Sunday, January 11, 2009

Living in Singapore XI (Religion)

အခန်း (၆)

၆၊ ၁။ စင်ကာပူ မှ ဘာသာရေး

စင်ကာပူနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်မှုမှာ အသက် ၁၅ နှစ်အထက် လူကြီးပိုင်းများအကြား တစ်နေ့တခြား များပြားလာခဲ့သည်။ လွန်ခဲ့သော ၁၉၉၀ ခုနှစ်များက ဗုဒ္ဓဘာသာ ကိုးကွယ်သူဦးရေမှာ ၃၁ ရာခိုင်နှုံးသာ ရှိခဲ့သော်လည်း နောက် ဆယ်နှစ်အကြာတွင် ၄၃ ရာခိုင်နှုံးထိ တိုးပွားလာခဲ့သည်။
Ref: http://en.wikipedia.org/wiki/Religion_in_Singapore
စင်ကာပူနိုင်ငံ တစ်ဝှမ်းတွင် ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်းများ အများအပြားကို တွေ့နိုင်ပါသည်။ သို့သော် စင်ကာပူ ဗုဒ္ဓဘာသာမှာ မဟာယာန နှင့် ထေရ၀ါဒ ရောနှောနေပါသည်။ စင်ကာပူနိုင်ငံတွင် နေထိုင်သော မြန်မာ များမှာလည်း တစ်နေ့တခြားတိုးပွားလာသည်နှင့် အမျှ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း များသည်လည်း စင်ကာပူနိုင်ငံတွင် တစ်နှစ်ထက် တစ်နှစ် တိုးလာခဲ့ပါသည်။ ကျွန်တော် လေ့လာမိ သလောက် စင်ကာပူမှ မြန်မာဘုန်းတော်ကြီး ကျောင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါ၏။
၆၊ ၂။ Sasanaramsi Burmese Buddhist Temple (သာသနာ့ရံသီ မြန်မာ ဘုန်းတော်ကြီးကျောင်း)

ထိုကျောင်းများတွင် တိုးပါးရိုးရှိ သာသနာ့ရံသီကျောင်းတော်ကြီးမှာ လူသိအများဆုံးနှင့် အကြီးမားဆုံး ကျောင်း တော်ကြီး ဖြစ်ပါသည်။ ကျောင်းတော်ကြီးတွင် အမြင့် ၁၁ ပေ၊ အလေးချိန် ၁၀ တန် ရှိသည့် ဗုဒ္ဓ ဆင်းတုတော်ကြီး စံပယ်တော်မူလျှက် ရှိပါသည်။ ဘုရားဒါယိကာ ဦးကျော်ဂေါင် သည် စစ်ကိုင်းတောင်မှ အရည်အသွေးကောင်းသော အလေးချိန် ၁၀ တန်ကျော်ရှိ စကျင်ကျောက်တုံးကြီးကို ရူပီးငွေ ၁၂၀၀ ဖြင့်ဝယ် ယူကာ မန္တလေးမြို့တွင် ဆင်းတုတော် ထုလုပ်ခဲ့ပါသည်။ ၁၉၁၈ ခုနှစ်တွင် ဆင်းတုတော်ကြီးပြီးပါ၏။ ထို့နောက် ဆင်းတုတော် ကြီးကို စင်ကာပူသို့ ၁၉၁၂ ခုနှစ်တွင် ပင့်ဆောင်ခဲ့ပါသည်။
ဆရာတော်ကြီး ဦးပညာဝံသသည် ဓမ္မစကြာအသင်း၏ အကူအညီဖြင့် စင်ကာပူနိုင်ငံတွင် ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်းတည်ထောင်နိုင်ရန် ၁၉၇၁ ခုနှစ်က ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ၁၉၇၃ ခုနှစ်တွင် ဦးကျော်ဂေါင် ၏ သားဖြစ်သူ ဦးဘသိန်းမှ ပီနန်တွင် သီတင်းသုံးနေတော်မူသော ဆရာတော်ကြီးကို လျှောက်ထားကာ စင်ကာပူတွင် ဘုန်းတော်ကြီးကျောင်း တည်ထောင်နိုင်ရန် ကြိုးပမ်းပါသေးသည်။ သို့သော် မဖြစ်မြောက်ခဲ့ပါ။ သို့နှင့် အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ပြီးမှ ဆရာတော်ကြီး ဦးပညာဝံသ နှင့် ဒါယိကာ၊ ဒါယိကာမများ၏ ၀ိုင်းဝန်း ကြိုးပမ်းမှုဖြင့် ၁၉၉၀ ခုနှစ်တွင် လက်ရှိကျောင်းတော်ကြီးကို တည်ထောင်နိုင်ခဲ့ ပါသည်။
ယခုအခါတွင် ကျောင်းတော်ကြီး၌ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဦးပညာဝံသ နှင့် ဦးတိလောကသီရိ၊ ဦးစန္ဒ၀ံသ၊ ဦးပညာနန္ဒ၊ အရှင် သီရိဓမ္မ တို့ သီတင်းသုံးလျှက် ရှိပါသည်။
ထိုကျောင်းတော်ကြီးတွင် အခါကြီးနေ့ကြီးများ၌ မြန်မာ့ရိုးရာ ပွဲလမ်းသဘင်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။ နှစ်သစ်ကူး သင်္ကြန်ပွဲတော်၊ ၀ါဆိုပွဲတော်၊ တန်ဆောင်တိုင်ပွဲတော် စသည်တို့ဖြစ်ပြီး ထိုပွဲတော် များတွင် မြန်မာ့ရိုးရာ အစားအစာများကို စတုဒီသာ ကျွေးမွေးကြပါသည်။ စတုဒီသာ ကျွေးရာတွင် ပါဝင်သော အဖွဲ့များ သည် ငွေအရင်းအနှီးစိုက်ထုတ်လျှက် အခမဲ့ကျွေးမွေးခြင်း ရှိသလို အကယ်၍ လက်မှတ်ဖြင့် ကျွေးမွေးပါက အရင်းရော၊ ရောင်း၍ရသည့် အမြတ်ကိုပါ ကျောင်းသို့ အားလုံးလှူဒါန်းလေ့ ရှိပါသည်။
ယခုနှစ် ၂၀၀၉ အတွက် အစီအစဉ်များမှာ နှစ်ကူးပရိတ်တရားတော် ရွတ်ဖတ်ပွဲ (၁-၁-၀၉)၊
တရုတ်နှစ်ကူးပွဲ (၂၅၊ ၂၆၊ ၂၇- ၁- ၀၉)၊
သင်္ကြန်ပွဲ (၁၂-၁-၀၉)၊
ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော် (၉-၅-၀၉)၊
ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ (၅-၇-၀၉)၊
ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲ(၂၅-၁၀-၀၉) တို့ ဖြစ်ပါသည်။
သင်္ကြန်အခါရက်များတွင် စင်ကာပူတစ်နိုင်ငံလုံးမှ မြန်မာများ လာရောက်ကြသည်ဖြစ်ရာ တိုးမပေါက်အောင် စည်ကားလှပါသည်။ ထိုပွဲ၌ ရွှေရင်အေး၊ မုံ့လုံးရေပေါ်၊ သာကူ၊ ရွှေကြည်ဆနွင်းမကင်း၊ မုံ့ဟင်းခါး၊ ကြာဇံကြော်၊ ဗူးသီးကြော်၊ တိုဟူးသုပ်၊ ရခိုင်မုံ့တီ စသော မြန်မာမုံ့အစုံကို တ၀ကြီးစားလို့ ရပါသည်။ ထို့အတူ ကထိန်ပွဲ စသော အခြား ရက်ကြီးများတွင်လည်း အလွန် စည်ကားပါသည်။
ပုံမှန် လှုပ်ရှားမှုများအနေနှင့် တနင်္ဂနွေ ဗုဒ္ဓဘာသာသင်တန်းများ၊ စနေနေ့ည ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပွဲများ၊ ညစဉ် ၇ နာရီမှ ၉ နာရီထိ ပရိတ်၊ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲများ ရှိပါသည်။ ထို့ပြင် တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီ မှ ညနေ ၆ နာရီထိ ဗုဒ္ဓစာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ထားပါသည်။ တရားပွဲများလည်း အခါအားလျော်စွာ ကျင်းပ ပြုလုပ် သလို ဒုလ္လဘ ရဟန်းခံပွဲ၊ ဆွမ်းလောင်းပွဲစသော မြန်မာ့ရိုးရာ ဘာသာရေး အခမ်းအနားများလည်း ရှိပါသည်။
ကျောင်းသို့ Topayoh MRT မှ ခြေလျင်လျှောက်သွားလို့ ရသလို ဘတ်စ်ကားများလည်း ရှိပါသည်။ ကျောင်း၏ မြေပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


Ref: http://www.burmesebuddhisttemple.org.sg/index.htm

၆၊ ၃။ Vipassana Meditation Centre (Singapore) (VMC) (စင်ကာပူ ၀ိပဿနာ ကမ္မဌာန်းကျောင်း)

စင်ကာပူ ၀ိပဿနာ ကမ္မဌာန်းကျောင်း ကို ၁၉၉၃ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင်များရော၊ ဗုဒ္ဓဘာသာဝင် မဟုတ် သော်လည်း ဗုဒ္ဓ၏ တရားတော်များကို စိတ်ဝင်စားကာ လေ့လာလိုသူ၊ ပွားများအားထုတ်လိုသူများ အတွက်ပါ ၀ိပဿနာ သင်တန်းများပေးရန် ရည်ရွယ်ချက်ဖြင့် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ကျောင်းထိုင်ဆရာတော်မှာ ဦးပညာနန္ဒ ဖြစ်ပြီး ဆရာတော်ကြီး ဦးပဏ္ဍိတာဘိဝံသ နှင့် ဆရာတော် ဦးပညာသာမိ တို့၏ လမ်းညွှန်မှု ဖြင့် တရားပွဲများ၊ တရား စခန်းများကို ဖွင့်လှစ်ကျင်းပလျှက်ရှိပါသည်။
အပတ်စဉ် သင်တန်းများအနေနှင့် အင်္ဂါနေ့များတွင် ည ၇နာရီခွဲမှ ၉ နာရီထိ ပရိတ်၊ ပဌာန်း တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ သောကြာနေ့ ည ည ၇နာရီခွဲမှ ၉ နာရီခွဲ ထိ စုပေါင်း တရား အားထုတ်ခြင်း၊ စနေနေ့ည ည ၈နာရီ မှ ၉ နာရီခွဲ ထိ အင်္ဂလိပ်ဘာသာဖြင့် တရားပွဲကျင်းပခြင်း၊ တနင်္ဂနွေနေ့ နေ့လည် ၂ နာရီမှ ညနေ ၄ နာရီထိ ကလေးငယ် များအား ဗုဒ္ဓစာပေများ သင်ကြားပေးခြင်း၊ ည ၇နာရီ မှ ၉ နာရီခွဲ ထိ မြန်မာဘာသာဖြင့် တရားပွဲကျင်းပခြင်း များ ပြုလုပ် ပေးပါသည်။ ထို့ပြင် လစဉ် လူသစ်များအတွက် တစ်ပတ်ကြာ တရားထိုင်နည်း သင်တန်းများလည်း ပေးလျှက်ရှိရာ စိတ်ပါဝင် စားသူများ vmckm@singnet.com.sg တွင် စာရင်းပေးသွင်းနိုင်ပါသည်။
အခြားဘုန်းတော်ကြီးကျောင်းများနည်းတူ နှစ်သစ်ကူး သင်္ကြန်ပွဲတော်၊ ၀ါဆိုပွဲတော်၊ ကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲ၊ တန်ဆောင်တိုင်ပွဲတော်များလည်း ကျင်းပပြုလုပ်ပါသည်။
ကျောင်းသို့ အနီးဆုံး MRT ဖြစ်သော Boon Keng Station မှ လမ်းလျှောက်သွားနိုင်ပါသည်။
Ref: http://vmc128.8m.com/index.html
၆၊ ၄။ Satipatthana Meditation Centre (SMC) (သတိပဌာန် ကမ္မဌာန်းကျောင်း)

ကျောင်းထိုင်ဆရာတော် ဖြစ်သူ ဆရာတော် ဦးရာဇိန္ဒမှာ မူလက Buddha Dhamma Mangala Society (BDMS) တွင် သီတင်းသုံးကာ ၀ိပဿနာကမ္မဌာန်း သင်တန်းများ ပြသနေခဲ့ပါသည်။ ထို့နောက် တွင် BDMS ကို စတင် တည်ထောင်ခဲ့သူ ဆရာတော် အရှင်ဓမ္မိက ပြန်ကြွလာသောအခါ တရားစခန်းဝင် ယောဂီများ၏ လျှောက်ထားချက်အရ Satipatthana Meditation Centre ကို ၂၀၀၄ ဧပြီလမှ စတင် ဖွင့်လှစ်ပြီး ၀ိပဿနာကမ္မဌာန်း သင်တန်းများ ဆက်လက် ပို့ချခဲ့ခြင်း ဖြစ်ပါသည်။ ထို့နောက်တွင်မှ ဆရာတော်၏ လမ်းညွှန်မှုဖြင့် ယခု လက်ရှိ SMC ကို ၂၀၀၅ ခုနှစ် ဇန္န၀ါရီလ ၂၁ ရက်နေ့တွင် တရားဝင် စတင် ဖွင့်လှစ် ခဲ့ပါသည်။
ပုံမှန်အားဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့ ည ၇ နာရီခွဲတွင် တရုတ်ဘာသာဖြင့် ပို့ချသော တရားသင်တန်းများ၊ အပတ်စဉ် ကြာသပတေးနေ့ ည ၇ နာရီခွဲတွင် အင်္ဂလိပ်ဘာသာဖြင့် ပို့ချသော တရားသင်တန်းများ၊ အပတ်စဉ် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် အင်္ဂလိပ်ဘာသာဖြင့် ပရိတ်၊ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ နှင့် တရားသင်တန်းများ၊ တနင်္ဂနွေနေ့ ည ၇ နာရီခွဲတွင် မြန်မာဘာသာဖြင့် တရားသင်တန်းများကို ဆရာတော်မှ ပြုလုပ်ပေးလျှက် ရှိပါသည်။
ထို့ပြင် စင်ကာပူတွင် ရောက်ရှိနေထိုင်နေသော မြန်မာ ကလေးငယ်များအတွက် မြန်မာစာ အရေးအဖတ် သင်တန်းများ၊ အဘိဓမ္မာသင်တန်းများ၊ တစ်ပတ် သို့မဟုတ် ဆယ်ရက် တရားစခန်းများ၊ ရှင်ပြု ရဟန်းခံပွဲများ၊ ဆွမ်းကြီးလောင်းပွဲများ၊ အထူးတရားပွဲများ မပြတ်တမ်း ရှိသည့်ပြင် မြန်မာ့ရိုးရာ ဘာသာရေးအခမ်းအနားများဖြစ်သော နှစ်သစ်ကူး သင်္ကြန်ပွဲတော်၊ ၀ါဆိုပွဲတော်၊ တန်ဆောင်တိုင်ပွဲတော် များလည်း ကျင်းပပြုလုပ်ပါသည်။၂၀၀၉ ဇန္န၀ါရီလ ၁၇ ရက်နေ့တွင် ကျောင်းကို နေရာအသစ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသစ်၏ လိပ်စာမှာ 40 Jalan Malu-Malu, Spring Estate, Sembawang, Singapore 769657, Tel:(65)6758 9488 ဖြစ်ပါသည်။ ကျောင်းသစ်၏ မြေပုံကို အောက်တွင် ဖော်ပြလိုက်ပါသည်။ ရောက်နိုင်သော ဘတ်စ်ကားနံပါတ်များမှာ ၁၆၇၊ ၈၅၆၊ ၈၅၉ နှင့် ၉၈၀ တို့ ဖြစ်ပါသည်။
၆၊ ၅။ Mahamuni Buddhist Society
ထိုကျောင်းမှာ Clementi တွင် ရှိပြီး ကျောင်းထိုင်ဆရာတော်မှာ ဦးဝိစိတ္တ ဖြစ်ပါသည်။ သီဟိုလ်မှ M.A ဘွဲ့ကို ဆွတ်ခူးခဲ့ပြီး စင်ကာပူတွင် သာသနာပြုနေခြင်း ဖြစ်ပါသည်။ ရခိုင်လူမျိုး ဆရာတော်ဖြစ်လေရာ ရခိုင်အမျိုးသား၊ အမျိုး သမီးတို့ စုဝေးရာနေရာတစ်ခုလည်း ဖြစ်လာခဲ့ပါသည်။ ထိုကျောင်းတွင်လည်း အခြားကျောင်းများကဲ့သို့ပင် တရားပွဲများ ကျင်းပခြင်း၊ တရားစခန်းများ ဖွင့်လှစ်ခြင်း၊ မြန်မာ့ရိုးရာ သင်္ကြန်ပွဲ၊ ၀ါဆိုပွဲ၊ ကထိန်ပွဲ၊ ရဟန်းခံ ရှင်ပြု စသည်များ ကျင်းပ ပြုလုပ်ပါသည်။
Clementi MRT တွင်ရှိသော Bus Interchange မှ ဘတ်စ် နံပါတ် ၂၈၅ နှင့် ၇၈ တို့ကို စီးကာ ၃ မှတ်တိုင် မြောက် ဖြစ်သော Bus stop No. B09-West Coast Road တွင်ဆင်းပြီး လမ်းတစ်ဖက်သို့ မြှော်ကြည့်လိုက်ပါလျှင် သာသနာ့အလံများ စိုက်ထူထားသော ကျောင်းကို တွေ့ရပါလိမ့်မည်။
သာသနာ့လုပ်ငန်းများကို ဆထက်ထမ်းပိုး တိုးမြှင့်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခု လက်ရှိငှားထား သော အခန်းကို ၀ယ်ရန် စိုင်းပြင်းနေရာ အလှူရှင်များ များစွာလိုအပ်နေပါသည်။ အခန်းကို ၂၅၀ x ၂၅၀ မီလီမီတာ အကွက်ကလေးများဖြင့် ပိုင်းခြားထားပြီး တစ်ကွက်လျှင် စင်ကာပူဒေါ်လာ ၄၀၀ နှုံးဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ၊ သူငယ်ချင်းများ စုပေါင်း၍ဖြစ်စေ လှူဒါန်းနိုင်ပါသည်။ စုစုပေါင်း အကွက်ပေါင်း ၁၄၆၉ ကွက်ရှိရာ ဤစာရေး နေချိန် (၂၊ ၁၊ ၀၉ ထိ) အခန်းပေါင်း ၂၅၀ အတွက် အလှူရှင်များက လှူဒါန်း ပြီးဖြစ်ပါသည်။
ကျောင်းတည်ရှိရာ မြေပုံကို အောက်တွင် ဖော်ပြထားပါသည်။

၆၊ ၆။ လုမ္ဗိနီ သီလရှင်ကျောင်း

မဟာမုနိဘုန်းကြီးကျောင်းနှင့် မလှမ်းမကမ်းတွင် လုမ္ဗိနီ သီလရှင်ကျောင်း ရှိပါသည်။ ၂၀၀၇ ဇူလိုင်လက စတင် တည်ထောင်ခဲ့ပြီး လက်ရှိ ဆရာကြီး ဒေါ်ကေသရစာရီ နှင့် မသန္တိမာ တို့ သီတင်းသုံးလျှက် ရှိပါသည်။ ဆရာကြီးမှာ ယခင်က Lavenda ရှိ သီရိမင်္ဂလာ သီလရှင်ကျောင်းတွင် လည်း နေထိုင်ခဲ့ပါသေးသည်။ ထို Lavenda ရှိ သီလရှင် ကျောင်းတွင်လည်း လက်ရှိ သီလရှင် နှစ်ပါး သီတင်းသုံးလျှက် ရှိနေသေးကြောင်း သိရပါသည်။ အခန်းငှားခ၊ ရေမီး၊ ဖုံးခ တို့ အပါအ၀င် လစဉ် ကျောင်းအသုံးစရိတ်မှာ S$၂၅၀၀ ခန့်ရှိရာ ကျောင်းများ ဆက်လက်ရပ်တည်နိုင်ရန် အလှူရှင်များ အား ဖိတ်ခေါ်ပါသည်။

၆၊ ၇။ Mangala Vihara

ဤကျောင်းမှာ သီဟိုလ်ကျောင်းဖြစ်ပါသည်။ သို့သော် ဓမ္မာရုံကြီးမှာ ကြီးများ ကျယ်ပြန့်ခြင်း၊ ဘူတာနှင့် နီးသဖြင့် သွားလာရေးလွယ်ကူခြင်းတို့ကြောင့် သပိတ်အိုင် ဆရာတော်ကြီးကဲ့သို့သော ဆရာတော်ကြီးများ၏ တရားပွဲ များ မကြာခဏ ကျင်းပလေ့ ရှိပါသည်။ ကျောင်းတော်ကို ၁၉၅၉ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပါ၏။ ယခု တရားပွဲများ ကျင်းပနေသော ဓမ္မာရုံကြီးကို ၁၉၉၉ ဇူလိုင်လ ၁၁ ရက်နေ့က စင်ကာပူနိုင်ငံ သမ္မတကြီး Dr. Wee Kim Wee ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။
ထိုကျောင်းတော်ကြီးတွင် Buddhist and Pali College of Singapore ကို ၁၉၉၄ ကစတင်တည်ထောင်ပြီး ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များ သင်ကြားပို့ချပေးနေပါသည်။ စိတ်ပါဝင်စားသူများ တက်ရောက်သင်ကြားကာ Diploma in Buddhism, Bachelor of Arts (BA) in Buddhist Studies, Master of Arts (MA) in Buddhist Studies စသည့် ဘွဲ့များကို ဆွတ်ခူးရယူနိုင်ပါသည်။
ကျောင်းတည်ရှိရာမြေပုံကို အောက်တွင်ဖော်ပြထားပါသည်။
Ref: http://www.mangalavihara.org.sg/bpc/

၆၊ ၇။ Dhamma Garden Buddhist Society (Singapore)

ဤကျောင်းကို ၂၀၀၇ ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့တွင် ROSE ၌ မှတ်ပုံတင်ခဲ့ပါသည်။ ဆရာတော် ဦးဣန္ဒာ စရိယ (Tel: 9198 6614) နှင့် ဦးပညာဝစရ (Tel: 9840 9551) တို့ သီတင်းသုံးပါသည်။ Sembawang MRT မှ နေ၍ Canberra Road သို့လမ်းလျှောက်သွားကာ မှတ်တိုင်နံပါတ် B04 မှ ဘတ်စ်ကားနံပါတ် 882 ကို စီးပြီး ၇ မှတ် တိုင်မြောက် (B35) တွင် ဆင်းပါ။ ထိုမှနေ၍ နောက်သို့ မီတာ ၁၀၀ ခန့်လမ်းပြန်လျှောက်လိုက်လျှင် ကျောင်းသို့ ရောက်ပါသည်။

၆၊ ၈။ အခြားကျောင်းများ

Eunos MRT အနီးတွင် စေတီတစ်ဆူတည်ထားကိုးကွယ်ရန် ရည်ရွယ်ချက်ဖြင့် ဓါတ်တော်များစုဆောင်းထား ရှိ သော ကျောင်းတစ်ကျောင်းလည်း ရှိပါသေးသည်။ အာဂန္တု ဘုန်းတော်ကြီးများ တည်းခိုရန် အဆင်ပြေပါသည်။ လူသိ နည်းသော်လည်း တခါတရံ တရားပွဲများ ကျင်းပတတ်ပါသည်။ တောင်ကြီးဆရာတော် နှင့် အခြား အာဂန္တု ဆရာတော် များ သီတင်းသုံးပါသည်။ အခြားလူသိနည်းသောနေရာများမှာ အောက်ပါတို့ ဖြစ်ပါသည်။

စင်ကာပူသို့ နာမည်ကြီး ဓမ္မကထိက ဆရာတော်ကြီးများ (သပိတ်အိုင် ဆရာတော်၊ ချမ်းမြေ့ဆရာတော်၊ တိပိဋက ဆရာတော်၊ ဖြူးဆရာတော်၊ ဖားအောက်ဆရာတော်၊ ဓမ္မဒူတ အရှင်ဆေကိန္ဒ စသည်) မကြာခဏ ကြွရောက် တရားချီးမြှင့်လေ့ ရှိပါသည်။ ထို့ပြင် ဆရာ ဒေါက်တာ မင်းတင်မွန်ကလည်း အဘိဓမ္မာ သင်တန်းများကို ရက်ပတ်နှင့် ပို့ချ ပေးပါသည်။ သို့အတွက် မြန်မာပြည်တွင် ဖူးမြင်ရခဲသော ဆရာတော်ကြီး များကို စင်ကာပူတွင် ဖူးမြင်ရန် အခွင့်အလမ်း ရှိပါသည်။
တရားပွဲများ၊ တရားစခန်းများ၊ ဆွမ်းလောင်းပွဲများ စသည်တို့ရှိလျှင် စင်ကာပူရောက် မြန်မာများ အနေနှင့် တစ်ဦးနှင့် တစ်ဦး တယ်လီဖုန်း message များ ပို့ခြင်းဖြင့် လည်းကောင်း၊ email များ ပို့၍သော် လည်းကောင်း၊ ဖုံးဆက်၍ သော်လည်းကောင်း အကြောင်းကြားတတ်ကြပါသည်။ သို့သော် စင်ကာပူတွင် လူတိုင်းလူတိုင်း အလုပ်လုပ် နေကြရသည်ဖြစ်ရာ အလုပ်အားသည့်ရက်နှင့် တိုက်ဆိုင်ပါမှ တရားပွဲများသို့ ရောက်ကြပါ၏။ တရားပွဲ သွားရာတွင် လည်း တရားနာလာသူ ဦးရေမှာ အလွန်များပြားလှသည်ဖြစ်ရာ တရားပွဲမစမီ တစ်နာရီ သို့မဟုတ် တစ်နာရီခွဲ အလိုကြိုတင်ပြီး သွားရောက်နေရာ ဦးထားမှ နေရာရပါသည်။ တရားပွဲစခါနီးမှ သွားလျှင်မူ ဓမ္မာရုံခန်းမ အပြင်မှနေ၍ သာ နာရပါလိမ့်မည်။
တရားပွဲများတွင် ဒါနရှင်များက ယခင်တရားပွဲမှ အသံသွင်းထားသော တရားစီဒီများကိုလည်း ဓမ္မဒါန ပေးဝေငှ တတ်ကြပါသေးသည်။ ထို့ပြင် တရားနာလာသူ ပရိသတ်ကို အချိုရည်များနှင့်လည်း ဧည့်ခံတတ် ကြပါသေးသည်။
ကျွန်ုပ်တို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အတိုင်း ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးစံ၊ ဘာသာရေး အခမ်းအနား များပြုလုပ်ခြင်း၊ တရာတော်များနာကြားခြင်း၊ တရားစခန်းများဖွင့်လှစ်ခြင်း စသည်များကို မည်သည့်တိုင်းပြည်သို့ ရောက်နေသည်ဖြစ်စေ ပြုလုပ်ရန် လိုအပ်သည်ဖြစ်ရာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး များနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများသည် မရှိမဖြစ် လိုအပ်ပေသည်။ လွန်ခဲ့သောဆယ်စုနှစ်အကျော်က စင်ကာပူတွင် ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးကျောင်းဟူ၍ လက်ချိုးရေရသော အခြေအနေမှ ယနေ့ခေတ်တွင် စင်ကာပူ ရောက် မြန်မာဦးရေ များပြားလာသည် နှင့်အမျှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများလည်း တိုးပွားလာခဲ့သည်မှာ ၀မ်းသာစရာ ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများသည် ကျွန်ုပ်တို့ မြန်မာလူမျိုးများအဖို့ တရားနာရာ၊ ဆွမ်းကျွေးခြင်း စသော ကောင်းမှုကုသိုလ်ပြုရာ နေရာတစ်ခုသာမက ဤကဲ့သို့သော အခမ်းအနားများ ပြုလုပ်ခြင်းဖြင့် မိတ်ဆွေအများ တစ်နေရာထဲတွင် ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင် တစ်ဦးနှင့်တစ်ဦး ပြန်လည် ဆုံတွေ့နိုင်သော နေရာတစ်ခုလည်း ဖြစ်ပါ သည်။ လူ၏စိတ်သည် နေရာဒေသပေါ်မူတည်၍ ပြောင်းလဲတတ် သည်ဖြစ်ရာ ဈေးများသို့သွားသော စိတ်နှင့် ဘုန်းကြီး ကျောင်းသို့သွားသောစိတ် အလွန်ကွာလှပါသည်။ ဘုန်းကြီးကျောင်းသို့ရောက်လျှင် တရားပေစာ အသံများကြားရခြင်း၊ ဘုရားဆင်းတုတော် များကို ဖူးမြင်ရခြင်း၊ ဘုန်းတော်ကြီးများ ကို ဖူးမြော်ရခြင်းဖြင့် အလိုလို ကုသိုလ်စိတ်များ ပွားများ နိုင်ပါသည်။
ထို့မျှသာမက နိုင်ငံခြားတွင် မိသားစုလိုက် လာရောက်နေထိုင်သော သူများမှာ မိမိတို့ သားသမီး များကို ဗုဒ္ဓဘာသာနှင့် နီးစပ်ယဉ်ပါးစေရန်၊ ရတနာသုံးပါးအပေါ် ယုံကြည်မြတ်နိုး ကိုးကွယ်လာ တတ်စေရန် အတွက်လည်း ဘုရားကျောင်းကန်များသို့ ခေါ်ကာ တရားနာစေခြင်း၊ ဓမ္မစာပေများ သင်ယူ လေ့လာစေခြင်း စသည်တို့ ပြုနိုင်ပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များအဖို့ သားယောက်ျား ကလေးများကို အရွယ်ရောက်လာသောအခါ သာသနာ့ ဘောင်သို့ သွတ်သွင်းပြီး ရှင်ပြုပေးရန် အရေးကြီးလှပေရာ ဘုန်းတော်ကြီးကျောင်းများမှာ မရှိမဖြစ် လိုအပ်လှပေသည်။
သို့အတွက် ဘုန်းတော်ကြီးများနှင့် ဘုန်းတော်ကြီးကျောင်းများမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ နေထိုင်သည့် နေရာများတွင် ရှိနေရန်လိုအပ်လှပေရာ ထို ဘုန်းတော်ကြီးကျောင်းများ ရေရှည်တည်တံ့ နိုင်စေရေးအတွက် သက်ဆိုင်ရာ ဒါယိကာ၊ ဒါယိကာမများ အနေနှင့် ၀ိုင်းဝန်းကြိုးပမ်းကြပါရန် တိုက်တွန်း လိုက်ရပါသည်။

No comments: