Tuesday, September 20, 2016

ကျွန်ုပ်နှင့် မြန်မာဖောင့်များ အကြောင်း

(၁) Sometime, old styles are better.

ကျွန်တော် ကွန်ပြူတာနှင့်စတင်ထိတွေ့တာ 386, 486 အချိန် (၁၉၉၅ - ၉၆ လောက်) ကတည်းကဖြစ်၏။ ပန်တီယံ ဆိုတာတောင် နောက်နှစ်နှစ်လောက်ကြာမှ PII ဆိုပြီး စပေါ်လာတာ ဖြစ်သည်။ ဓာတ်ပြားလောက်ကြီးရှိသည့် drive B တွေတောင် ရှိသေးသည်။ ညံ့လိုက်သည့် ကျွန်တော်။ သည် drive B များကို သိမ်းမထားမိ။ Drive A (Floppy disk) များတော့ အမှတ်တရသိမ်းထားတာ တစ်ချပ်စ နှစ်ချပ်စ ရှိသေးသည်။ နောက်ပြီး Drive A driver လည်း ရှိသေး၏။ ဒါတင်မဟုတ်ပါ။ ကျွန်တော် ကက်ဆက်ရော၊ ကက်ဆက်ခွေအများကြီးကိုပါ လွှင့်ပစ်လိုက်မိသည်။ နောက်မှ သိမ်းထားရအကောင်းသားဟု နောင်တရမိလေ၏။ ထိုမျှသာမက တိုးတက်လာသော ခေတ်နှင့်အတူ ပစ္စည်းအသစ်များလည်း တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပေါ်လာရာ ဟိုးယခင်က လူအသုံးအဆောင်ပစ္စည်းများမှာ အမှိုက်ပုံထဲတွင် ဇီဝိန်ချုပ်ကြရ ကုန်လေပြီ။

တခါတလေတော့ The Skyfall ရုပ်ရှင်ထဲမှ အဖိုးကြီးပြောသလို Sometime, old styles are better. ဖြစ်တတ်လေ၏။ ထို့ကြောင့်လည်း ကျွန်တော် သားကို သင်္ချာသင်ပေးသည့်အခါ ဖေကြီးနည်းက ပိုလွယ်တယ် ဟု တခါတခါ ဆိုတတ်ခြင်း ဖြစ်လေသည်။

ကျွန်တော်မှတ်မိသလောက် ကျွန်တော်စသုံးဖူးတာ Mocrosoft Office က version 3.1 ထင်ပါသည်။ Office အပြင် ဇယားများဆွဲသည့် Lotus 1 2 3 ဆိုလား ဆိုတာလည်း လေ့လာလိုက်ရသေး၏။ ယခုခေတ်လောက်တော့ မလွယ်လှပါ။ စင်ကာပူမလာခင် အလုပ်ရှာနေတုံး (၁၉၉၈ နှစ်ဆန်းပိုင်း) ကိုဖိုးခွား၏ မြန်မာဆီလီကွန်ဗဲလေးတွင် ကျွန်တော် ခဏ၀င်လုပ် လိုက်သေး၏။ သိပ်တော့ မများမလှပါ။ ကျွန်တော်၊ ဂီတစာဆို မောင်ကြေးမုံ၏သား မောင်လူချော၊ ချင်းကလေး ဇန်လျန်း တို့သာ ဖြစ်၏။ ထိုစဉ်က ကျွန်တော့်မှာ ဗြိတိသျှလို သိပ်လည်လည်ဝယ်ဝယ် မပြောတတ်သေး။ ထို့ကြောင့် ဟို ဘိုမကြီးကို ဇန်လျန်းက Office သင်ပေးသည်။ တခါတလေမှ ပေါက်ချလာသည့် သင်တန်းသား တစ်ယောက်စ နှစ်ယောက်စကို ကျွန်တော်က သင်ပေးသည်။ ထိုစဉ်က မြန်မာဖောင့်ကို ကျွန်တော် မြင်တောင် မမြင်ဖူးသေး။ ရှိသည်ဟုတောင် မကြားမိပါ။

(၂) တစ်ကျောင်း တစ်ဂါထာ၊ တစ်အိုင်တီ ဖောင့်လက်ကွက် တစ်မျိုး

စင်ကာပူရောက်လာတော့ ဖိုက်ဘာဂလပ်စ်ပိုက်များလုပ်သည့် ယူနီယမ်အလွိုင်းတွင် လုပ်ရသည်။ များသောအားဖြင့် Jurong Island တွင် လုပ်ရတာဖြစ်၏။ Jurong Island မှာလည်း SUT တွင် လုပ်ရတာများသည်။ ထိုအခါ SUT အင်ဂျင်နီယာဌာန တွင် လုပ်နေသော မင်းသားကြီးဦးကျောက်လုံး၏ သားတော်မောင်ဖြစ်သူ ဦးဆွေတင်နှင့် အသိအကျွမ်းဖြစ်ရ၏။ ဦးဆွေတင်က ကျွန်တော်ဖတ်ဖို့ Faxtoon မှ ကြေးမုံဦးသောင်း၏ ဆောင်းပါးများ ပရင့်ထုတ်ပေးသည်။ နောက်တော့ မြန်မာဖောင့်ကိုပါ floopy disk နှင့် ကူးပေးသည်။ မည်ကဲ့သို့စာရိုက်ရမည်ကိုပါ ရှင်းပြ၏။ ကျေးဇူးအထူးတင်ပါသည် ဦးဆွေတင် ခင်ဗျား။ ထိုမှစကာ ကျွန်တော် မြန်မာစာကို စရိုက်ဖြစ်ခြင်း ဖြစ်၏။ အချိန်ကာလအားဖြင့် ၂၀၀၁ - ၂၀၀၂ လောက် ဖြစ်ပါလိမ့်မည်။ အတိအကျ မမှတ်မိတော့။

သူပေးတာ Win Burmese_1 ဖြစ်သည်။ ကျွန်တော်လည်း လက်ကွက်နှင့် ကျကျနန ကျင့်၏။ အစပိုင်းတွင် အတော် ဒုက္ခများ သည်။ စာတစ်လုံးဖြစ်အောင် မနည်းရိုက်ယူရသည်။ နောက်ပြီး ဟိုတုံးက ၎င်း၊ ၏၊ ၌၊ ၍ စသော စာလုံးများနှင့် ပါဠ်ဆင့်တွေ ရိုက်ရတာ ခုလောက်မလွယ်။ ပါဠ်ဆင့်တစ်လုံးရိုက်ဘို့ ကီး ၆ ခုကို ရိုက်ရသည်။ ဥပမာ ဥပေက္ခာ ဆိုကြပါစို့။ က္ခ ကို ရိုက်ဘို့ရာ က အတွက် ကီးတစ်ခု၊ အောက်ကမြစ် ခ အတွက် Alt key + 1234 ကီး ၅ ခု ရိုက်ရသည်။ သည်တော့ မြန်မာစာရိုက်ဘို့ရာ စာရိုက်လက်ကွက်စာရွက်ကြီးကို နံရံတွင် ကပ်ထားရသည်။ သာမန်စာလုံးများအား အလွတ်ရသော်လည်း ပါဠ်ဆင့်စာလုံးများ ကိုကျတော့ စာရွက်ကို လှမ်းလှမ်း ကြည့်ရလေသည်။

နောက်တော့ ကျွန်တော် Win Innwa ကိုပါ သုံးသည်။ နောက်ကျတော့ တောင်ကြီး၊ ဘားအံ၊ လားရှိုး အားပါး မြို့နာမည်ပေး ထားသော စာလုံးလှလှကလေးများ အတော်များလေ၏။ ကျွန်တော်လည်း လက်စွမ်းပြလိုသောကြောင့် ဖိတ်စာ စသည် ရိုက်ရာတွင် ထိုစာလုံးလှလှလေးများကို ထည့်သုံးလေသည်။ နောင် နှစ်အတန်ငယ်ကြာသည့်အခါ ထို ဒုက္ခများလှသည့် စာလုံးများလည်း ခေတ်မစားတော့။ သည်တော့မှ ကျွန်တော်ပညာပြထားသည့် စာလုံးများက ကျွန်တော့်ကို ပညာပြန်ပြလေ သည်။ ကျွန်တော့်ကွန်ပြူတာများမှာ တစ်လုံးပြီး တစ်လုံး ပြောင်းနေလေရာ ယခင်ရိုက်ထားသည့်စာများမှာ ဖတ်မရတော့ဘဲ လေးထောင့်ကွက်များချည်း ဖြစ်ကုန်လေသတည်း။ ဖောင့်များကိုလည်း ဖလော်ပီဒစ်စ်နှင့် ကူးထားသည်ဖြစ်ရာ ကွန်ပြူတာ အလဲအလှယ်တွင် အမေ့မေ့ အလျော့လျော့နှင့် ကူးမထားမိ။ ထိုအခါ ဖတ်မရတော့သော ထိုစာလုံးများအားလုံးကို အကုန် ပြန်ရိုက်ရသည့် ဘ၀သို့ ဆိုက်ခြင်းကြီးမက ဆိုက်လေတော့၏။ ပိုဆိုးသည်မှာ လေးထောင့်တုံးများဖြစ်၍ ဘာရေးထားမှန်း မသိသဖြင့် မှန်းတုတ်ရခြင်း ဖြစ်လေသည်။

နောက်တော့ Win အုပ်စု၊ Shwe Thway အုပ်စု၊ ce အုပ်စု စသဖြင့် ဖောင့်အမျိုးအစားများစွာ ပေါ်ထွက်လာလေရာ ဖောင့်လှလှလေးများကို အရူးအမူးစွဲလန်းခဲ့သော ကျွန်ုပ်မှာ ပန်လန်လက်၊ ပက်လက်လန်လျက် အားလုံးကို ချောင်ထိုးပြီး နောက်ဆုံးတော့ Win Researcher, Win_Burmese 1, Win Innwa တို့နှင့်သာ နှစ်ပါးသွားရပြန်လေတော့သည်။

ထိုဖောင့်များကို ကျွန်တော်သုံးနေတာ ၇ နှစ်ကျော်ကြာ၏။ ၂၀၀၉ ခုနှစ်တွင် Myanmar In Singapore ဟူသော ဆိုဒ် တစ်ခုပေါ်လာရာ ကျွန်တော့်အတွက် လက်စွမ်းပြစရာ တစ်နေရာဖြစ်လာခဲ့၏။ (Myanmar In Singapore ကောင်းမှုဖြင့် အထက်တန်းကျောင်းတုံးက ချစ်သူငယ်ချင်း ဖိုးတင်စိုးနှင့် ပြန်လည်ဆုံဆည်းခွင့် ရခဲ့လေသည်။ ကျွန်တော်က ခရစ္စတိုဖာ ပေါက်ကျိုင်း၏ အတ္ထုပ္ပတ္တိကို စက်သေနတ်ပစ်သလို အတွဲလိုက်ရေးတော့ သူက ဟေ့၊ အေးငြိမ်းဆိုတာ လေးမျက်နှာက ကောင်လားကွ ဟု မေးလှာ၏။ ကျွန်ုပ်လည်း အေးလကွ၊ မင်းကရော သခွတ်ချောင်းက ပါးစပ်ပြဲပြဲနဲ့ ဖိုးတင်စိုး မှုတ်လား ဟု ပြန်ဖြေရာမှ သူငယ်ချင်းနှစ်ယောက် (အင်တာနက်ထဲတွင်) ပြန်ဆုံမိကြခြင်း ဖြစ်လေသည်။ ဤကား စကားချပ်)

Myanmar In Singapore က ဇော်ဂျီစာလုံးကို သုံးလေရာ ထိုမှစ၍ ကျွန်တော်လည်း ဇော်ဂျီကို လေ့လာရပြန်သည်။ နောက် ဇော်ဂျီနှင့်အသားကျသွားတော့ Win Researcher, Win_Burmese 1, Win Innwa တို့မှာ ချောင်ထိုးခြင်း ခံလိုက်ရပြန် လေ၏။ ခုတော့ ယခင်က ၇ နှစ်မျှသုံးခဲ့သည့် ထိုစာလုံးများကို မည်ကဲ့သို့ရိုက်ရမှန်းတောင် မသိတော့။ ဇော်ဂျီမှာတောင် Zawgyi One, Zawgyi_1 စသည်ဖြင့် အတော် ဒုက္ခများလိုက်သေး၏။ ဇော်ဂျီနှင့်ရိုက်ထားသောစာများကို pdf ပြောင်းလိုက် တော့ စာထဲတွင် Apple စသဖြင့် အင်္ဂလိပ်အက္ခရာ A ပါလာပါက ထို A ပါသည့်နေရာမှစကာ နောက်ပိုင်းစာလုံးများ၌ အ အက္ခရာအားလုံးကို A ချည်း ပြောင်းပစ်လေရာ ဒုက္ခများ ပြန်၏။ ဥပမာ - အောင် ဆိုပါစို့။ေ Aာင် ဟု ဖြစ်သွားသည်။

သို့သော် ယခုတော့ အားလုံးကို အဆင်ပြေပြေသုံးနိုင်နေပါပြီ။ ကျေးဇူးပါ ဖောင့်ထွင်သူလူကြီးမင်းများ ခင်ဗျား။

ခုခေတ် လုံငယ်၊ လုံမငယ်တို့ ဗဟုသုတရအောင် ပြောရလျှင် ကွန်ပြူတာပေါ်စက အတော် မလွယ်လှပါ။ Hardware တစ်ခုခုဆင်ပြီဆို driver နှင့် install လုပ်ရ၏။ Keyboard ဖြစ်စေ၊ mouse ဖြစ်စေတပ်လျှင်သော်မှ driver နှင့် install လုပ်ရသည်။ Printer, scanner ဘာညာ သာရကာ ဘာပဲတပ်တပ် သည် driver ဆိုတာကြီးကို ရှာရှာနေရသည်။ ခုခေတ်ကွန်ပြူတာများမတော့ driver ဆိုတာ ဟို တိုက်ကြီးပေါ်က မမထားတို့အိမ်မှာ ခန့်ထားတဲ့ ကားမောင်းတဲ့လူလား ဟု မေးရတော့မည့် အခြေအနေဖြစ်လေ၏။ (အဲလေ၊ ဟိုးတုန်းကသာ မမထားတို့လို ဒလိုင်ဘာ ခန့်သည်။ ခုခေတ်မှာတော့ ကိုယ့်ကားကိုယ် မောင်းကြသာပါပဲ။ အနို့ ဒလိုင်ဘာမို့မခန့်လိုက်နဲ့။ အဲဒီ ဒလိုင်ဘာဆိုတာနဲ့ မမထားနဲ့ ငြားတဲ့ ဇာတ်လမ်းတွေ ကလည်း မကြာခဏ ကြားနေရသကိုး။)

အင်တာနက် တွင်ကျယ်လာသည့် ယခုခေတ်တွင်မူ ဘာစာလုံးပဲလာလာ အလွယ်တကူရှာလို့ရနေပြီဖြစ်သောကြောင့် ယခင်ကလို တကူးတက သိမ်းနေစရာမလိုတော့။ Google တွင် ကိုယ်လိုသည့်စာလုံး ရိုက်ထည့်လိုက်လျှင် စာလုံးပေါင်း မြောက်များစွာကို အခမဲ့ ဒေါင်းလို့ ရလေပြီ။ ကျေးဇူးပါ မောင်မင်းကြီးသား အိုင်တီဆရာများ ခင်ဗျား။ သို့သော် တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း စာလုံးလက်ကွက်များကြောင့် ကျေးဇူးကို တစ်ဝက်ပဲ တင်ပါသည်။ ဟိုစာလုံး ပြောင်းလိုလျှင် ဟိုစာလုံးလက်ကွက်ကို လိုက်ရိုက်နေရသည့်အတွက် ကျွန်တော့်မှာ အလွန်ခေါင်းကိုက်မိလေသော ဟူ၏။

ခုတော့ အသက်ကလေးကလည်း ရလာပြီဆိုတော့ လှတာလေးတွေမြင်တိုင်း ရင်မခုန်တော့ပဲ ဖေဇော်ဂျီတစ်ခုတည်းကိုသာ စွဲစွဲမြဲမြဲ သစ္စာရှိရှိ သုံးလေတော့သည်။ ဟိုတလောက ဘာတဲ့ အစိုးရက ရုံးသုံးစာတွေအားလုံးကို ယူနီကုဒ်နဲ့ပဲသုံးရမည်လို့ ကြေငြာလိုက်တော့ အတော်တောင် ကယောင်ချောက်ချား ဖြစ်သွားသေးသည်။ မနှစ်က ကွန်ပြူတာ ဂဂျိုးဂဂျောင် ဖြစ်သွားလို့ ယူနီကုဒ်ခဏသုံးဖူးသည်။ သို့သော် သုံးနေမကျတော့ သိပ်အဆင်မပြေ။ စွဲသုံးလိုက်လျှင်တော့ အဆင်ပြေသွားမည် ဖြစ်ပါ သည်။ ခွကျသည်မှာ ကျွန်တော့်စာဖတ်ပိတ်သတ်က ဖေဇော်ဂျီသမားတွေ ဖြစ်လေတော့ ထိုအချက်က ကျွန်တော် ယူနီကုဒ် သုံးရေးတွင် အဓိက အဟန့်အတားဖြစ်နေလေ၏။ အနို့ စာရေးတယ်ဆိုတာ ဖတ်မည့်သူလည်း ရှိဦးမှကိုး။ ဘယ့်ကလောက်ကောင်းသည့်စာ ဖြစ်နေပါစေ။ ဖတ်သူမရှိက အချည်းနှီး မဟုတ်ပါလော။

(၃) စနစ်တစ်ခု အရေးကြီးပုံ

ဘာပဲလုပ်သည်ဖြစ်စေ စနစ် အရေးကြီး၏။ ဥပမာ - မက်ထရစ်စနစ်နှင့် ထုတ်ထားသည့် မူလီမှန်လျှင် မည်သည့်တိုင်းပြည်က ထုတ်သည့်မူလီဖြစ်စေ မက်ထရစ်စနစ် မူလီခေါင်းနှင့် တပ်နိုင်သည်ချည်း ဖြစ်သကဲ့သို့တည်း။ သူက အရစ်တစ်မျိုး၊ ငါက အရစ် တစ်ဖုံ။ အမျိုးမျိုးသာရစ်နေပါက အဘယ်မှာ ရစ်လို့ဆုံးနိုင်ပါမည်နည်း။ တော်ကြာ သည်မူလီကို ဟိုမူလီခေါင်းနဲ့တပ် မရလို့။ တော်ကြာ သည်မူလီခေါင်းက ဟိုမူလီနဲ့မတော်ပြန်ဘူး စသဖြင့် အတော် ဒုက္ခများစရာရှိလေသည်။ (ဟူး - တော်ပါသေးရဲ့။ မူလီကို ကျွန်ုပ်တို့တိုင်းပြည်က စတီထွင်တာမဟုတ်လို့။ နို့မို့ဆို ခေါင်းနဲ့မတော်လို့ လွှင့်ပစ်လိုက်ရတဲ့ မူလီတွေနဲ့ မူလီနဲ့ မတော်လို့ ဖုတ်စားမရ၊ ပြုတ်စားမရဖြစ်သွားရတဲ့ မူလီခေါင်းတွေ ဘယ်နှစ်ဘီလျံတောင်ရှိမယ်မှန်းမသိ။)

သဟာကြောင့်လည်း အမေရိကန်လိုနိုင်ငံကြီးမှာတောင် နှစ်ပါတီပဲရှိတာ။ ကျွန်ုပ်တို့တိုင်းပြည်တွင် ပါတီပေါင်း ရာနှင့်ချီ ရှိနေရခြင်း ဖြစ်လေသည်။

ထားပါ တစ်ကမ္ဘာလုံးကို။ မြန်မာပြည်ထဲတွင်လောက်တော့ သတ်သတ်မှတ်မှတ် စံချိန်စံညွှန်းလေးတစ်ခု ရှိစေချင်ပါသည်။

မိတ်ဆွေတို့ ရွှေတစ်ကျပ်သားဝယ်သည်ဆိုပါစို့။ သင့် တစ်ကျပ်သားသည် တစ်ကျပ်သားအပြည့်ရှိပါသည်ဟု  မည်ကဲ့သို့ သိနိုင်ပါမည်နည်း။

ယခု မြန်မာဖောင့်ကိစ္စတွင်လည်း အလားတူပင် ဖြစ်၏။

အဲလေ ဖောင့်တွင်မဟုတ်ပါ။ နေရာတကာပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့တိုင်းပြည်ကို အချဉ်ဟုထင်ထားသော ဟိုပြည်ကြီးက safety အတွက် PPE များကို ဖြစ်ကတတ်ဆန်းထုတ်ကာ ကျွန်ုပ်တို့တိုင်းပြည်အတွင်း တင်သွင်းရောင်းချလေရာ helmet များဆိုလျှင် စက္ကူကိုများ ချိုးထားလေသလား ဟု ထင်ရသည်ထိ ဖြစ်လေ၏ ထို့အတွက် မြန်မာပြည်အတွင်း တင်သွင်းလာ သည့် ပစ္စည်းများသည် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်ညီမညီကို ကျပမ်းယူကာ စစ်ဆေးပြီးမှ လက်ခံသင့်လေသည်။ မဟုတ်လို့ကတော့ ကျွန်ုပ်တို့မှာ သူများက အလုံးကြီးကြီးနှင့် ထည့်ချင်တိုင်းထည့်နေတာကို အောင့်ခံနေရမည်သာ ဖြစ်သည်။

စံချိန်စံညွှန်း၊ စည်းမျဉ်းစည်းကမ်း၊ စနစ်များနှင့် စနစ်တကျလုပ်တတ်သူများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါ၏။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၈ သြဂုတ်၊ ၂၀၁၅။ ၀၁း၀၀

No comments: