Saturday, May 11, 2013
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးမိတ်ဆက်သင်တန်း မှတ်စု (ဆောက်လုပ်ရေး) (၈)
၆၊ ၁၈။ အပေါ်မှကျလာသော ပစ္စည်းများဖြင့် ထိခိုက်မိခြင်း (Struck by Falling Objects)
            ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ထိခိုက်ရှနာများသည့် နောက်အန္တရာယ်တစ်မျိုးမှာ အမြင့်မှကျလာသည့် ပစ္စည်းများ နှင့် ထိခိုက်မိခြင်းဖြစ်ပါသည်။ ကျလာသည့် ပစ္စည်းအရွယ်အစားနှင့် အမြင့်တို့ပေါ်မူတည်၍ ဒဏ်ရာပြင်းထန်မှုပမာဏ ကွာသွားပြီး အသက်သေသည်ထိ ဖြစ်နိုင်ပါသည်။
            ပစ္စည်းများ အပေါ်မှပြုတ်မကျနိုင်စေရန် အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။
၁။ ကြမ်းပြင်အစွန်းများကို ကာရံထားပါ (Barricades) ။ ခြေကာပြား (Toe board) များ တပ်ဆင်ထားပါ။
၂။ အပေါက်များကို ဖုံးထားပါ။
၃။ ပစ္စည်းများကို အပေါက်များအနီး၊ ကြမ်းပြင်အစွန်းများ၌ မထားပါနှင့်။ 
၎။ အန္တရာယ်ကင်းပိုက်ကွန် (Safety Net) များ ကာရံထားပါ။
၅။ လုပ်ငန်းခွင်ကို အမြဲသန့်ရှင်းရေး လုပ်ပါ။ (House Keeping)
  • ငြမ်းစင်ပေါ်တွင် မည့်သည့်အခါမှ ပစ္စည်းများကို ဖရိုဖရဲမထားပါနှင့်။
  • ငြမ်းစင်ပေါ်မှ ပစ္စည်းများ၊ အမှိုက်များကို ပစ်မချရ။
  • လက်သုံးကိရိယာများကို လက်နက်သေတ္တာအတွင်း ထည့်ထားပါ။ အလွတ်ထားလျှင် ပြုတ်ကျတတ်သည်။
  • အဆောက်အဦများ၏ အပြင်ဘက်ပတ်လည်တွင် အပေါ်မှ ပြုတ်ကျလာသည့် ပစ္စည်းများကို ဖမ်းယူထားနိုင်ရန် catch platform များ တပ်ဆင်ထားပါ။
  • Catch platform နှင့် walk way များအပေါ်ဘက်၌ အလုပ်လုပ်စရာရှိပါက ဘွန်းမ်လစ်ဖ် (boom lift) သုံးပါ။
၇။ ကွန်ဖိုင်းစပေ့စ် (ကတုတ်ကျင်း၊ မြေအောက်လိုဏ်များ၊ တိုင်ကီများ) အန္တရာယ် (Confined Space Hazards)
၇၊ ၁။ ကွန်ဖိုင်းစပေ့စ် ဟူသည် အဘယ်နည်း
ထိုနေရာများသည် -
  • ၀င်ရန်၊ ထွက်ရန် မလွယ်ကူ။
  • အသက်ရှူရန်သင့်တော်သည့် အောက်ဆီဂျင် ရှိချင်မှရှိမည်။
  • အလင်းရောင်အလုံအလောက် မရသောနေရာများဖြစ်မည်။
  • မီးလောင်တတ်သည့်၊ ပေါက်ကွဲစေတတ်သည့် ဓါတ်ငွေ့များရှိသည့် နေရာများဖြစ်မည်။
  • လူကိုသေစေတတ်သည့် အဆိပ်ဓါတ်ငွေ့များရှိသည့် နေရာများဖြစ်မည်။
  • ထိုနေရာများသည် ကြာရှည်လူနေရန် မသင့်။
ထိုနေရာများတွင် ရှေးယခင်ကာလများက ဆောက်လုပ်ခဲ့သည့် နေအိမ်ကြီးများ၊ ဘုရားရှိခိုးကျောင်းကြီးများ စသည်တို့၏ မြေအောက်ခန်းများလည်း ပါဝင်ပါသည်။ 
  အကယ်၍ လေ၀င်လေထွက်မကောင်းပါက ပန်ကာများဖြင့် လေမှုတ်သွင်းခြင်း၊ အိတ်ဇောပန်ကာများဖြင့် အထဲမှ အန္တရာယ်ရှိသော ဓါတ်ငွေ့များကို စုတ်ထုတ်ခြင်း၊ အလင်းရောင်နည်းနေပါက၊ မှောင်နေပါက မီးထွန်းပေးခြင်း၊ အ၀င်အထွက် မလွယ်ပါက လွယ်ကူစွာ ၀င်ထွက်နိုင်ရန် ဖန်တီးပေးခြင်းများ လုပ်ပေးရမည်။
  ထို့ထက်ပိုအရေးကြီးသည်မှာ ထိုနေရာတွင် အသက်ရှူရန် အောက်ဆီဂျင်အလုံအလောက်ရှိသလား၊ မီးလောင် တတ်သည့်၊ ပေါက်ကွဲစေတတ်သည့်၊ အသက်အန္တရာယ်ရှိသည့် အဆိပ်ငွေ့ စသည်တို့ရှိနေသလား စသဖြင့် တိုင်းတာ ကြည့်ရန် ဖြစ်၏။ ဤဓါတ်ငွေ့များမှာ မျက်စိဖြင့် ကြည့်၍သော်လည်းကောင်း၊ နှာခေါင်းဖြင့် ရှူ၍သော်လည်းကောင်း၊ ခန့်မှန်းမရနိုင်။ ထိုဓါတ်ငွေများကိုတိုင်းတာသည့် ကိရိယာဖြင့် တိုင်းတာရပေမည်။ 
၇၊ ၂။ ကွန်ဖိုင်းစပေ့စ်၌ မည်ကဲ့သို့သော အန္တရာယ်များ ရှိနေနိုင်သနည်း
ကွန်ဖိုင်းစပေ့စ်တွင် တွေ့ရနိုင်သည့် အန္တရာယ်များ -
၁။ မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း
၂။ အဆိပ်သင့်ခြင်း (ဟိုက်ဒြိုဂျင်ဆာလဖိုဒ်၊ ကာဘွန်မိုနောက်ဆိုဒ် ဓါတ်ငွေ့များကို ရှုမိခြင်း)
၃။ အောက်ဆီဂျင်အလုံအလောက် မရခြင်း
၎။ ရေနစ်ခြင်း
၅။ ဆူညံခြင်း
၆။ အပူလွန်ကဲခြင်း
၇။ ချော်လဲခြင်း၊ အမြင့်မှလိမ့်ကျခြင်း စသည့် ခန္ဓာကိုယ်ကို ထိခိုက်စေတတ်သည့် အန္တရာယ်များ
၇၊ ၃။ ထိုအန္တရာယ်များကို မည်ကဲ့သို့ ထိန်းချုပ်နိုင်မည်နည်း
၁။ အလုပ်လုပ်ခွင့်ပါမစ် (Permit To Work System)
၂။ အောက်ဆီဂျင်၊ မီးလောင်တတ်၊ ပေါက်ကွဲတတ်သောဓါတ်ငွေ့များ၊ အဆိပ်ဓါတ်ငွေ့များကို တိုင်းတာခြင်း
၃။ လေမှုတ်သွင်းပေးခြင်း
၎။ အလင်းရောင် အလုံအလောက်ထွန်းပေးခြင်း
၅။ မီးလောင်တတ်၊ ပေါက်ကဲစေတတ်သည့် ပစ္စည်းများကို ဖယ်ရှားပစ်ခြင်း
၆။ သင့်တော်သည့် ၀င်/ထွက်ပေါက်များ စီစဉ်ပေးခြင်း
၇။ ရေများရှိနေလျှင် စုတ်ထုတ်ပစ်ခြင်း
၈။ သင့်တော်သည့် တစ်ကိုယ်ရေသုံးပစ္စည်းများ (PPE) ၀တ်ဆင်ခြင်း
၉။ ကယ်ဆယ်ရေးကိရိယာများ အရံသင့်ထားရှိခြင်း
၁၀။ အပေါက်ဝတွင် အစောင့်ထားခြင်း
၁၁။ သင်တန်းတက်ပြီးသူများအားသာ ၀င်စေခြင်း
၇၊ ၄။ ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်ရောက်ရန် လိုအပ်သော သင်တန်းများ
            ကွန်ဖိုင်းစပေ့စ်အတွင်းသို့ သည်အတိုင်း ရမ်းပြီး ၀င်ချင်တိုင်းဝင်လို့မရ။ အဘယ်ကြောင့်နည်း။ ကွန်ဖိုင်းစပေ့စ် ဟူသည် အလွန်အန္တရာယ်များလှသော နေရာဖြစ်၏။ ဗဟုသုတမရှိပါက သေနိုင်သည်။ အောက်ပါ သတင်းကိုကြည့်ပါ။
ထို့ကြောင့် ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်လိုသူများသည် အလုပ်မစတင်မီ သင်တန်းတက်ရ၏။ ထိုသင်တန်းကို SOC (Manhole) ဟု ခေါ်၏။ ထိုသူများသာမက ထို ကွန်ဖိုင်းစပေ့စ်ကို ကြီးကြပ်မည့်သူသည်လည်း Manhole Supervisor Safety Course ကို တက်ရပါသည်။ ထိုသင်တန်း၌ ကွန်ဖိုင်းစပေ့စ်နှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို သင်ကြားပေး လိုက်သည်။
            သည် ကွန်ဖိုင်းစပေ့စ်အတွင်း အလုပ်လုပ်ရန် အန္တရာယ်ကင်းမကင်း၊ အကယ်၍ အန္တရာယ်မကင်းပါက မည်သည်တို့ လုပ်ပေးရမည် စသည်တို့ကို စစ်ဆေး အကြံပေးမည့်သူမှာ Confinded Space Safety Assessor (CSSA) ဖြစ်၏။ ၎င်းသည် လည်း သင်တန်းတက်၊ လက်မှတ်ရထားသူ ဖြစ်ရမည်။
            ထိုသူများအားလုံးစုံမှ ကွန်ဖိုင်းစပေ့စ်အတွင်း အလုပ်လုပ်လို့ရသည်။
၇၊ ၅။ ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်ရောက်အလုပ်လုပ်ရန် လိုအပ်သောပစ္စည်းများ
            ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်ရောက်အလုပ်လုပ်လိုလျှင် အကာအကွယ်ပစ္စည်း အပြည့်အစုံရှိရသည်။ ၎င်းတို့မှာ -
၁။ ၀င်မည့်သူများ ၀တ်ဆင်ရမည့် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ (ပီပီအီး)
            က) ခမောက်အမာ (Helmet)
            ခ) အန္တရာယ်ကင်း ဘွတ်ဖိနပ် (Safety Shoe)
            ဂ) အန္တရာယ်ကင်း မျက်မှန် (Safety Glass)
            ဃ) လက်အိတ် (Hand Gloves)
            င) နားကြပ်၊ နားအဆို့ (Ear Muff or Ear Plugs)
            စ) အသက်ရှုကူကိရိယာ (Respirator)
            ဆ) ကိုယ်သိုင်းကြိုး (Full Body Harness)
၂။ မှောင်နေလျှင် ထိုးရန် ဓါတ်မီး (Torch Light)
၃။ အသက်ကယ်ကြိုး (Life Line)
၎။ ဓါတ်ငွေ့တိုင်းသည့် မီတာ (Potable Gas Meter)
၅။ လေမှုတ်သွင်းပေးမည့် ပန်ကာ (Air Blower)
၆။ မီးသတ်ဘူး (Fire Extinguisher)
၇။ ကွန်ဖိုင်းစပေ့စ်အတွင်း ထွန်းမည့် မပေါက်ကွဲနိုင်သည့် ၁၁၀ ဗို့အားမီးလုံးများ (Explosive proof 110V bulbs)
၈။ အကယ်၍ လျှပ်စစ်သုံးပစ္စည်းများ (ဥပမာ - ကျောက်စက် စသည်) ဖြစ်လျှင် ထိုပစ္စည်းများသည် ဗို့အား ၁၀၀ သုံး ပစ္စည်းများ ဖြစ်ရမည်။
၉။ အရေးပေါ် အသက်ကယ်ပစ္စည်းများ - SCBA (Self-Contained Breathing Apparatus)
၁၀။ လူနာကို သယ်ထုတ်သည့် ထမ်းစင်
၁၁။ အန္တရာယ်ရှိသည်။ ကွန်ဖိုင်းစပေ့စ်။ အခွင့်မရှိ မ၀င်ရ - ဟူသော ဆိုင်းဘုတ်
၁၂။ ကင်းသမားနှင့် အထဲမှလူများ အပြန်အလှန်ဆက်သွယ်နိုင်သည့် စကားပြောစက် (ရေဒီယို)
၁၃။ ကွန်ဖိုင်းစပေ့စ်အတွင်း လူ အ၀င်အထွက်ကို မှတ်သည့် ဇယား (Log book)
၇၊ ၆။ အန္တရာယ်ကင်း ဓါတ်ငွေ့ပမာဏ (Permissible Limit)   
အထက်ပါဇယားတွင်တွေ့ရသော PEL ဆိုသည်မှာ လူတစ်ယောက် ၈ နာရီကြာထိတွေ့နိုင်သော ပမာဏ ဖြစ်ပါသည်။
STEL ဆိုသည်မှာ ၁၅ မိနစ်ကြာ ထိတွေ့နိုင်သည့် ပမာဏဖြစ်၏။
ဥပမာအားဖြင့် ဟိုက်ဒြိုဂျင်ဆာလဖိုဒ် (H2S) ဓါတ်ငွေ့များရှိနေသည့်နေရာ၌ အလုပ်လုပ်ရမည်ဆိုလျှင် လူတစ်ဦး၏ ခံနိုင်ရည်အားမှာ -
အကယ်၍ ၈ နာရီကြာ အလုပ်လုပ်ရမည်ဆိုလျှင် 10 ppm ထက်မများစေရ။ များလျှင် အန္တရာယ်ရှိသည်။
သို့သော် ၁၀ မိနစ်၊ ၁၅ မိနစ်ကြာ ခဏတစ်ဖြုတ်မျှသာ အလုပ်လုပ်ရမည်ဆိုလျှင် 15 ppm ထိခံနိုင်ရည်ရှိသည်။ ထို့ထက်များလျှင်မူ အန္တရာယ်ရှိ၏။
သို့ဆိုလျှင် ထိုဓါတ်ငွေ့များ ထိုနေရာ၌ ရှိမရှိ၊ ရှိလျှင်လည်း မည်သည့်ပမာဏထိ ရှိနေသည်ကို မည်ကဲ့သို့ သိနိုင်ပါသနည်း။ အထက်တွင်ဖော်ပြခဲ့သည့် ဓါတ်ငွေ့တိုင်းမီတာဖြင့် တိုင်းကြည့်နိုင်ပါသည်။ အကယ်၍ ထို အန္တရာယ်ရှိသော ဓါတ်ငွေ့များ ဤနေရာ၌ များနေပြီဆိုလျှင် မီတာက အသံဖြင့်အချက်ပေးပါသည်။ မီတာက အချက်ပေးပြီဆိုလျှင် ဤနေရာ၌ အလုပ်မလုပ်သင့်။ အသက်အန္တရာယ် ရှိသည်။
မီတာမှပြသော ကိန်းဂဏန်းများမှန်ကန်ရေးမှာ အလွန်အရေးကြီးလှသဖြင့် မီတာကို သတ်မှတ်ချိန်ပြည့်တိုင်း ချိန်ကိုက်ပေး (calibration) ရသည်။ သို့မဟုတ် မီတာ၏ ကိန်းဂဏန်းများကို သံသယရှိလျှင်လည်း စစ်ဆေးသောဌာနသို့ ပို့၍ စစ်ခိုင်းနိုင်ပါသည်။
၇၊ ၇။ ကွန်ဖိုင်းစပေ့စ်အတွင်း လူအ၀င်အထွက်ကို စောင့်ကြပ်ခြင်း
            ကွန်ဖိုင်းစပေ့စ်သည် အန္တရာယ်ရှိသော နေရာဖြစ်သဖြင့် လူအ၀င်အထွက်ကို တင်းတင်းကြပ်ကြပ်တားမြစ် ထားရမည်။ ကွန်ဖိုင်းစပေ့စ်ကို မသက်ဆိုင်သူများမ၀င်နိုင်စေရန် ကာရံထားရမည်။ အခွင့်ရှိသူများသာ ၀င်ရမည် ဟူသော ဆိုင်းဘုတ် ချိတ်ဆွဲထားရမည်။
            ကွန်ဖိုင်းစပေ့စ်အတွင်းဝင်ရာ အပေါက်ဝတွင် ကင်းစောင့်တစ်ယောက် ထားရမည်။ ထိုကင်းသမားသည် အထဲ၌ လူရှိနေသမျှကာလပတ်လုံး မည်သည့်နေရာသို့မှ မသွားရ။ အကယ်၍ အိမ်သာသွားလိုလျှင် အခြားတစ်ယောက်ကို သေသေ ချာချာမှာကာ လူစားထားခဲ့ရမည်။
            ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်မည့်သူများသည် ၎င်းတို့၏ ကွန်ဖိုင်းစပေ့စ်သင်တန်းဆင်းလက်မှတ် (SOC(Manhole) Pass) ကဒ်ပြားကို ကင်းသမားသို့ ပေးခဲ့ရမည်။ ကင်းသမားက ထိုကဒ်ပြားများကို အပေါက်ဝရှိ သင်ပုန်းပေါ်တွင် ချိတ်ဆွဲ ထားရမည်။ ထို့နောက် အတွင်းသို့ မည်သူများ၊ မည်သည့်အချိန်က ၀င်သွားကြောင်း မှတ်တမ်းစာအုပ် (log book) ပေါ်တွင် ရေးမှတ်ထားရမည်။ အကယ်၍ အထဲမှ တစ်ယောက်ယောက်ပြန်ထွက်လာလျှင် ၎င်းအား သူ့ကဒ်ပြားကို ပြန်ပေးလိုက်ပြီး ထိုသူမည်သည့်အချိန်က ထွက်သွားကြောင်း မှတ်တမ်းစာအုပ်တွင် ရေးမှတ်ထားရမည်။ ထိုသူပြန်ဝင်လာသည့်အခါတွင် မည်သည့်အချိန်က ပြန်ဝင်သွားကြောင်း ထပ်မံမှတ်သားရမည်။ ဤနည်းအားဖြင့် ကွန်ဖိုင်းစပေ့စ်ထဲတွင် မည်သူတို့ ရှိနေ ကြောင်း အတိအကျသိနိုင်သည်။
မည်သူပင်ဖြစ်စေ၊ မည်မျှကြီးမားသော အရာရှိကြီးပင်ဖြစ်စေ SOC(Manhole) Pass မပါသူအား အထဲသို့ ၀င်ခွင့်မပြုရပါ။ ဤအချက်သည် အလွန်အရေးကြီး၏။
ကင်းသမားသည် အထဲမှ လူများအခြေအနေကို ၁၅ မိနစ်၊ မိနစ် ၂၀ ကြာတိုင်း တစ်ခါ မေးမြန်းနေရမည်။ ပြင်ပမှ အခြေအနေကို အန္တရာယ်ကင်းမကင်း အမြဲအကဲခတ်နေရမည်။ ပြင်ပတွင် (မီးလောင်ခြင်းကဲ့သို့သော) အန္တရာယ်ရှိသည့် အခြေအနေတစ်ခုခု တွေ့ပါက အတွင်းမှလူများကို အပြင်ထွက်လာရန် အမြန်ဆုံး အကြောင်းကြားရမည်။
အလုပ်ပြီးသွားသည့်အခါ ကင်းသမားသည် အထဲသို့ဝင်သွားသူ အားလုံး ပြန်ထွက်လာကြောင်း သေချာစေရမည်။ မည်သူ တစ်ဦးတစ်ယောက်မှ ကင်းသမားမရှိဘဲ အထဲတွင် ကျန်မနေစေရ။
 အလုပ်လုပ်နေစဉ်အတွင်း Confined Space Safety Assessor က ကွန်ဖိုင်းစပေ့စ်အတွင်းမှ ဓါတ်ငွေ့အခြေအနေကို အနည်းဆုံး ၂ နာရီလျှင် တစ်ခါ လာတိုင်းနေရမည်။
            နောက်ဆုံး အလုပ်ပြီးသွားပြီ။ လူအားလုံးပြန်ထွက်လာပြီ ဆိုလျှင် ထိုကွန်ဖိုင်းစပေ့စ် အပေါက်ဝကို သေချာစွာပိတ်ခဲ့ ရမည်။ ထို့နောက် အန္တရာယ်ရှိသည်၊ မ၀င်ရ ဟူသော ဆိုင်းဘုတ် ချိတ်ဆွဲခဲ့ရမည်။ ထိုကွန်ဖိုင်းစပေ့စ်အတွင်း အလုပ်လုပ်ခွင့် လက်မှတ်ကိုလည်း ပိတ်သိမ်းလိုက်ရမည်။ 
ဆက်ပါဦးမည်။
အေးငြိမ်း
၁၁၊ မေ၊ ၂၀၁၃။ ည ၉း၂၈ နာရီ           
No comments: