Wednesday, April 15, 2009

ECC Life @ Pular Ular II

(၂)

ECC ၏ အရှည်မှာ Ethylene Cracker Complex ဖြစ်၏။ ပိုင်ရှင်မှာ SHELL EASTERN PETROLEUM LTD (SEPL) ဖြစ်ပါသည်။ ထိုပရောဂျက် သည်ကား Shell ၏ စင်ကာပူ တွင် ဓါတုပစ္စည်း ထုတ်လုပ်ခြင်း၌ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါသည်။ ကမာ့္ဘ အကြီးဆုံး Mono-Ethylene Glycol (MEG) Plant များတွင် တစ်ခု အပါအ၀င် ဖြစ်သည်။ စက်ရုံမှာ Hydrowax ကုန်ကြမ်း မှနေ၍ Ethylene ထုတ်ယူရန် တည်ဆောက် ထားခြင်း ဖြစ်ပါသည်။

စက်ရုံကြီးမှာ အလွန်ကြီးပါသည်။ စက်ရုံတွင် တပ်ဆင်ထားသော ပိုက်လုံးများကိုသာ စီတန်းချ ထားလိုက်ပါ က အရှည် စုစုပေါင်း ကီလိုမီတာ ၁၈၀၀ (ရန်ကုန် မှ မြစ်ကြီးနား ခရီး အကွာအဝေး ၏ နှစ်ဆ) မျှရှိပါသည်။ စုစုပေါင်း ပရောဂျက်၏ တန်ဘိုးမှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၄၀၀ မျှရှိ၏။ စက်ရုံကို Pulau Busing, Pulau Kechil နှင့် Pulau Ular ကျွန်း သုံးကျွန်း ပေါင်းပြီး ကျွန်းကြီးတစ်ကျွန်းလုပ်ထားသော လူလုပ်ကျွန်း ပေါ်တွင် တည်ဆောက် ထား ပါသည်။ ထိုကျွန်းမှာ လက်ရှိ Pulau Bukom ကျွန်းနှင့် ပေါင်းစပ်နေပါ၏။ တစ်နည်း ပြောရလျှင် ထို ကျွန်း လေးကျွန်းကို ပေါင်းလျှက် လက်ရှိစက်ရုံကို တိုးချဲ့ ဆောက်လုပ်ခြင်းပင် ဖြစ်ပါ၏။
ပရောဂျက်ကြီးမှာ အလွန် ကြီးမားရကား လက်ရှိလုပ်နေသော direct အင်အားစုနှင့် indirect အင်အားစု စုစုပေါင်းမှာ တစ်သောင်း နီးပါးရှိပါသည်။ direct အင်အားစု ကို လုပ်ငန်းထဲတွင် တကယ်တန်း ကာယအား သုံး လုပ်နေရသူများ ဟု လည်းကောင်း၊ indirect အင်အားစု ကို စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး နှင့် စာရင်းအင်း၊ အင်ဂျင်နီ ယာများ ဟုလည်းကောင်း ခပ်လွယ်လွယ် ဘာသာပြန် လိုက်ကြပါစို့။
ဆောက်လုပ်ရေး လုပ်ငန်းများကို အဆောက်အဦး၊ မြေတူးမြေဖို့၊ လျှပ်စစ်၊ ပိုက်လိုင်း သွယ်တန်းခြင်း၊ ငြမ်းဆင်ခြင်း၊ သံဘောင်ဆင်၊ ကိရိယာများ တပ်ဆင်ခြင်း၊ အလိုအလျှောက် စံနစ်များ ဆင်ခြင်း စသဖြင့် ကန်ထရိုက် တာများ သို့ လုပ်ငန်း အသီးသီး ခွဲဝေချထား ပေးပါသည်။ ထို့ပြင် လုံခြုံရေး၊ စားသောက်ဆိုင်၊ ၀န်ချီခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခြင်း စသော လုပ်ငန်းများ အတွက်လည်း သက်ဆိုင်ရာ ကန်ထရိုက်တာ များ ပေးထားပါသည်။ ကျွန်တော် သိသလောက် ပြောရလျှင် ဤ ပရောဂျက်၌ အောက်ပါ IC (Implementation Contractor) များ ရှိပါသည်။

Grootint GRP Systems, Tiansan, Mun-Siong, Sankyu, Jianyu, Cisco, Jel, Sanko, Scanbilt, Penta Ocean,
Hiapseng, UTOC, Thomson Catering, Leads Engineering, Rotary Engineering, JYC, Well Transport, Parkway Shenton, PEI, Asia Cranes, Jireh Engineering, Hua Tiong, Shimizu, Meisei, Wecom Engineering, PEC Engineering, Haileck, Tiong Woon, Hertel, Siemens, Union Alloy, Wing Wah, Austin Energy, Mammoet.

ထို IC များတွင် ကျွန်တော်တို့ ရွှေမြန်မာများ လည်း အများအပြား ရှိပါ၏။ အဆင့်ပေါင်းစုံ၊ ရာထူးပေါင်းစုံတွင် လုပ်ငန်း မျိုးစုံကို ၀င်ရောက် လုပ်ကိုင်နေ ကြပါသည်။ ယခုဆိုလျှင် ဤပရောဂျက် ရှိ ကုမ္မဏီ အမျိုးမျိုး၌ လုပ်ကိုင်နေ သူ မြန်မာ စုစုပေါင်း ၁၀၀၀ ခန့် ရှိ၏။ အချို့လည်း အဆင်ပြေ၊ အချို့လည်း အဆင်မပြေ။
လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိရာ သဘောကောင်းသူ၊ ကိုယ်ချင်းစာ တတ်သူ၊ သူ့ဘက် ကိုယ့်ဘက် မျှမျှ တတ ကြည့်တတ်သူများ နှင့် ဆုံဆည်းရသူ များမှာ ကံကောင်းပြီး သဘောထား ဆိုးသော သူဌေး သို့မဟုတ် မျက်နှာလို အားရ၊ အထက်ဖား အောက်ဖိ မန်နေဂျာများ နှင့် တွေ့ဆုံရသူများမှာ စိတ်ညစ်စရာ များချည်း ဖြစ်တော့၏။ သဘော ကောင်းသည်၊ မျှတသည်၊ ဆိုးညစ် ယုတ်မာသည် ဆိုသည်များမှာ ဘယ်လူမျိုး ဆိုတာနှင့် မဆိုင်။ ပုဂ္ဂလိက တစ်ဦး ချင်း ပေါ်မှာ မူတည်ပါသည်။ အချို့သူများကတော့ လူမျိုးစွဲ ရှိသည်။ သူကတော့ ကုလားမို့၊ သူကတော့ တရုပ် မို့၊ ငါတို့ ဗမာတွေက တော်သေး ဆိုတာမျိုး ဖြစ်ပါ၏။ ကျွန်တော်ကတော့ ဤလို မယူဆပါ။ ကောင်းသော ကုလား ရှိသလို၊ မကောင်းသော ကုလားလည်း ရှိသည်။ ဆိုးသော တရုပ် ရှိသလို ကောင်းသော တရုပ်များလည်း ရှိပါသည်။ ငါတို့ ဗမာတွေကတော့ တော်တယ်ကွ ဟု တဖက်သတ် ကိုယ့်ဘက်ကိုယ် မယက်ပါနှင့်။ ထိုသူများကား ဆိုးညစ် ယုတ်မာ သော ဗမာများနှင့် မဆုံဆည်းရ သေးသောကြောင့် ဖြစ်နိုင်ပါသည်။ မည်ကဲ့သို့ ယုတ်မာသည်ကို စာတစ်ပုဒ် သပ်သပ် ရေးပါဦးမည်။
ကျွန်တော်က ကိုယ် အဆင်ပြေရင် ပြီးရော။ ဘယ်ကောင်တွေ ဘာဖြစ်နေနေ ဟု လက်ပိုက်ကြည့် နေတတ်သူ ထဲမှ မဟုတ်ပါ။ ကိုယ်နှင့်နီးစပ်ရာ မြန်မာ အလုပ်သမား ကလေးများကို သူတို့နေရေး၊ ထိုင်ရေး။ စားရေး သောက်ရေး။ အလုပ်အကိုင် အဆင်ပြေ မပြေ အမြဲမေးလေ့ ရှိပါသည်။ ကိုယ်တတ်နိုင်သည့် ဘက်မှ လုပ်ပေးနိုင်တာ ရှိလျှင် တစ်ခုခု လုပ်ပေးချင် ပါသည်။ နှုတ်၏ စောင်မခြင်း၊ လက်၏ စောင်မခြင်း ပေါ့။ သည်တော့ သူတို့ ဘ၀ကလေး များကို သိလာ ရပါသည်။ ဤ အကြောင်းများကို သူတို့နှင့် ကျကျနန မေးမြန်းပြီး စင်ကာပူ အတွေ့အကြုံ ဆောင်းပါးများ တစ်ပုဒ်ပြီး တစ်ပုဒ် ရေးထုတ် ချင်ပါသည်။ တစ်ဦးလျှင် စိတ်ဝင်စားစရာ ဇာတ်လမ်း တစ်ပုဒ်ကျစီ ရှိပါ၏။ ထို ဇာတ်လမ်းများထဲတွင် အထက် စာပိုဒ်တွင် ဖော်ပြထား သကဲ့သို့ ဘယ်သူ သေသေ ငတေမာ ပြီးရော ဆိုသည့် ဆိုးညစ် ယုတ်မာသော ကိုမြန်မာများ အကြောင်းလည်း ပါပါသည်။

No comments: