Wednesday, January 14, 2009

Living in Singapore XIV (Buses)

၇၊ ၃။ ဘတ်စ်ကားဖြင့် ခရီးသွားခြင်း
၇၊ ၃၊ ၁။ Singapore Bus Service (SBS)

၁၉၇၃ ခုနှစ်တွင် ပုဂ္ဂလိက ဘတ်စ်ကား ကုမ္ပဏီ ၃ ခုကိုပေါင်းပြီး လက်ရှိ Singapore Bus Service (SBS) ကို တည်ထောင်ခဲ့ ပါသည်။ ၁၉၉၇ တွင် SBS သည် ၎င်း၏ အမည်ကို DelGro Corporation Limited ဟုပြောင်းလဲခဲ့ ပါသည်။ ၂၀၀၁ နိုဝင်ဘာတွင် Singapore Bus Service Limited ကို SBS Transit Limited ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ ပါသည်။

SBS ၏ အဓိကလုပ်ငန်းမှာ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း ဖြစ်ပါသည်။ ၎င်းတွင် ဘတ်စ်ကား ပေါင်း ၂၈၀၀ ကျော် ရှိပြီး စင်ကာပူ တစ်နိုင်ငံလုံး နေရာအနှံ့ ပြေးဆွဲပေး လျှက်ရှိပါ၏။ စုစုပေါင်း ဘတ်စ်ကားလိုင်း ၂၅၇ လိုင်းရှိပြီး ဘတ်စ် ကားအားလုံး၏ ၉၆ ရာခိုင်နှုံးတွင် လေအေးစက် တပ်ဆင်ထား ပါသည်။
ဘတ်စ်ကားလိုင်း အမျိုးအစား များမှာလည်း မတူပါ။ မြို့တစ်မြို့နှင့် တစ်မြို့အကြား ပြေးဆွဲပေးသည့် Trunk ၊ မြို့တစ်ခုထဲ အတွင်း အနီးပတ်ဝန်းကျင် နေရာများကို လှည့်ပတ် ပြေးဆွဲပေးသည့် Short working Trips (SWT) ၊ လူနေအိမ်ခြေ များမှ ဈေး၊ ဘူတာရုံ စသည်တို့ သို့ ပြေးဆွဲ ပေးသည့် Feeder၊ TownLink ၊ သတ်မှတ် ထားသည့် နေရာများတွင်သာ ရပ်သည့် ခရီးရှည် ပြေးဆွဲပေးသော Express ၊ မြို့တစ်မြို့ထဲ အတွင်းတွင်ပင် မှတ်တိုင် နည်းနည်း နှင့် အမြန် ပို့ဆောင်ပေးသော Fast Forward ၊ အလွန် လူသွားလူလာ များသော ရုံးတက်ရက် နံနက်ပိုင်းများတွင် ပြေးဆွဲပေးသော Premium ၊ Orchard Road နှင့် Suntec City များသို့ ရုံးဖွင့်ရက် နေ့ခင်းပိုင်း နာရီဝက်တစ်ကြိမ်၊ ရုံးပိတ်ရက် များတွင် တစ်နေ့လုံး ပြေးဆွဲ ပေးသော CityShopper ၊ နေ့ပိုင်းပြေး ဆွဲသော သာမန် ကား၊ ရထားများ မရှိတော့သည့် အချိန် ညပိုင်းများတွင် ပြေးဆွဲပေးသော Nite Owl ၊ ဆင်ခြေဖုံး ဒေသများမှ Chinatown သို့ပြေးဆွဲ ပေးသော Chinatown Direct ၊ အနီးဆုံး ဘတ်စ်ကား ဂိတ်များမှ ထင်ရှားသော ပန်းခြံကြီးများ သို့ ပြေးဆွဲပေးသော Park Service ၊ အထူးပွဲများ ကျင်းပသည့် အခါ Singapore Indoor Stadium သို့ တိုက်ရိုက် ပြေးဆွဲ ပေးသော Stadium Direct စသည် တို့ဖြစ်ပါသည်။

ည သန်းခေါင်ကျော်မှ နံနက် လင်းအားကြီး ၂ နာရီထိ ညပိုင်း ဆွဲသော ဘတ်စ်ကားများ ရှိပါသည်။ 1N, 2N, 3N, 4N, 5N, 6N ဟု ဟုစုစုပေါင်း ၆ လိုင်းရှိပြီး 1N သည် Ang Mo Kio နှင့် Yishun သို့ လည်းကောင်း၊ 2N သည် Bedok နှင့် Tampines သို့လည်းကောင်း၊ 3N သည် Bukit Batok / Choa Chu Kang သို့လည်းကောင်း၊ 4N သည် Marine Parade / Simei / Pasir Ris သို့လည်းကောင်း၊ 5N သည် Clementi / Jurong East / Jurong West သို့လည်းကောင်း၊ 6N သည် Hougang / Sengkang / Punggol သို့လည်းကောင်း နာရီဝက် လျှင် တစ်စီး ပြေးဆွဲပေးပါသည်။ ကားခမှာ ပုံသေဖြစ်ပြီး မြို့တွင်း ၁ ကျပ်ခွဲ၊ မြို့ပြင် ၄ ကျပ် ဖြစ်ပါသည်။
ထို့ပြင် မသန်မစွမ်း သူများအတွက် ဘီးတပ် ကုလားထိုင်နှင့် တက်၊ဆင်းနိုင်သည့် ဘတ်စ်ကားများ (WAB – Wheelchair Assessible Bus) လည်း ရှိပါသည်။ ဘတ်စ်ကား နံပတ် ၂၊ ၇၊ ၁၂၊ ၁၄၊ ၁၈၅၊ ၁၉၆ အပါအ၀င် စုစုပေါင်း ၂၂ လိုင်း ရှိပါသည်။ ဘတ်စ်ကား ပြေးဆွဲသည့် အချိန်ဇယားများ ကိုပါ ကြည့်ရှုနိုင်ပါ သေးသည်။
သာမန်အားဖြင့် ဘတ်စ်ကားများ ပြေးဆွဲချိန်မှာ မနက် အစောဆုံး ၅ နာရီခွဲမှ ည ၁၁ နာရီခွဲထိ ဖြစ်ပါသည်။ သို့သော် အချို့သော လိုင်းများမှာ တနင်္ဂနွေနေ့ များတွင် နံနက် ၆ နာရီမှ စထွက်ပါသည်။ ဘတ်စ်ကား စထွက်သည့် အချိန် များမှာ မှန်သဖြင့် မိမိ စီးနေကျ မှတ်တိုင်သို့ ဘတ်စ်ကား ရောက်လာသော အချိန်မှာလည်း သိပ်မလွဲတတ်ပါ။ အချို့ လမ်းပိတ်နေချိန် နှင့် ကားအလွန် ထူထပ်နေချိန် များမှလွဲ၍ ဘတ်စ်ကား ဆိုက်ချိန်သည် တစ်မိနစ်၊ နှစ်မိနစ်ခန့်သာ ကွာပြီး များသောအားဖြင့် ပုံမှန်ဆိုက်လေ့ ရှိပါသည်။
ယခုအခါ အချို့ဘတ်စ်ကား မှတ်တိုင်များတွင် မိမိစီးမည့် ဘတ်စ်ကား မည်သည့်အချိန်တွင် ရောက်မည်ကိုပါ အီလက်ထရောနစ် လမ်းညွှန်မှတဆင့် ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ သို့မဟုတ်ပါက လည်း တယ်လီဖုန်း message ပို့ပြီး စုံစမ်းနိုင်ပါသည်။ ၎င်းစံနစ်ကို iris Next Bus (Intelligent Route Information System) ဟု ခေါ်ပါသည်။ မိမိ လက်ရှိ ရောက်ရှိနေရာ ဘတ်စ်ကား မှတ်တိုင်နံပါတ်၊ မိမိစီးမည့် ဘတ်စ်ကား နံပါတ် တို့ကို တယ်လီဖုံး နံပါတ် ၇၄၇၄၄ သို့ message ပို့လိုက်ပါက နောက်ဘတ်စ်ကား မည်သည့်အချိန် ဆိုက်မည်ကို အကြောင်းပြန် ပါလိမ့်မည်။ message ပို့ခ ၅ ပြား ဖြတ်ပါလိမ့်မည်။

ဘတ်စ်ကား မှတ်တိုင် နံပါတ်ကို သိလိုလျှင် ဘတ်စ်ကား နံပတ်များ ချိတ်ထားသည့် တိုင်ထိပ်ကို မော့ ကြည့်လိုက်ပါ။ ဂဏန်း ၅ လုံးပါသော မှတ်တိုင် နံပါတ် (Bus Stop Code) ကို တွေ့ရပါလိမ့်မည်။
ဘတ်စ်ကား မှတ်တိုင်တိုင်း တွင် Bus Service ဟူသော ကြော်ငြာ သင်ပုန်းကို တွေ့နိုင် ပါသည်။ ထို သင်ပုန်းတွင် ဤမှတ်တိုင်သို့ ရောက်သော ဘတ်စ်ကား နံပါတ်များ၊ ထို ဘတ်စ်ကားများ ပြေးဆွဲပေးသော လမ်းခရီး၊ ကားခနှုံးထား၊ ဘတ်စ်ကား အစောဆုံး နှင့် နောက်အကျဆုံး ထွက်ချိန်များ အပြင် အထက် စာပိုဒ်ပါ ထို ဘတ်စ်ကား မှတ်တိုင်၏ နံပါတ် (Bus Stop Code) ကိုပါ ဖတ်ရှုနိုင် ပါသည်။ ထိုနံပါတ်မှာ စင်ကာပူ တစ်နိုင်ငံလုံးရှိ ဘတ်စ်ကား မှတ်တိုင် များအနက် ဤ မှတ်တိုင် တစ်ခုအတွက်သာ ဖြစ်ပြီး အခြား မှတ်တိုင်များ အတွက်လည်း သူ့ ကိုယ်ပိုင် နံပါတ် သီးသန့် ရှိပါသည်။ ထို့ပြင် မိမိ သိလိုသည်များကို ဆက်သွယ် မေးမြန်းနိုင်ရန် စုံစမ်းရေး ဖုံးနံပါတ်များလည်း ဖော်ပြပေး ထားပါ၏။
ဘတ်စ်ကားခ များမှာ ယခင်ကထက် အနည်းငယ် ပိုတက်သွားပါသည်။ ၂၀၀၈ အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ ၁၀ ပြား ပိုတက်သွားပါသည်။ လေအေးစက် မတပ်ထားသော ကားများအတွက် အနည်းဆုံး ကားခမှာ Ez Link ကဒ်နှင့် ပေးပါက ၆၆ ပြား ဖြစ်ပြီး ပိုက်ဆံအကြွေနှင့် ပေးပါက ပြား ၉၀ ဖြစ်ပါသည်။ အများဆုံး ဘတ်စ်ကားခမှာ Ez Link ကဒ်နှင့် ပေးပါက ၁ ကျပ် ၄၂ ပြား ဖြစ်ပြီး ပိုက်ဆံအကြွေနှင့် ပေးပါက ၁ ကျပ် ပြား ၆၀ ဖြစ်ပါသည်။ ပျမ်းမျှ အားဖြင့် မီတာ ၈၀၀ ခန့်တွင် ကားခ ၁၀ ပြား တက်ပါသည်။ ကျောင်းသူ ကျောင်းသားများ အတွက်မူ ကားခ သက်သာပါသည်။ ပုံသေကားခ ၄၅ ပြား ဖြစ်ပါ၏။ အကြွေပေးလျှင်မူ ၅၅ ပြား ဖြစ်ပါသည်။ ကားပြောင်းစီးလျှင် ၁၀ ပြား လျှော့ပါသည်။
လေအေးစက် တပ်ထားသော ကားများအတွက် အနည်းဆုံး ဘတ်စ်ကားခမှာ Ez Link ကဒ်နှင့် ပေးပါက ၇၁ ပြား ဖြစ်ပြီး ပိုက်ဆံအကြွေနှင့် ပေးပါက ၁ ကျပ် ဖြစ်ပါသည်။ အများဆုံး ဘတ်စ်ကားခမှာ Ez Link ကဒ်နှင့် ပေးပါက ၁ ကျပ် ၆၇ ပြား ဖြစ်ပြီး ပိုက်ဆံ အကြွေနှင့် ပေးပါက ၁ ကျပ် ပြား ၉၀ ဖြစ်ပါသည်။ သို့သော် ရထားမှ ကား သို့ ပြောင်းစီး လျှင်သော်လည်းကောင်း၊ ကားမှ ရထားသို့ ပြောင်းစီးလျှင် သော်လည်းကောင်း၊ နံပတ် မတူသော ကားတစ်စီးမှ တစ်စီး သို့ ပြောင်းစီးလျှင် သော်လည်းကောင်း ပြား ၄၀ လျှော့ပေးပါသည်။ ဥပမာ - ရထားပေါ်မှ ဆင်းလာပြီး ကားသို့ ပြောင်းစီးပါက ၁ ကျပ် ပြား ၄၀ ကျသော ခရီး အတွက် ကားခ ၁ ကျပ်သာ ပေးရပါသည်။ သို့သော် ဤ လျှော့သော နှုံးထားမှာ Ez link ကဒ် ကိုင်ဆောင်သူများ အတွက်သာ စက်က အလိုအလျှောက် လျှော့ပေးခြင်း ဖြစ်ပြီး ပိုက်ဆံအကြွေ ပေးသူများ မှာမူ အပြည့်ပေးရန် လိုပါသည်။ ကား၊ ရထား အကူးအပြောင်း အချိန် ကြားကာလ ၄၅ မိနစ်အတွင်း စီးလျှင် လျှော့ပေးပါ သည်။ သို့သော် ၄၅ မိနစ် ကျော်သွားလျှင်မူ မလျှော့တော့ပါ။ အသစ်က ပြန်စ ဖြတ်ပါသည်။
သတိထားရန်မှာ မြန်မာပြည်မှာလို စပယ်ယာက အကြွေ ပြန်မအမ်းပါ။ စင်ကာပူမှ ဘတ်စ်ကား များတွင် ကားမောင်းသူသာ ပါပြီး စပယ်ယာ မပါပါ။ သို့အတွက် မည်သည့်မှတ်တိုင် ရောက်ကြောင်း အော်မည့်သူ၊ ကားခ တောင်းမည့်သူလည်း မရှိပါ။ ထို့ကြောင့် အကြွေ မပါသဖြင့် ၂ ကျပ်တန် ပေးလိုက်ပါက မိမိ၏ ကားခမှာ ၂ ကျပ် ဖြစ်သွား ပါလိမ့်မည်။ Ez Link ကဒ် ကတော့ အလွန် အဆင်ပြေပါသည်။ ကားတွင် တပ်ထားသော စက်အား ကဒ်ကို ပြလိုက်ရုံနှင့် ကိစ္စပြီးပါ၏။ အကြွေကိစ္စ ဘာမှ စကားပြောစရာ မလိုတော့ပါ။
ကားပေါ်တက်လျှင် ရှေ့ဘက်အပေါက်မှ တက်ရပြီး ထိုဝင်ပေါက်ဘေး ဘယ်ညာတွင် ကားခဖြတ်မည့် စက်ကို တစ်လုံးစီ တပ်ထားပါသည်။ Ez Link ကဒ် ကို စက်တွင် ပြလိုက်ပါက တီ ကနဲ အသံမည် သွားကာ မည်သည့် မှတ်တိုင်တွင် တက်ကြောင်း စက်က မှတ်ထားလိုက် ပါသည်။ ကဒ်ထဲတွင် ပိုက်ဆံကုန် နေပါမူ တီတီ တီတီ နှင့် မြည်ပါလိမ့်မည်။ သို့ဆိုပါက ပိုက်ဆံနှင့်ပေးရန် လိုပါသည်။
ဘတ်စ်ကား ပေါ်မှ ဆင်းလျှင် များသောအားဖြင့် နောက်ပေါက်မှ ဆင်းရ ပါသည်။ သို့သော် အလွန် လူကြပ်နေ သော အခါများတွင် ရှေ့ပေါက်မှ ဆင်းလျှင်လည်း ရပါသည်။ ဆင်းမည့်မှတ်တိုင် ရောက်ကာနီးတွင် အဆင်း စက် ကို Ez Link ကဒ် ပြလိုက်ရပါသည်။ ထိုအခါ စက်က ကျသင့်ငွေကို နှုတ်ယူထား လိုက်မည် ဖြစ်ပြီး ကဒ်အတွင်း ပိုက်ဆံမည်မျှ ကျန်သေးသည် ကိုပါ ပြလိမ့်မည် ဖြစ်ပါသည်။
နောက်ပေါက်မှ စက်တွင် အတက် အတွက် ဖြတ်လို့ မရပါ။ ရှေ့ဝင်ပေါက် မှ စက်များတွင် Entry/Exit ဟု ပြနေမှသာ အဆင်းအတွက် ဖြတ်လို့ရပါသည်။ သို့သော် စက်များတွင် Entry ဟုသာပြပါက အဆင်းအတွက် ဖြတ်၍ မရပါ။ မည်သည့်မှတ်တိုင် အဆင့်ရောက်ပြီ ဆိုသည်ကို ထိုစက်မှ အလိုအလျှောက် မှတ်သား သွားပါ သည်။ နှစ်ထပ် ကားများဖြစ်ပါက အပေါ်ထပ်တွင် ထိုင်ခုံအလွတ် မည်မျှကျန်သေးသည်ကို အပေါ်ထပ် တက်သော လှေခါး နံဘေးတွင် တပ်ထားသည့် အီလက်ထရောနစ် ဆိုင်းဘုတ် ကလေးတွင် ကြည့်လို့ရပါသည်။
လမ်းတွင် တခါတရံ လက်မှတ်စစ်များ တက်လာ တတ်ပါသည်။ သူတို့တွင် ပါလာသည့် အီလက် ထရောနစ် လက်မှတ်စစ်စက် နှင့် ခရီးသည်များ ၏ Ez Link ကဒ်များကို စစ်ပါသည်။ ပိုက်ဆံအကြွေ ပေးသူများ အတွက်မူ လက်မှတ် ကို စစ်ပါသည်။ လက်မှတ် မဖြတ်ပါက သို့မဟုတ် ကျသင့်သော ဘတ်စ်ကားခ ထက် လျှော့ပေးပါက ဒါဏ်ကြေး S$ ၂၀ ပေးရပါမည်။ ဈေးသက်သာသည့် ကလေး လက်မှတ်၊ ကျောင်းသား လက်မှတ် စသည်များကို အလွဲသုံးစား လုပ်ပါက S$ ၅၀ ထိ တပ်ရိုက်ပါသည်။ (၂၀၀၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စကာ ဒါဏ်ကြေး များကို တိုးမြှင့်လိုက်ခြင်း ဖြစ်ပါသည်။)
စင်ကာပူမှ ဘတ်စ်ကား များသည် အလျင်စလို မမောင်း။ ပုံမှန်သာ မောင်းကြပါသည်။ ဘတ်စ်ကား လာသည်ကို မြင်လျှင် လက်ပြတားပါ။ ဆင်းလိုလျှင် မှတ်တိုင်မရောက်မီ ခလုတ်နှိပ်ပါ။ ဘတ်စ်ကား စီးလျှင် နောက် တက်လာမည့် လူများကို နေရာပေးရန် နောက်ဘက်သို့ ရွှေ့ပါ။ အတက်အဆင်း လှေခါး နှင့် အပေါ်ထပ် တက်သည့် လှေခါး များပေါ်တွင် မရပ်ပါနှင့်။
ဘတ်စ်ကားပေါ်တွင် -
Ø ဒူးရင်းသီးမသယ်ရ။
Ø အိမ်မွေးတိရိစ္ဆာန်များလည်း သယ်ခွင့်မပြု။
Ø ဆေးလိပ်မသောက်ရ။ သောက်လျှင် ဒါဏ်ကြေး - S$ ၁၀၀၀.၀၀
Ø အစားအသောက် မစားမသောက်ရ။ စားလျှင် ဒါဏ်ကြေး -S$ ၅၀၀.၀၀
Ø အမှိုက်မပစ်ရ။
Ø ဂက်စ်အိုးစသည့် မီးလောင် ပေါက်ကွဲစေတတ် သော ပစ္စည်းများမသယ်ရ။ သယ်လျှင် ဒါဏ်ကြေး -S$ ၅၀၀၀.၀၀
Mobile TV မှ လွှင့်ထုတ်သည် များကို ခရီးသွားရင်း ကြည့်နိုင်ပါသည်။ နံနက်ပိုင်းတွင် အလုပ်သွားရင်း Channel News Asia မှ လွှင့်ထုတ်သော Prime Time News များ ကိုလည်း ကြည့်နိုင်ပါသည်။ အလုပ်ပြန်ချိန် များတွင် Just for Laugh, Just for Variety စသည့် ဟာသများ၊ မျက်လှည့်များ ထုတ်လွှင့်ပေးတာ တွေ့ရပါသည်။ ယခုလပိုင်းများ အတွင်း ပြီးခဲ့သည့် Beijing Olympic 2008 မှ ပြိုင်ပွဲ များမှ Beauty in Motion ပြကွက်များကို ထုတ်လွှင့်ပေးရာ အလွန်ကြည့်လို့ ကောင်းပါသည်။
ထို့ပြင် ဘတ်စ်ကားပေါ်တွင် ထိုဘတ်စ်ကား ပြေးသော လမ်းကြောင်းများ၊ မည်သည့်နေရာမှ မည်သည့် နေရာကို သွားလျှင် ပေးရမည့် ဘတ်စ်ကားခများ ကို ဖော်ပြထားသည့် လက်ကမ်းစာစောင် များကိုလည်း ထားရှိပေးပါသည်။ အခမဲ့ ယူငင် ကြည့်ရှုနိုင်ပါသည်။

၇၊ ၃၊ ၂။ Trans Island Bus Service

Singapore Bus Service (SBS) နှင့် အပြိုင်ပြေးဆွဲနိုင်ရန် Trans Island Bus Service (TIBS) ကို ၁၉၈၂ မေလ ၃၁ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ ပါသည်။ TIBS သည် ၁၉၈၃ ဧပြီလ ၃ ရက်နေ့မှ စတင်ကာ ဘတ်စ်ကား ၃၇ စီးဖြင့် ၁၆၀ နှင့် ၁၆၇ လိုင်းတို့တွင် ပြေးဆွဲခဲ့ပါသည်။ ၂၀၀၁ ခုနှစ်တွင် TIBS သည် SMRT ကော်ပိုရေးရှင်း အောက် ရောက်လာခဲ့၏။ ၂၀၀၄ ခုနှစ် တွင်မူ Trans Island Bus Service ကို SMRT Buses Ltd ဟုပြောင်းလဲ မှည့်ခေါ် ခဲ့ပါသည်။ SMRT ဘတ်စ်ကား လိုင်းတွင် စုစုပေါင်း ၇၄ လိုင်းရှိပြီး ဘတ်စ်ကား စီးရေ ၈၀၀ ကျော် ဖြင့် နေ့စဉ် ပြေးဆွဲလျှက် ရှိပါ သည်။
ထို့ပြင် SMRT ကုမ္ပဏီ အောက်တွင် North East ရထားလိုင်းလည်း ပါဝင် ရာ ထိုလိုင်းပေါ်ရှိ ဘူတာများ ဖြစ်သော Dhoby Ghaut, Chinatown, Little India ဘူတာ များမှ အနီးဆုံး ဈေးကြီးများ သို့ ၀န် ဆောင်မှု အဖြစ် Free Shuttle Bus အခမဲ့ ဘတ်စ်ကားများ ပြေးဆွဲပေးလျှက် ရှိပါသည်။
SMRT လိုင်းမှ ဘတ်စ်ကား အား လုံးတွင် လေအေးစက် တပ်ဆင် ထားပါ သည်။ SBS လိုင်းမှ ဘတ်စ်ကား များနှင့် နှိုင်းယှဉ်လိုက် ပါက SMRT ဘတ်စ်ကား များက စီးရတာ ပို သက်တောင့် သက်သာ ရှိပါသည်။ ထိုင်ခုံ ဆိုဖာများ မှာ SBS လိုင်းမှ ဘတ်စ်ကား များထက် ပိုကောင်းပါသည်။

1 comment:

Anonymous said...

စိတ်ဝင်စားဖို့ ကောင်းပါတယ်ဆရာ