Sunday, January 4, 2009

Working in Singapore Part XV

၃၊ ၃။ အလုပ်လုပ်ရာတွင် လိုက်နာရမည့် အခြေခံ စည်းမျဉ်းများ

Ø အန္တရာယ် ကင်းစွာ အလုပ်လုပ်ရမည်။
Ø အန္တရာယ် မကင်းဟု သံသယရှိပါက ဆက်မလုပ်ရ။ အလုပ်ကို ရပ်၍ မိမိ supervisor ကို အကြောင်းကြားရမည်။
Ø အခြားသူများ အလုပ်လုပ်နေစဉ် အန္တရာယ်ရှိသည်ကို မြင်တွေ့ပါက မျက်နှာလွှဲမသွားပဲ သွားပြီး သတိပေးရမည်။
Ø အလုပ်လုပ်ပါ ဟု ခွင့်ပြုချက်ရမှ လုပ်ရမည်။
Ø အလုပ်လုပ်ရာတွင် ၀တ်ဆင်ရန် သတ်မှတ်ထားသော တစ်ကိုယ်ရေ ကာကွယ်ရေး ပစ္စည်းများကို ၀တ်ဆင်ရမည်။
Ø အလုပ်အတွက် မှန်ကန်သော၊ ကောင်းမွန်သော လက်သုံးကိရိယာများကိုသာ သုံးရမည်။
Ø မိမိအလုပ်လုပ်သည့် နေရာကို အမြဲ သန့်ရှင်းနေအောင် ထိန်းသိမ်းထားရမည်။
Ø မသွားရဟု တားမြစ်ထားသော နေရာများကို ဖြတ်ကျော် မသွားရ။ ဖြတ်လမ်းမသုံးရ။
Ø မိမိ မသိပါက မေးမြန်းရမည်။ ခန့်မှန်းပြီး မလုပ်ရ။ မသေချာလျှင် supervisor ကို မေးမြန်းပါ။

၃၊ ၄။ တစ်ကိုယ်ရေ ကာကွယ်ရေး အသုံးအဆောင် ပစ္စည်းများ (PPE – Personal Protective Equipment)

အခြေခံ တစ်ကိုယ်ရေ ကာကွယ်ရေး အသုံးအဆောင် ပစ္စည်းများ

v လုပ်ငန်းသုံး ခမောက်အမာ (Hard Hat, Helmet)
v လုပ်ငန်းသုံး ဘွတ်ဖိနပ် (Safety Shoe / Safety Boots)
v လုပ်ငန်းသုံး မျက်မှန် (Safety Goggles / Safety Glasses)
v လုပ်ငန်းသုံး လက်အိတ် (Hand Gloves)
v လုပ်ငန်းသုံး လက်ရှည် အင်္ကျီ၊ ဘောင်းဘီရှည် (Long Sleeves / Long pants)

လုပ်ငန်းခွင်ထဲရောက်ပြီဆိုသည်နှင့် မည်သည့် ပရောဂျက်၊ လုပ်ငန်း၊ သင်္ဘောကျင်းမဆို အခြေခံ PPE များ ဖြစ်သော long sleeve shirts/pants, helmet, safety shoe, safety glasses များကို အမြဲ ၀တ်ဆင် ထားရ ပါသည်။ ခြေညှပ်ဖိနပ်နှင့် အသားကျနေသော ကျွန်ုပ်တို့ မြန်မာများအဖို့ သည် ခြေအိတ်ဝတ်ပြီး လေးလံလှသော safety shoe ကြီးကို စီးထားရသည်မှာ စီးခါစတွင် အလွန်မှ အဆင်မပြေ ဖြစ်တတ်ပါ၏။ ထို့အပြင် ခေါင်းပေါ်မှ မာလာခွံ (helmet) ကြီးမှာလည်း လေးလည်းလေး၊ ခေါင်းလည်း ကြိမ်းလှပေရာ အလစ်ချောင်းနေပြီး လူလစ်ပြီ ဆိုသည်နှင့် သည်ခမောက်ကြီးကို ချွတ်ထားတတ်ကြပါ၏။ ထို့မျှမကသေး၊ safety glass မှ မျက်မှန်ကိုင်းမှာလည်း နားသယ်ကို အသားကုန် ညှပ်ထားသည်ဖြစ်လေရာ အမြင်ကပ်လှသဖြင့် အိမ်ကအမေ နားသယ်မွေး လိမ်ဆွဲသည် ထက် ခံရခက်ပါသေးသည်။
သို့သော် လုပ်ငန်းထဲ၌ အန္တရာယ်များလှသဖြင့် ဤသည့် PPE များကို အခံရပင် ခက်သော်ငြား ၀တ်ဆင်ထား ဘို့တော့ လိုကို လိုပါသည်။ အခံရခက်သည်မှာလည်း ပထမ တစ်လလောက်သာ ဖြစ်ပြီး တစ်လကျော်သွားသည်နှင့် ဖိနပ်ပေါက်ထားသော အနာများလည်း ပျောက်။ အားလုံး အသားကျသွားပြီး ဤPPE များဝတ်ရသည်ကို သာမန် အ၀တ်များ ၀တ်ထားသည်နှင့်မခြား အဆင်ပြေသွားပါတော့သည်။
သည် ခေါင်းကြိမ်းလှသော helmet ကြီးသည် အသင်၏ ဦးခေါင်းကို တစ်စုံတစ်ရာနှင့် ၀င်တိုက်ခြင်း၊ အပေါ်မှ ကျလာသော ပစ္စည်း၏ အန္တရာယ်များမှ ကာကွယ်ပေးပါလိမ့်မည်။ လေးလံလှပြီး အင်မတန် ပူလှသော ဘွတ်ဖိနပ် ကြီးသည်လည်း သင်၏ ခြေထောက်ကို သံ အစရှိသော အချွန်အတက်များ စူးယှခြင်း အန္တရာယ်မှ ကာကွယ်ပေးပါ သည်။ ကိုယ်မမြင်နိုင်သော နေရာမှ လွင့်ပျံလာသော အစကလေးများ မျက်စိအတွင်းမ၀င်ရန်ကိုမူ နားသယ်ကို ညှပ်ထားသည့် safety glass က တာဝန်ယူ ကာကွယ်ပေးပါလိမ့်မည်။

အပိုဆောင်း လိုအပ်သော တစ်ကိုယ်ရေ ကာကွယ်ရေး အသုံးအဆောင် ပစ္စည်းများ

v လုပ်ငန်းသုံး မျက်နှာအကာ (Face Shield)
v အမြင့်တွင် အလုပ်လုပ်ရာ၌ သုံးသော ကိုယ်သိုင်းကြိုး (Full Body Harness)
v ဆူညံသည့်နေရာများတွင် သုံးရသည့် နားကြပ် (Ear Plug / Ear Muffs)
v အန္တရာယ်ရှိသော ဓါတ်ငွေ့များ နှင့် လုပ်ရာတွင် ၀တ်ဆင်ရသည့် မျက်နှာဖုံးစွပ် (Respirator)
v မီးအန္တရာယ်ရှိသော နေရာများတွင် ၀တ်ဆင်ရသည့် မီးခံအ၀တ်အစား (Fire Retardant Clothes)

အထက်တွင် ဖော်ပြခဲ့သော အခြေခံ PPE များမှာ အခါခပ်သိမ်း ၀တ်ဆင်ထားရမည့် အရာများဖြစ်ပြီး မိမိ လုပ်ကိုင်ရသော အလုပ်ကိုလိုက်၍ နောက်ထပ် PPE များ ထပ်မံ ၀တ်ဆင်ရန် လိုပါလိမ့်မည်။ ဥပမာ - Safety glass သည် မျက်လုံးကိုသာ ကာကွယ်ပေးနိုင်သည်ဖြစ်၍ grinding ကျောက်စက်တိုက်သော အခါများတွင်မူ မျက်နှာတစ်ခု လုံးကို ကာကွယ်ရန် Face Shield ၀တ်ဆင်ရန် လိုပါသည်။ ထို့အတူ မြင့်သောနေရာများတွင် အလုပ်လုပ်သောအခါ လိမ့်ကျခြင်းမှ ကာကွယ်နိုင်စေရန် Full Body Harness ကို ၀တ်ဆင်ရပါမည်။ ဆူညံသောနေရာများ၌ အလုပ်လုပ် သောအခါတွင်မူ Ear Plug တပ်ထားဘို့ လိုပါသည်။ သို့မှသာ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ခေါ်မကြား၊ အော်မကြား အန္တရာယ်မှ ကာကွယ်နိုင်မည် ဖြစ်ပါ၏။ မီးအန္တရာယ်ရှိသော နေရာများတွင်(များသောအားဖြင့် chemical plant ဓါတုဗေဒ စက်ရုံများ) လုပ်ရသောအခါတွင်မူ မီးခံအ၀တ်အစား Fire Retardant Clothes များ ၀တ်ရပါသည်။ ဓါတုဗေဒ ဆေးရည်များနှင့် အလုပ်လုပ်ရသော သူများအဖို့ ထို အဆိပ်ငွေ့များ လူခန္ဓာကိုယ်အတွင်း နှာခေါင်း၊ ပါးစပ်တို့မှ တဆင့် မ၀င်နိုင်စေရန် နွားများ တလင်းနယ်သည့်အခါတွင် စွပ်ပေးထားသည့် နှာခေါင်းစွပ်လို ဟာမျိုး Respirator ကို ၀တ်ဆင်ထားရန် လိုပါ၏။ ထို့ပြင် ဓါတုဗေဒ ဆေးရည်များကိုင်လျှင် ဆေးရည်ဒါဏ်ခံနိုင်သော အထူးလက်အိတ် (Rubber Hand Gloves) များ ၀တ်ဆင်ထားရန် လိုပါသည်။

၃၊ ၅။ သိရှိထားရမည့် / လိုက်နာရမည့် သင်္ကေတများ

လုပ်ငန်းထဲတွင် သက်ဆိုင်ရာ safety သင်္ကေတများ ရှိရာ မည်သည့် သင်္ကေတသည် မည်သည်ကို ဆိုလို ကြောင်း သိရှိထားရန် နှင့် လိုက်နာရန် လိုပါသည်။ ကိုယ်မသိ၍ မသွားရ ဟု တားမြစ်ထားသည့်နေရာသို့ သွားမိလျှင်သော် လည်းကောင်း၊ မလုပ်ရ ဟု တားမြစ်ထားသော အရာကို လုပ်မိလျှင်သော် လည်းကောင်း၊ အန္တရာယ်နှင့် ပက်ပင်း တိုးတတ်ပါသည်။ ဒါဏ်ငွေဆောင်ရမည်မှာ နောက်မှ ဖြစ်ပြီး အရင်ခံရမည်မှာ မိမိကိုယ်တိုင် ဖြစ်ပါ၏။ သို့အတွက် ထို သင်္ကေတများနှင့် ရင်းနှီးနေရန် အရေးကြီးပါသည်။
ထို့ပြင် အရေးပေါ် ဆက်သွယ်ရန် ဖုံးနံပါတ်များ၊ အထူးသဖြင့် မိမိ၏ မန်နေဂျာ သို့မဟုတ် supervisor ၏ နံပါတ်၊ မည်သို့ ဆက်သွယ်ရမည် စသည်တို့ကို သိရှိထားရပါမည်။
နောက်တစ်ခုမှာ အချက်ပေး ဥသြသံများကို ခွဲခြား သိနိုင်ဘို့ ဖြစ်ပါ၏။ မည်ကဲ့သို့ ဥသြဆွဲလျှင် မည်သည့် အန္တရာယ် ကို ဆိုလိုသည်။ မည်ကဲ့သို့သော ဥသြသံသည် အန္တရာယ်ကင်းကြောင်း ဖော်ပြသည်။ မီးလောင်လျှင် ဆွဲသည့် ဥသြသံသည် မည်သို့ရှိသည် အစရှိသည်များကို သိရှိထားရန် လိုပါ၏။ ထို့ပြင် အချက်ပေး ဥသြဆွဲလျှင် ဘာလုပ်ရမည်၊ မည်သည့်နေရာသို့ သွားရမည် ဆိုသည်များကိုလည်း သိထားရန် လိုပါသေးသည်။
အချက်ပေး သင်္ကေတများကို အရောင် လေးမျိုးနှင့် ခွဲခြားထား၏။

Ø အနီရောင် သင်္ကေတများ - တားမြစ်သည့် သင်္ကေတ (Prohibition Sign)
Ø အ၀ါရောင် သင်္ကေတများ - သတိပေးသည့် သင်္ကေတ (Warning Sign)
Ø အစိမ်းရောင် သင်္ကေတများ - အန္တရာယ်ကင်းသည့် သင်္ကေတ (Safe Condition Signs)
Ø အပြာရောင် သင်္ကေတများ - မဖြစ်မနေ၀တ်ဆင်ရမည့် / လိုက်နာရမည့် သင်္ကေတ (Mandatory Sign)




အထက်ဖော်ပြပါ သင်္ကေတများကို တစ်ခုချင်း ရှင်းပြပါမည်။

No comments: