Tuesday, April 21, 2009

ECC Life @ Pular Ular VII

(၈)

မနက် လာစဉ်ကကဲ့သို့ ပင် မှတ်တိုင်တွင် ဘတ်စ်ကား စောင့်ရပါသည်။ အဆင်ပြေလျှင် ခဏ သာ စောင့်ရ သော်လည်း များသော အားဖြင့်မူ မိနစ် ၂၀ ခန့် စောင့်ရ၏။ ကျွန်တော်က အလုပ်ရှုပ်မခံတော့ဘဲ ထမင်း ကို အပြင် တွင်သာ စားလိုက်ပါသည်။ သည့် အတွက် ထမင်းစားရန် အဆင်ပြေမည့် နေရာကို ကြည့်ထားရ ပါသည်။ တခါ တလေ တော့လည်း ကြုံသလို တည့်သလို စခန်းသွားလိုက် ပါသည်။
၁၇၅ ဘတ်စ်ကား စီးလျှင် Clementi ဘူတာ ရောက်ပါ၏။ ထို ဘူတာအနီး Hawker Centre မှ Chicken Rice မှာ အခြား နေရာများထက် ပိုကောင်းပါသည်။ ကြက်သားလည်း များသလို ပဲပင်ပေါက် ကလေး၊ သခွားသီး ကလေး၊ နံနံပင် ကလေး များနှင့် ဖြစ်ပါ၏။ ထူးခြားသည်မှာ ဟင်းချို ဖြစ်ပါသည်။ အလကား ပေးသော သူရို့ ဟင်းချိုမှာ အခြားဆိုင်များတွင် သီးသန့်ရောင်းသော ဟင်းချိုကဲ့သို့ သောက်လို့ ကောင်းပါ၏။ Chicken Rice တစ်ပွဲ ကို ၃ ကျပ် ၃၀ ဖြစ်ပါသည်။ စားရတာ တန်ပါ၏။ တစ်ရက်ခြား နှစ်ရက်ခြား ကျွန်တော် စားလေ့ ရှိသည်။
သို့သော် တစ်မျိုးတော့ ဆန်းသည်။ စင်ကာပူတွင် fruit များကို ဟင်းချက်တာ မိတ်ဆွေတို့ ရိပ်မိပါလိမ့် မည်။ ၀က်သားထဲတွင် နာနတ်သီး ထည့်ချက်တာမျိုး ဖြစ်ပါ၏။ သည်ဆိုင်မှ ဟင်းချိုသည်လည်း တခါတလေ မြေပဲ နှင့် ကြက်ခြေထောက်ကို ရောပြုတ်ထားသည်။ တခါတလေ တော့ ပြောင်းဖူး နှင့် ကြက်ခြေထောက် ဖြစ်ပြီး အချို့ရက်များ တွင် သခွားချိုသီး (old cucumber) နှင့် ကြက်ခြေထောက်ကို ရောပြုတ်ထားတာ တွေ့ရပါသည်။ မည်သို့ ပင် ဖြစ်စေ သောက်လို့ ကောင်းပါသည်။ မြေပဲ ဟင်းချို ဆိုလျှင် မြေပဲဆန်များ အများကြီး ထည့်ပေးပါ၏။ ကျွန်တော်က သူတို့ဆိုင်တွင် အမြဲ စားသည့် ဖောက်သည် ဖြစ်လေရာ သူတို့နှင့်ပင် မိတ်ဆွေ ဖြစ်နေပါပြီ။
ဆိုင်များထဲတွင် ကျွန်တော်ကဲ့သို့ပင် အလုပ်မှ အပြန် ထမင်းဝင် စားသူများကို တွေ့ရပါသည်။ အချို့မှာ ဘီယာ ပုလင်းများထောင်လျှက်။ ဆိုင်အပြင်ဘက် စားပွဲဝိုင်းကြီး တစ်ဝိုင်းတွင်မူ တရုပ် အဖိုးကြီးတစ်ဦးသည် အင်တင်နာ ထောင်ထားသော ရေဒီယို ကို ရှေ့ချကာ ထမင်းစား လျှက် ရှိ၏။ ရေဒီယိုမှ တရုပ်သီချင်းသံများ ကြားနေရ သည်။ အဖိုးကြီးဖြစ်နေပြီ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် သိပ် မထိန်းနိုင်။ ခါးမှာ ကုန်းလျှက် မျက်နှာနှင့် စားပွဲ မျက်နှာပြင် မှာ တပြေးထည်း ဖြစ်နေ၏။ ဘေးနားတွင် မတော့ ထမင်း၊ ဟင်းများ ပြန့်ကျဲလျှက်။
၎ ပုလင်းထက် မနည်းသော ဘီယာ ပုလင်းခွံများကို စားပွဲပေါ် ထောင်လျှက် တရုပ် အဖိုးကြီးတစ်ဦး နှင့် မလေး အဖိုးကြီး နှစ်ဦးတို့မှာ ဟောင်ဖွာ ဟောင်ဖွာ နှင့် စကားပြောလျှက် ရှိပါ၏။ မလေးလို ပြောနေကြခြင်း ဖြစ်ပါသည်။ တရုပ်လို ကာနီနာ ဟု ဆဲသံလည်း တခါတရံ ကြားရတတ်သေးသည်။ ကျွန်တော့်ဘေး စားပွဲတွင်တော့ တရုပ်စုံတွဲမှာ ချစ်နလံ ထရင်း တွတ်ထိုးနေပါ၏။ ငါးကင်တစ်ပွဲမှာကာ ထမင်းတစ်ယောက် တစ်လုံးစီနှင့် ထမင်းကို တူနှင့် ပက်ကာ ပက်ကာ စားရင်း ရှေ့ရေးကို ဆွေးနွေးနေသည် ထင်ပါ၏။
အချို့ရက်များတွင် ကျွန်တော် Shimizu ဘတ်စ်ကား ကြုံနှင့် လိုက်တတ်ပါသည်။ တစ်ခု ကောင်းသည်မှာ သူက ဘယ်မှ မရပ်ပဲ Jurong East MRT ထိ တောက်လျှောက် မောင်းသဖြင့် အချိန်ကုန် သက်သာပါသည်။ သို့သော် Jurong East MRT မှ Chicken Rice ကမူ မစွံပါ။ ဟင်းချိုလည်းမပါ။ ကြက်သားကလည်း Clementi မှ ဆိုင်နှင့် စာလျှင် တစ်ဝက်ခန့်သာ ရှိပါ၏။ သို့သော် ဈေးကမူ သုံးကျပ် ဖြစ်၏။ Clementi မှ ဆိုင်နှင့် ယှဉ်လိုက်မည် ဆိုပါက နှစ်ကျပ်လောက်သာ တန်ပါသည်။
တခါတရံ နစီ လီမား ( အုန်းထမင်းနှင့် ကြက်ကြော်) စား၊ တခါတလေ တော့ Laksa (ဗမာပြည်မှ အုန်းနို့ ခေါက်ဆွဲကဲ့သို့) စားပါသည်။ နေ့တိုင်း စားနေရတော့ တခါတလေ ဘာစားရမှန်းတောင် မသိပါ။ ဆိုင်များအား လျှောက်ကြည့်ပြီး မရွေးတတ်တော့သည့် အဆုံး နီးရာဆိုင်ဝင်၊ တည့်ရာ ကောက်ကက် မှာစားလိုက်ပါတော့၏။
စားသောက် ပြီးနောက် MRT နှင့် ပြန်ခဲ့ပါသည်။ ရထားပေါ်မှ ခရီးသည်များမှာ နံနက်ကကဲ့သို့ ရွှင်ရွှင် ပြပြ မရှိတော့။ ပင်ပန်းနွမ်းနယ်သည့် သဏ္ဍာန် ပေါက်နေပါသည်။ အားလုံးမှာ မနက်က အလုပ်သွားစဉ်က ကဲ့သို့ သုတ် သီးသုတ်ပြာ မဟုတ်တော့ဘဲ အေးအေး ဆေးဆေး ဖြစ်သွားပါပြီ။ အနို့ သည် အိမ် ဘယ်ထွက်ပြေးမှာမှ မဟုတ်တာ။ အချို့လက်များတွင် ကြွပ်ကြွပ်အိတ် အနီများဖြင့် ညစာကို ဆွဲလာတာ တွေ့ရတတ်ပါသည်။ တစ်နေ့လုံး အလုပ်လုပ် နေရတာဗျာ။ ပင်ပန်းတာပေါ့။ ဘယ် ချက်စားနေတော့မလဲ။
အိမ်ပြန်ရောက်တော့ ၈ နာရီ ခွဲ။ ရေမိုးချိုး၊ ဘာညာ သာရကာ ဟိုလုပ်၊ သည်လုပ်နှင့် ၉ နာရီ ခွဲပါသည်။ အင်တာနက် ဖွင့်။ အီးမေးမှ ရသည့် ရီစရာများကို တစ်ယောက်ထဲ ကျိတ်ရီ။ ဗမာပြည် သတင်းများကို ဖတ်ရင်း ဒေါသထွက်။ သွေးတွေ ဘာတွေတက်။ ဖတ်စရာ ကောင်းကောင်းလေးများ ရလျှင် မိတ်ဆွေ အပေါင်း အသင်း ရောင်းရင်း များဆီ forward လုပ်။ ဟိုက် - ၁၁ နာရီ ထိုးပါပေါ့။ အိပ်မှ၊ အိပ်မှ။ တော်ကြာ မနက်ကျ အိပ်ရေး မ၀ပြန် ဘူး ဖြစ်ဦးမယ်။


သြော် - ဘ၀ သံသရာ။

စာပြီးရက်

၂၁ ဧပြီ၊ ၂၀၀၉
ည ၁၁ နာရီ

No comments: