Thursday, January 8, 2009

Living in Singapore IV (Pre School)

အခန်း (၅)

ပညာရေး

နိုင်ငံတစ်နိုင်ငံကို ထူထောင်ရာတွင် လူအရင်းအမြစ်သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျှက် ရှိရာ စွမ်းရည်ထက်မြက်သော လူ့စွမ်းအားစု တစ်ခုဖြစ်လာရန် ပညာရေးသည် အလွန်အရေးကြီးပါသည်။ သို့အတွက် စင်ကာပူမှ ပညာရေးအကြောင်းကို ပြည့်ပြည့်စုံစုံလေး တင်ပြပါမည်။ မြန်မာနိုင်ငံမှ ကျောင်းလာတက်လိုသူများ၊ မိမိ တို့ သားသမီးများကို စင်ကာပူတွင် ကျောင်းလာထားလိုသူများ၊ စင်ကာပူတွင် နေသော်လည်း စင်ကာပူပညာရေးအကြောင်း ဂဃနဏ မသိသေးသူများ လေ့လာနိုင်ရန် ဖြစ်ပါသည်။ သို့သော် ပညာရေး အခန်းကဏ္ဍမှာလည်း အလွန်ကျယ်ဝန်းလှ သည်ဖြစ်ရာ ကျွန်တော်က လိုအပ်သည့် အခြေခံအကျဆုံး အချက်အလက် များကိုသာ ပေးမည်ဖြစ်ပြီး ပိုမို အသေးစိတ် သိလိုသူများ ရည်ညွှန်း web site များတွင် ကိုယ်တိုင်လေ့လာနိုင်ပါ၏။
စင်ကာပူအစိုးရသည် ပညာရေးနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုကို တစ်နှစ်ထက်တစ်နှစ် တိုးတက်သုံးစွဲခဲ့သည်။ ၁၉၉၃-၉၄ ခုနှစ်တွင် ပညာရေးကဏ္ဍအသုံးစရိတ်မှာ ဒေါ်လာသန်းပေါင်း ၂၂၁၀ ကျော်သာရှိခဲ့ရာမှ ၂၀၀၀ - ၂၀၀၁ ခုနှစ်တွင် ဒေါ်လာသန်းပေါင်း ၅၈၆၈၊ ၂၀၀၅ - ၂၀၀၆ ခုနှစ်တွင် ဒေါ်လာသန်းပေါင်း ၆၀၈၂၊ ၂၀၀၇-၀၈ ခုနှစ်တွင် ဒေါ်လာသန်းပေါင်း ၇၀၃၄ ထိ တိုးတက် သုံးစွဲလာခဲ့သည်။ ပညာရေးကဏ္ဍအသုံးစရိတ်မှာ ၁၉၉၁ ခုနှစ်တွင် အစိုးရအသုံးစရိတ် စုစုပေါင်း ၏ ၁၈.၂ ရာခိုင်နှုံး၊ ၂၀၀၁ ခုနှစ်တွင် တမျိုးသားလုံး ကုန်ထုတ်လုပ်မှု၏ ၃.၇ ရာခိုင်နှုံး ရှိရာ အစိုးရသည် ပညာရေးကို မည်မျှ အလေးထားကြောင်း သိသာပါသည်။ သို့မို့ကြောင့်လည်း တစ်နိုင်ငံလုံး၏ စာတတ်မြောက်မှုမှာ ၉၅.၇ ရာခိုင်နှုံးဖြင့် ကမ္ဘာ့စာတတ် မြောက်မှု အမြင့်မားဆုံး နိုင်ငံများ၌ တစ်နိုင်ငံ အပါအ၀င် ဖြစ်လာပါသည်။
၂၀၀၅ ခုနှစ်စာရင်းများအရ စင်ကာပူနိုင်ငံတွင် မူလတန်း (Primary) ကျောင်းသားဦးရေ ၂၉၀ ၂၆၁။ အထက်တန်း (Secondary) ကျောင်းသားဦးရေ ၂၁၃ ၀၆၃။ Junior ကောလိပ် ကျောင်းသားဦးရေ ၂၇ ၇၄၀၊ Pre-University ကျောင်းသားဦးရေ ၁၁၆၁။ စက်မှု သက်မွေးပညာသင် ကျောင်းများ (Technical Institutes) ကျောင်းသားဦးရေ ၂၄ ၀၀၀။ ပိုလီ (Polytechnics) ကျောင်းသားဦးရေ ၆၈ ၀၀၀။ တက္ကသိုလ် (University) ကျောင်းသားဦးရေ ၆၃ ၀၀၀ ရှိပါသည်။ ခန့်မှန်းခြေ အားဖြင့် နိုင်ငံခြားသို့ သွားရောက်ကာ အထက်တန်းပညာ သင်ယူနေသူ စင်ကာပူ နိုင်ငံသား ကျောင်းသားဦးရေမှာ ၂၀ ၀၀၀ ကျော် ရှိပြီး များသောအားဖြင့် ဘွဲ့ကြိုသင်တန်းများ တွင် တက်ရောက် သင်ယူနေကြပါသည်။
၂၀၀၅ ခုနှစ် စာရင်းများအရ ကျောင်းသားဆရာ အချိုးမှာ မူလတန်း၌ ၂၃.၅၊ အထက်တန်း၌ ၁၇.၂ ဖြစ်ပါ၏။ မူလတန်းကျောင်းများ၌ တစ်တန်းလျှင် ကျောင်းသား ၃၆ ယောက်ခန့်၊ အထက်တန်းကျောင်းများ၌ တစ်တန်းလျှင် ကျောင်းသား ၃၆ ယောက်ခန့်၊ Junior ကောလိပ်များ၌ တစ်တန်းလျှင် ကျောင်းသား ၂၃ ယောက်ခန့်၊ Pre-University များ၌ တစ်တန်းလျှင် ကျောင်းသား ၂၄ ယောက်ခန့် ရှိပါသည်။ ယေဘုယျအားဖြင့်ဆိုရလျှင် စင်ကာပူ ပညာရေးစံနစ်မှာ UK (United Kingdom) ၏ ပညာရေးစနစ်ကို အခြေပြုထားခြင်းဖြစ်ပါသည်။ ပညာရေးဆိုင်ရာ သူတို့ခံယူချက်မှာလည်း စိတ်ဝင်စားစရာ ကောင်းပါ၏။ “Teach less, Learn More” (နည်းနည်းသင်ပေး၊ များများ လေ့လာ) ဟု ဖြစ်ပါ၏။

၅၊ ၁။ မူကြို (Pre-School) (၃ နှစ်)

ကလေးများကို အသက် ၃ နှစ်မှ ၆ နှစ်အတွင်း မူကြိုထားပါသည်။ မူကြိုမှာ သုံးနှစ် သင်တန်းဖြစ်ပြီး -
v အသက် ၃ နှစ်တွင် Nursery (ဇန္န၀ါရီလ ၁ ရက်နေ့တွင် အသက် ၃ နှစ် ပြည့်ပြီး ဖြစ်ရမည်။)
v အသက် ၄ နှစ်တွင် Kindergarten 1 (K1)
v အသက် ၅ နှစ်တွင် Kindergarten 2 (K2) ဟု အဆင့်ဆင့် တက်သွားပါသည်။ မိဘတိုင်း သူတို့ သားသမီး များကို ကျောင်းစတက်သည့် အခါ ထိုက်သင့်သော ပညာအခြေခံများရစေရန်၊ အများနှင့် ပေါင်းသင်းဆက်ဆံ တတ်စေ ရန်၊ လိုအပ်သော ဗဟုသုတများ ရစေရန်အတွက် ထို မူကြိုများသို့ ပို့လေ့ရှိ၏။
မူကြိုများတွင်မူ စာအနည်းငယ်သာသင်ပေးပြီး ကလေးများအား အပေါင်းအဖော်များနှင့် နေတတ်လာစေရန်၊
အမှားအမှန် ဝေဖန်ပိုင်းခြား တတ်စေရန်၊ လိမ္မာရေးခြားရှိလာစေရန် စသည့် လူနေမှုစရိုက်နှင့် ပတ်သက်သောဘာသာ၊ ပညာရေး အခြေခံဖြစ်သော အင်္ဂလိပ်စာ အရေးအသား၊ စာဖတ်ခြင်း ၊ သင်္ချာအခြေခံအတွက် ပုစ္ဆာများဖြေဆိုစေခြင်း ၊ စူးစမ်းလိုစိတ်၊ သင်ယူလိုစိတ်၊ တီထွင်ကြံဆလိုစိတ် ရှိလာစေရန် သင်ကြားပေး၏။ ထို့အပြင် တိုင်းပြည်၏ ရုံးသုံး ဘာသာ များဖြစ်သော တရုတ်၊ မလေး၊ တမီးလ် ဘာသာစကားတစ်မျိုးမျိုး၊ ဂီတအနုပညာ နှင့် အားကစား စသည်တို့ကို ကလေး များနှင့် လျော်ညီစွာ သင်ကြားပေးပါသည်။
မူကြိုများတွင် တစ်နေ့လျှင် စာသင်ချိန် ၃-၄ နာရီခန့်သာ ကြာပြီး တစ်ပတ်လျှင် ၅ ရက် သင်ကြားပေးပါသည်။ မူကြိုအများစုမှာ တစ်နေ့လျှင် နှစ်တန်း သင်ကြပါသည်။ မူကြိုများသည်လည်း ပညာရေးဝန်ကြီးဌာန (Ministry of Education (MOE) တွင် မှတ်ပုံတင်ပြီးမှ ကျောင်းဖွင့်ခွင့် ရပါသည်။ မူကြိုကျောင်းများမှာ private ကိုယ်ပိုင်ကျောင်း များဖြစ်ပြီး မိမိသင်ရိုးနှင့် မိမိ စိတ်ကြိုက် သင်ကြားကြပါသည်။ လူနေရပ်ကွက်များတွင် မူကြိုကျောင်းဖွင့်ထားသော အိမ်များကို မကြာခဏ တွေ့နိုင်ပါသည်။
မူကြိုကျောင်းများ၏ ဖွင့်ချိန်၊ ပိတ်ချိန်များမှာလည်း အစိုးရ မူလတန်းကျောင်းများ၏ ဖွင့်ချိန်၊ ပိတ်ချိန် အလိုက် ဖြစ်ပါသည်။ နှစ်စဉ် ဇန္န၀ါရီလဆန်းတွင် ကျောင်းစဖွင့်ပြီး တစ်နှစ်လျှင် ၁၀ပတ် လေးကြိမ် ဖွင့်ပါသည်။ ပထမ ၁၀ ပတ် ဖွင့်ပြီးလျှင် ကျောင်း တစ်ပတ် ပိတ်၏။ ဒုတိယ ၁၀ ပတ်ဖွင့်ပြီးလျှင် ကျောင်း လေးပတ်ပိတ်ပြီး တတိယ ၁၀ ပတ် တက် အပြီး တစ်ပတ် ပိတ်ပြန်ပါသည်။ နောက်ဆုံး ၁၀ ပတ်ပြီးလျှင်မူ ၆ ပတ်ပိတ်ပါသည်။
မူကြိုပြီးသည်နှင့် ကလေးများသည် -
v အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိလာမည်။
v အခြားသူများနှင့် ဝေမျှ ခံစားလိုစိတ်၊ အခြားသူကိုလည်း အလှည့်ပေးလိုစိတ် ရှိလာမည်။
v အခြားသူများနှင့် ပေါင်းသင်း ဆက်ဆံတတ်လာမည်။
v စူးစမ်းလေ့လာလိုစိတ် ထက်သန်လာမည်။
v နားထောင်တတ်သော အလေ့အကျင့်နှင့် အခြားသူနားလည်အောင် ပြောဆိုနိုင်စွမ်း ရှိလာမည်။
v မိမိဖာသာမိမိ ကျေနပ်ပျော်ရွှင်တတ်လာမည်။
v ကျန်းမာသန်စွမ်းအောင် လေ့ကျင့်ခန်းများ လုပ်လိုစိတ် တိုးပွားလာမည်။
v မိသားစု၊ အပေါင်းအသင်းများ၊ ဆရာဆရာမများနှင့် ကျောင်းကို ခင်တွယ်တတ်လာမည်။

သို့သော် မူကြိုမှာ မူလတန်းတက်ရန်အတွက် မထားမနေရတော့ မဟုတ်ပါ။ ကျောင်းစဖွင့်ချိန် ဇန္န၀ါရီလ ၁
ရက်နေ့ တွင် အသက် ၆ နှစ်ပြည့်သူ မည်သူမဆို မူလတန်းကျောင်းအပ်၍ ရပါသည်။ ကျွန်တော်တို့လို နိုင်ငံခြားသား များအနေနှင့် မိမိတို့ကလေးများကို မူကြိုအပ်လိုပါက ကျောင်းနှင့်ညှိပြီး ကျောင်းအုပ်ကြီးထံမှ ထောက်ခံစာယူကာ လူဝင်မှုကြီးကြပ်ရေးဌာန (Immigration Department) တွင် student pass လျှောက်ထားရပါမည်။ သို့သော် စင်ကာပူ တွင် အလုပ်လုပ်နေသူများအတွက် မိမိသားသမီးများသည် dependent pass ရထားပါမူ လျှောက်စရာ မလိုပါ။ သို့သော် လည်း နိုင်ငံခြားသားများအတွက် သီးသန့်ဖွင့်ထားသော Foreign system schools များလည်း ရှိပါသေးသည်။
လခများမှာမူ ကျောင်းကိုလိုက်ပြီး အလွန်ကွာသွာကြောင်း တွေ့ရပါသည်။
Nursery အတန်းတွင် - ၃၇ ကျပ် (PCF Bukit Panjang Blk 226) မှ ၉၀၀ (Cherrybrook Kindergarten) ထိ
K1 အတန်းတွင် - ၄၅ ကျပ် (PCF Kampong Ubi-Kembangan Blk 326) မှ ၉၀၀ (Cherrybrook Kindergarten) ထိ
K2 အတန်းတွင် - ၄၅ ကျပ် (PCF Kampong Ubi-Kembangan Blk 326) မှ ၉၀၀ (Cherrybrook Kindergarten)

ရည်ညွှန်း။ ။ http://www.moe.gov.sg/education/preschool/

No comments: