Tuesday, September 20, 2016

ဖောင်ဝပ်နှင့် အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်း (၂)

(၇) ဖောင်ဝပ်ဆင်ခြင်း

ဤနေရာတွင် ကြိုဆင်ဖောင်ဝပ်အကြောင်း မဖော်ပြတော့ပါ။ အဘယ်ကြောင့်ဆိုသော် ကြိုဆင်ဖောင်ဝပ်များမှာ ကုမ္ပဏီကို လိုက်၍ အမျိုးအစားအမျိုးမျိုး ကွဲပြားသွားသလို ဆင်ပုံဆင်နည်းလည်း တစ်မျိုးနှင့်တစ်မျိုး မတူသောကြောင့် ဖြစ်ပါသည်။ ဤတွင်ဖော်ပြမည့် ဖောင်ဝပ်ဆင်နည်းမှာ သမားရိုးကျ ဖောင်ဝပ်များအတွက်သာ ဖြစ်ပါသည်။ သို့တိုင် သုံးသည့်ပစ္စည်းကို လိုက်၍ ဆင်ပုံဆင်နည်း ကွဲပြားနိုင်ပါသည်။ ယခု ယေဘူယျ လိုက်နာရမည့် စည်းမျဉ်းများကိုသာ ဖော်ပြထားပါသည်။

·       ဖောင်ဝပ်အခြေ (Jack base) များချမည့်နေရာကို အလျားလိုက် မျဉ်းကြောင်းဆွဲပါ။
·       ထိုမျဉ်းပေါ်တွင် ဖောင်ဝပ်အခြေနှင့်တကွ ငြမ်းစင်ဘောင်များထူပါ။
·       ချုပ်တန်း (cross bracing) များဖြင့် ချုပ်ပါ။ ချုပ်တန်းများထည့်ရာတွင် ပင်များ (safety pin) ကို သေချာစွာ ထည့်ပါ။ တစ်ခုမှ မကျန်ခဲ့ပါစေနှင့်။
·       ထိုအတိုင်း အဆုံးထိရောက်သည့်တိုင် ငြမ်းစင်ဘောင်များ ထူသွားပါ။
·       ထို့နောက် ကြမ်းပြင်မှ ၃၀၀ မီလီမီတာအမြင့်တွင် အခြေချုပ်တန်း (foot tie) ဖြင့် ချုပ်ပါ။
·       ပထမဆင့် အားလုံးပြီးသွားလျှင် ဒုတိယဆင့် ထပ်ထည့်ရန် ပထမဆင့် ငြမ်းစင်ဘောင်များပေါ်တွင် လူလျှောက်ရန် ငြမ်းစင်ပြား (scaffold planks) များ ခင်းပါ။ လူလျှောက်ရန်နေရာသည် အနည်းဆုံး ငြမ်းစင်ပြားနှစ်ပြား (၅၀၀ မီလီမီတာ) ရှိရမည်။
·       ဆက်တိုင် (joint pin) များသုံးပြီး ဒုတိယဆင့် ငြမ်းစင်ဘောင်များ ဆင်ပါ။
·       ဤနည်းဖြင့် မိမိအလိုရှိသည့် အမြင့်ရောက်သည်ထိ ဆက်ဆင်သွားပါ။
·       ဤအဆင့်တွင် ဘေး၌ကာမည့် အကာအရံလက်ရမ်းတန်းတိုင်များကိုပါ တပါတည်း တပ်ဆင်ပါ။
·       ငြမ်းစင်အားလုံး ဆင်ပြီးသွားလျှင် ထိပ်ဆုံး၌ ယူထိပ် (U head) များထည့်ပါ။
·       ထို့နောက် အပေါ်ဆုံးမှ ၃၀၀ မီလီမီတာ အကွာတွင် အပေါ်ချုပ်တန်း (horizontal bracing) ဖြင့် ချုပ်ပါ။
·       ထို့နောက် ထောင့်ဖြတ်ချုပ်တန်း (diagonal bracing) ကို လိုအပ်သလို ထည့်ပါ။
·       အထိန်း (tie back) များကို လိုအပ်သလို ထည့်ပါ။
·       ထို့နောက် ထုပ်တန်း (bearer) များ ဆင်ပါ။ ထုပ်တန်းများ ပြုတ်မကျစေရန် ယူထိပ်နှင့် သွပ်နန်းကြိုးများဖြင့် တုပ်ပါ။
·       ပြီးလျှင် အပေါ်သို့တက်ရန် လှေခါးဆင်ပါ။
·       ထို့နောက် အထပ်သားပြားများ တင်ပါ။ ခိုင်မြဲအောင် သံဖြင့်ရိုက်ပါ။
·       (အထပ်သားပြားများတင်သည့်အဆင့်သည် အမြင့်၌ တက် အလုပ်လုပ်ရသည့်အဆင့်ဖြစ်၍ အလုပ်သမားအားလုံး ကိုယ်သိုင်းကြိုး (safety harness) ၀တ်ပြီး အသက်ကယ်ကြိုး (lifeline) ၌ ချိတ်ထားရန် လိုပါသည်။ အသက်ကယ်ကြိုးကို လက်ရမ်းတန်းများ၌ ချည်နှောင်ထားနိုင်ပါသည်။)
·       အထပ်သားပြားများ ဆင်ချိန်၌ အလုပ်လုပ်သူများအား ပြုတ်ကျခြင်းမှကာကွယ်ရန် ဘေးအကာ လက်ရမ်းတန်းများ တပါတည်း တပ်ဆင်ရပါမည်။
·       အားလုံးပြီးသွားလျှင် ဖောင်ဝပ်ကြီးကြပ်ရေးမှူးက ဆင်ထားသော ဖောင်ဝပ်သည် စနစ်ကျမကျ၊ အန္တရာယ် ကင်းမကင်း လိုက်လံစစ်ဆေးရပါမည်။


ဖောင်ဝပ်ဆင်နည်း အဆင့်ဆင့် သရုပ်ဖော်ပုံများ














No comments: