Sunday, July 26, 2015

ကျွန်ုပ် ငိုရမလို ရီရမလို ဖြစ်ရခြင်း အကြောင်း

ကျွန်ုပ်မှာ အလုပ်ရှုပ်သည့်အတွက် တစ်ခါတစ်ခါ ကမ္ဘာလောကကြီးနှင့် အဆက်ပြတ်သွားတတ်၏။
ထိုအခါ အခြားသူများက “ဆိုက်ကားနင်းပြီး သူဌေးဖြစ်ကြံကြမည်” ဆိုတာ ဘာပြောပါလိမ့် နားမလည်သဖြင့် ဖေ့စ်ဘွတ်တစ်ခွင် ပြဲပြဲစင်အောင် မနည်းလိုက်ရှာရ။ နောက်မှ သူများတွေတင်ထားလို့ ကျွန်တော့်မိတ်ဆွေအရင်းဖြစ်သည့် ၅ နှစ်အတွင်း စင်ကာပူနှင့်တူအောင်လုပ်ဖို့ လက်ယားနေသူကြီးပြောမှန်း သိရ။

သည်ကနေ့လည်း ကိုနွယ်ဝင်းက ကျွန်ုပ်တို့ လခတွေတိုးတော့မည်ဟု သူ့အစ်မများက ရန်ကုန်က ၀မ်းသာအားရ လှမ်းဖုံးဆက်ကြောင်းပြောတော့ ကျွန်တော့်မှာ အူကြောင်ကြောင် ဖြစ်ရ။
နောက်မှ သူက အဲဒါ ကြေးမုံသတင်းစာထဲမှာပါတာ အစ်ကိုရ ဆိုတော့ ကမန်းကတန်း ၀မ်းသာအားရ ကြေးမုံသတင်းစာ ပြေးလှန်ပြီး ရီရတော့မလိုဖြစ်ရ။

နောက် MOM website ကိုဖွင့်၊ အပြေးအလွှားဖတ်ပြီး အကြောင်းစုံသိတော့မှ ငိုရတော့မလိုဖြစ်ပြန်ရ။

သြော် - ဘယ်သူကများ ဘာသာပြန်လိုက်လေတယ်မသိ။ အဲသဟာ နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာပါတဲ့ခင်ဗျာ။

နေဦးဗျာ။ နည်းနည်းလောက်ရှင်းပြပါရစေဦး။

ကျွန်တော် သိပ်မကြာသေးခင်က Dependant’s Pass နဲ့ Long Term Visit Pass အကြောင်း ရေးတင်ခဲ့ပါတယ်။ အဲဒီမှာ ဇနီးမယား၊ သမီးသားတွေအတွက် Dependent’s Pass လျှောက်ချင်ရင် အဲဒီလျှောက်ပေးမဲ့ S Pass သို့မဟုတ် EP holder သည် အနည်းဆုံး လခ ၄၀၀၀ ရ ရမယ်။ မိဘတွေအတွက် LTVP လျှောက်ပါက လခ အနည်းဆုံး ၈၀၀၀ ရ ရမယ်ဆိုတာ ရေးခဲ့ပါတယ်။

အဲဒါကို အခု ဟောသလို ပြောင်းလိုက်ပါတယ်။ ၁ စက်တင်ဘာ၊ ၂၀၁၅ ကစပြီး -

၁။ ဇနီးမယား၊ သမီးသားတွေအတွက် Dependent’s Pass လျှောက်ချင်ရင် အဲဒီလျှောက်ပေးမဲ့ S Pass သို့မဟုတ် EP holder သည် အနည်းဆုံး လခ ၅၀၀၀ ရ ရမယ်။

၂။ မိဘတွေအတွက် LTVP လျှောက်ပါက လခ အနည်းဆုံး ၁၀၀၀၀ ရ ရပါမယ်။ (သေပြီဆြာ)

၃။ လက်ရှိရထားတဲ့ Dependent’s Pass နဲ့ LTVP ရထားသူတွေအတွက် သူတို့ကိုစပွန်စာပေးတဲ့ (စပွန်စာဆိုတဲ့အသံကြားရင် ကြက်သီးထထသွားတယ်။ ရန်ကုန်က စပွန်စာဆိုတဲ့သူတွေအကြောင်း သွား သွားတွေးမိလို့) S Pass, EP တို့ဟာ သူတို့ကိုင်ထားတဲ့ S Pass, EP သက်တမ်းမကုန်သေးသရွေ့ ဆက်နေလို့၊ သက်တမ်းတိုးလို့ ရပါ၏။ သို့သော် အနှီ ကို S Pass, ကို EP တို့သည် အလုပ်ရှင်တစ်ဦးတည်း၌သာ ရှိနေရမည်။ ဟိုဟိုသည်သည်ခုန်ကူးလိုက်သည်နှင့် ထို Dependent’s Pass နဲ့ LTVP တို့ကို မူအသစ်နှင့် ထပ်လျှောက်ရမည်ဖြစ်၏။

MOM က GTH = Go to hell လို့ ကြေငြာလိုက်တာကို ကြေးမုံက GTH = Go to heaven လို့ ဘာသာပြန်လိုက်တယ်။ 
(ရန်ကုန်ပြန်ရောက်တော့မှ ကြေးမုံသတင်းစာတိုက်သွားပြီး ကျွန်ုပ်ကို ငို၍ရီ၍မရသောမျက်နှာ ဖြစ်အောင်လုပ်ခဲ့တဲ့ အယ်ဒီတာကို တတောင်နဲ့သွားထောင်းဦးမယ်။)


ဟောဒီမှာ ကြေးမုံ နဲ့ မူရင်း MOM ကြေငြာချက်စာ။



=================================================

ကျွန်တော် စိတ်ပေါက်ပေါက်နဲ့ရေးလိုက်တာ လူကြီးလူကောင်းမပီသဘူး။ အတော့်ကို မှားသွားတယ်။ အခု ကျွန်တော့်ပရိသတ် တစ်ယောက်က ထောက်ပြလာမှ သတိဝင်လာတယ်။ (ဦးမြင့်ဆွေတုံးက တစ်ခါဖြစ်ဖူးပြီ။ ဒါတောင်မမှတ်သေး။)
တကယ်ဆို နိုင်ငံပိုင်သတင်းစာကြီးကို ဝေဖန်ရာမှာ ပညာရှိဆန်ဆန် အချက်နဲ့အလက်နဲ့ သေသေချာချာ ပြောပြရမှာ။
အခုကတော့ အတော်လေးရိုင်းသွားတယ်။ အဲဒါကြောင့် ပထမ ပို့စ်ကို ပြန်ပြင်ရေးလိုက်ပါတယ်။
(အဲသလောက် ရိုင်းရိုင်းစိုင်းစိုင်း ရေးလိုက်မိတဲ့အတွက် ကြေးမုံသတင်းစာနဲ့ သက်ဆိုင်သူများကို အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ)
++++++++++++++++++++++++++++++++++

၂၄ ဇူလိုင်၊ ၂၀၁၅ ကြေးမုံသတင်းစာမှာ ၂၃ - ၇ - ၁၅ ရက်နေ့ကဖော်ပြထားတဲ့သတင်းကို အမှားပြင်ဆင်ချက် ပါလာပါတယ်။
ဒါပေမဲ့ အဲဒီမှာ ဖော်ပြထားတာတွေဟာလည်း လွဲချော်မှုတွေ ရှိနေပါသေးတယ်။

၁။ (နိုင်ငံခြားသား အလုပ်သမားများ) လို့ဖော်ပြထားတာ စာဖတ်သူတွေကို ရှုပ်ထွေးစေနိုင်ပါတယ်။ နိုင်ငံခြားသား အလုပ်သမားအားလုံးကို မဆိုလိုပါဘူး။ S Pass နဲ့ EP နှစ်မျိုးတည်းသာ ဖြစ်ပါတယ်။
၂။ (မြှင့်တင်ရန်လိုအပ်) ဆိုတာကို (လစာသတ်မှတ်ချက် မြှင့်တင်) လို့ဆိုမှ ပိုပြီး သင့်တော်ပါလိမ့်မယ်။
၃။ (လုပ်ခလစာနှုန်းထား သတ်မှတ်ချက်ကို ခံစားခွင့်ရှိရန် လိုအပ်မည်) လို့ရေးထားတာ စာဖတ်သူတွေအနေနဲ့ နားလည်ရခက်တာမို့ ပိုမိုချောမွေ့ပြေပြစ်တဲ့ စကားပြေနဲ့သာ ရေးသင့်ပါတယ်။
၎။ (စင်ကာပူဒေါ်လာ ၄၀၀၀ ခံစားခွင့်ရှိရာမှ) လို့ ဘာသာပြန်ထားတာကို (ယခင်ကသတ်မှတ်ချက်မှာ အနည်းဆုံး လခ ၄၀၀၀ ဖြစ်သည်) လို့ ရေးသင့်ပါတယ်။
၅။ (အကြံပြုလွှာတွင်ဖော်ပြ) ဆိုတာလည်း အကြံပြုလို့ မသုံးသင့်ပါဘူး။ အဲဒါဟာ ဥပဒေပါ။ - ဖော်ပြထားသည် လို့ရေးရင် လုံလောက်ပါတယ်။
၆။ (အလုပ်လုပ်ခွင့်ရရှိထားသူ နိုင်ငံခြားသား လုပ်သားများသည်) ဆိုတာကို အစပိုင်းမှာဖော်ပြပြီးပါပြီ။ (စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေသည့် S Pass နှင့် Employment Psss ကိုင်ဆောင်ထားသူများသည်) လို့သာ ဖြစ်သင့်ပါတယ်။

အကယ်၍ ထပ်မံသိရှိသေးလိုပါက (ကြေးမုံသတင်းထောက်များအပါအ၀င်) မည်သူမဆို ကျွန်တော့်ထံ လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။
အေးငြိမ်း
၂၄ ဇူလိုင်၊ ၂၀၁၅

No comments: