Tuesday, January 6, 2009

Working in Singapore Part XVII

၃၊ ၆။ လုပ်ငန်းခွင်တွင် ကြုံတွေ့နိုင်သော အန္တရာယ်များ

အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ရေးအတွက် မိမိအလုပ်အကြောင်းနှင့် ထိုအလုပ်တွင် မည်သည့် အန္တရာယ်များ ရှိနိုင်သည်ကို သိရှိထားရပါမည်။ ထို့ပြင် မည်သည့်အန္တရာယ်ကို မည်ကဲ့သို့ကာကွယ်ရမည် ကိုလည်း နားလည်ထားရပါမည်။ သို့အတွက် စင်ကာပူမှ လုပ်ငန်းခွင်များတွင် ယေဘူယျ တွေ့ရတတ်သည့် လုပ်ငန်းခွင် အန္တရာယ်များနှင့် ထိုအန္တရာယ်များ မကျရောက်အောင် ကာကွယ်ပုံနည်းစနစ်များကို အကျဉ်းချုံး ဖော်ပြပါမည်။
စင်ကာပူနိုင်ငံတွင် လူအသေအပျောက် အများဆုံး လုပ်ငန်းခွင် အန္တရာယ်မှာ အမြင့်မှ လိမ့်ကျခြင်း (Falling from height) ဖြစ်ပါသည်။ ၂၀၀၂ မှ ၂၀၀၅ ခုနှစ်ထိ စာရင်းများအရ (Three types of fatal accidents for all industries for period 2002 – 2005) -
အမြင့်မှ လိမ့်ကျသေဆုံးခြင်း - ၃၄ ရာခိုင်နှုံး (Falling From Height – 34%)
အပေါ်မှ ပြုတ်ကျလာသော ပစ္စည်းဖြင့် ထိခိုက်မိ၍ သေဆုံးခြင်း - ၂၆ ရာခိုင်နှုံး(Struck by Falling Object – 26%)
ပစ္စည်းတစ်ခုခုဖြင့် ရိုက်မိ၍ သေဆုံးခြင်း - ၁၁ ရာခိုင်နှုံး (Step on, strike against, strike by object – 11%)

၃၊ ၆၊ ၁။ မြင့်သော နေရာများတွင် အလုပ်လုပ်ခြင်း
သို့အတွက် အမြင့်တွင် အလုပ်လုပ်စဉ် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ဦးစားပေး ဖော်ပြပါအံ့။
၁။ ၁.၈ မီတာ (၆ ပေ) ထက် မြင့်သောနေရာများတွင် အလုပ်လုပ်သူ မည်သူမဆို ပြုတ်ကျခြင်းမှ ကာကွယ်ရန် အန္တရာယ်ကာကွယ်ရေး ပစ္စည်းများကို အသုံးပြုရမည်။
၂။ ဥပမာအားဖြင့် အောက်ပါနေရာများတွင် အလုပ်လုပ်ပါက ပြုတ်ကျခြင်းမှ ကာကွယ်ရန် အန္တရာယ်ကာကွယ်ရေး ပစ္စည်းများကို အသုံးပြုရမည်။
` ၁။ လူသယ်ဆောင်သော ခြင်းတောင်းများ
၂။ လှေခါးများ
၃။ ငြမ်းစင်များ
၎။ ပိုက်လိုင်းများ ပြေးသည့် စင်မြင့်များ
၅။ ဆောက်လုပ်မပြီးသေးသော အထပ်မြင့် အဆောက်အဦများ
၆။ အကာအရံမရှိသော တိုင်ကီများ
၇။ အမိုးများ
၃။ လှေခါးတက်သောအခါ အပေါ်ဆုံးထစ်ထိ မတက်ရ။ အပေါ်ဆုံးထစ်အောက် တတိယထစ် အထိသာ တက်ရမည်။ လှေခါးတစ်ခုလျှင် လူတစ်ယောက်သာ တက်ခွင့်ပြုသည်။ နှစ်ဦးပြိုင်ပြီး မတက်ရ။
၎။ ငြမ်းစင်ပေါ်တွင် အလုပ်လုပ်ခြင်း
(၁) ငြမ်းစင် အသုံးပြုသောအခါ ငြမ်းစင်ပေါ်မတက်မီ ထို ငြမ်းစင်သည် အလုပ်လုပ်ရန် ခိုင်မာတောင့်တင်းမှု ရှိမရှိ သေချာစွာ အရင် စစ်ဆေးရမည်။ ထို့ပြင် ငြမ်းစင်လှေခါးတွင် အသုံးပြုရန် ခွင့်ပြုသည့် အစိမ်းရောင် ကဒ်ပြား ရှိမရှိ၊ ထို ကဒ်ပြားပေါ်တွင် ငြမ်းဆင်အဖွဲ့ခေါင်းဆောင်မှ တစ်ပတ်တစ်ခါ စစ်ဆေးပြီး လက်မှတ်ထိုးထားမထား စစ်ဆေးရပါမည်။
(၂) ထိုကဒ်ပြားမရှိသော သို့မဟုတ် အသုံးပြုရန် ခွင့်ပြုမထားသော အနီရောင် ကဒ် ကိုတွေ့ပါက ထိုငြမ်းစင်ကို အသုံးမပြုရပါ။
(၃) မိမိသဘောနှင့် မိမိ ငြမ်းစင်ကို ပြန်လည်ပြုပြင်ခြင်း၊ ဖြုတ်ခြင်းများ မပြုရ။
(၄) ငြမ်းစင်ပေါ်သို့ အတက်၊ အဆင်းပြုသောအခါ သတ်မှတ်ထားသော လှေခါးမှသာ တက်၊ဆင်း ပြုရပါမည်။ ဖြတ်လမ်းနည်းများဖြင့် မဆင်း၊ မတက် ရ။
(၅) ငြမ်းစင်ပေါ်သို့ မတက်မီ ကိုယ်သိုင်းကြိုး(Full Body Harness) ကို ၀တ်ဆင်ထားရပါမည်။
(၆) ငြမ်းစင်ပေါ်တွင် ရှိနေစဉ် တချိန်လုံး ကိုယ်သိုင်းကြိုးမှ ချိတ်ကို ခိုင်မြဲပြီး မိမိဦးခေါင်းထက် မြင့်သောနေရာ (သို့မဟုတ်) သက်ကယ်ကြိုး (Life line) တွင် ခိုင်မြဲစွာ ချိတ်ထားရပါမည်။
(၇) ငြမ်းစင်ပေါ်မှနေ၍ ပစ္စည်းကိရိယာများကို ပစ်ချခြင်း မပြုရပါ။
(၈) ငြမ်းစင်ပေါ်တွင် အလုပ်လုပ်သည့် အခါတိုင်း လက်သုံးကိရိယာများကို လက်သုံးကိရိယာ သေတ္တာထဲတွင် ထည့်ထားရပါမည်။
(၉) ပစ္စည်းများကို ငြမ်းစင်ပေါ်မှ အောက်သို့ချလိုလျှင် ပုံးထဲသို့ထည့်ပြီး ခိုင်မာသော ကြိုးဖြင့် ဖြေးဖြေးချင်း လျှောချပေးရပါမည်။
(၁၀) ငြမ်းစင်ပေါ်တွင် မည်သည့် အမှိုက်သရိုက်မျှ ရှိမနေအောင် အမြဲသန့်ရှင်းရေး လုပ်နေရမည်။
(၁၁) ငြမ်းစင် လက်ရမ်းများကို မမှီရ။ တက်မထိုင်ရ။ တက်မရပ်ရ။
(၁၂) မိမိသည် လက်မှတ်ရ ငြမ်းဆင်လုပ်သားမဟုတ်လျှင် မည်သည့် ငြမ်းစင်ကိုမျှ ဆင်ခွင့်မရှိပါ။
(၁၃) မိမိ၏ ကိုယ်သိုင်းကြိုးများကို အမြဲစစ်ဆေးနေပြီး အပြစ်အနာအဆာတွေ့ပါက supervisor သို့ချက်ခြင်း အကြောင်းကြားပါ။

၃၊ ၆၊ ၂။ မီးနှင့် လုပ်ရသော အလုပ်များ (Hot Work)

မီးလောင်စေနိုင်သော စက္ကူ၊ သစ်သားစသည့်ပစ္စည်းများကို မီးလောင်စေနိုင်သည့် အပူကို ထုတ်ပေးသော မည်သည့်အလုပ်ကိုမဆို မီးနှင့်လုပ်ရသော အလုပ်များ (Hot Work) ဟု ခေါ်ပါသည်။ ဥပမာ - ဂဟေဆော်ခြင်း၊ သတ္တုများကို မီးနှင့် ဖြတ်ခြင်း၊ ကျောက်စက်တိုက်ခြင်း၊ အပူပေးကိရိယာများ၊ လျှပ်စစ်သုံး ကိရိယာများ။
(၁) Hot Work လုပ်တော့မည် ဆိုလျှင် အလုပ်လုပ်ခွင့်လက်မှတ် (PTW - Permit to Work) လျှောက်ထားရပြီး ထိုလက်မှတ်ရမှသာ အလုပ်စလုပ်ခွင့်ရှိပါသည်။ ထိုလက်မှတ်မရှိပဲ မည်သည့် အခြေအနေမျိုးမှာမှ စလုပ်ခွင့်မရှိ။
(၂) Hot Work လုပ်သည့်နေရာတွင် အမှိုက်သရိုက်များ ကင်းစင်နေရမည်။
(၃) Hot Work လုပ်သည့်နေရာတွင် မီးစောင့်သူတစ်ဦးကို မီးသတ်ဆေးဗူးနှင့်တကွ အရံသင့်ထားရှိရမည်။
(၄) Hot Work လုပ်သည့်နေရာကို စည်းတားထား (barricade) ရမည်။
(၅) Hot Work စမလုပ်မီ မီးလောင်စေတတ်သော ဓါတ်ငွေ့များ ရှိမရှိ တိုင်းတာ စစ်ဆေးရမည်။
(၆) မီးပွား၊ ချော်များမလွင့်စင်စေရန် Hot Work လုပ်သည့်နေရာကို မီးခံအ၀တ်စ နှင့် ကာရံထားရမည်။
(၇) အကယ်၍ Hot Work လုပ်သည့်နေရာသည် အမြင့်တွင် ဖြစ်ပါက အောက်ဖက်တွင် မီးခံအ၀တ်နှင့် ခံထားရမည်။
(၈) ဂဟေဆော် (welding) လျှင် ဂဟေဆော်သူသည် သင့်တော်သော PPE များ (မီးခံ သို့မဟုတ် သားရေ
လက်အိတ်၊ မီးခံအင်္ကျီလက်ရှည်၊ မီးခံဘောင်းဘီရှည်၊ ဂဟေဆော်ရာတွင် သုံးသည့် မျက်နှာအကာ (Goggles with correct filter shade lens)၊ လုပ်ငန်းသုံး ဖိနပ် စသည်။)

၃၊ ၆၊ ၃။ လျှပ်စစ် အန္တရာယ်

ကျွန်ုပ်တို့ လုပ်နေရသော အလုပ်အားလုံးလိုလို လျှပ်စစ်အားကို သုံးသည့် စက်ပစ္စည်းများနှင့် တစ်နည်း မဟုတ် တစ်နည်း ဆက်စပ်နေရာ လျှပ်စစ် အန္တရာယ်ကိုလည်း သိထားရပါမည်။ ဓါတ်လိုက်ခြင်းသည် သေစေနိုင် လောက်သော အန္တရာယ်ဖြစ်၏။ သို့မို့ကြောင့် မပေါ့ပါနှင့် ဟု သတိပေးလိုက်ရပါ၏။ မိမိပတ်ဝန်းကျင်တွင် safety supervisor ရှိနေသည်ဖြစ်စေ၊ ရှိမနေသည် ဖြစ်စေ မိမိကိုယ် မိမိ ဂရုစိုက်ရန် လိုပါသည်။ ဤတွင် လျှပ်စစ်အန္တရာယ် နှင့် ပတ်သက်၍ သိသင့်သော အချက်အလက်များကို အတိုချုပ် ဖော်ပြလိုက်ပါသည်။

(၁) မိမိသည် လက်မှတ်ရ မီးပြင်သူတစ်ဦး (LEW – Licensed Electrical Worker) မဟုတ်ပါက လျှပ်စစ်ပစ္စည်းများကို ပြင်ခွင့်မရှိပါ။
(၂) ၀ါယာကြိုးများကို မြေကြီးပေါ် သို့မဟုတ် ကြမ်းပြင်ပေါ်တွင် ချပြီး မသွယ်တန်းရ။
(၃) ရေထဲတွင် ရပ်နေလျှင်ဖြစ်စေ၊ ရေစိုနေသောလက် သို့မဟုတ် လက်အိတ်ဖြင့် ဖြစ်စေ လျှပ်စစ်ပစ္စည်း သို့မဟုတ် ၀ါယာကြိုးများကို မကိုင်တွယ်ရ။
(၄) ပေါက်ပြဲနေသော ၀ါယာကြိုးများ၊ ပျက်စီးနေသော ပလပ်ခေါင်းများကို မသုံးပါနှင့်။ ချက်ခြင်း လဲခိုင်းပါ။
(၅) လျှပ်စစ်ပစ္စည်းများကို ရေမစိုပါစေနှင့်။ ရေစိုလျှင် ခလုတ်ကို ချက်ခြင်းပိတ်ပါ။
(၆) Circuit Breaker ဘရိတ်ကာများ မည်သည့်နေရာတွင် ရှိသည်ကို သိထားရပါမည်။ အရေးအကြောင်း ရှိလျှင် ဘရိတ်ကာ ကို ချက်ခြင်း ချလိုက်ရပါမည်။
(၇) ၀ါယာကြိုးချိတ်သော ချိတ်များသည် သံချိတ်များဖြစ်ပါက ထိုသံချိတ်များကို ပလတ်စတစ်ပိုက်ဖြင့် စွပ်ပြီး
ကာကွယ်ထားရပါမည်။ ၀ါယာနှင့် သံချိတ်ကို တိုက်ရိုက် ထိမနေစေရ။

No comments: