Thursday, July 16, 2015

မှောင်နေရင်လေ မီးထွန်းလိုက်

ကျွန်တော်ငယ်ငယ်တုံးက အလွန်အင်မတန်နှစ်သက်ခဲ့လို့ လူရှင်းတဲ့နေရာတွေမှာ အသံကုန်ဟစ်ဆိုခဲ့ဖူးတဲ့ သီချင်းတွေ ရှိခဲ့ဖူးပါတယ်။ အများစုကတော့ ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သီချင်းတွေပေါ့ဗျာ။ ဥပမာ ချစ်ကောင်း ရဲ့ “တချို့က ကံကောင်းတယ်” ((တချို့ကျတော့ သိပ်ကံကောင်း၊ ကိုယ့်ကျမှ သိပ်ခက်တယ်။ ကိုယ့်ကျမှ အမြဲတမ်းခက်နေပါလားဟေ့)) ကျွန်တော်ငယ်ငယ်က ဘ၀မှာ အင်မတန် ခက်ခဲခဲ့ပါတယ်။ အဲဒီအခါတွေမှာ စိတ်နာနာနဲ့ ချစ်ကောင်းရဲ့သီချင်းကို အသံကုန်ဟစ်ပစ်လိုက်တယ်။ ဘာပဲပြောပြော အဲသလို ဟစ်လိုက်တော့ ရင်ထဲမှာ ပေါ့သွားသလိုလို။

အဲဒီသီချင်းတွေထဲမှာ ကျွန်တော့်အသည်းစွဲ သီချင်းတချို့ကိုပြပါဆိုရင် ကျော်ဟိန်းရဲ့ စင်ပေါ်ကသီချင်းများ စီးရီးထဲက “စဉ်းစားကြ” နဲ့ “မင်းပေးတဲ့ရေတစ်ခွက်” သီချင်းတွေ ဖြစ်ပါတယ်။ နားထောင်ကြည့်ပါ။

စဉ်းစားကြ

မြစ်များအားလုံးပြီးဆုံးရာ လူတိုင်းသိခဲ့
ပင်လယ်ပြင်ကြီး . . . ပဲ
လူသားတိုင်းရဲ့အဆုံးသတ်ဟာ သေခြင်းတရားပဲ
ဒါတွေအားလုံး သိခဲ့ကြ
ခဏလေးလူ့ဘ၀ရခိုက် တန်ဘိုးရှိဘို့ ဘ၀ကိုတာဝန်ကျေဘို့လိုတယ်။

မှောင်နေရင်လေ မီးထွန်းလိုက်
နာကျင်သူကို ပြုစုလိုက်
ဆာလောင်သူကို ကိုယ့်အထဲက တစ်ဝက်ဝေမျှလိုက်
လူတွေစဉ်းစားကြ စဉ်းစားကြ လောကအတွက်
သင်ဟာ သမိုင်းကြောင်းကောင်းဘို့ တစ်ခုခုလုပ်ခဲ့သလား
လူတွေစဉ်းစားကြ စဉ်းစားကြ လောကအတွက်
သင်ဟာ သမိုင်းကြောင်းကောင်းဘို့ တစ်ခုခုလုပ်ခဲ့သလား . . . . .

လူသားတစ်ဦးရဲ့ ဒုက္ခတွေ အားလုံးနဲ့
တစ်ဆက်တည်းလို့ တွေးတတ်မှ
ဘာပဲလုပ်လုပ် လုပ်သမျှ ကိုယ့်အလုပ်ပေါ့
စိတ်ဓာတ်မြှင့်တင်ကြနိုင်မယ်။
ဒုက္ခသုက္ခတွေ့ကြုံ ခံစားတဲ့အခါ
အကုန်လုံး မျှခံစားကြလို့
ခဏလေးလူ့ဘ၀ရခိုက် တန်ဘိုးရှိဘို့ ပီပြင်အောင် လှုပ်ရှားခဲ့အုံး . . . .

(မှောင်နေရင်လေ မီးထွန်းလိုက်
နာကျင်သူကို ပြုစုလိုက်
ဆာလောင်သူကို ကိုယ့်အထဲက တစ်ဝက်ဝေမျှလိုက်
လူတွေစဉ်းစားကြ စဉ်းစားကြ လောကအတွက်
သင်ဟာ သမိုင်းကြောင်းကောင်းဘို့ တစ်ခုခုလုပ်ခဲ့သလား
လူတွေစဉ်းစားကြ စဉ်းစားကြ လောကအတွက်
သင်ဟာ သမိုင်းကြောင်းကောင်းဘို့ တစ်ခုခုလုပ်ခဲ့သလား)၂ ။       ။



မိတ်ဆွေများခင်ဗျား -

လူနဲ့တိရစာန်ကွာခြားချက်တွေထဲမှာ ပရဟိတလုပ်တာလည်း ပါပါတယ်။
လူ့ဘ၀ရလာတဲ့ခဏကလေးမှာ ငါ ငါ နဲ့ချည်း အချိန်ကုန်နေရတာ ပျင်းစရာကောင်းလှသဗျာ။
ကိုယ်နဲ့နီးစပ်ရာ ပတ်သက်ကြောင်းတွေကို နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်း တစ်ခုခုနဲ့ကူညီဘို့ လူတိုင်းမှာ တာဝန်ရှိပါ တယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် မွေးရာပါတာဝန်ပေါ့ဗျာ။

လူတွေကိုကူညီတဲ့အခါတိုင်း ကျွန်တော် အမြဲသတိရမိတာကတော့ ဘုရားအလောင်း မျောက်မင်းပါ။
ဒီဇာတ်တော်ကို မိတ်ဆွေတို့သိပြီးသားပါ။ နည်းနည်းလောက်ထပ်ပြောပြပါမယ်။

တစ်ခါက ဘုရားလောင်းမျောက်မင်းဟာ တောနက်ထဲမှာ တွင်းပျက်ကြီးတစ်ခုထဲကျနေတဲ့ လူတစ်ယောက်ကို တွေ့သတဲ့။ အဲဒီတော့ သူက အဲဒီလူကိုကယ်ဘို့ အကြံထုတ်တယ်။
အဲဒီလူရဲ့ ကိုယ်အလေးချိန်လောက်ရှိတဲ့ ကျောက်တုံးကြီးကို ကျောပေါ်ထမ်းပြီး တွင်းထဲကနေ ခုန်ကြည့်တယ်။
ဒီလူ့အလေးချိန်နဲ့ သူ တွင်းပေါ်ရောက်အောင် ခုန်နိုင်ပါ့မလား စမ်းကြည့်တာပေါ့။
အဲဒီအလေးချိန်နဲ့ သူခုန်တာ တွင်းပေါ်ရောက်တယ်ဆိုတာ သေချာမှ ဟိုလူကိုထမ်းပြီး တွင်းထဲကနေ ကယ်ထုတ်တယ်။
ကျောက်တုံးကို ထမ်းပြီး ခုန်ရတာရယ်။ လူကိုထမ်းပြီး ခုန်ရတာရယ်ကြောင့် ဟိုလူကိုထမ်းပြီး ခုန်ထွက်လို့ တွင်းပေါ်လည်း ရောက်ရော ပင်ပန်းလွန်းလို့ မောမောနဲ့ ဟိုလူ့ပေါင်ပေါ်ခေါင်းအုံးပြီး ခဏ မှေးနေသတဲ့။
လူဆိုတာ ကျေးစွပ်တတ်တဲ့ သဘာဝရှိတာမို့ ဟိုလူလည်း အိပ်နေတဲ့မျောက်ကြီးကိုကြည့်ပြီး အင်း၊ ဒီမျောက်ကြီးသတ်ပြီး အိမ်သယ်သွားရရင် မျောက်သားဟင်းနဲ့ စားရတော့မှာဘဲလို့တွေးပြီး မျောက်ကြီးရဲ့ခေါင်းကို ကျောက်တုံးနဲ့ ထုသတဲ့။
မျောက်ကြီးလည်း အလန့်တကြား ထခုန်တဲ့ပြီး သြော် - လောကမှာ ဒီလိုလူမျိုးလည်း ရှိသေးသကိုး လို့ တအံ့တသြ ကြည့်တယ်။

ဒါပေမဲ့ သူကယ်ထားတဲ့သူက သူ့ခေါင်းကို ကျောက်တုံးနဲ့ထုပြီး သေကြောင်းကြံတာတောင် စိတ်မနာနိုင်ဘဲ ခွင့်လွှတ်ပြီး ကိုင်း၊ မောင်ရင်၊ ငါ့ခေါင်းက ကျတဲ့သွေးစက်ကို ခြေရာခံလိုက်ခဲ့။ မင်းကိုငါ မင်းတို့ရွာအနား တောစပ်ရောက်တဲ့ထိ လိုက်ပို့မယ်ဆိုပြီး တောစပ်ရောက်အောင် လိုက်ပို့သတဲ့။

အဲဒီတော့ လူတွေကို အကူအညီပေးရာမှာ အဲဒါကို နှလုံးသွင်းထားဘို့လိုပါတယ်။ ဆိုလိုတာက သူ့ဆီက ဘာမှ ပြန်မမျှော်လင့်ဘဲနဲ့ ကိုယ်ကူညီသူက ကိုယ့်ကိုကျေးစွပ်ရင်တောင် ခွင့်လွှတ်လိုက်ပါလို့ သွန်သင်ထားတာပဲ။
(ဒါပေမဲ့ ကျုပ်ကိုသာ အဲသလိုကျေးစွပ်လို့ကတော့ တွင်းထဲပြန်ပစ်ချမိမှာ အမှန်ပေါ့ဗျာ။ ကျုပ်က သာမန်လူ၊ ဟိုက ဘုရားလောင်းကိုး။ ဟင်းဟင်း)

နာကျင်နေတဲ့သူကို ပြုစုလိုက်ပါ။
ဆာလောင်နေတဲ့သူကို ကိုယ်စားမဲ့အထဲက တစ်ဝက်လောက် မျှဝေလိုက်ပါ။
မှောင်နေရင် မီးထွန်းလိုက်ပါ။
(ပညာမရှိတဲ့အရပ်ဟာ မှောင်နေပါတယ်။ အဲဒီအရပ်မှာ ပညာတည်းဟူသော ဆီမီးတိုင် ထွန်းညှိပေးလိုက်ပါ။)

နောက်တစ်ပုဒ် -

မင်းပေးတဲ့ရေတစ်ခွက်

ပြင်းလွန်းတဲ့နေရောင်အောက် ခရီးဝေးကိုဖြတ်ခဲ့
မောပန်းသူလူတစ်ယောက် ပေးလိုက်ရေအေးတစ်ခွက်
လိုသူကိုပေးရတာ စိတ်ချမ်းမြေ့စရာ
စဉ်းစားကြည့်သူငယ်ချင်း
အဓိပ္ပာယ်ရှိတဲ့ရေတစ်ခွက် ရွေးချယ်ပေးလိုက်ပါ
မေတ္တာလွှမ်းတဲ့ ရေတစ်စက်ဟာ ဆေးဘက်ဝင်
မျက်နှာလိုက်တဲ့ ရေတစ်ခွက် ကျေးဇူးမတင်ပါ
ပိုနေသူလက်ထဲ လက်လွန်မရောက်စေချင်
ညအိပ်ယာဝင်တိုင်း တွေးကြည့်လိုက်
မင်းလုပ်ခဲ့တာ တစ်နေ့လုံး
သုံးသပ်ကြည့်လိုက်
ဘာတွေဘယ်လို မှားယွင်းနေခဲ့လဲ
မင်းပေးတဲ့ ရေတစ်ခွက်  . . . . .

အဓိပ္ပာယ်ရှိတဲ့ရေတစ်ခွက် ရွေးချယ်ပေးလိုက်ပါ
မေတ္တာလွှမ်းတဲ့ ရေတစ်စက်ဟာ ဆေးဘက်ဝင်
မျက်နှာလိုက်တဲ့ ရေတစ်ခွက် ကျေးဇူးမတင်ပါ
ပိုနေသူလက်ထဲ လက်လွန်မရောက်စေချင်
ညအိပ်ယာဝင်တိုင်း အသေအချာတွေး
မင်းလုပ်ခဲ့တာတစ်နေ့လုံး ပြန်စစ်ဆေး
ဘာတွေဘယ်လို မှားယွင်းနေခဲ့လဲ
မင်းပေးတဲ့ ရေတစ်ခွက် . . . . .

ကောင်းလိုက်တဲ့သီချင်းခင်ဗျာ။ ရေများရာ မိုးမရွာပါနဲ့။ ရေငတ်နေတဲ့သူတွေကို ရေတစ်ခွက်လောက် တိုက်လိုက်စမ်းပါ။
မေတ္တာပါတဲ့ရေတစ်စက်ဟာ အင်မတန်မှ ဆေးဘက်ဝင်ပါသတဲ့။

မိတ်ဆွေတို့ကိုလည်း -
ညအိပ်ယာဝင်တိုင်း ငါ ဒီနေ့ ဘာတွေလုပ်ခဲ့သလဲ ပြန်တွေးရင်း -
ပိုနေတဲ့သူတွေလက်ထဲကို ရေသန့်ဘူးတွေ အလဟဿရောက်မသွားစေဘဲ -
အဓိပ္ပာယ်ရှိတဲ့ရေတစ်ခွက်ဖြစ်အောင် ရွေးချယ်ကြပါလို့ -
တိုက်တွန်းရင်း -
အိပ်တော့မယ်ဗျာ။
ည နာရီပြန် တစ်ချက် ခွဲသွားပြီ -


ကျေးဇူးတင်ပါတယ်။

အေးငြိမ်း

၂၁ - ၆ - ၂၀၁၅။ ၀၁း၃၇ နာရီ

No comments: