Thursday, July 2, 2015

စင်ကာပူသို့လာမည့်သူများ / စင်ကာပူတွင် အလုပ်လုပ်နေသူများအတွက်

ဖြစ်ရပ် (၁)

စင်ကာပူသို့အလုပ်ရှာရန် Social Visit visa ဖြင့်လာသူ မိန်းခလေးတစ်ဦးကို I.C.A က လက်မခံသဖြင့် စင်ကာပူသို့ဝင်ခွင့်မရဘဲ လေဆိပ်မှ လှည့်ပြန်သွားခဲ့ရသည်။

သူ့အပြောအရ သူက white card တွင် နေမည့်ကာလကို နှစ်ပတ်ဟု ဖြည့်ထားပြီး လေယာဉ်လက်မှတ်မှာ နှစ်လ လေယာဉ် လက်မှတ် ဖြစ်နေသောကြောင့် ဟု သိရပါသည်။ I.C.A က သူ့ကို appeal letter ရေးခိုင်းသည်။ သူက မလုပ်တတ်သောကြောင့် ပြန်သွားရခြင်း ဖြစ်သည်ဆို၏။

====================================================

အမှန်က ဤကိစ္စလောက်ကလေးဖြင့် ပြန်စရာအကြောင်းမရှိပါ။ သူကလည်း လည်လည်ဝယ်ဝယ်မပြောတတ်။ ဘာလုပ်ရမှန်း လည်း မသိသဖြင့် ပြန်သွားရခြင်းဖြစ်၏။ သည်ကိစ္စ စောစောစီးစီး ကျွန်တော်သိလျင်ပင် ကူညီနိုင်ပါသည်။ စကားလေး တစ်ခွန်း နှစ်ခွန်းမျှပြောလိုက်လျှင်ပင် ပြီးသွားနိုင်၏။ ယခု မြန်မာပြည်ပြန်သွားရသည်ဆိုတော့ (စိတ်ညစ်ရတာစသည့်) တခြားကိစ္စများမပါ  အနည်းဆုံး လေယာဉ်လက်မှတ်ဖိုး ဆုံးပါသည်။ လေယာဉ်လက်မှတ်မှာ အသွားအပြန်ဝယ်ရသည်ဖြစ်ရာ ၃ သိန်းလောက် ရှိပါလိမ့်မည်။

ပထမဆုံးပြောလိုသည်မှာ စင်ကာပူတွင် အလုပ်အကိုင်ရဘို့ ယခင်ကလောက် မလွယ်ကြောင်းဖြစ်၏။ အလုပ်ခန့်ဘို့ quota များကို အစိုးရက ကန့်သတ်မှုများ တိုးမြှင့်ထားသည်။ အလုပ်သမားများ၏ qualification များကို တိုးလိုက်သည်။ Levy ကြေးများ တိုးမြှင့်ကောက်သည် စသည်ဖြင့်။

ထို့ကြောင့် အလည်အပတ်ဗီဇာဖြင့် စင်ကာပူလာပြီး အလုပ်ရှာမည့်သူများအား အောက်ပါအတိုင်း အကြံပေးလိုပါသည်။

Ø ဗီဇာလျှောက်သည့်အခါ single journey သာ လျှောက်ပါ။
Ø နေမည့်ကာလကို less than one month ဟုသာဖြည့်ပါ။ နောက်ပြီးမှ အလုပ်မရသေးလို့ဟု အကြောင်းပြကာ သက်တမ်း ထပ်တိုးလို့ရပါသည်။
Ø လေယာဉ်လက်မှတ်ကို တစ်လသာ ၀ယ်ပါ။ နောက်ပြီးမှ ပိုက်ဆံပေးပြီး ပြန်ပြောင်းလို့ရပါသည်။
(စင်ကာပူတွင်နေသူတစ်ယောက်ယောက်က စပွန်စာပေးလျှင်မူ ပြဿနာမရှိပါ။ သူရှင်းပေးပါလိမ့်မည်။ ဗီဇာလျှောက်တုံးက ထုတ်ပေးသည့် form 14A နှင့် V39A (letter of introduction) ကို စပွန်စာလုပ်သူအား လက်မှတ်ထိုးခိုင်းပြီး လိုရမယ်ရ ပရင့်ထုတ်ယူလာပါ။)

Ø စင်ကာပူလေဆိပ်ရောက်မှ ပြဿနာတက်လျှင် I.C.A ကို အကျိုးအကြောင်းရှင်းပြပါ။ ဘယ်လိုလုပ်လို့ရမလဲ မေးပါ။ သူတို့ရှင်းပြပါလိမ့်မည်။ သူတို့ပြောသည့်အတိုင်း လုပ်သွားရုံဖြစ်ပါသည်။
Ø စင်ကာပူတွင် အသိတစ်ယောက်ယောက်ရှိပါက အကူအညီလှမ်းတောင်းပါ။ သူတို့ကူညီပေးပါလိမ့်မည်။
Ø အသိအကျွမ်း တစ်ယောက်မှမရှိလျှင် ကျွန်တော့်ကို လှမ်းဆက်သွယ်နိုင်ပါသည်။ လုပ်လို့ရသလောက် ကျွန်တော် လုပ်ပေးပါမည်။ (ဖုံး - 9730 3027)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
  
ဖြစ်ရပ် (၂)

စင်ကာပူတွင် ၀ပ်ပါမစ်ဖြင့်အလုပ်လုပ်နေသော အလုပ်သမားကလေးနှစ်ဦးကို ၀ပ်ပါမစ် သက်တမ်းမကုန်သေးမီ သူဌေးက ပြန်လွှတ်၏။ သက်တမ်းမကုန်မီ ပြန်လွှတ်သောကြောင့် လျော်ကြေးအဖြစ် တစ်လစာ ပေးမည်ဆို၏။ သို့သော် တကယ်တမ်း ပြန်တော့မည်ဆိုတော့ တစ်ပြားမှမပေးနိုင်ဟု ငြင်းသည်။

ကျွန်တော်က သူတို့ကို ဘယ်လိုပြောဟု သင်ပေးကာ MOM သို့ သွားခိုင်းလိုက်၏။ ခင်ဗျားတို့ လည်လည်ဝယ်ဝယ်ရှင်းမပြတတ် ရင် ကျွန်တော့်ဆီဖုံးခေါ်လိုက်၊ ကျွန်တော် သူတို့ကို ရှင်းပြလိုက်မယ် ဟုလည်း မှာလိုက်သည်။
ထို့ကြောင့် သူတို့ပြန်တော့ လျော်ကြေး တစ်လစာစီ ပြန်ရသွား၏။

အလုပ်ရှင်နှင့်ပြဿနာတက်ပါက ထွက်မပြေးပါနှင့်။ သူတို့ကိုလည်း ကလန်ကဆန် မလုပ်ပါနှင့်။ MOM သို့သာ သွားပါ။
အကယ်၍ မည်ကဲ့သို့လုပ်ရမည်မှန်း မသေချာပါက ကျွန်တော့်ကို ဖုံးခေါ်လိုက်ပါ။ ကျွန်တော် ရှင်းပြပါမည်။ (ဖုံး - 9730 3027)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဖြစ်ရပ် (၃)

ကျွန်တော် CSOC သင်တော့ မြန်မာဝပ်ပါမစ်အလုပ်သမားများအား မေးကြည့်သည်။

Employment Act အရ -
စင်ကာပူတွင် တစ်နှစ်လျှင် public holiday ၁၁ ရက် (ယခု ၂၀၁၅ တွင် ၁၂ ရက်) ရှိ၏။
public holiday များတွင် အလုပ်မလုပ်ရသော်လည်း အခြေခံလစာ ရရပါမည်။ အလုပ်လုပ်ရလျှင် အခြေခံလစာ၏ နှစ်ဆ ရရမည် - ဟု ပြဌာန်းထား၏။ အဲဒီအတိုင်း ခင်ဗျားတို့ရသလားဟု မေးတော့ မရပါ ဟု ဆို၏။

Employment Act အရ -
ပုံမှန်အလ်ုချိန်မှာ တစ်နေ့လျှင် ၈ နာရီ။ တစ်ပါတ် ၄၄ နာရီဖြစ်၏။ ထိုအချိန်ထက်ပိုလုပ်ရလျှင် အချိန်ပိုကြေးရရပါမည်။ ရက်နှင့်အချိန်ကိုလိုက်၍ အချိန်ပိုကြေး (overtime) မှာ အခြေခံလခ၏ တစ်ဆခွဲ မှ နှစ်ဆ ထိ ရရမည်။ သို့သော် ကျွန်တော့်ဆီ သင်တန်းလာတက်သူများမှာ အချိန်ပိုကြေးမရဘဲ အခြေခံလစာဖြင့်သာ ရှင်းပေးသည်ဟု သိရပါသည်။

Employment Of Foreign Manpower Act အရ -
အလုပ်သမား၏ စင်ကာပူ-မြန်မာ သွား/ပြန် လေယာဉ်လက်မှတ်ခကို အလုပ်ရှင်က ကျခံရမည်။ ခင်ဗျားတို့ရသလား ဆိုတော့ အပြန်လက်မှတ်ပဲဝယ်ပေးမယ်ပြောတယ်။ အလာတုံးက လေယာဉ်လက်မှတ်ကို ကိုယ့်ဘာသာဝယ်ရတာပါ ဟု ဖြေ၏။

Employment Of Foreign Manpower Act အရ -
အလုပ်သမားတစ်ယောက်၏ ဆေးကုသမှုအတွက် ကုန်ကျစရိတ်ကို အလုပ်ရှင်က ပေးရပါမည်။ လွန်ခဲ့သော ဆယ်ရက်ခန့်က အလုပ်ထဲမှ အလုပ်သမားကလေးတစ်ယောက် ဗိုက်အောင့်လို့ ဆေးခန်းသွားပြတာကို ကုမ္ပဏီက ပိုက်ဆံပေးရန် ငြင်းပါသည်။ ကျွန်တော့်မျက်စိရှေ့တွင် မြင်တွေ့နေရသောကြောင့် ကျွန်တော်လည်း ကုလားလေးများကို တိုးတိုးတိတ်တိတ်ခေါ်ကာ (ကျွန်တော့် အိပ်ကပ်ထဲမှ) ပိုက်ဆံပေးလိုက်၏။ သူတို့က ကျွန်တော့်အထက်မှဖြစ်သဖြင့် သူတို့ကို ကျွန်တော် တိုင်လို့ရပါမည်လား။ နောက်အလုပ်တစ်ခု အဆင်သင့်ရှိနေလျင်တော့ တစ်မျိုးပေါ့။

Employment Of Foreign Manpower Act အရ -
အလုပ်ရှင်သည် အလုပ်သမားထံမှ အေးဂျင့်ဖီး တောင်းယူလို့မရပါ။
ကျွန်တော် lake side အိမ်တွင်နေခဲ့စဉ်က ကျွန်တော်နှင့်အတူနေသူတစ်ဦးအား အေးဂျင့်ဖီးအဖြစ် လစဉ် တစ်လ ၂၀၀၊ လခထဲမှ ဖြတ်သည်ဆို၏။ သူတို့စာချုပ်ကို ကျွန်တော်တောင်းကြည့်တော့ သူတို့စင်ကာပူလာစက လေယာဉ်ကွင်းတွင် အတင်း လက်မှတ် ထိုးခိုင်းသဖြင့် ထိုးခဲ့ရသော ကန်ထရိုက်စာချုပ်ထဲ၌ လခထဲမှ တစ်လ ၂၀၀ ကို အေးဂျင့်ဖီးအဖြစ်ပေးရန် သဘောတူပါသည် ဟု ရေးထားလေ၏။ ဤသည်မှာ ဥပဒေနှင့်မကိုက်ညီ။

မိတ်ဆွေများခင်ဗျား -

ဤကဲ့သို့ မတရားအလုပ်ခံရပါက ဘာမှမကြောက်ပါနှင့်။ MOM သို့သာသွားပါ။ သူတို့ကို ဖြစ်ကြောင်းကုန်စင် သေသေချာချာ ရှင်းပြပါ။ သူတို့ကူညီပါလိမ့်မည်။ လခဖြတ်ပိုင်း၊ ဆေးစာ၊ ခွင့်စာ၊ ကန်ထရိုက်စာချုပ်၊ အစရှိသည်တို့ကို မိတ္တူကူးပြီး ကျကျနန သိမ်းဆည်းထားပါ။ စာရွက်စာတမ်းအထောက်အထားပြနိုင်ရန် လွန်စွာအရေးကြီးပါသည်။

လုပ်ငန်းခွင်ထဲ၌ မတော်တဆ ထိခိုက်ရှနာမှု (accident) ဖြစ်ခဲ့ပါက ညစ်ပတ်သောအလုပ်ရှင်များမှာ လျော်ကြေးမပေးလို သောကြောင့် work permit ကို cancel လုပ်ပြီး ပြန်လွှတ်သော ကိစ္စများလည်း ရှိတတ်ပါသေးသည်။ ထိုအခါတွင်လည်း MOM သို့သာ သွားပါ။ အတင်းပြန်လွှတ်ပြီး လေယာဉ်ကွင်းလိုက်ပို့သည့်တိုင် လေယာဉ်ပေါ် မတက်ဘဲ နေလို့ရပါသည်။ ကိစ္စတစ်ခု ဖြစ်ပါက အမှုမပြတ်သေးမီ စင်ကာပူတွင် ဆက်လက်နေထိုင်ခွင့် ပေးထားပါသည်။

==================================================================

အသေးစိတ်ကို အောက်ပါ website များတွင် ဖတ်နိုင်ပါသည်။ ယခု ကျွန်တော် စင်ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော် ဟု စာအုပ် ရိုက်ရန် ပြင်ဆင်နေပါသည်။ ထိုစာအုပ်ထဲတွင်လည်း အပြည့်အစုံ ဖော်ပြထားပါသည်။



3.       EMPLOYMENT OF FOREIGN MANPOWER (WORK PASSES) REGULATIONS - http://statutes.agc.gov.sg/aol/search/display/view.w3p;page=0;query=CompId%3A9ef69963-4c41-4383-a6d7-c957366ee86b%20ValidTime%3A20120807000000%20TransactionTime%3A20120807000000;rec=0

မရှင်းတာရှိလျှင် ကျွန်တော့် ဖေ့စ်ဘုတ်၊ message box တွင် ထားခဲ့ပါ။ ကျွန်တော်ပြန်ဖြေပေးပါမည်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒါက ခုမှ တစ်ယောက်က မြန်မာပြည်ကလှမ်းမေးလို့ ဖြေပေးထားတာပါ။ တခြားသူတွေသိရအောင် တင်ပေးလိုက်တာ ဖြစ်ပါတယ်။
===========================================================

စင်ကာပူကို Social visit visa နဲ့လာပြီး အလုပ်ရှာလို့ရပါတယ်။ ၀င်ဝင်ချင်း တစ်လ နေခွင့်ပေးပါတယ်။ နောက်ထပ် တစ်လ သက်တမ်း ထပ်တိုးလို့ရပါတယ်။

သင်တန်းတက်ရင်း ရက်ရှည်နေဘို့အတွက်က student pass လျှောက်ရပါတယ်။ အဲဒါက ကျောင်းကလက်ခံမှပါ။ ပထမကျောင်းလျှောက်ပြီး ကျောင်းကလက်ခံပြီဆို အဲဒီ acceptance letter နဲ့ student pass လျှောက်ရပါတယ်။ အဲဒါဆို ICA က student pass ချပေးပါတယ်။
ဘယ်ကျောင်းက ဘယ်သင်တန်းတွေအတွက် student pass သေချာပေါက် ရနိုင်မယ်ဆိုတာ ပြောရခက်ပါတယ်။ ICA က ကျောင်းနဲ့ သင်တန်းပေါ်မူတည်ချပေးတာပါ။
အစိုးရကျောင်းတွေဖြစ်တဲ့ ITE, Polytechnic၊ တက္ကသိုလ်တွေနဲ့ အပြင်တက္ကသိုလ်တွေက diploma, post grad diploma, undergrad, degree စတဲ့ နှစ်ရှည်သင်တန်းတွေဆိုရင် student pass ရဘို့ သေချာပါတယ်။ ဒါပေမဲ့ certificate, advance certificate, Specialist diploma, Graduate diploma စတဲ့သင်တန်းတွေကတော့ သိပ်မသေချာပါဘူး။ ကြိုးစားကြည့်ရင်တော့ ဖြစ်နိုင်ပါတယ်။ ရဘို့မရဘို့ကတော့ သူချပေးရင် ရမယ်လို့ပဲ တွေးထားရမှာပါ။

ပုဂ္ဂလိကသင်တန်းကျောင်းတွေ ရာနဲ့ချီရှိသလို သင်တန်းတွေလည်း ရာနဲ့ချီရှိပါတယ်။ အပြည့်အစုံကို အောက်ပါ link တွေမှာ ဖတ်နိုင်ပါတယ်။


https://www.cpe.gov.sg/cos/o.x?c=/cpe/peis&ptid=376&func=csesearch&ptid=401

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၇ ဇွန်၊ ၂၀၁၅

No comments: