Thursday, July 2, 2015

Work Permit အကြောင်း သိကောင်းစရာ

(၁)

“မတရားမှုကို သိမြင်လျက်နှင့် မည်သို့မှမပြောဘဲ ရေငုံနုတ်ပိတ် နေခြင်းသည် မတရားမှုကို အားပေးသည်နှင့် အတူတူပင် ဖြစ်၏” ဟူသော စကားရှိလေသည်။ အမြင်မတော်တာတွေ့ပါက ပြောဆိုပြသဘို့ရာ လူတိုင်းမှာ တာဝန်ရှိ၏။ (အမြင်မတော်တာ တွေ့တိုင်း ပြောမိ၍လည်း ကျွန်ုပ်ချောက်ကျခဲ့ပေါင်း မနည်းတော့ပြီ။)

(၂)

မနေ့ညက CSOC သင်ရင်း ကျွန်ုပ်၏ သင်တန်းသားများကို မေးကြည့်၏။

စင်ကာပူမှာ အများပြည်သူရုံးပိတ်ရက် ၁၁ ရက်ရှိတယ်။ အဲဒီရက်တွေမှာ အလုပ်မလုပ်မဆင်းရင် နေ့တွက်ခ ရရမယ်။ အလုပ်ဆင်းရင် နေ့တွက်ရဲ့ နှစ်ဆ ရရမယ်။ ခင်ဗျားတို့ အဲဒီအတိုင်း ရရဲ့လား။
တစ်ခါမှ မရဘူးပေါင်ဗျာ။
ဟိုက်ရော . . . . 
ကိုင်း၊ ဥပဒေက အလုပ်သမားတွေရဲ့ မြန်မာပြည်ကနေ စင်ကာပူကို လာတဲ့၊ ပြန်တဲ့ လေယာဉ်စရိတ်ကို အလုပ်ရှင်က ကျခံရမယ် လို့ဆိုတယ်။ ခင်ဗျားတို့လာတုံးက လေယာဉ်လက်မှတ်ကို ကုမ္ပဏီက ၀ယ်ပေးတာလား။
ဟင့်အင်း၊ ကိုယ့်ဘာသာ ပိုက်ဆံပေးခဲ့ရတယ်။
ဟိုက် - ရှားဘား . . . .

အလုပ်သမားများအား ခေါင်းပုံဖြတ်နေသော သည်လိုကုမ္ပဏီများ စင်ကာပူတွင် ဘယ်နှခုရှိသည်မသိ။
အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို သိစေရန် MOM (Ministry of Manpower) က CSOC (Construction Safety Orientation Course for Workers) သင်တန်းတွင် ထည့်သွင်း သင်ကြားစေသည်။ စင်ကာပူရောက်လာသူ ၀ပ်ပါမစ် သမားမှန်သမျှ CSOC သင်တန်းကို တက်ကြရတာ ဖြစ်သဖြင့် အားလုံးသိထားလိမ့်မည်ဟု ယူဆပါသည်။ သိချင်မှလည်း သိမည်။

သို့မို့ကြောင့် ၀ပ်ပါမစ်သမားများအတွက် သိသင့်သိထိုက်သည်များကို ရေးလိုက်ပါ၏။ ထပ်ဆင့် ဝေမျှကြပါကုန်။
ဤတွင်ဖော်ပြထားသည်တို့မှာ Employment of Foreign Manpower Act; Employment of Foreign Manpower (Work Passes) Regulations 2012; First Schedule; Conditions Of Work Permit မှ ဖြစ်ပါသည်။ ဥပဒေကို အတိအကျ ဘာသာပြန်ထားခြင်းမဟုတ်မူ၍ အများသူငါနားလည်အောင် မူရင်းဆိုလိုရင်းအဓိပ္ပာယ်လည်းမပျက်စေရဘဲ သင့်လျော်သလို ရေးသားထားခြင်းဖြစ်၏။

(၃)

            Workpass များကို ထုတ်ပေးသူမှာ MOM ဖြစ်၏။ Workpass များလက်ဝယ်ရှိသူသည် စင်ကာပူတွင် နေထိုင်၊ အလုပ်လုပ်ကိုင်နိုင်သည်။ ICA မှ ထုတ်ပေးထားသော long term pass, visit pass စသည်တို့ ကိုင်ဆောင်ထားသူများသည် နေရုံသာနေလို့ရပြီး အလုပ်လုပ်လို့မရ။ အလုပ်လုပ်လိုသော် MOM တွင် workpass တစ်မျိုးမျိုး ထပ်လျှောက်ရ၏။   
            MOM မှ အောက်ပါ workpass အမျိုးအစားများကို ထုတ်ပေးသည်။
က) work permit (including a training work permit)
ခ) S pass;
ဂ) employment pass (including a training employment pass);
ဃ) personalised employment pass;
င) EntrePass;
စ) work holiday pass;
ဆ) miscellaneous work pass;
ဇ) letter of consent.

Employment of Foreign Manpower Act; Employment of Foreign Manpower (Work Pass) Regulations 2012 တွင် ပါဝင်သည့် Regulations အချို့ကို ရည်ညွှန်းနိုင်ရန် ဖော်ပြလိုက်ပါသည်။

Regulation 4. Work permit (including a training work permit)
Regulation 5. S pass;
Regulation 6. Employment pass (including a training employment pass);
Regulation 7. Personalised employment pass;
Regulation 8. EntrePass;
Regulation 9. Work holiday pass;
Regulation 10. Miscellaneous work pass;
Regulation 11. Letter of consent.

            Work Permit ကို ၁) Domestic Worker (အိမ်အကူ) နှင့် ၂) Domestic Worker မဟုတ်သူ ဟု ထပ်မံခွဲခြားနိုင်၏။ ဤနေရာတွင် Domestic Worker မဟုတ်သော Work Permit သမားများအကြောင်းကိုသာ ဖော်ပြပါမည်။ Domestic Worker အကြောင်းကို ကျွန်တော် အတော်ပြည့်ပြည့်စုံစုံ ရေးခဲ့ပြီး ဖြစ်ပါသည်။ လွန်ခဲ့သော ပို့စ်အဟောင်းများတွင် ရှာဖွေ ဖတ်ကြပါ။
Domestic Worker မဟုတ်သော Work Permit သမားများအတွက် Employment of Foreign Manpower Act; Employment of Foreign Manpower (Work Pass) Regulations ဥပဒေမှ သက်ဆိုင်သောအပိုင်းများမှာ Regulation 4, First Schedule ၏ Part III နှင့် Part IV။ Fourth Schedule ၏ Part III, Part IV, Part VI နှင့် VII တို့ဖြစ်၏။ အကယ်၍ Work Permit ပေါ်တွင် Construction Worker ဟု ဖော်ပြခဲ့ပါ က Fourth Schedule ၏ Part V နှင့်လည်း သက်ဆိုင်သည်။

            ယခု ထိုအပိုဒ်များမှ သိသင့်သိထိုက်သည်တို့ကို ထုတ်နုတ်ဖော်ပြပါအံ့။

First Schedule; Part III

၁။ အစားအသောက်နှင့် ဆေးကုသစရိတ်အပါအ၀င် အလုပ်သမား၏ စင်ကာပူတွင်နေထိုင်ရေးအတွက် အကုန်အကျခံရန် အလုပ်ရှင်တွင် တာဝန်ရှိသည်။
၂။ MOM ၏လိုအပ်ချက်အရ ပြုလုပ်ရသော ဆေးစစ်ဆေးခြင်းအတွက် ကုန်ကျစရိတ်ကို အလုပ်ရှင်က ကျခံရမည်။
၃။ အလုပ်သမား နေထိုင်သည့်လိပ်စာကို လိပ်စာပြောင်းသည့်အခါတိုင်း MOM သို့ အကြောင်းကြားရမည်။
၎။ အလုပ်သမား နေထိုင်သည့်နေရာသည် ဥပဒေ၊ နည်းဥပဒေ၊ လမ်းညွန်၊ စံနှုန်းတို့နှင့်ကိုက်ညီကြောင်း သေချာစေရမည်။
၅။ အလုပ်ခန့်ထားခြင်းအတွက် အလုပ်ရှင်သည် အလုပ်သမားထံမှ အခကြေးငွေ တစုံတရာ မတောင်းခံရ။
၆။ အကယ်၍ အလုပ်သမားသေဆုံးခဲ့ပါက အလုပ်ရှင်သည် -
က) အောက်ပါစရိတ်များအား ကျခံရမည်။
- စင်ကာပူတွင် မြေမြှုပ်စရိတ်
- စင်ကာပူတွင်သင်္ဂြိုဟ်ပြီး မိခင်နိုင်ငံသို့ အရိုးပြာပြန်ပို့သည့်စရိတ်
- အလောင်းအား မိခင်နိုင်ငံသို့ ပြန်ပို့သည့်စရိတ်
ခ) သေဆုံးသူ၏ ပစ္စည်းများအား မိသားစုထံ ပြန်ပို့ခစရိတ်
ဂ) သေဆုံးသူ၏ ကျန်ရှိနေသော ကြွေးမြီများ
၇။ မည်သည့်အကြောင်းကြောင့် ပြန်ပို့သည့်ဖြစ်စေ၊ အလုပ်သမား၏ စင်ကာပူလို့လာခြင်းနှင့် ပြန်ခြင်းအတွက် စရိတ်စက အားလုံးကို အလုပ်ရှင်ကသာ ကျခံစေရမည်။ အလုပ်သမားတစ်ဦး မိခင်နိုင်ငံသို့ ပြန်လည်မထွက်ခွာမီ ၎င်းရစရာရှိသော လခ နှင့် အခကြေးငွေအားလုံးကို အလုပ်ရှင်က အကျေပေးရမည်။


First Schedule; Part IV

၂။ အလုပ်ရှင်သည် အလုပ်သမားအတွက် အနည်းဆုံး တစ်နှစ်လျှင် စင်ကာပူဒေါ်လာ တစ်သောင်းခွဲတန် ဆေးအာမခံ ၀ယ်ရမည်။
၃။ အလုပ်ရှင်သည် အလုပ်သမားအား ဥပဒေအရလိုအပ်သည့် ဆေးစစ်ခြင်းများကို ပြုလုပ်ပေးရမည်။
၎။ အလုပ်သမားပျောက်ဆုံးသွားခဲ့သော် အလုပ်ရှင်သည် ၇ ရက်အတွင်း MOM သို့အကြောင်းကြားရမည်။
၅။ စင်ကာပူနိုင်ငံအတွင်း မိမိအလုပ်သမားသေဆုံးခဲ့သော် အလုပ်ရှင်သည် ၁၂ နာရီအတွင်း MOM သို့အကြောင်းကြားရမည်။


Fourth Schedule; Part III

၁။ နိုင်ငံခြားသား အလုပ်သမား၏ ဆေးစစ်ခြင်းအတွက် ကုန်ကျစရိတ်ကို အလုပ်ရှင်က ပေးရမည်။ သို့သော် သတ်မှတ်ထားသော ကုန်ကျစရိတ်ထက် ပိုများနေပါက ဆေးစစ်ခအတွက် ကုန်ကျစရိတ် အချို့အ၀က်ကို အလုပ်သမားက ပေးရမည်။ သို့သော်  အလုပ်သမားရသော လခ၏ ၁၀% ထက်ပိုမများစေရ။
၂။ အလုပ်ရှင်သည် နိုင်ငံခြားသား အလုပ်သမားအတွက် ဥပဒေနှင့်ညီညွတ်သော သင့်တင့်လျောက်ပတ်သည့် နေရာထိုင်ခင်း စီစဉ်ပေးရ မည်။ အလုပ်လုပ်ရာတွင် အလုပ်သမားအတွက် ကျန်းမာစွာနှင့် အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်မည့် အခြေအနေကို ဖန်တီးပေးရမည်။
၃။ အလုပ်ရှင်သည် နိုင်ငံခြားသား အလုပ်သမားအား လခကို လခထုတ်ရက်၏ ၇ ရက်ထက် နောက်မကျစေဘဲ ထုတ်ပေးရမည်။
၎။ နိုင်ငံခြားသား အလုပ်သမားသည် လစာမဲ့ခွင့်နှင့် စင်ကာပူပြင်ပရောက်နေသည့် အခါများမှလွဲ၍ အလုပ်မရှိသည်ပင်ဖြစ်စေ အလုပ်ရှင်သည် အလုပ်သမားအား အခြေခံလစာကို လခထုတ်ရက်၏ ၇ ရက်ထက် နောက်မကျစေဘဲ ထုတ်ပေးရမည်။
၅။ MOM မှလိုအပ်သည့် ဆေးစစ်ခြင်းများအတွက် ကုန်ကျစရိတ်ကို အလုပ်ရှင်က ကျခံစေရမည်။
၆။ အလုပ်ရှင်သည် နိုင်ငံခြားသား အလုပ်သမား နေထိုင်သည့်လိပ်စာကို လိပ်စာပြောင်းပြီး ၅ ရက်အတွင်း MOM သို့ အကြောင်းကြားရမည်။
၇။ အလုပ်ရှင်သည် နိုင်ငံခြားသား အလုပ်သမား၏ ၀ပ်ပါမစ်မူရင်းကို သိမ်းဆည်းယူငင်ထားခြင်း မပြုရ။ မူရင်းဝပ်ပါမစ်ကို အလုပ်သမား အားသာ ကိုင်ဆောင်ခွင့်ပြုရမည်။
၉။ အကယ်၍ နိုင်ငံခြားသား အလုပ်သမားသည် စင်ကာပူနိုင်ငံအတွင်း သေဆုံးခဲ့ပါက အလုပ်ရှင်သည် -
က) အောက်ပါစရိတ်များအား ကျခံရမည်။
- စင်ကာပူတွင် မြေမြှုပ်စရိတ်
- စင်ကာပူတွင်သင်္ဂြိုဟ်ပြီး မိခင်နိုင်ငံသို့ အရိုးပြာပြန်ပို့သည့်စရိတ်
- အလောင်းအား မိခင်နိုင်ငံသို့ ပြန်ပို့သည့်စရိတ်
ခ) သေဆုံးသူ၏ ပစ္စည်းများအား မိသားစုထံ ပြန်ပို့ခစရိတ်
ဂ) သေဆုံးသူ၏ ကျန်ရှိနေသော ကြွေးမြီများ
၁၀။ အလုပ်ခန့်ထားခြင်းအတွက် အလုပ်ရှင်သည် အလုပ်သမားထံမှသော်လည်းကောင်း၊ အေးဂျင့်ထံမှသော် လည်းကောင်း အေးဂျင့်ဖီး သို့မဟုတ် တံစိုးလက်ဆောင်များ မတောင်းခံရ။
၁၅။ MOM မှ ပြန်ပို့ခိုင်းသည့်အခါမှလွဲ၍ -
အလုပ်ရှင်သည် နိုင်ငံခြားသား အလုပ်သမားအား ၎င်း၏လုပ်ခလစာ သို့မဟုတ် ထိခိုက်ရှနာမှုလျော်ကြေးငွေများအား ရလိုမှုဖြင့် တရားစွဲဆို တောင်းခံနေစဉ်ကာလအတွင်း အတင်းအကြပ် ပြန်ပို့ခြင်း မပြုရ။
၁၆။ နိုင်ငံခြားသား အလုပ်သမားသည် ၎င်း၏လုပ်ခလစာ သို့မဟုတ် ထိခိုက်ရှနာမှုလျော်ကြေးငွေများအား ရလိုမှုဖြင့် တရားစွဲဆို တောင်းခံ နေစဉ်ကာလအတွင်း အလုပ်ရှင်သည် အလုပ်သမားနေထိုင်၊ စားသောက်ခြင်း၊ ကျန်းမာရေးစသည့် ကုန်ကျစရိတ်အားလုံးကို ကျခံရန် တာဝန်ရှိသည်။ အလုပ်သမားအား ဥပဒေနှင့်ညီညွတ်သော သင့်တင့်လျောက်ပတ်သည့် နေရာထိုင်ခင်း စီစဉ်ပေးထား ရမည်။


Fourth Schedule; Part IV

၂။ အလုပ်ရှင်သည် နိုင်ငံခြားသား အလုပ်သမားအား အခြားစီးပွားရေးလုပ်ငန်းများသို့ သွားရောက်လုပ်ကိုင်ခြင်းကို ခွင့်မပြုရ။
၃။ အလုပ်ရှင်သည် နိုင်ငံခြားသား အလုပ်သမားအား ၀ပ်ပါမစ်ပေါ်တွင်ဖော်ပြထားသည့် လုပ်ငန်းမှအပ အခြားလုပ်ငန်းတွင် ခန့်ထားခြင်း မပြုရ။
၆က - (၁) ။ အလုပ်ရှင်သည် (အလုပ်သမားနှင့် ကြိုတင်ရယူထားသော သဘောတူညီချက်မှ အပ) -
က) MOM သို့ ကြေငြာထားသည့် အလုပ်သမား၏အခြေခံလစာအား လျှော့ချခြင်းမပြုရ။
ခ) MOM သို့ ကြေငြာထားသည့် ဖြတ်တောက်ခွင့်ရှိသော အခအကြေးငွေများအား တိုးမြှင့်ခြင်းမပြုရ။
၉။ နိုင်ငံခြားသား အလုပ်သမားအတွက် အစိုးရသို့ပေးရမည့် levy ကို အလုပ်ရှင်က ပေးရမည်။


Fourth Schedule; Part V

ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်သော အလုပ်သမားများအတွက် -

၎။ အလုပ်ရှင်သည် နိုင်ငံခြားသား အလုပ်သမားအား ၀ပ်ပါမစ်ပေါ်တွင်ဖော်ပြထားသည့် အလုပ်မှ လွဲ၍ အခြားအလုပ်များတွင် သွားရောက် လုပ်ကိုင်ခြင်းကို ခွင့်မပြုရ။
၅။ အလုပ်ရှင်သည် နိုင်ငံခြားသား အလုပ်သမားအား သတ်မှတ်ထားသည့် အလုပ်ကိုသာ လုပ်ကိုင်စေရမည်။


Fourth Schedule; Part VI

၁။ နိုင်ငံခြားသား အလုပ်သမားသည် ၀ပ်ပါမစ်ပေါ်တွင် ဖော်ပြထားသည့် အလုပ်ကိုသာ လုပ်ရမည်။
၆။ ၀ပ်ပါမစ်ကိုင်ဆောင်ထားစဉ် ကာလအတွင်း (MOM ၏ ခွင့်ပြုချက်ရရှိထားသည်မှအပ) နိုင်ငံခြားသား အလုပ်သမားတစ်ဦးသည် စင်ကာပူနိုင်ငံသားနှင့် သော်လည်းကောင်း စင်ကာပူပီအာနှင့်သော်လည်းကောင်း စင်ကာပူနိုင်ငံအတွင်းတွင်ဖြစ်စေ စင်ကာပူပြင်ပတွင်ဖြစ်စေ မည်သည့်နည်းနှင့်မှ လက်ထပ်ခြင်းမပြုရ။
၇။ ၀ပ်ပါမစ်ကိုင်ဆောင်ထားစဉ် ကာလအတွင်း (MOM ၏ ခွင့်ပြုချက်နှင့် စင်ကာပူနိုင်ငံသား သို့မဟုတ် စင်ကာပူပီအာ နှင့် ကြိုတင်လက်ထပ်ထားသည်မှအပ) နိုင်ငံခြားသား အမျိုးသမီး အလုပ်သမားတစ်ဦးသည် စင်ကာပူနိုင်ငံအတွင်း ကလေးမွေးခြင်း၊ ကိုယ်ဝန် ဆောင်ခြင်းမပြုရ။
၈။ နိုင်ငံခြားသား အလုပ်သမားတစ်ဦးသည် စင်ကာပူနိုင်ငံအတွင်း (လင်မယားကွဲစေရန် သွေးထိုးမြှောက်ပင့်ပေးခြင်း အပါအ၀င်) မည်သည့် တရားမ၀င် ဆန္ဒပြခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်း စသည်တို့၌ ပါဝင်ပတ်သက်ခြင်း မပြုရ။

Fourth Schedule; Part VII


၁။ MOM ၏ ခွင့်ပြုချက်မရဘဲ နိုင်ငံခြားသားအလုပ်သမားတစ်ဦးသည် အောက်ပါတို့ကို မပြုရ။
က) စီးပွားရေးလုပ်ငန်းတစ်ခုခု မှတ်ပုံတင်ခြင်း
ခ) စင်ကာပူနိုင်ငံအတွင်း စီးပွားရေးလုပ်ခြင်း
ဂ) ကုမ္ပဏီတစ်ခုခု၏ ဒါရိုက်တာ၊ မန်နေဂျာ သို့မဟုတ် အတွင်းရေးမှူးဖြစ်ခြင်း
ဃ) စင်ကာပူနိုင်ငံအတွင်း စပ်တူလုပ်ငန်းများတွင် ပါဝင်ခြင်း
င) limited liability partnership လုပ်ငန်းများတွင် မန်နေဂျာ သို့မဟုတ် အစုဝင် အဖြစ် ပါဝင်ခြင်း

အခြား သိသင့်သိထိုက်သည်များ

၁။ စင်ကာပူနိုင်ငံတွင် အများပြည်သူရုံးပိတ်ရက် ၁၁ ရက် ရှိသည်။ (ထိုရက်များအနက် တစ်ရက်ရက်သည် တနင်္ဂနွေနေ့တွင် ကျရောက်ပါက တနင်္လာနေ့ကို အစားပြန်ပိတ်ပေးသည်။) ထိုရက်များတွင် အလုပ်မလုပ်သော်လည်း အခြေခံလစာ ရရမည်။ ထိုရက်များတွင် အလုပ်လုပ်ခဲ့သော် အခြေခံလစာ၏ နှစ်ဆ ရရမည်။

၂။ စင်ကာပူနိုင်ငံအတွင်း ၁၈၃ ရက်ထက်ပိုပြီး နေထိုင်လုပ်ကိုင်သူများသည် အောက်ပါဇယားအတိုင်း ၀င်ငွေခွန် ပေးဆောင်ရန် လို၏။ (တစ်နှစ်ဝင်ငွေ နှစ်သောင်းအောက်သာ ရသူများ ပေးစရာမလိုပါ။)


၃။ စင်ကာပူနိုင်ငံအတွင်း မူးယစ်ဆေးဝါး ဖောက်ကားရောင်းဝယ်လျှင် သေဒဏ်အထိ အပြစ်ပေးနိုင်သည်။ (ဟီရိုးအင်း ဘိန်းဖြူ တစ်ကျပ်သားနှင့်အထက် လက်ဝယ်တွေ့ရှိပါက သေဒဏ်ပေးနိုင်သည်။)

၎။ စင်ကာပူနိုင်ငံအတွင်း အခွန်ဆောင်ထားသော စီးကရက်များသာ သုံးစွဲနိုင်၏။ အခွန်မဆောင်သော စီးကရက်များ လက်ဝယ် တွေ့ရှိပါက စီးကရက်တစ်ဘူး သို့မဟုတ် အလိပ် ၂၀ လျှင် (ပထမအကြိမ်) စင်းဒေါ်လာ ၂၀၀၊ (ဒုတိယအကြိမ်) စင်းဒေါ်လာ ၅၀၀၊ (တတိယအကြိမ်) စင်းဒေါ်လာ ၈၀၀ ဒဏ်ရိုက်မည်။

၅။ စင်ကာပူနိုင်ငံအတွင်း ရန်မဖြစ်ရ။ ရန်ဖြစ်လျှင် မိခင်နိုင်ငံသို့ ပြန်ပို့နိုင်သည်။

၆။ နေ့စဉ် ည ၁၀ နာရီခွဲမှ မနက် ၇ နာရီထိ အများပြည်သူဆိုင်ရာနေရာများတွင် အရက်မသောက်ရ။
ဂေလမ်းနှင့်လစ်တဲအင်ဒီယား (Geylang and Little India) နေရာများတွင် -
၁) စနေနေ့မနက် ၇ နာရီမှ တနင်္လာနေ့မနက် ၇ နာရီထိ
၂) အများပြည်သူရုံးပိတ်ရက်မတိုင်မီ ညနေ ၇ နာရီမှ ရုံးပိတ်ရက်၏နောက်တစ်နေ့မနက် ၇ နာရီထိ အရက်မသောက်ရ။

၇။ ၂၀၁၅ ခုနှစ်အတွက် အများပြည်သူရုံးပိတ်ရက်များ (Public Holidays for 2015)

1.     နှစ်ကူးရက် - 1/1/15
2.     တရုတ်နှစ်ကူးရက် - 19&20/2/15
3.     Good Friday - 3/4/15
4.     အလုပ်သမားနေ့ - 1/5/15
5.     ကဆုန်လပြည့်နေ့ - 1/6/15
6.     ဟာရီရာယာပွာစာ - 17/7/15
7.     စင်ကာပူ နှစ် ၅၀ ပြည့်နေ့ - 7/8/15
8.     စင်ကာပူအမျိုးသားနေ့ - 9/8/15
9.     ဟာရီရာယာဟာဂျီ - 24/9/15
10.  ဒီပါဝလီနေ့ - 10/11/15
11.  ခရစ္စမတ်နေ့ - 25/12/15





ပိုမိုသိရှိလိုသူများ ကျွန်ုပ်၏ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်းစာအုပ် အပိုင်း (၂) တွင် ဖတ်ရှုနိုင်ပါသည်။

(၄)

ကျွန်ုပ် Lake Side မှ အိမ်တွင်နေစဉ် အိမ်ငှားတင်ထားသော ကောင်လေးတစ်ယောက်က အစ်ကိုရယ်၊ ကျွန်တော်တို့ကို အေးဂျင့်ဖီးဆိုပြီး သူဌေးက တစ်လ ၂၀၀ - လတိုင်းဖြတ်တယ်ဗျာ ဟု ဆို၏။ ကျွန်ုပ်က သူဌေးမှန်ရင် အေးဂျင့်ဖီးတောင်းလို့ မရဘူး မောင်ရဲ့ ဟု ရှင်းပြရာ သူက စာချုပ်တစ်ခုထုတ်ပြပြီး ကျွန်တော်တို့ စင်ကာပူရောက်တော့ လေယာဉ်ကွင်းမှာ ဟောသည် စာချုပ်ကြီးကို အတင်းလက်မှတ်ထိုးခိုင်းလို့ ကျွန်တော်တို့လည်း ဘုမသိ၊ ဘမသိဘဲ ထိုးလိုက်ရတယ် ဆို၏။ 

သူပြသည့်စာချုပ်ကို ယူကြည့်ရာ စာပိုဒ်တစ်ခုတွင် ကျွန်တော်တို့လခအတွင်းမှ အေးဂျင့်ဖီး တစ်လ ၂၀၀ ဖြတ်မည်ကို သဘောတူပါသည် ဟု ရေးထားသည်ကို တွေ့ရလေသည်။ အဆိုပါသကောင့်သားလေးများမှာ စာချုပ်မှာ ဘာတွေ ရေးထားတယ် ဆိုတာလည်း နားမလည်။ အင်္ဂလိပ်လို ဖတ်တတ်သော်မှ သူဌေးဆိုသူက ဖတ်ချိန်မပေးဘဲ အတင်း အဓမ္မ လက်မှတ်ထိုးခိုင်းခြင်း ဖြစ်လေသည်။

ကျွန်ုပ်လည်း ဒါ မောင်တို့ကို သူဌေးက အဘျူ့စ်လုပ်တာပဲ မောင်ရဲ့။ ၀ပ်ပါမစ်သက်တမ်းကုန်လို့ ပြန်ခါနီးကျရင် MOM ကို သွားတိုင်ချေ ဟု နတ်လမ်းညွှန်လိုက်သည်။ သို့သော် အဆိုပါ မောင်ရင်လေးမှာ ၀ပ်ပါမစ်သက်တမ်းမကုန်မီ ကျွန်ုပ်အိမ်မှ ပြောင်းသွားလေရာ နောက်ပိုင်း ဘယ်သို့ဖြစ်သည်ကို မသိရတော့ပါလေ။

ဤကဲ့သို့ လူမသိသူမသိ ဖြစ်ရပ်များ စင်ကာပူတစ်နံတစ်လျား အတော်များပေမည်။ သည်ကိစ္စ မည်သူတို့က မည်ကဲ့သို့ အရေးယူကိုင်တွယ်ပါမည်နည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၇ ဧပြီလ၊ ၂၀၁၅

Reference:



ဝပ်ပါမစ်သမားများ သိထားစရာ နောက်ဆက်တွဲ

ရေးသားထားသော ကွန်မင့်များအားလုံးကို စုပြီး ပြန်ကြားလိုက်ပါသည်။

ကုမ္ပဏီများက ဤသို့လုပ်သည်မှာ အလုပ်သမားများ၏ မသိနားမလည်မှုနှင့် ရုံးပြင်ကန္နားသွားရမှာ စိုးရွံ့ထိတ်လန့်မှုတို့အပေါ် အခွင့်ကောင်းယူပြီး လုပ်လို့ရသမျှ လုပ်စားကြခြင်းဖြစ်ပါသည်။ ကောင်းသည့်ကုမ္ပဏီလည်းရှိသလို မကောင်းသည့် ကုမ္ပဏီလည်း ရှိပါသည်။ ကျွန်တော်ပင်လျှင် တစ်ခါက ဤဖြစ်ရပ်မျိုး ကြုံခဲ့ဖူးသေး၏။ ၂၀၀၅ ခုနှစ်က ဖြစ်ပါသည်။

သူဌေးဆိုသည့်ကောင်က စာမတတ်။ သူ့အဖေအရှိန်အ၀ါနှင့် ကုမ္ပဏီထောင်ကာ လုပ်စားခြင်းဖြစ်၏။ သူဌေးတန်မဲ့ သူ့ဝန်ထမ်းဖြစ်သူ ကျွန်တော့်ကို ချဲလင်းလုပ်သည်။ မင်းမကျေနပ်ရင် ကြိုက်တဲ့နေရာသွားလို့ရတယ်။ ငါ့မှာ စင်ကာပူနိုင်ငံသား၊ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ လုပ်ပိုင်ခွင့်အပြည့်ရှိတယ် ဟု ဆို၏။ ကျွန်တော်သူနှင့် ဖက်မိုက်စရာအကြောင်းမရှိပါ။ သူ့ကိုမကြိုက်လျှင် သူ့ဆီမှာ ဆက်မလုပ်ရုံဖြစ်၏။ ထို့ကြောင့် အခွင့်သာသည်နှင့် အလိမ္မာသုံးကာ သူ့ဆီမှ အသာလစ်ထွက် လာခဲ့သည်။ နောက်ကုမ္ပဏီနာမည်နှင့် workpass အသစ် လက်ထဲရောက်လာမှ သူ့ဆီလှမ်းဖုံးဆက်တော့ သူ အကြီးအကျယ် ဒေါကန်သည်။

မင်းကို ငါ ရဲတိုင်မယ်။ MOM တိုင်မယ် စသဖြင့် ခြိမ်းခြောက်၏။ ဒီမယ်ငါ့လူ၊ အရမ်းမပြောပါနဲ့လေ။ အခုချက်ချင်း မင်း MOM ကို သွားပြီး ငါ ဘယ်ကုမ္ပဏီမှာ လုပ်နေတယ်ဆိုတာ သွားမေးပါ။ အဲဒါကိုမှမင်းငါ့ကိုဆက်ခြိမ်းခြောက်နေရင် မင်းကို ငါ ပြန်တရား စွဲမယ် ဟု ကျွန်တော်ပြန်ပြောလိုက်သော် ရှူးရှူးရှားရှားနှင့် တွေ့ကြသေးတာပေါ့ကွာ ဆို၏။ ထို့နောက်ပိုင်းတော့ ကျွန်တော့်ကို မဆက်သွယ်တော့ပါ။ အဲသဟာကိုမှ သူရှေ့ဆက်တိုးလျှင် ကျွန်တော် MOM သွားကာ ကျွန်တော့်အပေါ် ၎င်း ကျူးလွန်ထား သော အမှုများအတွက် သူ့ကို ပြဿနာရှာတော့မည် ဖြစ်၏။ သို့သော် သူ့ဘက်က ဘာမှ မလှုပ်ရှားတော့သဖြင့် ကျွန်တော်လည်း စကားနည်း ရန်စဲနေလိုက်ပါသည်။

မိတ်ဆွေများခင်ဗျား -

ဘယ်သူဘာဖြစ်ဖြစ်၊ ကိုယ့်ဘက်က မမှားပါစေနှင့်။ တစ်ခုခုလုပ်တော့မည်ဆိုလျှင် အလိမ္မာသုံးကာ လုပ်ပါ။ အကြောင်းအချက်၊ အချက်အလက်၊ သက်သေသက္ကာယများအားလုံး ခိုင်ခိုင်လုံလုံ စုဆောင်းထားပါ။ ကျွန်တော်တို့မှာ နိုင်ငံခြားသားများ ဖြစ်သဖြင့် တစ်နည်းအားဖြင့် တပန်းရှုံးလေသည်။ သူတို့မကြိုက်က ထုတ်ပေးထားသော workpass ကို အချိန်မရွေး cancel လုပ်ကာ ပြန်လွှတ်နိုင်သည်။

သို့သော် မတရားတာကြီးတော့လည်း သည်အတိုင်း ငုံ့ခံမနေပါနှင့်။ ငုံ့ခံမနေပါနှင့် ဆိုသဖြင့်လည်း အရမ်းရောကာရော (ဘာမှ မသိဘဲ) စိတ်လိုက်မာန်ပါ မလုပ်ပါနှင့်။ သိသူများအား မေးမြန်းပါ။ ကျွန်တော်တို့တော့ ဟောသလို အလုပ်ခံနေရတယ်၊ ဘယ်လိုလုပ်ရင်ကောင်းမလဲ စသဖြင့် တိုင်ပင်ပါ။ လိုအပ်သည့် အချက်အလက်မှန်သမျှ စုဆောင်းပါ။ သေချာပြီဆိုတော့မှ မိမိ ထံမှ ဖြတ်တောက်ထားသော၊ မတရားရယူထားသော၊ ရသင့်ရထိုက်သည်တို့ကို မပေးသော အခကြေးငွေများအား ပြန်လည် ရရှိရေးအတွက် လှုပ်ရှားပါ။

သို့သော် မိမိက သူတို့အလုပ်သမားဖြစ်နေသဖြင့် နောက်ဆုံး ၀ပ်ပါမစ် သက်တမ်းကုန်တော့မည် ဆိုမှ၊ နောက်ပြီး သည်ကုမ္ပဏီမှာ ဆက်မလုပ်တော့တာသေချာမှ လုပ်ပါ။ ထို့ပြင် စင်ကာပူ၌ ဆက်လက် လုပ်လိုသေးပါက နောက်အလုပ် တစ်ခုကို အဆင်သင့် ရှာထားသင့်ပါသည်။ မဟုတ်လျှင် အလုပ်လက်မဲ့ဖြစ်ကာ စင်ကာပူ၌ဆက်လုပ်ဘို့ အခက်အခဲနှင့် တွေ့ကြုံ ရနိုင်ပါသည်။

အရေးကြီးဆုံးမှာ ရိုးသားဘို့ပင် ဖြစ်၏။ ဘာလုပ်လုပ် ရိုးသားပါ။ မဟုတ်မမှန်တာ ဘာမှ မလုပ်မိပါစေနှင့်။
တရားကို နတ်စောင့်ပါသည်။

* S Pass, EP များမှာ အင်္ဂလိပ်လို ကောင်းကောင်းဖတ်တတ်မည်ဟု ယူဆသည့်အတွက် မရေးခြင်းဖြစ်ပါသည်။ ယခု လောလောဆယ် သိပ်မအားပါသေးသဖြင့် နောင် အလျဉ်းသင့်သလို ရေးပါမည်။ အောက်ပါ link များတွင် ဖတ်နိုင်ပါသည်။
Ref: Link: 

MOM website: http://www.mom.gov.sg/Pages/default.aspx ၌လည်း ဖတ်နိုင်ပါသည်။

အခြားသိလိုသည်များရှိသေးပါက -
ဦးအေးငြိမ်း
ဖုံး - 9730 3027
email: aye475@gmail.com
ထံ အချိန်မရွေးဆက်သွယ်နိုင်ပါသည်။

No comments: