Wednesday, September 21, 2016

အီလက်ထရောနစ် လူ့အဖွဲ့အစည်း (၃)

(၄) ခရီးသွားခြင်းနှင့် အီလက်ထရောနစ်

မြန်မာနိုင်ငံမှ စင်ကာပူသို့လာလိုသည်ဆိုပါစို့။ စင်ကာပူပြည်ဝင်ခွင့်ဗီဇာ လျှောက်သည့်အခါ online မှပင် လျှောက်လို့ရပါ သည်။ မြန်မာနိုင်ငံမှလူများကတော့ စာရွက်ကိုင်ရမှ အားရသည်။ အင်တာနက်ဆိုတာ မြင်ရတာမဟုတ်လို့ မယုံမရဲ။ Online visa နှင့် သံရုံးကိုသွား စာရွက်များနှင့်လျှောက်သည့်ဗီဇာ အတူတူပင် ဖြစ်ပါသည်။ ဘာမှ မကွာပါ။

ကွာသည်မှာကား online visa က ကိုယ့်စားပွဲပေါ်မှပင် (ငွေပေးချေခြင်းအပါအ၀င်) ထိုင်ရာမထ လုပ်ရသည်။ တခြား ဘယ်မှ သွားစရာမလို။

စာရွက်စာတမ်းများ ကိုင်လျှောက်လိုလျှင်မူ သံရုံးသို့သွားရမည်။ လမ်း၌ အသွားအပြန် ကားပိတ်နေသောကြောင့် တစ်နေကုန် သွားမည်။ သံရုံးသွားလျှင် မှတ်ပုံတင်ပါမှ ၀င်ခွင့်ရသည်ကို မသိသောကြောင့် အပေါက်ဝရောက်မှ မှတ်ပုံတင်ပါမလာ၍ အိမ်တစ်ခေါက် ပြန်ရဦးမည်။ ရောက်ပြန်သော် သံရုံးတွင် လူအလွန်များနေသောကြောင့် အကြာကြီးစောင့်နေရ၍ စိတ်ပင်ပန်း မည်။ အိမ်သာသွားချင်တိုင်း သွားလို့မရ၍ ဆီးချုပ်ဝမ်းချုပ်ဖြစ်မည်။ ထမင်းဆာသည့်တိုင် စားချင်တိုင်းစားလို့ မရသောကြောင့် အစာအိမ်ရောဂါပင် ရနိုင်လေသည်။ ပိုက်ဆံသွင်းသည့်အခါ ပိုက်ဆံကနွမ်းနေလို့ အသစ်နဲ့ပြန်လဲပေးပါ ဆိုသည့် ပြဿနာ နှင့်လည်း ကြုံရဦးမည်။ ဒါနှင့်တောင် မပြီးသေး။ ဗီဇာတင်တာက တစ်ရက်။ ရွေးတာကတစ်ရက်ဆိုတော့ နောက်နေ့ကျ ပတ်စ်ပို့ရွေးဘို့ ထပ်သွားရဦးမည်။ အခန့်မသင့်လျှင် ဘတ်စ်ကားပေါ်၌ ကားစပယ်ယာ၏ ဟောက်တာ ခံရနိုင်ပေသေး၏။

လေယာဉ်လက်မှတ်ကိုလည်း အွန်လိုင်းမှပင် ၀ယ်ယူနိုင်ပါသည်။ ကိုယ်ကြိုက်သည့်လေယာဉ်ကို ကိုယ်ကြိုက်သည့်ရက် ကြိုက်သည့်အချိန်ရွေးကာ ပတ်စ်ပို့မှအချက်အလက်များ၊ မိမိကိုဆက်သွယ်ရမည့် လိပ်စာ၊ ဖုံးနံပါတ် စသည်တို့ကို ဖြည့်လိုက်ပါ။ နောက်ပြီး ပိုက်ဆံပေးလိုက်လျှင် လက်မှတ်ကို မိမိပေးထားသည့် အီးမေးလိပ်စာသို့ ပို့ပေးပါလိမ့်မည်။

Jetstar လေကြောင်းမှ စင်ကာပူ - ရန်ကုန်အတွက် လက်မှတ်ဝယ်သည့်အခါ ပိုက်ဆံပေးရာ၌ ခရက်ဒစ်ကဒ်ဖြင့်ပေးလျှင် ၁၈ ဒေါ်လာ ထပ်ပေးရပါသည်။ သို့သော် SAM (Self Service Automated Machine) စက်များ၌ ပေးလျှင်မူ တစ်ပြားမှ ထပ်ပေးစရာ မလိုပါ။ သို့သော် ရန်ကုန် - စင်ကာပူ ခရီးစဉ်အတွက်မူ ခရက်ဒစ်ကဒ်ဖြင့်ဝယ်ခြင်းအတွက် ပိုက်ဆံထပ်ပေးစရာ မလိုပါလေ။

အွန်လိုင်းမှဝယ်ခြင်း၏ ကောင်းကျိုးမှာ ရန်ကုန် - စင်ကာပူ ခရီးစဉ်ရှိသော လေကြောင်းလိုင်းအားလုံးကို ကြည့်ကာ အချိန်၊ နေ့၊ ဈေး စသည်များကို ကိုယ့်စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ခြင်းပင် ဖြစ်၏။ အချိန် အကန့်အသတ်ဖြင့် ခရီးသွားရသူများအဖို့ နံနက်စောစောသွားပြီး ညဥ့်နက်မှ ပြန်လာလို့ရသည်။

ထို့ပြင် Check In ကိုလည်း web check-in အဖြစ် အင်တာနက်မှပင် လုပ်လို့ရပါသည်။ ဤသို့ကြိုတင် check-in လုပ်ထား ခြင်းဖြင့် လေဆိပ်ရောက်သည့်အခါ lugage ကို ချိန်ပြီး ပေးရုံမျှသာ လိုပါတော့သည်။ သို့သော် အချို့ လေကြောင်းလိုင်း၊ ခရီးစဉ်များကတော့ web check-in မရပါ။


ချန်ဂီလေဆိပ်မှာတော့ Check-in ကို မိမိဘာသာ လုပ်လို့ရပါသည်။ စက်ကို မည်ကဲ့သို့သုံးရမှန်းမသိလျှင်လည်း ကိစ္စမရှိပါ။ လေဆိပ်ဝန်ထမ်းများက စိတ်ရှည်လက်ရှည် လာရှင်းပြပါလိမ့်မည်။ အွန်လိုင်းမှဝယ်ထားသည့် လက်မှတ်ကို စက်တွင် scan လုပ်လိုက်ပါ။ ထို့နောက် စက်ပေါ်တင်ကာ လပ်ဂိတ်ကို ချိန်ပါ။ စက်က boarding pass ထုတ်ပေးပါလိမ့်မည်။ ဘာမှ မခဲယဉ်းပါ။ အလွန်လွယ်ပါသည်။ 



စင်ကာပူနိုင်ငံအတွင်း ၀င်လာလျှင်လည်း အစိုးရထုတ်ပေးထားသော ကဒ်တစ်မျိုးမျိုး (NRIC, PR card, S pass, Work Permit, EP, Depandent Pass စသည့် လက်ဗွေနှိပ်ပြီး ထုတ်ပေးထားသောကဒ်) ကိုင်ဆောင်ထားသူများသည် လ.၀.က ကို ဖြတ်စရာမလိုဘဲ မိမိဘာသာ Automated Clearance System မှ ဖြတ်ဝင်လာလို့ ရပါသည်။

ထိုစနစ်တွင် စက်နှစ်ခု ထားပေး၏။ ၀င်ပေါက်ဝမှစက်တွင် ပတ်စ်ပို့မှ ဓာတ်ပုံပါသောစာမျက်နှာကို scan လုပ်လိုက်ပါ။ ၀င်ပေါက်တံခါး ပွင့်လာပါလိမ့်မည်။ ထိုအခါ ၀င်သွားပြီး နောက်ထပ်စက်တွင် ညာလက်မကို (ချွေး၊ ချေးများစင်အောင် သန့်စင်ပြီး) တင်ကာ scan လုပ်လိုက်ပါ။ တံခါး ပွင့်လာပါလိမ့်မည်။ ထိုအခါ အသာဝင်သွားရုံဖြစ်၏။



စင်ကာပူနိုင်ငံအတွင်း ၀င်လာလျှင် လ.၀.က (ICA - Immigration and Checkpoint Authority) က တစ်လနေခွင့်တုံး ထုပေးလိုက်ပါလိမ့်မည်။ နောက်ထပ် ထပ်နေလိုသေးလျှင် ထို Short term visit pass ကို သက်တမ်းထပ်တိုးရသည်။ သက်တမ်းတိုးခြင်းကိုလည်း အင်တာနက်မှပင် online extention လုပ်လို့ရပါသည်။ ဘာမှမခဲယဉ်းပါ။ ICA website ကိုဝင်။ လိုသည့်အချက်အလက်များ ဖြည့်တင်လိုက်လျှင် ၁၀ မိနစ်ပင်မကြာ။ ထို့ကြောင့် လ.၀.က ရုံးသို့ တကူးတက သွားနေစရာ မလိုတော့ပါ။

ပတ်စ်ပို့လျှောက်တာကိုလည်း အွန်လိုင်းမှပင်လျှောက်လို့ရပါသည်။ ဘာမှ မခဲယဉ်းပါ။

ဤသည်မှာ အီလက်ထရောနစ်စနစ်ရှိနေခြင်းအားဖြင့် ခရီးသွားသည့်ကိစ္စအ၀၀တွင် အဆင်ပြေပုံ ဖြစ်ပါသည်။

(၅) အခွန်အခများနှင့် အီလက်ထရောနစ်စနစ်

အီလက်ထရောနစ်စနစ်တပ်ဆင်ထားခြင်းဖြင့် အစိုးရငွေစာရင်းများအတွင်း ငွေများအလုံးလိုက်အခဲလိုက် ၀င်လာနိုင်ပါသည်။ ထိုအထဲမှ အချက်အချို့ကို တင်ပြပါမည်။ (ယခုပြောနေခြင်းမှာ လူနေမှုဘ၀အကြောင်း ဖြစ်သဖြင့် အခြားစီးပွားရေးလုပ်ငန်း များ၊ ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်၊ သွင်းကုန် စသည်တို့နှင့်မဆိုင်ပါ။) 

စင်ကာပူတွင် ရောင်းဝယ်ရေးလုပ်ငန်းအားလုံး၌ GST (Goods and Services Tax) ၇ % ကောက်ခံပါသည်။ မည်သည့်ပစ္စည်း ၀ယ်သည်ဖြစ်စေ GST ပေးရပါသည်။ ၀ယ်သူက ပေးရတာဖြစ်၏။ ပိုက်ဆံပေးလိုက်သည်နှင့် GST တစ်ခါတည်း ပါသွားသည်။ ထို့ကြောင့် ဈေးဆိုင်များက အခွန်ဆောင်သည့်အခါ ထို GST အတွက်ပါ တစ်ပါတည်း ဆောင်နိုင်လေသည်။

စင်ကာပူတွင် ဘတ်စ်ကား၊ ရထားစသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ဖြင့် တစ်နေ့လျှင် ခရီးသည် ၄ သန်းကျော် သွားလာနေသည်။ ကားရထားများတွင် EZ link card စနစ်တပ်ဆင်ထားသဖြင့် တစ်ရက်လျှင် စင်ကာပူဒေါ်လာ ၆ သန်းကျော် သက်ဆိုင်ရာ operator ၏ ဘဏ်စာရင်းထဲသို့ နေ့စဉ် တသောသောဝင်လျှက်ရှိ၏။ ၎င်းတို့ပိုက်ဆံများများရလေ အစိုးရမှာ အခွန်အတုတ် များများရလေဖြစ်သည်။

ထို့ပြင် လမ်းအသုံးပြုခ ကောက်ခံတာကိုလည်း အီလက်ထရောနစ်စနစ်ဖြင့်ပင် လုပ်ထားသည်။ ၎င်းကို ERP (Electronic Road Pricing) ဟု ခေါ်၏။

စင်ကာပူမှ လမ်းမများတွင် ERP စက်များကို လမ်းပေါ်၌ တပ်ဆင်ထား၏။ လမ်းအသုံးပြုခ ကောက်ခံချိန်တွင် စက်ကို ဖွင့်ထား လိုက်ပါက စက်က ၎င်းအောက်မှဖြတ်သွားသမျှကားများထံမှ လမ်းအသုံးပြုခ ကောက်ခံထားပေးလိုက်သည်။ စင်ကာပူမှ ကားအားလုံးတွင် IU (In-vehicle Unit) တပ်ဆင်ထားရသည်။ ထိုစက်ထဲတွင် Cash Card ထည့်ထားရသည်။ ERP စက်အောက်ဖြတ်သွားလျှင် စက်က ယာဉ်အမျိုးအစားပေါ်လိုက်၍ ပိုက်ဆံကို အလိုအလျောက် ဖြတ်သွားသည်။

ယခုတော့ Cash Card များသာမက Visa/Master credit card များနှင့်ပါ ပေးနိုင်ပြီ ဖြစ်ပါသည်။





စင်ကာပူ လမ်းမကြီးများပေါ်တွင် နေ့စဉ် ကားအစီးရေ ၂ သိန်း ၉ သောင်းကျော် သွားလာနေရာ ကားတစ်စီးလျှင် ၂ ဒေါ်လာ နှင့် တစ်ခေါက်စာပဲ ထားပါဦး။ ဒေါ်လာ ၆ သိန်းကျော် ဖြစ်၏။ သို့သော် ထိုကားများမှာ တစ်ခေါက်ထဲသွားတာ မဟုတ်မူ၍ အနည်းဆုံး ၂ ခေါက် သုံးခေါက်တော့ သွားကြတာချည်းဖြစ်သည်။ ထို့ပြင် ERP ကလည်း တစ်နေရာတည်း ရှိတာမဟုတ်။ ဆိုတော့ လမ်းအသုံးပြုခချည်းပဲ တစ်ရက်တစ်ရက် ဒေါ်လာ သိန်း ၂၀ ခန့်ရပေလိမ့်မည်။ ဒါတောင် ကားရပ်နားခ ကောက်ခံငွေ မပါသေး။ ဤသည်မှာ အီလက်ထရောနစ် လမ်းအသုံးပြုခ၏ ကောင်းကျိုးတစ်ခု ဖြစ်သည်။

ကုမ္ပဏီများသည် ငွေပေးငွေယူကိစ္စကို ဘဏ်အကောင့်များအတွင်း ဖလှယ်ခြင်း (Bank account transfer) လုပ်သည့်စနစ်ကို သုံးကြသည်ဖြစ်ရာ မည်သည့် ကုမ္ပဏီက ၀င်ငွေ/ထွက်ငွေမည်မျှရှိသည်ကို အထွေအထူးရှာစရာမလိုဘဲ ဘဏ်အကောင့်ထဲ ၀င်ကြည့်လိုက်ရုံမျှဖြင့် အလွယ်တကူ သိနိုင်လေသည်။ ထို့ကြောင့် အခွန်အတုတ်များလည်း မှန်မှန်ကန်ကန် ကောက်ခံနိုင် သည်။

ကုမ္ပဏီများ၊ ပြည်သူများအနေနှင့်လည်း ဘဏ်စာရင်းများသုံး၍ အလုပ်လုပ်ခြင်းဖြင့် ပိုမိုလုံခြုံ စိတ်ချရလေသည်။ ငွေလျော့မှာ ပိုမှာ မပူရ။ ပိုက်ဆံများထဲ၌ အတုများပါလာမှာ မစိုးရိမ်ရတော့။

(၆) အီလက်ထရောနစ် လမ်းညွှန်စနစ် (Street Directory) (GPS)

အီလက်ထရောနစ်လမ်းညွှန်စနစ်ကြောင့် မိမိသွားလိုသည့်နေရာကို မည်ကဲ့သို့သွားရမည်။ မည်ကဲ့သို့သွားလျှင် အနီးဆုံး၊ အချိန်ကုန် အသက်သာဆုံးဖြစ်မည်။ မည်သည့် ဘတ်စ်ကားစီးရမည်။ ရထားစီးလျှင် မည်သည့်ဘူတာ အနီးဆုံးဖြစ်သည်။ ကားမောင်းသွားလျှင် မည်သည့်လမ်းက သွားရမည် အစရှိသည်တို့ကို ကြာမြင့်ချိန်နှင့်တကွ အသေးစိတ် သိနိုင်ပါသည်။ ထင်ရှားသော အီလက်ထရောနစ်လမ်းညွှန်များမှာ OneMap Singapore နှင့် Singapore Street Directory တို့ ဖြစ်၏။

၎င်းတို့ကို ကွန်ပြူတာမှာသာမက ဖုံးမှာပါ app install လုပ်ထားပြီး ကြည့်နိုင်ပါသည်။ ဖုံးတွင် GPS ဖွင့်ထားပါက မိမိရောက်နေ သည့် နေရာ မိမိသွားရမည့်နေရာ စသည်တို့ကို လမ်းညွှန်ပေးပါလိမ့်မည်။




Street directory သို့မဟုတ် OneMap တွင် မိမိသိလိုသည့်နေရာ၏ လိပ်စာ သို့မဟုတ် စာပို့ကုဒ်နံပါတ် (postal code) ကို ရိုက်ထည့်လိုက်ပါက ထိုနေရာကို ပြပေးပါလိမ့်မည်။ ထိုနေရာနှင့် အနီးဆုံးလမ်းပေါ်မှ ဘတ်စ်ကားမှတ်တိုင်များ၊ ထိုမှတ်တိုင် တွင် ရပ်သော ဘတ်စ်ကားနံပါတ်များကိုပါ ကြည့်နိုင်ပါသည်။ ထိုဘတ်စ်ကားနံပါတ်ပေါ်တွင် ကလစ်နှိပ်လိုက်ပါက ဘတ်စ်ကား သွားသည့် လမ်းကြောင်းကိုပါ တွေ့ရမည်။ ထိုလမ်းကြောင်းပေါ်မှ ဘတ်စ်ကားမှတ်တိုင်များကို ရေတွက်သွားပါက ဘယ်နှစ်မှတ်တိုင်မြောက်တွင် ဆင်းရမည်ကို သိနိုင်လေသည်။ သို့မဟုတ်ပါကလည်း အနီးအနားတွင် ထင်ရှားသည့် အဆောက်အဦ သို့မဟုတ် အမှတ်အသားတစ်ခုခုကိုလည်း မှတ်ထားနိုင်၏။



ထို့ပြင် မိမိရောက်နေသည့် ဘတ်စ်ကားမှတ်တိုင်သို့ မိမိစီးမည့်ဘတ်စ်ကား မည်သည့်အချိန်တွင် ရောက်လာမည်ကိုပါ စစ်ဆေး ကြည့်ရှုနိုင်ပါသည်။


ထို့ကြောင့် မိမိမရောက်ဖူးသည့်နေရာပင် ဖြစ်ပါစေ စင်ကာပူတစ်ဝှမ်းကို လိပ်စာသိရုံမျှဖြင့် အလွယ်တကူ သွားနိုင်လေသည်။

ဆက်ပါဦးမည်။

No comments: