Thursday, April 16, 2009

ECC Life @ Pular Ular III

(၃)

ဝင်ခွင့် ကဒ်ပြားကို ဂိတ်ဝတွင် ဖြတ်ပြီး သကာလ သူ့ကို ငါကျော်၊ ငါ့ကို သူကျော် ဖြင့် လုပ်ငန်းခွင် ၀င်ရန် သုတ်သီးသုတ်ပြာ သွားကြပါသည်။ အချို့မှာ အတင်းတိုး တိုက်လျှက်၊ အချို့မှာ မရှိအေးအေး၊ ရှိအေးအေး။
ဆိုဒ်ထဲ ၀င်လိုက်သည်နှင့် ခရာ မှုတ်သံများ၊ Safety First, Safety First, Safety First ဆိုသော အသံများ ကို ညံစီစွာ ကြားရပါသည်။ တရံမလပ် ကြားနေရသော အသံများ မှာကား လူတိုင်းလိုလို၏ (supervisor နှင့် အထက် ဆိုလျှင် ပိုမှန်ပါ လိမ့်မည်) ခါးတွင် ချိတ်ထားသော ရေဒီယို (Walkie-Talkie) များမှ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆက်သွယ် ပြောဆို နေကြသံများ ဖြစ်ပါ၏။ အင်္ဂလိပ်ပျက်နှင့် ပြောသံ၊ ကုလားလို ပြောသံ၊ တရုပ်လို ပြောသံ၊ မလေး လို ပြောသံ၊ ဖဦးထုပ်လို ပြောသံ၊ ထိုင်းလို ပြောသံ၊ ဗမာလို ပြောသံ။
ကျွန်တော့်အထင်ပြောရလျှင် ကမ္ဘာပေါ်၌ နိုင်ငံ ကျဉ်းကျဉ်းနှင့် ဘာသာစကား အစုံဆုံးရှိသော နိုင်ငံများ ထဲတွင် စင်ကာပူ သည် ထိပ်ဆုံးမှ ပြေးနေ လိမ့်မည် ထင်ပါသည်။ ကျွန်တော် ယခု လုပ်နေသော ကုမ္မဏီကိုပင် ကြည့်ပါ။ ကျွန်တော် Grootint GRP Systems တွင် တစ်နှစ်ခွဲ လုပ်ခဲ့ပါသည်။ ဤအလုပ်၌ ကျွန်တော်နှင့် ထိတွေ့ ဆက်ဆံ လုပ်ကိုင် နေရသော လူမျိုးများမှာ ကျွန်တော်တို့ ကုမ္ပဏီ အတွင်းတွင်ပင် ဒတ်ခ်ျ၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်၊ မြန်မာ၊ စင်ကာပူ တရုပ်၊ ပြည်ကြီး တရုပ်၊ အိန္ဒိယား၊ ဘင်္ဂလား၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား။ အို့အို လူမျိုး ပေါင်း ၁၂ မျိုး၊ ဘာသာစကား ၁၂ ခု ရှိပါ၏။ ဒါတောင် ၀န်ထမ်း အင်အား သိပ်များလှသည် မဟုတ်ပါ။ အားလုံး ပေါင်းမှ ၇၀ လောက်သာ ရှိပါသည်။ အခြား ကုမ္မဏီများကိုပါ ထည့်တွက် လိုက်ပါက ဂျပန်၊ သြစတေးလျား၊ အမေရိကန် နှင့် တူရကီ တို့ ပါပါ သေးသည်။
Penta Safety coming, Perta Safety, xxxxxxx, JV Jakie Chan, JV Jakie Chan call back, xxxxx, Roger, Roger, *&^%$$*&^! x x x x x - - - စသဖြင့် ဆူညံ ပွက်လောရိုက် လျှက် ရှိပါသည်။ စည်းကမ်းတွေ ကလည်း များပါဘိ။ Safety First ဖြစ်သည့်အတွက် ဟိုဟာ မလုပ်ရ။ သည်ဟာ မလုပ်ရ။ တော်ကြာ ဟိုဟာနဲ့ငြိလို့ ဖမ်းပြန်ပြီ။ တော်ကြာ သည်ဟာ မလုပ်လို့မို့ ကဒ်သိမ်း သွားပြန်ပြီ။ တော်ကြာ ဘယ်safety, JV office ကိုလာခဲ့ပါ။ မင်းလူတွေ ဘာမလုပ်ထားလို့ permit သိမ်းလာတယ် အမျိုးမျိုး ဖြစ်ပါ၏။
ရုံးသို့ နံနက် ၈ နာရီ မတ်တင်းတွင် ကျွန်တော် ပုံမှန် ရောက်လေ့ ရှိပါသည်။ သို့မှ နံနက်ခင်း မလုပ်မနေရ လုပ် ရသော Tool Box Meeting ကို အချိန်မီ တက်နိုင်မည်၊ Permit To Work များပေါ်တွင် လက်မှတ် ထိုးနိုင်မည် ဖြစ်ပါ သည်။ Permit မရှိဘဲ အလုပ်လုပ်လျှင် အကြီးအကျယ် ပြဿနာ တက်မှာမို့ လုပ်ငန်း စရန်အတွက် Permit သည် အလွန် အရေးကြီးသော စာရွက်စာတမ်း တစ်ခု ဖြစ်၏။ ထိုပါမစ်ပေါ်တွင် လက်မှတ်ထိုးရန် လိုပါသည်။
Tool Box Meeting ဆိုသည့် စကားလုံး ကိုသာ မြန်မာပြည်မှ လူများ ကြားပါက “မင်းတို့နှယ်ကွာ၊ ကြံကြံ ဖန်ဖန်၊ လုပ်စရာ နေရာ ရှားလို့ စည်းဝေးပွဲများ သေတ္တာထဲ သွားလုပ်ရတယ်လို့၊ ကြား ကြားဘူးပေါင်” ဟု ကဲ့ရဲ့ သင်္ဂြိုဟ် အတင်းဆိုမှာ မြင်ယောင်မိ ပါသည်။ မိတ်ဆွေများ ခင်ဗျား၊ ကျွန်တော့်ကို ကပ်သီး ကပ်သပ် ပြောသည်ဟု မမှတ်ယူကြ ပါလင့်။ ကျွန်တော် တကယ်ကြုံခဲ့ရသော ပြဿနာ တစ်ရပ်ကို အခြေခံကာ ပြောခြင်း ဖြစ်ပါသည်။
ကျွန်တော့် မိတ်ဆွေရင်း တစ်ဦးမှာ Safety သင်တန်း ဌာနတွင် လုပ်ရလေရာ သူ့ သင်တန်း ပို့ချချက် စာများ ကို အခါအားလျော်စွာ ကျွန်တော် ဘာပြန် ပေးရလေ့ ရှိပါသည်။ တခါတွင်မူ သင်တန်း ပို့ချချက် အပြည့်အစုံ နီးပါး ဘာသာပြန် များကို ယူလာလျှက် ကျွန်တော့်ကို ဖတ်ရှု ပြင်ဆင်ပေးပါရန် ပေးလှာပါသည်။ သူ့ ဘာသာပြန် များကို ဖတ်ရှုပြီး သကာလ ကျွန်တော့်မှာ ရီရ အခက်၊ ငိုရ အခက်၊ အပြစ်တင်ရ အခက် ဘာလုပ်ရမှန်း မသိအောင် ဖြစ်ခဲ့ရပါ၏။ သောက်တလွဲ မှ တကယ့် သောက်တလွဲ။ ထိုစာများကို ဖတ်ပြီး ထိုသူမှာ မြန်မာလိုလည်း မတတ်၊ အင်္ဂလိပ် လိုလည်း မကျွမ်းကျင်၊ safety နယ်ပယ်မှ အသုံးအနှုံး များနှင့်လည်း ဝေလာဝေးထဲက ဆိုတာ သိနိုင် ပါသည်။ အမှန်က ထို အကြောင်းနှင့် ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ် ရေးရန် ကျွန်တော် တေးထားပါသည်။ သို့သော် ခုထိ မရေးဖြစ်သေး။ တစ်နေ့နေ့တွင် ရေးဖြစ်အောင် ရေးပါဦးမည်။
ခုနဟာ ပြန်ဆက်ကြပါစို့။
Tool Box Meeting ဆိုသည်မှာ ယနေ့ ဘယ်နေရာမှာ ဘာတွေလုပ်ရမည်၊ ဘာအန္တရာယ် တွေ ရှိနိုင်သည်၊ ထိုအန္တရာယ်များ မဖြစ်အောင် ဘယ်လို အကာအကွယ်တွေ သုံးရမည် စသည်တို့ကို ရှင်းလင်း ပြောပြသော၊ သို့မဟုတ် ညွှန်ကြားချက်များ ပေးသော (သို့မဟုတ် အော်ငေါက် ဆဲဆိုသော) စည်းဝေးပွဲ ဖြစ်ပါသည်။
“Good Morning Gentlemen, I don’t know why ahh! I talk you so many time ready, youuu ahh! still doing this one, wah lah way, kanina !@#^%&*” စသဖြင့် ဖြစ်ပါ၏။
ကျွန်တော့်မှာ တခါတရံတော့ ဘေးမှနေကာ သူတို့ကို ကြည့် ပြုံးနေမိပါ၏။ သြော်- ဘ၀တွေ ဘ၀တွေ ဟု တစ်ကိုယ်ထည်း ငြီးငြူမိပါသည်။
ဤ တန်းစီနေသူ အလုပ်သမား ကလေးများကို သေသေချာချာ ရေတွက် ကြည့်လိုက်ပါက စင်ကာပူ နိုင်ငံသား များကို တွေ့ရလိမ့်မည် မဟုတ်ပါ။ ရှိတောင် အင်မတန် ရှားရှား ပါးပါး ဖြစ်ပါ၏။ အို- အလုပ်သမားမှ မဟုတ်ပါ ဘူးလေ။ သည် ပရောဂျက်ထဲမှ ၀န်ထမ်းများကို စာရင်းချ ကြည့်လိုက်ပါ။ စင်ကာပူ နိုင်ငံသား မည်မျှ ရှိပါမည်နည်း။ ၁၀ ရာနှုံးပင် ပြည့်မည် မဟုတ်ပါ။
တခါတလေ ကျွန်တော် မြန်မာပြည်ကြီးကို အလွန် လွမ်းပါသည်။ ဤသို့ လွမ်းသည့်အခါများတွင် ထို အလုပ်သမား ကလေးများကို ပြေးသတိရ မိပါ၏။ အို - ငါတစ်ယောက်ထဲမှ မဟုတ်ပေဘဲ။ အများကြီးပါလား ဟု ဖြေရပါ၏။ မှန်ပါသည်။ ကျွန်တော်တို့ sub-con ရှိ အလုပ်သမား အားလုံး လိုလိုမှာ အိန္ဒိယ နှင့် ဘင်္ဂလား မှ ချည်း ဖြစ်ပါ၏။ မြန်မာ လည်း ပါပါသည်။ သို့သော် ရှားရှား ပါးပါး တစ်ဦးထည်းသာ ဖြစ်ပါ၏။ ထိုင်းမှ ၆ ယောက်၊ မလေးရှားမှ ၃ ယောက်၊ ပြည်ကြီးတရုတ် ၂ ယောက်။
ဥရောပမှ ဆရာများကတော့ မကြာခဏ ပြန်ကြပါသည်။ တစ်ခါပြန် နှစ်ပါတ်။ နယ်သာလင်မှ ၄ ယောက်။ ဘယ်လ်ဂျီယံ မှ တစ်ယောက်။ အီတလီမှ တစ်ယောက်။ ဖိလစ်ပိုင်မှ တစ်ယောက်။
လူတွေပေကပဲ။ ကောင်းသည့်သူ ရှိသလို။ မကောင်းသည့် လူ ရှိသည်။ အလုပ်ကြိုးစားသူ ရှိသလို။ ပျင်းသူ ဖျင်းသူ များလည်း ရှိသည်။ ဆိုးသည်မှာ သူရို့နိုင်ငံသား စူပါဗိုက်ဆာများ ဖြစ်ပါ၏။ ကျွန်တော်ကတော့ သိပ်ကြည့်လို့ မရပါ။ သူတို့ ကိုယ်နှိုက်တော့ အလုပ်ကို ကြိုးစားပမ်းစား မလုပ်ဘဲ အလုပ်သမားလေးများကို အမြဲဆဲဆို အော်ငေါက် တတ်ပါသည်။ မနက်တွင် ၈ နာရီစရမည့်အလုပ်ကို ၉ နာရီခွဲလောက်မှ ရောက်လာတတ်ပြီး ၅ နာရီ အလုပ်သိမ်းမည် ဆိုပါက ၃ နာရီခွဲ သင်္ဘောနှင့် ပြန်သွားတတ်ပါသည်။
သို့သော် လုပ်ငန်းသဘာဝ အရ ကျွန်တော်နှင့် ဘာမှ မပတ်သက်သမို့ ကျွန်တော် ဘာမှ မပြောသာဘဲ လက်ပိုက် ကြည့်နေရပါသည်။ အိန္ဒိယ အလုပ်သမား ကုလား လေးများ ကြားတွင် ပညာတတ် ကလေးများ ပါပါသည်။ ကျွန်တော်က မနေတတ်သူပီပီ အခွင့်အရေး ရလျှင် ရသလို သင်တန်းများတက် လက်မှတ်တစ်ခု ရအောင်ယူပြီး အလုပ်ပြောင်းဘို့ အမြဲ တိုက်တွန်း တတ်ပါသည်။ သူတို့ လိုမည့် သတင်း အချက်အလက် များကိုလည်း အင်တာနက်မှ ရှာပေးပါသည်။

No comments: