Monday, January 12, 2009

Working in Singapore Part XIX (Hunting A New Job)

အခန်း (၅)

အလုပ်သစ်ရှာခြင်း
အချို့သူများမှာ လက်ရှိကုမ္ပဏီတွင် အဆင်မပြေသောကြောင့် ပိုပြီး အဆင်ပြေမည်ထင်သည့် အလုပ်အကိုင် သစ်များ ရှာဖွေလိုကြပေသည်။ သို့သော် တစ်ခုသတိထားရမည်မှာ လက်ရှိလုပ်နေသော ကုမ္ပဏီတွင် မိမိလုပ်သက် ကြာနေပြီဖြစ်ပါမူ ဤကုမ္ပဏီတွင်ပင် တက်လမ်းကို ရှာသင့်ပေသည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိအလုပ်တွင် လုပ်ငန်းခွင်အတွင်း ပေါင်းသင်းဆက်ဆံနေရသူများ နှင့် ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သလို၊ လက်ရှိအလုပ်ကိုလည်း နားလည် နေပြီဖြစ်သောကြောင့် လုပ်ရကိုင်ရ အလွန်အဆင်ပြေပါလိမ့်မည်။ အလုပ်သစ်ဟူသည် မိမိတစ်ခါမှ မသိ မကျွမ်းသေးသော သူများနှင့် တွေ့ရဆုံရ အသစ်ကပြန်စပြီး ပေါင်းသင်းဆက်ဆံရမည် မုချ ဖြစ်ပေသည်။ သို့အတွက် ထိုသူများသည် သဘောကောင်းသူများ ဖြစ်သလော၊ အကျင့်ယုတ်သူများ ဖြစ်သလော သေသေချာချာ မသိနိုင်။ ထို့ပြင် အလုပ်သစ်ကို လုပ်ရမည်ဖြစ်ရာ လုပ်ငန်းသဘောသဘာဝကိုလည်း ပြန်လည် လေ့လာရန် လိုပေသေးသည်။
သို့သော် လက်ရှိကုမ္ပဏီတွင် ဘယ်လိုမှ အဆင်မပြေလျှင်မူ ပို၍ အလားအလာကောင်းသော အခွင့်အလမ်း ကို ရှာရပေမည်။ လုပ်သည်ဆိုရာတွင်လည်း မိမိအတွက် ပို၍ တက်လမ်းရှိသောအလုပ်ဆိုလျှင် ပိုကောင်းပါမည်။
အချို့ကုမ္ပဏီများမှာ မိမိဝန်ထမ်းတက်လမ်းအတွက် အားပေးအားမြှောက်ပြုသည်။ သင်တန်းများ၊ ကျောင်းများတက် ဘို့အရေးကို အားပေးအားမြှောက်ပြုသည်။ လုပ်ငန်းခွင်နှင့် ပတ်သက်သည်များကို သင်ကြားပြသ ပေးသည်။ သို့သော် အချို့ကုမ္ပဏီများမှာမူ မိမိထံမှ ၀န်ထမ်းတစ်ယောက် ကျောင်းတက်မှာ သင်တန်းတက်ပြီး ပိုတတ်မြောက်မှာကို မလိုလား။ မိမိထံ၌ပင် ထိုအလုပ်ကို သေတပန် သက်တဆုံး လုပ်သွားစေလိုသူများလည်း ရှိသေးသည်။
ထို့အတွက် မိမိဘ၀ရှေ့ရေးကို မိမိဘာသာ ဝေဖန်သုံးသပ်တတ်ဖို့ လိုပေသည်။ စင်ကာပူရောက်လာသူများမှာ များသောအားဖြင့် လူငယ်ပိုင်းများ ဖြစ်သဖြင့် မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်း နည်းလမ်းကောင်းများ ရှာကြံကြ ရန် တိုက်တွန်းပါသည်။ ဤသို့တိုးတက်ရာ တိုးတက်ကြောင်းကို ပညာဖြင့်သာ ရှာရမည်ဖြစ်ရာ အသိပညာ ဗဟုသုတ များကို တရံမလပ် လေ့လာဆည်းပူးနေရန် လိုပေသည်။
ဤအခန်းတွင် အလုပ်သစ်ရှာရန် နည်းလမ်းများ၊ အလုပ်လျှောက်လွှာ ရေးပုံရေးနည်း နှင့် အင်တာဗျူးတွင် မေးလေ့မေးထ ရှိသော မေးခွန်းများ စသည်တို့ကို တင်ပြပါမည်။
တစ်ခုပြောလိုသည်မှာ အင်တာနက် မသုံးတတ်သေးသူများ သုံးတတ်အောင် သင်ထားပါဟု တိုက်တွန်းလို ပါသည်။ ယနေ့ခေတ်တွင် အားလုံးလိုလိုသည် အင်တာနက်နှင့်မှ အလုပ်ဖြစ်မည့် အရာများ လိုလိုချည်း ဖြစ်လေရာ အင်တာနက်မသုံးတတ်လျှင် တပန်းရှုံးလေသည်။ အင်တာနက်မှ အလုပ်လျှောက်ခြင်းသည် လွယ်ကူမြန်ဆန်သလို အလုပ်ရှင်ကိုလည်း မိမိ ကွန်ပြူတာ သုံးတတ်ကြောင်း၊ အင်တာနက် သုံးတတ်ကြောင်း သက်သေပြရာလည်း ရောက်ပါသည်။ ထို့ပြင် မိမိအလုပ်လျှောက်လွှာများကိုလည်း soft copy ဖြင့် သိမ်းဆည်းထားလို့ ရပါသည်။ နောက် အလုပ်တစ်ခု လျှောက်ရာတွင် အလွန်လွယ်ကူသွား ပါသည်။ email မရှိသေးသူများ email account တစ်ခု ဖွင့်ထားပါ။ သုံးရလွယ်ပြီး အချက်အလက်များကို အကန့်အသတ်မရှိ သိုလှောင်နိုင်သည့် gmail သို့မဟုတ် yahoo mail ကို ဖွင့်နိုင်ပါသည်။
အလုပ်ရှာတော့မည် ဆိုလျှင် ပထမဦးဆုံး Forwarding Letter, Resume သို့မဟုတ် Curriculum Vitae (CV) ကို စံနစ်တကျ ပြင် ထားဘို့ လိုပါသည်။ ထို့အတူ မိမိ၏ ဓါတ်ပုံ၊ ပညာအရည်အချင်းမှတ်တမ်းများ၊ ထောက်ခံစာများ၊ လက်မှတ်များ ကိုလည်း scan ဆွဲကာ soft copy ဖြင့် သိမ်း ထားဘို့လိုပါလိမ့်မည်။ File type ကို jpeg image ဖြင့် သိမ်းပါ။ ပြီးလျှင် Master copy တစ်စုံထားကာ လျှောက်မည့် အလုပ်ပေါ်မူတည်၍ Resume ကို ပြင်ရေးပါ။
အလုပ်လျှောက်လွှာကို email နှင့် ပို့ပြီးလျှင်လည်း နေ့စဉ် မိမိ email ကို စစ်ဘို့လိုပါသည်။ သို့မှ အကြောင်း ပြန်ကြားစာကို အချိန်မီ သိနိုင်ပါမည်။ ထို့ပြင် ဖုံးကိုလည်း အမြဲဖွင့်ထားရန် လိုပါသည်။ ဘက်ထရီအားကုန် နေသဖြင့် ပြန်ဖြေ၍ မရခြင်း၊ Silent Mood ၀င်နေသဖြင့် မသိလိုက်ခြင်း တို့ကြောင့် အရေးကြီးသော call များ လက်မလွတ် ပါစေနှင့်။

No comments: