Thursday, July 16, 2015

စင်ကာပူသို့ လာခြင်း

၁။  လေယာဉ်လက်မှတ် ၀ယ်ယူခြင်း  

လေယာဉ်လက်မှတ်ကို တစ်ကြောင်းသွားလက်မှတ်များ ၀ယ်ယူနိုင်သလို အသွားအပြန် နှစ်ကြောင်းသွား လက်မှတ်များလည်း ၀ယ်နိုင်သည်။ အလုပ်လုပ်ရန် သွားမည့်သူများအနေနှင့် နှစ်နှင့်ချီကာ နေရမည်ဖြစ်သဖြင့် တစ်ကြောင်းသွား လက်မှတ်သာ လိုအပ်ပြီး အလည်အပတ်သွားသူတို့အဖို့မူ ဗီဇာလျှောက်ရန် အသွားအပြန် နှစ်ကြောင်းသွားလက်မှတ်ကို ၀ယ်ယူရမည်ဖြစ်ပါသည်။ နှစ်ကြောင်းသွားလက်မှတ်တွင် အပြန်ရက်ကို သတ်မှတ်ဝယ်ယူထားသည့်တိုင် အကြောင်းကြောင်း ကြောင့် ရက်ရွှေ့လိုပါက ပိုက်ဆံပေး၍ ရက်ရွှေ့နိုင်ပါသည်။ ရက်ရွှေ့ခြင်းအတွက် စင်ကာပူဒေါ်လာ ၅၀ ခန့် ပေးရ၏။
လေယာဉ်လက်မှတ်များကို အမှတ် ၂၇၊ ၂၉၊ ၃၁။ ၃၈ လမ်းရှိ Sun Far Travels & Tours (ဖုံးနံပတ် - ၂၄၃၉၉၃) နှင့် အမှတ် ၅၈၆၊ ကမ်းနားလမ်းနှင့် ၇လမ်းထောင့်ရှိ Columbus Travels & Tours (ဖုံးနံပတ် - ၂၂၉၂၄၅) တို့တွင် ၀ယ်ယူနိုင်ပါသည်။
မြန်မာနိုင်ငံမှ စင်ကာပူသို့ ပြေးဆွဲနေသော လေကြောင်းလိုင်းများမှာ မြန်မာလေကြောင်းလိုင်း (MAI - Myanmar Airways International) ၊ Singapore Airline ၊ Silk Air ၊ Tiger Air ၊ Jetstar စသည်ဖြင့် ရှိ၏။ ယခင်က Golden Myanmar Airline ပြေးဆွဲတာ တွေ့ရသော်လည်း ယခု မတွေ့တော့ပါ။ ထိုလေယာဉ်လိုင်းမှာ အလွန်ဈေးချိုလှသဖြင့် ကျွန်တော်ပင် သုံးလေးခါလောက် ၀ယ်ဖူးပါသည်။  လက်မှတ်ခများမှာမူ ပုံသေမဟုတ်ဘဲ အမြဲ ပြောင်းလဲနေ၏။ နှစ်ကူးရုံးပိတ်ရက်၊ တရုတ် နှစ်ကူးရက်များဆိုလျှင် သာမန်အချိန်များထက် နှစ်ဆကျော် ပိုပေးရသည်။ တနင်္လာ၊ အင်္ဂါ စသည့်ရက်များနှင့် စနေ၊ တနင်္ဂနွေ တောင် ဈေးမတူပါ။
ယခု ၂၀၁၅၊ ဇွန်လတွင် ရန်ကုန် - စင်ကာပူ တစ်ကြောင်းသွားခရီးစဉ်အတွက် MAI လက်မှတ်ခမှာ အမေရိကန်ဒေါ်လာ ၃၀၀ ကျော်ခန့် ရှိ၏။ အသွားအပြန်လက်မှတ်မှာမူ အမေရိကန်ဒေါ်လာ ၄၄၀ ခန့် ဖြစ်ပါသည်။ မြန်မာပြည်မှ စင်ကာပူသို့ အသွားအပြန် လက်မှတ်သည် စင်ကာပူမှ မြန်မာသို့ အသွားအပြန်လက်မှတ်ထက် ပိုဈေးကြီး၏။
         Silk Air နှင့် MAI တို့သည်ဈေးများပြီး TigerAir နှင့် Jetstar က ပိုသက်သာသည်။ (JPEG ပုံတွင်ကြည့်ပါ။)

လေကြောင်းလိုင်း
ခရီးစဉ်အမှတ်
ရန်ကုန်မှ
စင်ကာပူသို့
ပြေးဆွဲသောနေ့များ
MAI
8m231
08:25
12:50
Daily
8m233
14:40
19:05
Fri, Sat, Sun
Silk Air
MI510
17:30
22:05
Daily
MI533
13:45
20:50
Tue, Sat Via Mdy
Sing. Airline
SQ997
10:35
15:10
Daily
Jetstar
3K582
11:15
15:45
Daily
3K584
19:15
23:45
Tue, Wed, Fri
Tiger Air
TR2823
09:45
14:25
Daily

လေကြောင်းလိုင်း
ခရီးစဉ်အမှတ်
စင်ကာပူမှ
ရန်ကုန်သို့
ပြေးဆွဲသောနေ့များ
MAI
8m232
13:50
15:15
Daily
8m234
20:15
21:40
Fri, Sat, Sun
Silk Air
MI518
15:15
16:40
Daily
MI533
11:35
12:55
Tue, Sat Via Mdy
Sing. Airline
SQ998
07:55
09:20
Daily
Jetstar
3K581
08:55
10:25
Daily
3K583
17:05
18:35
Tue, Wed, Fri
Tiger Air
TR2822
07:20
08:45
Daily

ရန်ကုန် - စင်ကာပူ လေယာဉ်ပျံသန်းချိန်မှာ ၂ နာရီ မိနစ် ၄၀ ခန့်  ဖြစ်ပါသည်။ သို့အတွက် ရန်ကုန်မှ ၂ နာရီ ၁၅ မိနစ် ထွက်လျှင် စင်ကာပူသို့ ညနေ ၅ နာရီတွင် ဆိုက်ရမည်ဖြစ်၏။ သို့သော် မြန်မာပြည်နှင့် စင်ကာပူ ဒေသစံတော်ချိန် ကွာခြားချက်မှာ ၁ နာရီခွဲ ဖြစ်သဖြင့် ၅ နာရီကို ၁ နာရီခွဲ ထည့်ပေါင်းလိုက်သဖြင့် ညနေ ၆ နာရီခွဲတွင် စင်ကာပူသို့ ဆိုက်သည် ဖြစ်သွားခြင်း ဖြစ်ပါသည်။
သို့သော် စင်ကာပူမှ ရန်ကုန်သို့လာလျှင်မူ ၁ နာရီခွဲစောသဖြင့် စင်ကာပူမှ ညနေ ၅း၀၅ နာရီထွက်သော လေယာဉ်သည် ရန်ကုန်သို့ ညနေ ၆း၃၅ တွင် ရောက်သည်။
လေယာဉ်လက်မှတ်များကို သက်ဆိုင်ရာ လေကြောင်းလိုင်း၏ website များမှ on-line ၀ယ်ယူနိုင်ပါသည်။ လေကြောင်း လိုင်း website address များမှာ -
MAI:                                http://maiair.com/
SilkAir:                            http://www.silkair.com/
Singapore Airline:        http://www.singaporeair.com/
Jetstar:                     http://www.jetstar.com/sg/en/home
Tiger Air:                       http://www.tigerair.com/sg/en/

အွန်လိုင်းမှ ငွေပေးချေရာတွင် Credit Card/ Debit Card များဖြင့် ပေးချေ၍ ရ၏။ စင်ကာပူမှရန်ကုန်သို့ အသွားအပြန် လေယာဉ်လက်မှတ်ကို အွန်လိုင်းမှ ငွေပေးချေခြင်းအတွက် စင်ကာပူဒေါ်လာ ၁၈.၀၀ ကို ၀န်ဆောင်ခအဖြစ်ယူပါသည်။ ရန်ကုန်- စင်ကာပူလက်မှတ်အတွက်မူ အမေဒေါ်လာနှင့်တောင်းခံပြီး ထို ၁၈ ကျပ်လည်း ပေးစရာမလိုပါ။
လေယာဉ်လက်မှတ်ကို အွန်လိုင်းမှဝယ်ပြီး SAM စက်များတွင် ငွေပေးချေလျှင် ထို ၁၈ ကျပ် ပေးစရာမလိုပါ။
SilkAir, Singapore Airline, MAI လက်မှတ်တို့တွင် လက်ဆွဲတန်ဆာမပါ ကီလို ၂၀ သယ်ခွင့်ရှိပြီး Business Class လက်မှတ်များအတွက်မူ ကီလို ၃၀ သယ်ခွင့် ရှိပါသည်။ လူနှင့်အတူ သယ်၍ရသော hand carry luggage မှာမူ ၇ ကီလိုထိ သယ်၍ရပါသည်။
သို့သော် Jetstar နှင့် TigerAir လက်မှတ်များမှာ လက်ဆွဲတန်ဆာ ၁၀ ကီလိုသာ သယ်ခွင့်ရှိပြီး luggage အတွက် သီးသန့်ဝယ်ရပါသည်။ ၂၅ ကီလိုလျှင် စင်ကာပူဒေါ်လာ ၂၅ ခန့်ပေးရ၏။ ထို့ပြင် SilkAir, Singapore Airline, MAI တို့က နေ့လည်စာ/ညစာ ကျွေးပြီး Jetstar နှင့် TigerAir တို့က မည်သည့်အစားအသောက်မှ မကျွေးပါ။ လေယာဉ်ပေါ်တွင် ၀ယ်စား နိုင်သော်လည်း အလွန်ဈေးကြီးပါသည်။ ရေဘူးအသေးတစ်ဘူး၊ အအေးတစ်ခွက်ကို ၄ ဒေါ်လာ၊ ကြက်ဆီထမင်းတစ်ပွဲကို ၁၂ ဒေါ်လာ ပေးရပါသည်။

၂။  လေယာဉ်ပေါ်သို့ သယ်ဆောင်ခွင့်မပြုသော ပစ္စည်းများ

လုံခြုံရေးအတွက် အန္တရာယ်ပြုနိုင်သည်ဟု ယူဆနိုင်သော အောက်ပါပစ္စည်းများ ကို လေယာဉ်ပေါ် သယ်ခွင့်မပြုပါ။

Ø မီးလောင်စေတတ်သော၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ
Ø မီးလောင်လွယ်သော အရည်၊ အစိုင်အခဲများ (လောင်စာဆီ၊ သုတ်ဆေးများ၊ လျှပ်စစ်ဖြင့် မီးညှိသည့် ကိရိယာ စသည်)
Ø အိမ်သန့်ရှင်းရေး ပစ္စည်းများဖြစ်သော ဆပ်ပြာမှုန့်၊ ရေမြောင်းဆေးရည်၊ ပိုးသတ်ဆေး စသည်
Ø ဖိအားဖြင့်ထည့်ထားသော ဓာတ်ငွေ့၊ ဓာတ်ငွေ့ရည်များ (ဥပမာ-ဖြန်းဆေးရည် ဘူးများ၊ ကာဘွန်ဒိုင်အောက်ဆိုဒ်ဘူးများ စသည်)
Ø လက်နက်များ (ဥပမာ - မျက်ရည်ယိုဗုံး၊ သေနတ်၊ ဗုံး၊ ယမ်းမှုန့်၊ ကျည်ဆံ စသည်)
Ø အခြား အန္တရာယ်ရှိသော ပစ္စည်းများ (ဥပမာ - ရေခဲခြောက်၊ အဆိပ်၊ ဘက်ထရီအိုး၊ ရေဒီယိုသတ္တိကြွ ပစ္စည်းများ စသည်)
Ø မည်သည့်အရွယ်အစား၊ အရှည်မဆို ဓားမှန်လျှင် မည်သည့်ဓားမှ သယ်ခွင့်မပြု၊ ကတ်ကြေး၊ သတ္တဖြင့်ပြုလုပ်ထားသော ချွန်ထက်သော ပစ္စည်းများ (ကျောင်းသားသုံး ထောက်စူးပင် သယ်ခွင့်မပြုပါ။)

၃။ အထုပ်အပိုးများ ပြင်ဆင်ခြင်း

စင်ကာပူတွင် ခြင်မကိုက်သဖြင့် ခြင်ထောင်များယူလာရန် မလိုပါ။ ယေဘူယျအားဖြင့် အိပ်ရာခန်းနားနှင့် ပတ်သက်၍ ဘာမှ ယူခဲ့စရာမလိုပါ။ လိုအပ်သော အ၀တ်အစား အနည်းငယ်၊ အသုံးအဆောင်ပစ္စည်း အနည်းငယ်ဆိုလျှင် လုံလောက်ပါသည်။ တန်ဘိုးကြီးသော ပစ္စည်း၊ ပိုက်ဆံ၊ ရွှေထည်၊ ငွေထည်၊ ကျောက်သံပတ္တမြား၊ ဆေးဝါးများ၊ ပတ်စ်ပို့ နှင့် အရေးကြီးသော စာရွက်စာတမ်းများကို Luggage ထဲမထည့်ဘဲ မိမိနှင့်တပါတည်းသယ်မည့် လက်ဆွဲအိတ်အတွင်း ပစ္စည်းများ မထည့်မီ ကတည်းက သပ်သပ်ခွဲထားကာ ထည့်ထားသင့်ပါသည်။ သို့မဟုတ်ပါက လူဝင်မှုကြီးကြပ်ရေးကို ဖြတ်သောအခါ လိုအပ်သော စာရွက်စာတမ်းများ ထုတ်ပြရာတွင် အခက်အခဲ တွေ့တတ်ပါသည်။ အားလုံးထုပ်ပိုးပြီးသောအခါ အထုပ်ကို သော့ခတ်ရန် မမေ့ပါနှင့်။ မိမိအထုပ်အပိုးများပေါ်တွင် မိမိနာမည်၊ လိပ်စာ၊ ဆက်သွယ်ရန် ဖုံးနံပါတ်တို့ ရေးထားပါ။ သို့မှသာ လေဆိပ်မှအထွက် အထုပ်ချင်းမှားလျှင် အလွယ်တကူ ဆက်သွယ်နိုင်မည် ဖြစ်၏။
ပတ်စ်ပို့စာအုပ်၊ ခေါ်စာများ၊ မှတ်ပုံတင်၊ အလုပ်လုပ်ရန် သွားသူများအတွက် IPA letter ၊ လေယာဉ်လက်မှတ် စသည်တို့ကို အလွယ်တကူ ထုတ်ယူနိုင်ရန် မိမိလက်ကိုင်အိတ်အတွင်း ထည့်ထားပါ။ ထို့ပြင် မျက်မှန်၊ ဘောပင်၊ ဖောင်တိန် တို့ကိုပါ ဆောင်ထားသင့်ပါသည်။ လေယာဉ်ပေါ်တွင် White Card ဖြည့်ရန် ဖြစ်၏။
အားလုံးထုပ်ပိုးပြီးလျှင် အလေးချိန် ချိန်ကြည့်သင့်ပါသည်။ သိပ်များနေပါက ၀န်ပိုကြေး ပေးရပါလိမ့်မည်။
မိမိနှင့်အတူ သယ်နိုင်သော လက်ဆွဲအိတ် (Hand Carry) အရွယ်အစားမှာ အကြီးဆုံးအရွယ် အလျား၊ အနံ၊ အမြင့် ၅၆ x ၃၆ x ၂၃ စင်တီမီတာ ဖြစ်၏။ အလေးချိန်အားဖြင့် ၇ ကီလို (၄ ပိဿာခွဲ) ဖြစ်ပါသည်။ Jetstar တွင်မူ ၁၀ ကီလိုထိ သယ်ခွင့်ပြု၏။ ထို hand carry အပြင် အမျိုးသမီး လက်ကိုင်အိတ်၊ အပေါ်အင်္ကျီ၊ ခြုံစောင်၊ ဖတ်စရာ စာတစ်အုပ်နှစ်အုပ်၊ ထီး သို့မဟုတ် လမ်းလျှောက်တုတ်ကောက်၊ ကင်မရာအသေး သို့မဟုတ် မှန်ပြောင်း စသည်တို့ပါ ယူဆောင်နိုင်ပါသေးသည်။ လက်ဆွဲ တန်ဆာအတွင်းတွင် ကလေးကစားစရာသေနတ်များ၊ ရေဗူး၊ ရေမွှေး၊ ခေါင်းလျှော်ရည် စသည့်အရည်များ သယ်ခွင့်မပြုပါ။
လေဆိပ်ထဲတွင် ပစ္စည်းချိန်ရန်ကတ္တားများ ထားရှိပေးပါသည်။ ကောင်းသည်မှာ check in မ၀င်မီ ဦးစွာ မိမိပစ္စည်းကို မိမိဘာသာ ချိန်ကြည့်သင့်ပါသည်။ အလေးချိန်ပိုနေပါက လျှော့သင့်တာလျှော့ခဲ့ရပါမည်။ အဘယ်ကြောင့် ဆိုသော် အပိုကြေး ပေးရသည်မှာ ဈေးများပါသည်။ အပိုကြေးမှာ တစ်ကီလို (၆၂ ကျပ်သား) လျှင် စင်ကာပူဒေါ်လာ ၁၁ ဒေါ်လာ ရှိသော ကြောင့်ပါတည်း။ တစ်ခါတစ်ရံ ထိုပေးလိုက်ရသော အပိုကြေးမှာ ပစ္စည်းတန်ဘိုးထက်ပင် ပိုများနေတတ်ပါသည်။

၎။ လေယာဉ်ကွင်း ၀င်ခြင်း နှင့် Check-in လုပ်ခြင်း

ခရီးထွက်ခွာမည့်သူသည် ပတ်စ်ပို့နှင့် လေယာဉ်လက်မှတ်ကို အဆင်သင့် ဆောင်ထားရပါမည်။ လေယာဉ်ကွင်း အတွင်းဝင်လျှင် ထို ပတ်စ်ပို့နှင့် လေယာဉ်လက်မှတ်ကို ပြရန်လို၏။ အားလုံးအဆင်သင့်ဖြစ်သည်နှင့် မင်္ဂလာဒုံ အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ထွက်ခွာနိုင်ပါပြီ။
လေယာဉ်လက်မှတ် ယူပြီးကတည်းက လက်မှတ်ပေါ်တွင် Check-in အချိန်ကို တစ်ပါတည်း ရေးလည်းရေး ပါးစပ်နှင့်လည်း ပြောလိုက်ပါလိမ့်မည်။ ထိုအချိန်ကို မမေ့သင့်ပါ။ သို့မဟုတ်ပါကလည်း Check-in အချိန်သည် လေယာဉ် ထွက်မည့် အချိန်ထက် နှစ်နာရီစောသည်ဟု အလွယ်မှတ်ထားလျှင်လည်း ရပါသည်။ သို့ဖြစ်လေရာ နံနက် ၁၀ နာရီ ထွက်ခွာမည့် လေယာဉ်အတွက် နံနက် ၈ နာရီတွင် Check-in လုပ်မည် ဖြစ်သည့်အတွက် အိမ်မှ နံနက် ၇ နာရီလောက်တွင်  ထွက်ခွာသင့် ပါသည်။
Check-in လုပ်သည်ဆိုခြင်းမှာ မိမိသယ်ဆောင်လာသော အထုပ်အပိုးများကို ချိန်တွယ်ပြီး အထုပ်များကို နံပါတ်ကပ်ကာ မိမိကိုလည်း လက်ခံတစ်ရွက်ပေးခြင်း၊ ပတ်စ်ပို့နှင့် လေယာဉ်လက်မှတ်ကို တိုက်ဆိုင်ကြည့်ကာ လေယာဉ်စီးလက်မှတ် ထုတ်ပေးခြင်း စသည်တို့ကို ခေါ်ပါသည်။ Check-in လုပ်ခြင်းကို လေယာဉ်ထွက်ခွာမည့် အချိန်ထက် မိနစ် ၄၀ စော၍ ပိတ်ပါသည်။ သို့အတွက် စောစောသွား၍ Check-in လုပ်သင့်ပါသည်။ မိမိအထုပ်အတွက်ပေးသော အထုပ်ရွေးလက်မှတ် (Baggage Claim Receipt) ကို သေသေချာချာ သိမ်းထားပါ။ မိမိ အထုပ်ရွေးရာ၌ အသုံးတည့်နိုင်ပါသည်။
Check-in လုပ်ပြီးသည်နှင့် လေဆိပ်ထဲ တန်းဝင်ရပါတော့သည်။ ဤတွင် မိမိနှင့် အတူပါလာသော လက်ဆွဲ အထုပ်အပိုးများကို X-Ray ဖြတ်ပြီး စစ်ဆေးပါသည်။ အထုပ် များ စစ်ပြီးသောအခါ နောက်တစ်ဆင့် အနေနှင့် မိမိခန္ဓာကိုယ်ကို စစ်ဆေးပါသည်။ ဤသို့ စစ်သည့်အခါ မိမိတွင် ပါလာသော လက်ကိုင်ဖုံး၊ သော့တွဲ၊ သတ္တုဖောင်တိန်၊ ပိုက်ဆံအိတ် စသည်တို့ကို ထုတ်ပြီး ဗန်းကလေးအတွင်း ထည့်ပေးထားရပါသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေး (Immigration) ကို ဖြတ်ရပါသည်။ လူဝင်မှု ကြီးကြပ်ရေးတွင် Check-in လုပ်စဉ်ကပေးလိုက်သောပုံစံကို ဖြည့်ပြီးပေးရ၏။



အားလုံးပြီးလျှင် လေဆိပ်အတွင်း စောင့်ဆိုင်းခန်းမ၌ လေယာဉ်ပေါ်တက်ရမည့် အချိန်ကို နားနားနေနေ စောင့်ဆိုင်း နေပါ။ အပေါ့အလေးသွားလိုလျှင် သွားနိုင်ပါသည်။ ရေဆာလျှင် သောက်လို့ရအောင် အဆင်သင့်ယူလာသည့် ရေဘူးအလွတ် ထဲသို့ ရေဖြည့်ပါ။ ထို့နောက် လေယာဉ်ပေါ်တက်ရန် ကြေငြာသောအခါ မိမိပတ်စ်ပို့၊ လေယာဉ်လက်မှတ် စသည်တို့ကို အဆင်သင့်ကိုင်ဆောင်ကာ လေယာဉ်ပေါ် တက်ရပါသည်။
လေယာဉ်ထွက်ခွာမည့် အချိန်ထက် မိနစ် ၂၀ စောပြီး ၀င်ပေါက်ပိတ်ရာ လေယာဉ်ပေါ်သို့ စောစီးစွာတက်ထားလျှင် ပိုကောင်းပါသည်။ နောက်ကျမှတက်လျှင် လေယာဉ်ပေါ်ရှိ အထုပ်များထားရာနေရာ (overhead apartment) ၌ အခြားသူများ၏ အထုပ်အပိုးများနှင့်ပြည့်နေသောကြောင့် မိမိထိုင်ခုံနေရာတွင် မိမိအထုပ် ထားစရာနေရာမရှိ ဖြစ်တတ်ပါသည်။ ထိုအခါ လေယာဉ် မောင်/မယ်များက မိမိအထုပ်ကို အခြားလွတ်သော နေရာတစ်နေရာသို့ သွားထားပါလိမ့်မည်။ သို့အတွက် ပြန်ဆင်းသောအခါ အထုပ်ပြန်ယူရန် အဆင်မပြေ ဖြစ်တတ်၏။
မိမိအထုပ်အပိုးများကို ခေါင်းပေါ်ရှိ အထုပ်ထားသော စင်အတွင်း ထည့်ထားပါ။ မိမိ လက်ကိုင်အိတ်များကိုမူ မိမိကိုယ်နှင့် မကွာဆောင်ထားနိုင်ပါသည်။ သို့သော် ခြေချရာနေရာတွင် မည်သည့် အထုပ်အပိုးမျှ မထားရပါ။ ထားလိုလျှင် ထိုင်ခုံအောက်သို့ သွင်းထားရပါမည်။ လေယာဉ်ပေါ်ရောက်ပြီး သိပ်မကြာမီ လေယာဉ်ထွက်ပါသည်။

။ လေယာဉ်စီးခြင်း

စီးနေကျသူများအဖို့ ဘာမှမထူးဆန်းသော်လည်း ယခုမှ လေယာဉ်စီးဖူးသူများ အဖို့တော့ အတွေ့အကြုံသစ် ဖြစ်၏။ လေယာဉ်ပေါ်ရောက်သည်နှင့် အရေးပေါ်ထွက်ပေါက်ရှိရာများကို လေ့လာထားပါ။ လေယာဉ်တွင် ဦးပိုင်း၌ ဘယ်၊ ညာ ထွက်ပေါက်နှစ်ခု၊ အလယ်ပိုင်း၌ ဘယ်၊ ညာ ထွက်ပေါက် နှစ်ခု၊ ပဲ့ပိုင်း၌ ဘယ်၊ ညာ ထွက်ပေါက်နှစ်ခု စုစုပေါင်း အရေးပေါ် ထွက်ပေါက် ၆ ခု ရှိပါသည်။ ထိုထွက်ပေါက်များတွင် မီးအစိမ်းနှင့် EXIT ဟု ရေးထား၏။
လေယာဉ်ကြီး မြေပြင်ပေါ်မှ လေထဲသို့ ပျံတက်ချိန်ကို Take off condition ဟု ခေါ်ပါသည်။ လေယာဉ်ကြီး ဝေဟင် မှ မြေပြင်သို့ ပြန်လည် ဆင်းသက်ခြင်းကိုမူ Landing ဟု ခေါ်၏။ ထို Take-off နှင့် Landing အချိန်များတွင် -

Ø ထိုင်ခုံ ခါးပတ်များ (Seat Belts) ကို ပတ်ထားပါ။
Ø Hand Phone, Radio, Cassette, CD Player, Laptop, Video Camera စသော အီလက်ထရောနစ် ပစ္စည်းများ (electronic devices) ကို ပိတ်ထား (switch off) ပါ။
Ø ဟိုဟိုသည်သည် လျှောက်မသွားရ။ မိမိနေရာတွင်ပင် ထိုင်နေရပါမည်။
Ø ပြတင်းတံခါးများကို တင်ထားပါ။

ကလေးပါလာသူများအတွက် ထိုင်ခုံနေရာကို လေယာဉ်၏ ရှေ့ဆုံးတန်းခုံများကို ရွေးချယ်ပေးလေ့ ရှိ၏။ ထိုရှေ့ဆုံး ခုံတန်းတွင် ကလေးများအိပ်ရန် အိပ်စင် ပါပါသည်။ လေယာဉ်တက်ချိန်၊ ဆင်းချိန်များတွင် လေထုဖိအား ပြောင်းလဲမှုကြောင့် နားအတွင်း နားစည်များကို မထိခိုက်စေရန် ကလေးပါလာသူများ ကလေးငယ်များ၏နားကို နားကြပ် သို့မဟုတ် ဂွမ်းဖြင့် ဆို့ထား ပေးသင့်ပါသည်။
လေယာဉ်ကြီး လေထဲသို့ လုံးဝရောက်သွားချိန်တွင် Silk Air လေယာဉ်များ၌ စင်ကာပူထုတ် Straits Times သတင်းစာ နှင့် Todays သတင်းစာများ ဝေငှပါသည်။ ဖတ်ပင်မဖတ်တတ်သော်ငြား လူအထင်ကြီးစေရန် တစ်စောင်ယူပြီး ဟိုလှန်သည်လှန် လှန်နေလိုက်ပါ။ (စာရေးရတာ ပျင်းလာလို့ အသောလေးထည့်တာပါဗျာ။ တကယ်လုပ်ရင်လည်း အကျိုးမယုတ်ပါဘူးနော။)
အအေးကြောက်သူများ ခြုံစောင်များတောင်းယူနိုင်ပါသည်။ ထို့နောက်တွင် White Card  များ ဝေငှခြင်း၊ (Silk Air နှင့် MAI လေယာဉ်များတွင်) ရေနှင့် လိမ္မော်ရည် စသော အအေးများဝေငှခြင်းများ စတင်ပြုလုပ်ပါသည်။ ပြတင်းတံခါးများကိုလည်း မ,တင်ကာ ဖွင့်လှစ်နိုင်ပြီ ဖြစ်ပါသည်။ သီချင်းနားထောင်လိုသူများ နားထောင်လို့ ရပါပြီ။ နောက်အစီအစဉ်တစ်ခုမှာ အစားအသောက် ကျွေးမွေးခြင်း ဖြစ်၏။ MAI နှင့် Silk Air လေယာဉ်ပေါ်တွင် ကျွေးမွေးသော အစားအသောက်များမှာ ပိုက်ဆံ ပေးစရာမလိုပါ။ အခမဲ့ ဖြစ်ပါသည်။ လိမ္မော်ရည်၊ လဖက်ရည်၊ ကော်ဖီ တို့အပြင် ထမင်း၊ ထမင်းကြော် စသည်တို့ ကျွေးပါသည်။ ယမကာအနေနှင့် ဘီယာကြိုက်သူများ ဘီယာသောက်နိုင် ပါသည်။ ၀ိုင်လည်း မှာ၍ရ၏။

၆။ White Card (Disembarkation/Embarkation Form) ဖြည့်ခြင်း

White Card သည်လည်း အရေးကြီးသော စာရွက်စာတမ်း တစ်ခုဖြစ်၏။ White Card ကို မိမိပတ်စ်ပို့အတွင်း ထည့်ထားပြီး မပျောက်ပျက်ရလေအောင် ဂရုတစိုက် သိမ်းဆည်းထားပါ။ Work Permit သို့မဟုတ် S Pass ထုတ်သည့် အခါတွင်သော် လည်းကောင်း၊ အလည်လာသူများအဖို့ စင်ကာပူနိုင်ငံမှ ပြန်လည်ထွက်ခွာချိန်တွင်လည်းကောင်း လူဝင်မှု ကြီးကြပ်ရေးသို့ ပြန်လည်အပ်နှံရန် လိုပါသည်။ အလည်လာသူများအဖို့ လူဝင်မှုကြီးကြပ်ရေး အရာရှိများက စစ်ဆေးလာလျှင် အချိန်မရွေး ထုတ်ပြနိုင်အောင် အမြဲ ဆောင်ထားရပါမည်။
ထို့ပြင် မိမိနှင့်အတူ စင်ကာပူဒေါ်လာ သုံးသောင်းကျော် သို့မဟုတ် ထို ပမာဏနှင့်ညီမျှသော နိုင်ငံခြားငွေ ပါလာပါက ပုံစံ NP 727/A/B/C တွင်ဖြည့်ကာ ဖော်ပြ (declare လုပ်) ရပါမည်။
စားသောက်ပြီးလျှင် White Card ဖြည့်ပါ။ တတ်သူအများအဖို့ မထောင်းတာသော်လည်း မဖြည့်တတ်သူများ ဘယ်က ဘယ်လို စကိုင်ရမှန်း မသိမဖြစ်ရလေအောင် ဤတွင် White Card ဖြည့်ပုံဖြည့်နည်း နမူနာကိုပါ ထည့်သွင်းဖော်ပြလိုက်ပါသည်။
စင်ကာပူသို့ ယခုမှ ပထမဆုံး စတင်လာသူများ၊ အလည်လာသူများ အနေနှင့်သာ White Card ဖြည့်ရန်လိုပြီး Work Pass, S Pass, EP, SPR, Long Term Pass စသည် ကိုင်ဆောင်ထားသူများအနေနှင့် ဖြည့်ရန်မလိုပါ။ ကလေးများအတွက်ပါ ဖြည့်ရန် လိုပါသည်။
White Card ဖြည့်ရာတွင် BLOCK LETTER (အင်္ဂလိပ်စာလုံးအကြီး) နှင့်သာ ဖြည့်ရပါမည်။ မှင် အနက်ဖြစ်စေ၊ အပြာ ဖြစ်စေသုံးပြီး ဖြည့်ပါ။ မှင်အနီ မသုံးရပါ။ ပေးထားသော အကွက်တစ်ကွက်တွင် အက္ခရာတစ်လုံးသာ ဖြည့်ရပါမည်။
White Card ၏ တစ်မျက်နှာထဲတွင်ပင် အပိုင်းသုံးပိုင်း ခွဲထားတာ တွေ့ရပါလိမ့်မည်။ ဤတွင် တစ်ပိုင်းချင်း ဖြည့်ပြထား ပါသည်။





၇။ စင်ကာပူလေယာဉ်ကွင်းသို့ ရောက်ရှိခြင်း နှင့် လူဝင်မှုကြီးကြပ်ရေးဂိတ်ကို ဖြတ်ကျော်ခြင်း

ရန်ကုန် မှ ၃ နာရီခန့် ပျံသန်းခဲ့ပြီးနောက် စင်ကာပူ ချန်ဂီလေဆိပ်သို့ ဆိုက်ရောက်ပါသည်။ လေယာဉ်ဆင်းချိန်တွင်လည်း တက်ချိန်မှာကဲ့သို့ပင် လက်ကိုင်ဖုံးများ၊ ကွန်ပြူတာများ၊ စီဒီပလေယာများကို ပိတ်ထားရပါမည်။ ပြတင်းတံခါးများကို တင်ထားကာ ခါးပတ်များကို ပတ်ထားလျှက် ဟိုဟိုသည်သည် လျှောက်မသွားဘဲ မိမိနေရာတွင်ပင် ထိုင်နေရပါမည်။ လေယာဉ် လုံးဝ ရပ်သွားပြီဆိုမှ မိမိအထုပ်အပိုးများကို ခေါင်းပေါ်ထပ်ခိုး အခန်းထဲမှ ထုတ်ယူရပါမည်။ ထပ်ခိုးအဖုံးကို ဖွင့်သောအခါ အထဲမှ အထုပ်များ ထွက်ကျလာတတ်သဖြင့် သတိနှင့်ဖွင့်ပါ။
ထို့နောက်တော့ အများနှင့်အတူ မျှော့လိုဏ် ချယ်နယ်အတွင်းမှဖြတ်ကာ ချန်ဂီလေဆိပ်အတွင်း ၀င်ပါ။ သိပ်မခဲယဉ်းပါ။ Arrival ဟု ရေးထားသော လမ်းကြောင်းအတိုင်း လိုက်သွားလိုက်ရုံသာ ဖြစ်ပါသည်။ အထုပ်အပိုးများကို တွန်းလှည်းပေါ်တင်ခါ ရွေ့လျားခါးပတ်ပေါ်မှ သက်တောင့်သက်သာ သွားနိုင်ပါသည်။
စင်ကာပူ ချန်ဂီလေဆိပ်သည်ကား အလွန်ခရီးသွားများသော လေဆိပ်ဖြစ်၏။ ကမ္ဘာ့လေဆိပ်များအနက် တတိယ လိုက်သော လေဆိပ်ဖြစ်ပါသည်။ အနီးမှ စောင့်ကြည့်နေလျှင် နံနက်ပိုင်း၌ ထွက်ခွာရန် တန်းစီစောင့်ဆိုင်းနေသော လေယာဉ်ကြီး များကို အတန်းလိုက် မျက်စိတစ်ဆုံးတွေ့ရပါလိမ့်မည်။ ချန်ဂီလေဆိပ်မှ ခရီးသွားသူဦးရေမှာ တစ်နှစ်လျှင် ၂၄ သန်းမျှပင် ရှိ၏။
ထို့ပြင် ၀န်ဆောင်မှုမှာလည်း အလွန်မြန်ပါသည်။ လေယာဉ်ပေါ်မှထွက်လာပြီး လေဆိပ်မှထွက်ခွာသည်ထိ လ.၀.က ဖြတ်ခြင်း၊ ပစ္စည်းရွေးခြင်း၊ အကောက်ခွန်ဖြတ်ခြင်း စုစုပေါင်း နာရီဝက်ထက် ပိုမကြာပါ။
လေဆိပ်အတွင်းရောက်သည်နှင့် ပထမဆုံးဖြတ်ရမည်မှာ လ.၀.က (Immigration) ဖြစ်၏။ General Passport ဟု ရေးထားသော ကောင်တာတွင် တန်းစီပါ။ ပတ်စ်ပို့နှင့် White Card, IPA Letter, Work Permit, S Pass, PR Card စသည်တို့ကို အဆင်သင့်ထုတ်ထားပါ။ မိမိအလှည့်ရောက်လျှင် ထိုစာရွက်စာတမ်းများကို ထုတ်ပြီး လ.၀.က အရာရှိသို့ ပြပါ။
ယခုမှ အသစ်ရောက်လာသော Work Permit, S Pass စသည့်သူများမှာ မိမိဘာသာ ၀င်လို့မရ။ အလုပ်ရှင်ဘက်မှ တစ်ဦးဦးသည် IPA Letter မူရင်း၊ Security Deposit (Banker’s Guarantee) မူရင်း စသည်များကိုကိုင်ကာ မိမိ အလုပ်သမားများကို လေယာဉ်ကွင်းတွင် လာကြိုရပါသည်။  
Work Permit, S Pass, EP, SPR, Long Term Pass, Dependent Pass ကိုင်ဆောင်ထားသူများသည် Auto-Clearance မှ မိမိဘာသာဝင်သွားလို့ ရပါသည်။ ဘာမှ မခဲယဉ်းပါ။ ပတ်စ်ပို့မှ ဓာတ်ပုံပါသည့်စာမျက်နှာကို စက်ပေါ်တွင် scan လုပ်လိုက်ပါ။ ထို့ နောက် ရှေ့အနည်းငယ် ဆက်သွားပြီး စက်ပေါ်တွင် လက်မလက်ဗွေနှိပ်လိုက်ပါ။ တံခါးပွင့်လာလျှင် သွားလို့ ရပါပြီ။


Visit Pass နှင့်လာသူများသည် မိမိကိုဖိတ်ခေါ်ထားသော Sponsor Letter (Form V39A) ကိုပါ ပြရန်လိုပါသည်။ ထို့ပြင် စင်ကာပူနိုင်ငံအတွင်း ဆက်သွယ်နိုင်မည့် မိတ်ဆွေတစ်ဦးဦး၏ တယ်လီဖုံးနံပါတ်ကိုလည်း တောင်းတတ်ပါသည်။ (အပြင် မထွက်မီ) လေယာဉ်ကွင်းအတွင်းတွင် အခမဲ့ဆက်၍ရသော ဖုံးများရှိပါသည်။ လေယာဉ်ကွင်းရောက်ပြီဖြစ်ကြောင်း မိမိ မိတ်ဆွေ၊ သူငယ်ချင်းများသို့ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
လေဆိပ်အတွင်းတွင် အခွန်လွတ် (Duty Free) ဆိုင်များ ရှိပါသည်။ အပြင်ဆိုင်များထက် ဈေးသက်သာသည်ဆို၏။ အရက်မျိုးစုံ၊ ဆေးလိပ် နှင့် အမွှေးနံ့သာမျိုးစုံ၊ လက်ဆောင်ပစ္စည်း၊ စာအုပ်၊ အ၀တ်အစားများ၊ အီလက်ထရောနစ် ပစ္စည်းများ ရောင်းချပေးပါသည်။ သို့သော်လည်း အကန့်အသတ်တော့ ရှိ၏။ အခွန်လွတ်ဝယ်လို့ရသော အရေအတွက်မှာ ၀ိုင် - ၁ လီတာ၊ စပရစ် - ၁ လီတာ နှင့် ဘီယာ - ၁ လီတာ (သို့မဟုတ်) ၀ိုင် - ၂ လီတာ နှင့် သို့မဟုတ် ၀ိုင် ၁ လီတာနှင့် ဘီယာ - ၂ လီတာတို့ ဖြစ်၏။ လက်ဆောင်ပစ္စည်းများ ၀ယ်ရာတွင် စင်ကာပူမှ ၄၈ နာရီအတွင်း ပြန်လည်ထွက်ခွာသူများကို အများဆုံး စင်းဒေါ်လာ ၁၅၀ ဘိုးထိသာ ပေးပါသည်။ သို့သော်  စင်ကာပူ၌ ၄၈ နာရီထက်ပိုပြီး နေထိုင်သူဖြစ်ပါက အများဆုံး စင်းဒေါ်လာ ၆၀၀ ဘိုးထိ ၀ယ်ခွင့်ပြု၏။ ဆေးလိပ်၊ ဆေးရွက်ကြီးစသော ပစ္စည်းများကိုမူ အခွန်ဆောင်ပြီးသား ပစ္စည်းများသာ ၀ယ်ရမည်။ မိမိတွင်ပါလာသည့် စီးကရက်၊ ဆေးပေါ့လိပ် စသည်များကို ကြေငြာ (declare) ရမည်။
အခမဲ့သုံး၍ရသော အင်တာနက်ချိတ်ထားသည့် ကွန်ပြူတာများလည်းရှိရာ မိမိသိလိုသည့် အချက်အလက်များကို ချက်ချင်းရှာနိုင်ပါသည်။
လမ်းတစ်လျှောက် လေယာဉ် ၀င်ချိန်ထွက်ချိန်၊ သွားရမည့်နေရာ၊ ခရီးဆောင်အိတ်များ ရွေးရမည့် ခါးပတ်ပြားနံပါတ် စသည်တို့ကို ဖော်ပြပေးနေသည့် ကွန်ပြူတာ ဖန်သားပြင်များကို တွေ့ရပါလိမ့်မည်။ ထိုဖန်သားပြင်များကိုကြည့်ပြီး မိမိလာသော (Yangon) မှ လေယာဉ်စီး ခရီးသည်များသည် မည်သည့်ခါးပတ်နံပါတ်တွင် ပစ္စည်းရွေးရမည်ကို သိနိုင်ပါသည်။ ထိုခါးပတ် နားတွင်သွားပြီး မိမိအထုပ် ပေါ်လာသည်ထိ စောင့်ပါ။ အထုပ်အားလုံးမှာ ခပ်ဆင်ဆင်ဖြစ်သဖြင့် သူများပစ္စည်းနှင့် ကိုယ့်ပစ္စည်း မှားတတ်သဖြင့် အထူးသတိပြုပါ။
ပစ္စည်းများအားလုံး ရွေးယူပြီးသွားသည့်တိုင် မိမိအထုပ်ကို မတွေ့ရပါက အခြားသူတစ်ဦးဦး မိမိ၏အထုပ်ကို မှားယူ သွားပြီဖြစ်ကြောင်း သိနိုင်ပါသည်။ ထိုအခါတွင် လေဆိပ်အတွင်းရှိ Lost and Found ဌာနသို့ သွားရောက်ကာ ချက်ချင်း အကြောင်းကြားပါ။ မိမိ၏ ဆက်သွယ်ရမည့် နံပါတ်ကိုလည်း သေသေချာချာ ပေးခဲ့ပါ။
ပစ္စည်းများရွေးပြီးလျှင် လေဆိပ်အပြင်သို့ ထွက်လို့ရပါပြီ။ ဤသို့ထွက်ရာတွင် ဂိတ်ပေါက် နှစ်ခု ရှိ၏။ တစ်ခုမှာ အစိမ်းရောင် Green Channel ဖြစ်ပြီး နောက်တစ်ခုမှာ အနီရောင် Red Channel ဖြစ်၏။
အကောက်ခွန်သို့ ကြေငြာစရာ (Declare) ဘာပစ္စည်းမှ မပါသူများအဖို့ အစိမ်းရောင် အပေါက်မှ ထွက်ခဲ့လို့ရပါသည်။ သို့သော် အကောက်ခွန်ကြေငြာစရာ ကျောက်သံ ပတ္တမြား၊ စင်ကာပူဒေါ်လာ ၃သောင်းကျော် ပါလာသူများအဖို့ အနီရောင် လိုင်းကိုသွားကာ အကောက်ခွန်ဆိုင်ရာ ကိစ္စများဆောင်ရွက်ရပါမည်။
ထို့နောက်တွင်မတော့ စင်ကာပူနိုင်ငံအတွင်းသို့ ချောမောစွာ ၀င်ရောက်လာနိုင်ပါပြီ။ လာကြိုသူမိတ်ဆွေများနှင့်အတူ တက္ကစီဖြင့်ဖြစ်စေ၊ ဘတ်စ်ကားဖြင့်ဖြစ်စေ၊ ရထား (MRT) နှင့်ဖြစ်စေ မိမိလိုရာသို့ ခရီးဆက်နိုင်ပြီ ဖြစ်ပါသတည်း။

၈။ စင်ကာပူနိုင်ငံအတွင်းသို့ သယ်ဆောင်လာခွင့်မရှိသော ပစ္စည်းများ

v အခွန်ဆောင်မထားသော စီးကရက် နှင့် အရက်များ (SDNP – Singapore Duty Not Paid)
v ငုံဆေး၊ ဗမာဆေး
v ပီကေ
v သေနတ်ပုံစံ ဆေးလိပ်မီးညှိသည့် မီးခြစ်များ
v ကန့်သတ်ထားသော ဆေးဝါးများ*
v ရှားပါးတိရိစ္ဆာန်များ နှင့် ၎င်းတို့၏ ဘေးထွက်ပစ္စည်းများ (ဥပမာ - ဆတ်ချို၊ ကျားသားရေ၊ ဆင်စွယ် စသည်)
v မီးရှုး၊ မီးပန်းများ၊ ဗျောက်အိုးများ
v ညစ်ညမ်း စာအုပ်၊ ဗီဒီယို တိပ်ခွေ၊ စီဒီ၊ ဒီဗီဒီ နှင့် software များ
v မူပိုင်ခွင့်မှတ်ပုံတင်ထားသော စာအုပ်စာတမ်း၊ စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီ မိတ္တူများ
v အစိုးရတစ်ရပ်ကို ပုန်စားပုန်ကန်ပြုရေး အားပေးအားမြှောက်ပြုထားသော စာအုပ်စာတမ်း၊ ဟောပြောချက် စသည့် ပစ္စည်းများ
v ကစားစရာ အဖြစ်ပြုလုပ်ထားသော ကစားစရာပိုက်ဆံ နှင့် ငွေအကြွေများ

* ဗဟုသုတ အဖြစ်ပြောရလျှင် စင်ကာပူနိုင်ငံ အတွင်းသို့ တင်သွင်းရန်၊ စင်ကာပူနိုင်ငံအတွင်း ရောင်းဝယ်ဖောက်ကားရန်၊ တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ရန်၊ သုံးစွဲရန်၊ သိုလှောင်ရန် စင်ကာပူ မူးယစ်ဆေးဝါးအဖွဲ့မှ ကန့်သတ်ထားသော (အက်ဆီတုန်း၊ ဆာလဖျူရစ်အက်ဆစ်၊ ဟိုက်ဒြိုကလိုရစ်အက်ဆစ် ကဲ့သို့သော) ပစ္စည်း ၂၃ မျိုး ရှိ၏။ ထိုပစ္စည်းများကို သယ်ဆောင်၊ တင်သွင်း၊ တင်ပို့၊ သုံးစွဲ၊ ရောင်းဝယ်၊ သိုလှောင်ရန်အတွက် စင်ကာပူ မူးယစ်ဆေးဝါးအဖွဲ့မှ လိုင်စင်ယူရပါသည်။ ထိုပစ္စည်းများကို လိုင်စင်မရှိဘဲ တင်သွင်းရောင်းဝယ်ခြင်းပြုပါက အလွန်ကြီးလေးသော ဒဏ်ငွေနှင့် ထောင်ဒဏ်များ ချမှတ်နိုင် ပါသည်။
ထိုပစ္စည်းများအကြောင်းနှင့် လိုင်စင်များ၊ ဒဏ်ကြေးများအကြောင်း သိလိုပါက http://www.cnb.gov.sg တွင် လေ့လာ နိုင်ပါသည်။    
 အထက်ပါ ပစ္စည်းများသယ်လာရန် အကြောင်းပေါ်ပေါက်လာပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၏ ကင်းလွတ်ခွင့်၊ ခွင့်ပြုမိန့် စာရွက်စာတမ်းများ ယူဆောင်လာရပါမည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၃ ဇူလိုင်၊ ၂၀၁၅။ 

No comments: