional Platform 

No comments: