Sunday, January 4, 2009

Working in Singapore Part XIV

အပိုင်း (၃)

Safety နှင့် ပတ်သက်၍ စင်ကာပူတွင် အလုပ်လုပ်သူများ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ

အပိုင်း (၁) တွင် စင်ကာပူ၌ အလုပ်လာလုပ်လိုသူ၊ စင်ကာပူ၌ အလုပ်လုပ်နေသူများ သိသင့် သိထိုက်သည့် အချက်အလက်များကို သော်လည်းကောင်း။ အပိုင်း (၂) တွင် စင်ကာပူ၌ အလုပ်လုပ်နေသူ လူငယ်များ အနေနှင့် မိမိတက်လမ်းကို မိမိ မည်ကဲ့သို့ ရှာဖွေရမည်ကို လည်းကောင်း ဖော်ပြခဲ့ပါသည်။ သို့သော် အလုပ်လုပ်သည် ဆိုရာ၌ လုပ်သည်ဆိုရုံမျှနှင့် မပြီးသေး။ အန္တရာယ်ကင်းစွာ လုပ်တတ်ဖို့ လိုသေးသည်။ သို့အတွက် မည်ကဲ့သို့ အန္တရာယ် ကင်းစွာ အလုပ်လုပ်ရမည်နည်း ဆိုသည်ကို ဤ အပိုင်း (၃) တွင် ဆက်လက် ရေးသားလိုက်ပါသည်။
ကျွန်တော်တို့မြန်မာပြည်တွင် မတော့ Safety ဆိုတာ မကြားစဘူး။ လုပ်ငန်းကြီးတစ်ခု သို့မဟုတ် အဆောက် အဦး ကြီးကြီးမားမားတစ်ခု တည်ဆောက်၍ မတော်တဆ လူသေလျှင်တောင်မှ ထိုလုပ်ငန်းအတွက် ထိုသူကို စတေး လိုက်ရသည် ဟု အယူ ရှိကြသည် မဟုတ်ပါလော။ နောက်ပြီး ကျွန်တော်တို့ဆီတွင် သည်လောက် အသည်းအသန် အပူတပြင်း လုပ်ရတာတွေ မရှိလေတော့ တော်ရုံတန်ရုံ မတော်တဆမှု ဆိုတာ ဖြစ်ခဲသည်။ သည့်ကလောက်ဈေးကြီး လှသည့် Safety Shoe/Safety Boot တို့၊ Helmet တို့၊ Safety Glass တို့ဆိုတာ ဘယ်တတ်နိုင်လိမ့်မတုံး။ အလုပ်ရှင် ခမျာ သေ သေရချည့်။ သူ့အိတ်ကပ်ထဲက ထွက်မည့် ကိစ္စ၊ မိန်းမ စိန်နားကပ်ဖိုးထဲက ပဲ့မည့်ကိစ္စ ဘယ်မှာ စိတ်ဝင်စား နိုင်ပါမည်နည်း။ သို့သော် စင်ကာပူတွင်တော့ ဥပဒေနှင့် ပြဌာန်းထားသည် ဖြစ်ရာ မလုပ်လို့မရ။ သူ့ ဥပဒေ မလိုက်နာ နိုင်ဘူးလား။ မလုပ်နဲ့။ လုပ်ချင်သလား။ ဥပဒေအတိုင်း လိုအပ်သည်များကို ဖြည့်ဆည်းပေး။ ဒါပဲ ဖြစ်ပါ၏။
သည်တော့ စင်ကာပူ အလုပ်လာလုပ်မည့် သူများမှာလည်း ဘယ်တိုင်းပြည်က လာလာ။ သူ့တိုင်းပြည်ရောက် လျှင် သူ့စည်းကမ်းကို လိုက်နာရမည်သာ ဖြစ်၏။ ဥပဒေ ဆိုတာ မသိလို့ပါ ဟု ငြင်းလို့မရ။ မသိလျှင် သင်ပေးမည်။ မလိုက်နာလျှင်တော့ မိမိ ကိစ္စသာ ဖြစ်၏။ အဲလေ မိလို့ကတော့ ဒါဏ်ငွေလေး ဆောင်လိုက်ပေါ့။
သည့်အတွက် မသိမဖြစ် သိထားရမည့် Safety စည်းမျဉ်း၊ စည်းကမ်းများကို ကျွန်တော် ရှင်းပြပါမည်။ သို့သော် Safety နယ်ပယ်မှာ အလွန်ကျယ်လွန်းရကား အားလုံး အပြည့်စုံ ပြောဘို့ရန်မူ မဖြစ်နိုင်ပါ။ အရေးကြီးသည့် အချက်များကိုသာ ထုတ်နှုတ်၍ ပြောပြမည် ဖြစ်ပါ၏။ ပိုမို သိရှိလိုသူများ ရည်ညွှန်းထားသည့် web site များတွင် ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။

၃၊ ၁။ အဘယ်ကြောင့် Safety သည် အလွန် အရေးကြီးရပါသနည်း

ပထမ အချက်။ လောကတွင် အသက်ထက် ဘာမျှ ပိုအရေးမကြီး။ အသက်ရှိနေသ၍ ကာလပတ်လုံး လုပ်ချင် တာ လုပ်လို့ရသည်။ သေပြီဆိုလျှင်တော့ ဘာမှ လုပ်လို့မရတော့။ ထို့ပြင် အသက်ဆိုသည်မှာ ပိုက်ဆံ ဘယ်လောက် ပုံပေးပေး ပြန်ဝယ်ထည့်လို့ ရစကောင်းသော အရာမဟုတ်။ သေကိုသေရမည့် ကိစ္စကတော့ တားလို့ ဘယ်ရလိမ့် မတုံး။ သို့သော် မတော်တဆသေရသည် ဆိုလျှင်တော့ အင်မတန် နစ်နာသည်။ နစ်နာသည်ဆိုသည်မှာ သေသူ တစ်ဦးထဲ နစ်နာခြင်းမဟုတ်။ သူနှင့် ပတ်သက်ဆက်နွယ်နေသူ အားလုံး နစ်နာခြင်း ဖြစ်သည်။
သေဆုံးသူသည် မိသားစုကို ရှာဖွေ လုပ်ကျွေးသမှု ပြုနေသူ ဖြစ်အံ့။ ထိုမိသားစု အနေနှင့် အလွန်ကြီးမား သောဆုံးရှုံးမှု ကို ရင်ဆိုင်ရခြင်း ဖြစ်သည်။ ထို့ပြင်တစ်ဝ၊ နိုင်ငံခြားထွက် အလုပ်လုပ်နေသူ အားလုံးမှာ မိမိ မိသားစုကို ထောက်ပံ့လုပ်ကျွေး နေကြသူချည်း ဖြစ်ရာ မိမိ မိသားစု၏ ကံကြမ္မာသည် မိမိအပေါ်တွင် လုံးဝ မူတည်နေသည်ကို မေ့ထားလို့မရ။ မိမိတစ်ခုခုဖြစ်လျှင် မိမိမိသားစု ဒုက္ခပင်လယ်ဝေမည့် အကြောင်း အမြဲ ခေါင်းထဲထည့်ထားဘို့ လိုသည်။
ဒုတိယ အချက်။ အကြောင်းတစုံတရာကြောင့် မိမိခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဆုံးရှုံးသွားသည် ဖြစ်အံ့။ မည်သည့် လူလုပ်ပစ္စည်းနှင့်မျှ အစားထိုးလို့ မရနိုင်။ ခြေပြတ်သွားလျှင် ခြေတုနှင့် အစားထိုးနိုင်သည်။ သို့သော် ထို ခြေတုသည် မူလခြေထောက်အစစ်ကို မီနိုင်ပါမည်လော။ မျက်လုံးကို တစ်စုံတစ်ခု ထိမိ၍ မျက်စိကွယ်သွားသည် ဖြစ်အံ့။ မိမိဘ၀တစ်ခုလုံး ဆုံးရှုံးရတော့သည်။ ထို့ပြင် မိမိသာ ဒုက္ခိတ ဖြစ်သွားပါက မိမိက လုပ်ကျွေးရမည့် အစား မိမိကို ပြန်ပြုစုနေရတာနှင့် မိမိ မိသားစုဝင်များကို မသေမချင်း ဒုက္ခပေးသလို ဖြစ်နေပေတော့မည်။
ခေတ်မီ တိုးတက်သော နိုင်ငံကြီးများတွင် အရာရာကို စက်ယန္တယားများ သုံး၍သော် လည်းကောင်း၊ ဓါတုဗေဒ ပစ္စည်းများဖြင့်သော် လည်းကောင်း၊ မြင့်မားသော နေရာများတွင်သော်လည်းကောင်း လုပ်ကိုင် နေကြရသည်ဖြစ်ရာ အသက်အန္တရာယ်နှင့် အလွန်နီးလှပေသည်။ သို့အတွက် အလုပ်လုပ်ရင်း မိမိ၏ ပေါ့ဆမှုကြောင့် မိမိကိုသော် လည်းကောင်း၊ မိမိ၏ လုပ်ဖော်ကိုင်ဘက်များကိုသော် လည်းကောင်း အန္တရာယ် တစုံတရာ မကျရောက်စေရန် အလွန် အရေးကြီးလှပေ၏။
သို့အတွက် “Safety First” ဟူ၍ လည်းကောင်း၊ “Safety is Job No. 1” ဟူ၍ လည်းကောင်း၊ “Safety is our business” ဟူ၍ လည်းကောင်း ဆောင်ပုဒ်များ ပြုထားရခြင်း ဖြစ်ပါ၏။ ဘာပဲလုပ်လုပ် “ဘေးအန္တရာယ် ကင်းရေး သည် ပထမ” ဖြစ်ပါတော့သည်။

၃၊ ၂။ အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ရေးအတွက် တက်ရောက်ရမည့် သင်တန်းများ

စင်ကာပူသို့ စတင်ရောက်ရှိလာသူ မည်သည့် အလုပ်သမားမဆို စင်ကာပူ လုပ်သားအင်အား ၀န်ကြီးဌာန (MOM – Ministry of Manpower) မှ သတ်မှတ်ထားသော အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ရေးအတွက် သင်တန်း များ (Safety Orientation Course) ကို အလုပ်မ၀င်မီ စင်ကာပူသို့ရောက်ရှိပြီး နှစ်ပတ်အတွင်း တက်ရောက်ရမည် ဖြစ်ပါသည်။ ထို သင်တန်း စာမေးပွဲအောင်ပါမှ အလုပ်လုပ်နိုင်ရန် Work Permit Card ၀ပ်ပါမစ် ကဒ်ပြား ထုတ်ပေး မည် ဖြစ်ပါ၏။ သင်တန်းမှာ အင်္ဂလိပ်လို သင်သည်ဖြစ်ရာ (သိပ်မကြာသော ကာလတွင် မြန်မာလိုသင်ပေးသော သင်တန်းများ ချမှတ်ပေးမည် ဟု ယူဆပါ၏) အင်္ဂလိပ်စာ သိပ်မကျွမ်းကျင်သော သူများအတွက် ထိုသင်တန်းများတွင် ဖြေဆိုသော စာမေးပွဲ အောင်မြင်ရန် အထောက်အကူ ရပါစေခြင်း အလို့ငှာ ဤတွင် သိသင့် သိထိုက်၊ လေ့လာသင့် လေ့လာထိုက်သည် များကို ဖော်ပြလိုက်ပါ၏။
သင်တန်းမှာ တစ်ရက်သင်တန်းဖြစ်၍ သင်တန်းအပြီး ညနေပိုင်းတွင် စာမေးပွဲ ဖြေရပါသည်။ စာမေးပွဲဖြေရာ တွင် တစ်ဦးနှင့် တစ်ဦး ခိုးမချစေနိုင်ရန် ရှေ့နောက် အတန်းလိုက်ထိုင်စေကာ ပထမအတန်းကို မေးခွန်းပုံစံ တစ်မျိုး၊ ဒုတိယအတန်းကို မေးခွန်းပုံစံ တစ်မျိုး ပေးပါ၏။ နောက်လည်း လှည့်ကြည့်ဘို့မလွယ်။ ဘေးဘီလှည့်ကြည့်ရအောင် ကလည်း မေးခွန်းကမတူ။ ကိုယ့်အားကိုယ်ကိုး ဖြေမှ ရပါမည်။ မေးခွန်းများမှာ ခက်ပင် မခက်ငြားသော်လည်း အင်္ဂလိပ် လိုမေးထားသဖြင့် မေးခွန်းကိုတော့ နားလည်ဘို့ လိုပါသည်။
ထိုသင်တန်းများကို လုပ်ငန်းအလိုက် အောက်ပါအတိုင်း ခွဲခြားထား၏။

ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်မည့်သူများအတွက် Construction Safety Orientation Course for Workers (CSOC) ကို တက်ရပါမည်။
သင်္ဘောကျင်းတွင် လုပ်မည့်သူများအတွက် Shipyard Safety Instruction Courses for Workers (General Trade, Hot-work Trade and Painter Trade) (SSIC) ကို တက်ရပါမည်။
မြေအောက် ကျင်းချိုင့်များ၊ တိုင်ကီများအတွင်း လုပ်မည့်သူများအတွက် Safety Orientation Course (Manhole) for Workers (SOC-Manhole) ကို တက်ရပါမည်။
မြေအောက် ဥမင်လိုဏ်ခေါင်းများတွင် လုပ်မည့်သူများအတွက် Safety Orientation Course (Tunnelling) for Workers (SOC – Tunnelling) ကို တက်ရပါမည်။
ရေနံ၊ ဓါတုစက်ရုံများတွင် လုပ်မည့်သူများအတွက် Oil/Petrochemical Industries Safety Orientation Course for Workers (SOC – Oil/Petrochemical) ကို တက်ရပါမည်။
သတ္ထုပစ္စည်းလုပ်ငန်းတွင် လုပ်မည့်သူများအတွက် Safety Orientation Course for Workers (Metalworking) (SOC – Metalworking) ကို တက်ရပါမည်။

ထို့အပြင် ထိုသင်တန်းများ တက်ရောက်အောင်မြင်ပြီးသော်လည်း မိမိတို့ လုပ်ကိုင်ရမည့် လုပ်ငန်းတွင်းသို့ ရောက်လျှင် ထို လုပ်ငန်း (ဆောက်လုပ်ရေး၊ သင်္ဘောကျင်း စသည်) များမှ ပေးသော သင်တန်းကိုလည်း ထပ်မံ တက်ရောက် ရပါသေး၏။ MOM မှပေးသော သင်တန်းများမှာ စင်ကာပူနိုင်ငံအတွင်း အလုပ်လုပ်သူတို့ လိုက်နာ ရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ယေဘူယျသဘော သင်ပေးလိုက်ပြီး သက်ဆိုင်ရာ သင်္ဘောကျင်း၊ ပရောဂျက် အလိုက် ပေးသောသင်တန်းများမှာမူ ထို ပရောဂျက်အတွင်း ကြုံတွေ့ရနိုင်သည့် အန္တရာယ်များနှင့် လိုက်နာရမည့် စည်းကမ်းများကို သင်ကြားပေးခြင်း ဖြစ်ပါသည်။

No comments: