Wednesday, January 14, 2009

Living in Singapore XII (Travelling)

အခန်း (၇) သယ်ယူပို့ဆောင်ရေး မြို့ပြနိုင်ငံတစ်ခု ဖြစ်သည်နှင့်အညီ စင်ကာပူသည် ကမ္ဘာနိုင်ငံများအနက် ဒုတိယ လူဦးရေ အထူထပ်ဆုံး မြို့ တစ်မြို့ ဖြစ်ရာ ပြည်သူအများ သွားလာရေး အဆင်ပြေ လွယ်ကူစေမှုအတွက် လမ်းစီမံကိန်း များကို အစိုးရအနေနှင့် လွန်ခဲ့ သော အနှစ် ၃၀ ကပင် တင်ကြို ရေးဆွဲခဲ့ပါသည်။ လူဦးရေ အလွန် ထူထပ်သော်ငြား လည်း ယနေ့ အဆင်ပြေ ချောမွေ့စွာ သွားလာနေနိုင်ခြင်းမှာ ထို စီမံကိန်းများ၏ ကျေးဇူးပင် ဖြစ်ပါ၏။ ယနေ့တွင် လမ်းများအားလုံး၏ ဧရိယာမှာ စုစုပေါင်း မြေဧရိယာ၏ ၁၂ ရာခိုင်နှုံးမျှ ရှိလေရာ စင်ကာပူတွင် လမ်းမည်မျှ များပြားကြောင်း သိနိုင်ပါသည်။ သို့သော် တိုးတက်လာ သော လူဦးရေအရ လမ်းများကို ချဲ့ထွင်ရန် လိုအပ်နေပေသေးရာ လာမည့် ၂၀၂၀ ခုနှစ် အရောက်တွင် စင်ကာပူရှိ လမ်း စုစုပေါင်း သည် တစ်နိုင်ငံလုံး မြေဧရိယာ၏ ၆၀ ရာခိုင်နှုံးထိ ရှိလာမည် ဖြစ်ပါသည်။ စင်ကာပူမြို့တွင်း၌ သွားလာနေသော ခရီးသည်ပေါင်း တစ်နေ့လျှင် ၈.၉ သန်းမျှ ရှိရာ ရုံးတက် ရုံးဆင်းချိန်၊ အလုပ်သွား အလုပ်ပြန်ချိန် ဖြစ်သော နံနက် ၇ နာရီခွဲ မှ ၈ နာရီခွဲထိ၊ ညနေ ၅ နာရီခွဲမှ ၆ နာရီခွဲ ထိ ဘတ်စ်ကားနှင့် ရထားများ ပေါ်တွင် ခရီးသွားများနှင့် ကြပ်သိပ် နေသကဲ့သို့ လမ်းမကြီးများ ပေါ်တွင် လည်း ကားများဖြင့် ပြွတ်သိပ်နေသည် ကို တွေ့ရပါလိမ့်မည်။ ထို့ပြင် မလေးရှားမှ နေ့ချင်းပြန် အလုပ်လာ ဆင်းသူများမှာလည်း အလွန်များပြား လှသည် ဖြစ်ရာ နံနက် ၅ နာရီ ပတ်ဝန်းကျင်တွင် ထောင်ပေါင်း များစွာသော မော်တော်ဆိုင်ကယ်များကို လမ်းမကြီးများပေါ်တွင် ဆိုင်ကယ် ပြိုင်ပွဲကြီး တစ်ခုအလား တွေ့မြင်ရ ပါလိမ့်မည်။ စင်ကာပူတွင် အလုပ်လုပ်နိုင်သူ အားလုံး အလုပ်လုပ်နေ ကြသည်ဖြစ်ရာ မနက် မိုးလင်းသည်နှင့် အလုပ်သို့ တက်သုတ်ရိုက်ကာ အပြေးအလွှား သွားနေသူများကို ရထားဘူတာများ၊ ဘတ်စ်ကားဂိတ်များ၊ လမ်းမပေါ်များ၌ တွေ့မြင် နိုင်ပါသည်။ မြောက်များလှစွာသော လူများကို သူတို့လုပ်ငန်းခွင် အချိန်မီ ရောက်စေနိုင်ရန် မြန်ဆန် ထိရောက်ပြီး စနစ်ကျ သော သယ်ယူ ပို့ဆောင်ရေးသည် အလွန် အရေးကြီးပါသည်။ ထို့အတူ တပြိုင်နက် အလုပ်သိမ်းလာသော သိန်းနှင့်ချီ သည့် လူထုကြီးကို ၎င်းတို့အိမ်များသို့ စောစီးစွာ ပြန်လည် ရောက်ဖို့ရန်လည်း အရေးကြီး ပေသည်။ စင်ကာပူတွင် သွားရေးလာရေးမှာ အလွန်အဆင်ပြေ လွယ်ကူပါသည်။ ဘတ်စ်ကား မရောက်သည့် နေရာဟု မရှိပါ။ အချို့လမ်းတို ကလေးများမှ လွဲ၍ လမ်းတိုင်း ရောက်အောင် ဘတ်စ်ကား လမ်းကြောင်းများကို ပြေးဆွဲပေး ထားပါသည်။ ကားခ၊ ရထားခ များမှာလည်း ပိုက်ဆံအကြွေ ဖြင့်ပေး၍ ရသလို၊ ပိုက်ဆံအကြွေ ပေးစရာမလိုဘဲ အီလက်ထရောနစ် ကဒ်ပြားများဖြင့် ပေး၍လည်း ရပါသည်။ ရထားနှင့် ဘတ်စ်ကား အားလုံးလိုလိုမှာ လေအေးစက် တပ်ဆင်ထား သဖြင့် သွားလာရေးတွင် ချွေးတလုံးလုံးနှင့် မသက်မသာ ခံစားရသည့် ဒုက္ခ မရှိတော့ပါ။ သို့သော် ဘတ်စ်ကားခ နှင့် ရထားခ များမှာမူ လွန်ခဲ့သည့် ဆယ်နှစ် ကျွန်တော်တို့ စင်ကာပူ ရောက်စကနှင့် စာလျှင် အနည်းငယ် ဈေးတက်သွားပါသည်။ ဘတ်စ်ကားနှင့် ရထားခ ဈေးတက်သည်မှာ သိပ်မသိသာလှပါ။ သို့သော် တက္ကစီခများမှာမူ အလွန်ဈေးတက် သွားပါသည်။ ဤအခန်းတွင် စင်ကာပူမှ ဘတ်စ်ကား၊ ရထားများ နှင့် တက္ကစီများအကြောင်းကို အသေးစိတ် ဖော်ပြထား ပါသည်။ ၇၊ ၁။ လမ်းများ စင်ကာပူတွင် သာမန်ရိုးရိုး လမ်းများရှိသလို အဝေးပြေး လမ်းမကြီးများ (Expressways) လည်း ရှိပါသည်။


ထိုလမ်းမကြီး များမှာ အသွား၊ အပြန် နှစ်လမ်းသွား များဖြစ်ပြီး များသောအားဖြင့် ခြောက်လမ်းသွား လမ်းမကြီး များ ဖြစ်ပါသည်။ ထိုလမ်းမကြီးများ မှနေ၍ ရိုးရိုးလမ်းများ သို့ ခွဲထွက်သော exit များလည်း များစွာ ရှိပါသည်။ လမ်းမကြီး များတွင် မြန်နှုံးတိုင်း ကိရိယာများ တပ်ဆင်ထားပြီး သတ်မှတ်ထားသော မြန်နှုံးထက် ပိုလျှင် ထိုကားကို ဒါဏ်ရိုက် ပါသည်။ အချို့ နေရာများတွင် အီလက်ထရောနစ် စနစ်နှင့် လမ်းခွန်ကောက်သော ကိရိယာများ (ERP – Electronic Road Pricing) တပ်ဆင်ထားပြီး သတ်မှတ်ထားသော အချိန်များတွင် လမ်းခွန်ကောက်ပါသည်။ သို့အတွက် ကားတိုင်း တွင် လမ်းခွန်ပေးရန် (IVU – In Vehicle Unit) များ တပ်ဆင်ထားကာ ထိုယူနစ်များအတွင်း cash card များ ထည့်ထားရပါသည်။
စင်ကာပူတွင် Expressways လမ်းမကြီး ပေါင်း ၉ ခုရှိပြီး အစောဆုံး အဖြစ် PIE (Pan Island Expressway) ကို ၁၉၆၆ ခုနှစ်က စတင် ဖောက်လုပ်ခဲ့ ပါသည်။ နောက်ဆုံး လမ်းမကြီးမှာ ယခုနှစ် ၂၀၀၈ စက်တင်ဘာ လကမှ ပြီးသွားသော Kallang-Paya Lebar Expressway ဖြစ်ပါသည်။ ထို့နောက် Marina Coastal Expressway ကို ဆက်လက် ဖောက်လုပ် သွားမည် ဖြစ်ပါသည်။ ထို Expressways လမ်းမကြီး များမှာ မီးပွိုင့်နှင့် အနှောက်အယှက် တစုံတရာ အဟန့်အတား မရှိသည့်အတွက် မိမိ သွားလိုသည့် ခရီးကို လျှင်မြန်စွာ မောင်းနှင် သွားလာနိုင် ပါသည်။ သို့သော် ကားတိုက်မှု၊ ကားပျက်မှု များကြောင့် တခါတရံ လမ်းပိတ်တတ် ပါသည်။ မည်သည့် နေရာတွင် လမ်းပိတ်နေသည်။ မည်သည့်နေရာမှ သွားလျှင် ပိုအဆင်ပြေမည် ဆိုသည်ကို ရေဒီယိုမှ တရံမလပ် ကြေငြာပေး နေပါသည်။ ထို့ပြင် သာမန် လမ်းများမှ အဝေးပြေး လမ်းမကြီးများ သို့ အ၀င်ဝ များတွင် မည်သည့် နေရာသို့ သွားလျှင် မည်မျှ ကြာမည်ဖြစ်ကြောင်း ခန့်မှန်း ကြာမြင့်ချိန် များကိုပါ ဖော် ပြပေး ထားပါသည်။
သဘောကျစရာ ကောင်းသည်မှာ လမ်းနာမည်များ မြောက်များစွာ ရှိသော်လည်း နာမည် တစ်ခုနှင့် တစ်ခု ထပ်မနေ သဖြင့် ရှာရ အင်မတန် လွယ်ကူပါသည်။ မိမိ သွားလိုသည့် နေရာကို လိပ်စာသာ အတိအကျ သိပါက http://www.map.gov.sg/StreetMap/ တွင် အဆောက်အဦ နံပါတ်၊ လမ်းနာမည်၊ ပို့စ်ကုဒ်ကို ရိုက်ထည့် လိုက်ပါကာ မြေပုံ တန်းပေါ်လာ ပါလိမ့်မည်။ မည်သည့် ဘတ်စ်ကား စီးရမည်၊ မည်သည့် ရထား စီးရမည် မှအစ၊ လမ်းလျှောက် သွားလျှင် မည်သို့ သွားရမည်၊ ကားနှင့်လာမည် ဆိုပါက မည်သည့် လမ်းမှ ၀င်ရ မည် အလယ်၊ မည်သည့်လမ်းက အတိုဆုံး ဖြစ်သည် အဆုံး လိုသမျှ ရှာနိုင်ပါသည်။

No comments: