Monday, April 20, 2009

ECC Life @ Pular Ular V

(၅)

အလုပ်သမား အများစုကို ကျွန်းထဲရှိ Camp တွင် ပင် ထားပါသည်။ သို့သော်လည်း ကုမ္ပဏီပေါင်းစုံမှ လုပ် သားများ မှာ ၅၀၀၀ လောက်ရှိပေရာ Camp နှင့် မဆန့်တော့သဖြင့် အချို့ကို စင်ကာပူတွင်ပင် ထားပြီး နေ့စဉ် သွားပြန် ကြိုပို့ပေးရပါသည်။ သို့အတွက် နေ့စဉ် သင်္ဘောဆိပ်တွင် အလုပ်သွား အလုပ်ပြန် လူများနှင့် ပြည့်နှက် နေပါသည်။ နေ့စဉ် အနည်းဆုံး မိနစ် ၂၀ မှ နာရီဝက်ထိ တန်းစီရ၏။ ပြန်သည့် အချိန်တွင် တစ်ဦးနှင့် တစ်ဦး ပြန်ချိန် မတူသဖြင့် သိပ်မဆိုးလှသော်လည်း အလုပ်လာချိန် နံနက်ပိုင်းတွင်မူ အားလုံး တချိန်ထဲ စုပြုံလာကြသည် ဖြစ်ရာ တန်းစီရသည့် ဒုက္ခမှာ မသေးလှပါ။

ကျွန်းပေါ်နေသူများ ကတော့ ဤဒုက္ခမှ ကင်းဝေး၏။ သူတို့က အလုပ်ပြီးပြီ ဆိုသည်နှင့် ဆယ်မိနစ်အတွင်း အဆောင် ပြန်ရောက်ပြီ။ ရေမိုးချိုး၊ စားသောက် ပြီးသည်နှင့် နားလို့ရပြီ။ မနက်ဆိုလျှင်လည်း ခရီးသွားစရာ မလို သဖြင့် အလုပ်ဆင်းချိန် မတိုင်မီ တစ်နာရီခန့် ကြိုထလျှင် လုံလောက်ပြီ။ ဆိုလိုသည်မှာ ၈ နာရီ စမည့် အလုပ်အတွက် ခုနစ် နာရီ မှ ထလည်း ရသည်။ သို့သော် သူတို့မှာလည်း သူတို့ ဒုက္ခနှင့် သူတို့ ဖြစ်ပါ၏။ ကျွန်တော်က ဤအဆောင် များတွင် နေသူ ကျွန်တော်နှင့် အလွန် ခင်မင်ရင်းနှီးသူ လူကောင်းကလေး တစ်ဦးဖြစ်သော ပညာလည်း ထိုက်သင့် အားလျော်စွာရှိသူ မိတ်ဆွေ မြန်မာလေး တစ်ဦးကို မေးမြန်းကြည့်ရာ သူက အောက်ပါအတိုင်း ပြန်ပြောပြပါသည်။

အင်း၊ နေရထိုင်ရတာ အဆင်ပြေပါတယ် အစ်ကိုရယ်။ အစား အသောက် ကလေးသာ ကောင်းမယ် ဆိုရင် အင်မတန် နေပျော် ပါတယ်။ ကျွန်တော် ကျွန်းပေါ်ရောက်တာ တစ်နှစ်ခွဲ ကျော်ပြီ။
ကျွန်တော် စရောက်တော့ စုစုပေါင်းမှ ဆယ့်လေးယောက်ပဲ ရှိသေးတယ်။ လူနည်းတော့ အစစ အဆင်ပြေ တယ်။ ခုတော့ လူအရမ်းများလာတော့ ပြဿနာလည်း များလာတာပေါ့။ စုစုပေါင်းဆိုရင် အခု အဆောင် ၈ ဆောင် ထင်တယ် ရှိတယ်။ လူကလည်း လေးငါးထောင်လောက် ရှိတယ်။ ကျွန်တော်တို့ တစ်ခန်းကို ၁၂ ယောက် နေရတယ်။ အင်း-ဟုတ်တယ်။ နှစ်ထပ်ကုတင်တွေနဲ့ပဲ။ လူသစ်တွေ ရောက်လာပြီဆို သူတို့က မွေ့ယာတို့ ခေါင်းအုံးတို့ ပေးတယ်။ ဒါပေမဲ့ အစ်ကို၊ အဆောင်မှာက လူတွေ အရမ်းများပြီး ကြမ်းပိုးနဲ့ ပိုးဟပ်တွေက အရမ်းဖြစ်နေတော့ ရောက်ပြီး တစ် ပတ် လောက်ပဲ အဲဒီ မွေ့ယာနဲ့ ခေါင်းအုံးတွေ သုံးလို့ရတယ်။ နောက်တော့ ကြမ်းပိုးတွေ ကပ်ပြီး အိပ်မရတော့လို့ ပစ်လိုက်ရတာပဲ။
ဆိုဒ်ထဲကနေ သုံးထပ်ပြားသားတွေ သယ်လာပြီး အနားပတ်ပတ်လည်ကို Masking Tape တွေနဲ့ပတ်ပြီး အိပ်ယာခင်း လုပ်ရတာပေါ့။ အဲဒီတော့မှ အိပ်လို့ရတယ်။ တခါတလေ ကြမ်းပိုးသိပ်ကိုက်တဲ့ အခါ ကောင်းကောင်း အိပ်လို့ မရဘူး။ ခုမှ တော်သွားတာ။ အရင်ကဆို ခြင်ကကိုက် ကြမ်းပိုးက ကိုက်နဲ့ အရမ်း ဒုက္ခရောက်တယ်။ ခုတော့ ခြင်ဆေးလာလာ ဖြန်းပေးလို့ ခြင်တော့ မရှိတော့ဘူး။
အခန်းတွေမှာ exhaust fan ၄ လုံးစီ တပ်ပေးထားတယ်။ ပန်ကာတွေလည်း ရှိတယ်။ မီးလည်း ကောင်းပါ တယ်။ ပန်ကာကတော့ အရေးကြီးတယ် အစ်ကို။ ပန်ကာမရှိရင် ပူလွန်းလို့ အိပ်လို့မရဘူး။ ပန်ကာ ပျက်လို့ သွားပြော ရင် သူတို့ကလည်း ချက်ခြင်း လာပြင်ပေးပါတယ်။
နောက်ပြီး ကျွန်တော်တို့ အဆောင်ထဲက အအေးဗူးရောင်းတဲ့ စက်တွေက အပြင်က စက်တွေထက် ပို ဈေး ကြီးတယ်။ Penta Ocean တို့ Shimizu တို့ က စက်တွေမှာ ၆၅ ပြား၊ ပြား ၉၀ ပဲရှိတဲ့ အအေးဗူးကို အဆောင်ထဲက စက်တွေမှာ တစ်ကျပ် ၂၀၊ တစ်ကျပ် ၃၀။ ဘာကြောင့်မှန်းကို မသိဘူး။ တကယ်ဆို ကျွန်တော်တို့က တကယ် အလုပ် လုပ်နေရတဲ့ သူတွေ။ ဒီမှာလည်း အမြဲတမ်း နေနေတဲ့ သူတွေ ဆိုတော့ ကျွန်တော်တို့ အတွက် ပိုတောင်မှ ဈေးလျှော့ ပေးရအုံးမှာ။ ခုတော့ ပြောင်းပြန်။
အဆိုးဆုံးကတော့ အစားအသောက်ပဲ။ မနက်စာ စားဘို့ အစောကြီး ထ တန်းစီရတာ တစ်ဒုက္ခ။ မနက်စာ တော့ စိတ်ပျက်လွန်းလို့ ကျွန်တော် တခါမှ မစားဘူး။ အပြင် canteen မှာပဲ ၀ယ်စားလိုက်တယ်။ မနက်ပိုင်း ခေါက်ဆွဲကြော် ထင်ပါရဲ့၊ သူတို့ကျွေးတာ။ နေ့လည်စာလည်း မစွံပါဘူး။ မရှိလို့ စားရတာပဲ။ ပဲပင်ပေါက် ကြော်၊ ဂေါ်ဖီကြော်၊ ဟင်းချိုက တစ်ခွက် ပေးတယ်။ တစ်ပတ်ကို အသားက နှစ်ရက် ပါတယ်။ တခါတလေ လက် နှစ်လုံး လောက် ရှိတဲ့ ငါးကြော် ပါတယ်။ ဟင်းမကောင်းတော့ ထမင်းစားရတာ အဆင်မပြေဘူး။ ကျွန်တော်ကတော့ ဖြစ်သလို စားလိုက်တာပဲ။ ဗိုက်ပြည့် ပြီးရော ဆို။ တချို့ လုံးဝ မစားတဲ့ သူတွေ ရှိတယ်။ အစာအိမ်ရောဂါ ဖြစ်၊ ဘာဖြစ်ပေါ့။
ဟင်းမကောင်းလို့ complain လုပ်တော့ မင်းတို့က ဘယ်လောက် ပေးထားလို့လဲ လို့ အပြောခံရတယ်။ သူတို့ ဘယ်လောက် ပေးမှန်း ကျွန်တော်တို့ ဘယ်သိမှာလဲ အစ်ကို။ သူတို့ ကျွေးတာ စားရတာပဲ။ နောက်ပြီး ချက်စား လို့လဲ ရတာ မဟုတ်ဘူး။ ကျွန်တော်တို့က အလုပ်ကြမ်း လုပ်ရတာ ဆိုတော့ အစားကောင်းကောင်း စားရဘို့ လိုတယ် မဟုတ်လား။ ဒါမှ အားရှိပြီး အလုပ်ကောင်းကောင်း လုပ်နိုင်မှာလေ။ ဒါပေမဲ့ ဘယ်သူမှ ဂရုမစိုက် ပါဘူး အစ်ကိုရယ်။
နေ့လည်စာ စားဘို့ လူကများတော့ ၁၁ နာရီမှာ Penta Ocean, Shimizu၊ ၁၂ နာရီမှာ Wecom, Hai Lek စသဖြင့် အသုတ်လိုက် ခွဲထားတယ်။ ဒါပေမဲ့ လူက များတော့ တန်းစီရတာနဲ့တင် နားချိန် မရဘူး။ နောက်ပြီး အ၀င်ဝ မှာ Cisco ရဲတွေ စောင့်နေတယ်။ ၁၁ နာရီ မတီးမချင်း ဘယ်သူမှ ၀င်လို့မရဘူး။ ဒီတော့ ၁၁ နာရီထိုးပြီ ဆိုတာနဲ့ ဟာ အကုန် စုပြုံတိုး။ ကုလားတွေက တံခါးကို အတင်းတိုးဖွင့်တော့ ရဲတွေနဲ့ ပြဿနာဖြစ်။ တစ်ခါဆိုရင် ရဲ က နံပါတ်တုတ် နဲ့ ရိုက်လို့ ကုလားလေး တစ်ယောက် တော်တော် ဒါဏ်ရာ ရသွားတယ်။ ဒါပေမဲ့ ဘယ်သူမှ မသိလိုက်ဘူး။
အစ်ကိုရယ်၊ ကျွန်တော်တို့ ဘ၀ဟာ ထောင်သားတွေလို ပါပဲဗျာ။
အစားအသောက်ကို ထိုင်းနဲ့ မြန်မာစာ။ အိန္ဒိယစာ။ ဘင်္ဂလားစာ။ တရုပ်စာ။ ဖိလစ်ပိုင်စာ ဆိုပြီး ခွဲထားတယ်။ အရင်က ဖိလစ်ပိုင်စာက ပိုကောင်းတယ်။ အသားလည်း ပိုများတယ်။ ဒါပေမဲ့ တလောက ဖဦးထုပ်တစ်ကောင် သွား complain လုပ်တာနဲ့ ခုတော့ အားလုံး အတူတူ ဖြစ်သွားပြီ။ ဒါပေမဲ့ ဘင်္ဂလားစာက နေ့တိုင်း အသားပါတယ်။ ကျွန်တော်တို့က အသား မပါတော့ ဘင်္ဂလားစာကို အလုအယက် စားကြတာပဲ။
ဟို့ အရင်က ထိုင်းစာ ချက်တဲ့ ယိုးဒယားလေး တစ်ယောက် ရောက်လာသေးတယ်။ ဒီကောင်က အချက် အပြုတ်ကောင်းတော့ ကျွန်တော်တို့ စားရတာ တော်တော် အဆင်ပြေတယ်။ ဒါပေမဲ့ ဘာကြောင့်မသိဘူး။ အဲဒီ ကောင်လေး ကြာကြာမခံဘူး။ နောက်တစ်ယောက် ရောက်လာတော့ ကျွန်တော်တို့လည်း ဓါတ်ပျက်တော့ တာပဲ။ တခါတလေ ထိုင်းနဲ့ ဗမာစာမှာ ၀က်ရိုးတွေ ပြုတ်ကျွေးတယ်။ ၀က်သား မဟုတ်ဘူး။ ၀က်ရိုး။ နှစ်ခါလောက် စုပ် လိုက်တာနဲ့ ကုန်ရော။
အစ်ကိုရယ်၊ ကျွန်တော်တို့ ဗမာပြည်မှာလည်း နေ့တိုင်း ဟင်းကောင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့် ဗမာလို ချက်ထားတော့ ဘာပဲပြောပြော စားလို့ ဖြစ်သေးတယ် ပေါ့။ ဒီမှာကတော့ သူတို့ ချက်ထားတာ နေ့တိုင်း ဒါချည်း ဆိုတော့ စားလို့ မရဘူးပေါ့။ ရောက်စကတော့ ကြက်ကြော်လေး ဘာလေးနဲ့ ဆိုတော့ တော်သေးတယ်။ စားလို့ ကောင်းတယ်ပေါ့။ ဒါပေမဲ့ ကြာလာတော့ မစားချင်တော့ဘူး။
ညစာကတော့ နေ့လည်စာနဲ့စာရင် ပိုကောင်းတယ် ဆိုရမယ်။ အချဉ်လေးနဲ့၊ ဟင်းရည်သောက် ကလေးနဲ့ ဆိုတော့ စားလို့ ဖြစ်တယ်။ ဘာပဲ ဖြစ်ဖြစ် တစ်နပ်စာ ကောင်းကောင်း စားလိုက်ရလို့ တော်သေးတာပေါ့။ တချို့ကျ တော့လည်း အိမ်ကထည့်ပေးလိုက်တဲ့ ငါးပိကြော်၊ ငါးခြောက်ကြော်လေးနဲ့ ပေါ့။ အဲဒီ အစားအသောက်တွေ အခန်းထဲမှာ သေသေချာချာ မသိမ်းဘဲ ဒီအတိုင်း အပွင့်လိုက်ကြီးထား။ ပိုးဟပ်တွေကလာ။ ခုနောက်ပိုင်းတော့ ကြက်ဥ ကြော် နှစ်လုံးကျွေးတယ်။ တော်သေးတယ် ဆိုရမှာပေါ့။ စားလို့ ရတယ်။
လူပေါင်းစုံ စရိုက်ပေါင်းစုံ၊ ပညာတတ်တဲ့ သူလည်းပါ၊ ပညာမတတ်တဲ့ သူလည်းပါ ဆိုတော့ မလွယ်ဘူး အစ်ကိုရေ။ ဗျောက်သောက်ပဲ။ မနည်းကြည့် နေရတယ်။ ကုလား ကုလားချင်း။ ဗမာ ဗမာချင်း။ ထိုင်း ထိုင်း ချင်း အတူတူ ထားတာ ဆိုတော့ နည်းနည်း တော်သေးတယ်။ မဟုတ်လို့ ကျွန်တော်တို့ ကိုသာ ကုလားတွေနဲ့ အတူတူ ထားရင် တကယ့် ဒုက္ခပဲ။ ဒီကောင်တွေက ကိုယ်ကို ဆီတွေလိမ်းတာ အရမ်း နံတာပဲ။ နောက်ပြီး သူတို့က နံနံ စော်စော်တွေ စားတာဆိုတော့ ချွေးများထွက်ရင် သူတို့ကိုယ်က ထွက်တဲ့ အနံ့ဟာ နှာခေါင်း မခံသာဘူး။
အတူတူ ထားတဲ့နေရာ မှာလည်း ကုမ္ပဏီချင်းတူတဲ့ သူတွေ စုထားရင် ပြဿနာ ပိုများတယ်။ အချင်းချင်း အကြောင်းသိတွေ ဆိုတော့ ကုလား ကုလား၊ ဗမာ ဗမာ မလေးစားဘူး။ ရန်ဖြစ်တာပဲ။ အဲ ကုမ္ပဏီ မတူရင်တော့ နည်း နည်း မျက်နှာ စိမ်းနေပြီး သိပ် ပြဿနာ မဖြစ်ဘူး။ တချို့ ပြောလိုက်ရင် မိန်းမလို စိတ်ကောက်တတ်တဲ့သူက ရှိသေး။ နည်းနည်း အနေကြာလို့ ဖားမတွေနဲ့ ငြိသွားတဲ့ သူတွေဆို တစ်ချိန်လုံး ဖားဆိပ်တွေ ရိုက်နေတာပဲ။ (ဖားမ တွေဆီ message တွေ တစ်ချိန်လုံး ပို့နေလို့ ကျွန်တော်တို့က ဖားဆိပ် လို့ နာမည်ပေးထားတာ)။ ညဆိုရင်လည်း လူကသာ အရမ်းအိပ်ချင်နေလို့ အိပ်ယာပေါ်လှဲ မျက်စိမှိတ်ထားပေမဲ့ လက်က ဖုံးကိုကိုင်ထားပြီး ဟိုက message ပို့လိုက်၊ မျက်စိ ဖွင့်ပြီး ပြန်ပို့လိုက်၊ မျက်စိပြန် မှိတ်လိုက်။ သန်းခေါင် သန်းနွဲ။
ဖုံး တစ်ခါ ပြောပြီဆိုလည်း တစ်နာရီနဲ့ မပြီး နှစ်နာရီနဲ့ မပြီး။ ရသမျှလခ ဖုံးကဒ်ဝယ်ရတာနဲ့ ကုန်တာပဲ။ ဘယ် အိမ်ပြန် ပို့နိုင်မလဲ။ တခါ ညဘက် ဖုံးပြော၊ message ပို့နဲ့ အိပ်ရေးမ၀တော့ နောက်နေ့ကျတော့ အလုပ် ကောင်းကောင်း မလုပ်နိုင်တော့ဘူး။ ဟိုချောင်ခို၊ ဒီချောင်ခို။ သူတို့ကို အလုပ်ခိုင်းတော့ supervisor ကို မကောင်း ပြောသေးတယ်။ သူတို့က ညဘက် မအိပ်တော့ အိပ်နေတဲ့ သူတွေကို အနှောက် အယှက်ဖြစ်တယ်။ ဟိုတစ်နေ့က သန်းခေါင် သန်းလွဲ ညတိုင်း မီးဖွင့်ပြီး သီချင်းဖွင့်နေတဲ့ သူကို သည်းမခံနိုင်တော့ တစ်ယောက်က ထပြီး မီးပိတ်တယ်။ အဲဒီတော့ စကားများရော။ အများနဲ့နေတာ နည်းနည်း အလိုက်သိတတ်ဖို့ ကောင်းတာပေါ့။ နောက်ပြီး ကျွန်တော်တို့ က နေ့တိုင်း အလုပ်လုပ်နေ ရတာလေ။ အိပ်ရေး၀၀ အိပ်ရမှ ဖြစ်မှာပေါ့။
ဒါနဲ့ စကားမစပ် ပြောရဦးမယ်။ တလောက အစ်ကိုလည်း သိပါတယ်။ ဂက်စ်တွေ ထွက်တာ။ ဘယ်သူမှ မသိဘူး။ ဘာ alarm မှလည်း မပေးဘူး။ ဘာမှ လည်း မကြေငြာဘူး။ ကျွန်တော်တို့ အားလုံး အသက်ရှူမ၀လို့ အခန်း အပြင် အတင်းထွက်ပြေး၊ သင်္ဘောဆိပ် ကို အတင်းပြေးကြ။ မော်တော်လေး တွေဆီ အတင်းတက် နဲ့ ရုန်းရင်း ဆန်ခတ် တွေ ဖြစ်ကြတာ။ အထွက် မြန်လို့ အစ်ကိုရေ။ နောက်ထပ် နာရီဝက်လောက်ဆို အကုန် သေကုန်တယ်။ ကျွန်တော်တို့လည်း စွပ်ကျယ်တွေ ရေဆွတ်ပြီး နှာခေါင်း အုပ်ထားတော့မှ နည်းနည်း သက်သာတယ်။ အဲဒါ ဘယ်သူမှလည်း အရေးတယူ မလုပ်ဘူး။
အင်း- အ၀တ်ကို သူတို့ လျှော်ပေးတယ်။ ကိုယ့်အ၀တ် အစားတွေကျ ကိုယ့်ဟာကိုယ် လျှော်ချင်လည်း ရတယ်။ အ၀တ် လျှော်စက်တွေ ထားပေးတာကိုး။ ရေချိုးရတာလည်း မဆိုးပါဘူး။ နည်းနည်းတော့ စောင့်ရတာပေါ့။ အဆင်ပြေပါတယ်။ တစ်ခု ဆိုးတာက အခန်းသော့တွေက မလုံဘူး။ ဖုံးကဒ်နဲ့ ထိုးဖွင့်လိုက်ရင် ပွင့်တာပဲ။ ဘယ် ကျွန်တော်တို့မှာ သော့ရမလဲ။ ဒီအတိုင်း ဖွင့်ကြတာပဲ။ အဲဒီတော့ ပစ္စည်း ပျောက်တာတွေ ရှိတာပေါ့။ ကျွန်တော်တို့ complain လုပ်ပါများတော့မှ အပျောက် သက်သာသွားတယ်။ ဒါပေမဲ့ ဘယ် စိတ်ချရမလဲ အစ်ကိုရယ်။
နောက်ပြီး ၀င်ပေါက်နားမှာ အင်တာနက်လဲ ထားပေးတယ်။ တစ်နာရီ ၃ ကျပ်။ မဆိုးပါဘူး။ သုံးတဲ့လူတွေ ရှိတယ်။ နောက်ပြီး public ဖုံးတွေလဲ ရှိပါတယ်။
ကျွန်တော်တို့သာ နေရတာ သိပ်အဆင်မပြေတာ။ Supervisor တွေကျ တစ်ခန်းကို ၄ ယောက် ၅ ယောက် ပဲ ထားတယ်။ နောက်ပြီး သူတို့ အခန်းတွေက အဲယားကွန်း ရှိတယ်။ နေရတာ သက်တောင့် သက်သာ ရှိတာပေါ့။
ကျွန်းမှာက ဘယ်မှ လည်စရာ ပတ်စရာ ကြည့်စရာ ရှုစရာ မရှိတော့ ပိတ်ရက်တွေမှာ အပြင်ထွက်ကြတယ် ပေါ့။ တစ်နေ့လုံး လျှောက်လည်။ နောက်ဆုံး မော်တော်က ည ၁၁ နာရီ နောက်ဆုံး။ ဒါမှ အဲဒီ မော်တော် မမီဘူး ဆို သူတို့ West Coast Park ထဲ သွားအိပ်ကြတယ်။ မနက်ကျတော့ အစောဆုံး ၅ နာရီခွဲမှာ ကျွန်းကို သွားတဲ့ မော်တော် ရှိတော့ အဲဒီမော်တော်နဲ့ လိုက်ကြတယ်။
ကျွန်းပေါ် ပြန်လာတဲ့ သူတွေကို ရဲကလည်း အသားကုန် ရှာတာပဲ။ သူတို့မှာ အိတ်စ်ရေး မျက်မှန် တပ်ထား တာ တွေ့တယ်။ ဟား ဟား ဖွက်ယူလာတဲ့ အရက်ပုလင်းတို့ ဆေးလိပ်ဗူးတို့ အကုန်ထွက် လာတာပဲ။ အရင်က အခန်းထဲမှာ ဆေးလိပ်ရောင်းတဲ့ မလေးကောင်လေးတွေ ရှိတယ်။ နောက်တော့ လိုက်ဖမ်းတာနဲ့ သူတို့လည်း မရောင်းရဲတော့ဘူး။
ဆိုးတာက ဗမာတွေပဲ အစ်ကို။ ပင်နင်စူလာက ပြန်လာပြီး ကွမ်းတွေ မတရားစား။ ကွမ်းတံတွေးတွေ ဟိုထွေး ဒီထွေး။ ညစ်ပတ်နေတာပဲ။ ကြိုက်တတ်လို့ စားတာ စားတာပေါ့။ ဒါပေမဲ့ စည်းလေး ကမ်းလေး တော့ ရှိမှပေါ့ဗျာ။ အောင်မယ်၊ ကွမ်းယာရောင်းတဲ့ သူတောင် ရှိသေး။ ဟိုနေ့ကတော့ သူတို့ သင်္ကြန် လုပ်ကြသေးတယ်။ ရေတွေ လောင်းကြပေါ့။ ကုလားတွေ ရေသွားလောင်းလို့ ပြဿနာ တောင် တက်လိုက်သေး။
ကျွန်တော်ကတော့ ကိုယ်တတ်ထားတာ လေးနဲ့ ဟန်းဖုံးတို့ ဒီဗီဒီ ပလေယာတို့ ပြင်တယ်။ တစ်လုံး ၂၀၊ ၃၀ ယူတာပေါ့။ များသောအားဖြင့် ဟန်းဖုံးတွေ ပြင်ရတာ များတယ်။ မဆိုးပါဘူး။ ဘေးပေါက် ၀င်ငွေ ရတာပေါ့။ ဒီ camp တစ်ခုလုံးမှ ဒါတွေပြင်တာ ဆိုလို့ ကျွန်တော်တို့ တစ်ဖွဲ့ပဲ ရှိတာကိုး။
ဆိုးတာက အစ်ကိုရယ်။ အရင် ရောက်ပြီးသား လူကြီးတွေက တချို့ဆို supervisor တွေပါ။ အဲဒါ နောက် ရောက်လာတဲ့ ကောင်လေးတွေကို သွန်သင် ဆုံးမလို့၊ ပြောဆို ပြသ လို့ ဒီလိုမရှိဘူး။ သင်ပေးတာကလည်း မဟုတ်တာမှန်သမျှ အကုန်သင်ပေးတယ်။ ဟေ့ကောင် မင်း ဘယ်ကောင်မလေး ကိုတော့ ဘယ်လို ဖဲ့လိုက်ကွ။ ဖားမတွေကို ဘယ်လို ကြွိုင်ရတယ်။ လာစမ်းပါကွာ။ သောက်မှာ သောက်စမ်းပါ။ ဘာမှ ပူမနေနဲ့ နောက် ဖြစ်သွားမှာ။ ပျော်ပျော် ပါးပါးပေါ့ စသဖြင့်။ ဟိုနေ့ကတော့ အော်ဆဲသွားတာ ကြားလိုက်ရတယ်။ ဘာတဲ့ လျှောက်ဆဲတော့၊ေ -ာက်ရဲ ကဖမ်းတယ် ဆိုလား ပဲ။
နောက် ကောင်လေးတွေက နည်းနည်း ရိုင်းတယ်။ လူကြီးလည်း လူကြီးမှန်း မသိ၊ ရိုသေရ ကောင်းမှန်း မသိ။ တချို့ကောင်လေးတွေဆို ရောက်စက ရိုးရိုးသားသား ပါ။ နောက်တော့ အိုဗာတိုင်ကမရှိ။ လခက မထွက်။ ကြွေးက မဆပ်နိုင်၊ စိတ်ကညစ်။ အဲဒီတုံး ခုန ဆရာကြီးတွေက အရက်ခေါ်တိုက်။နောက်တော့ အကျင့်ပါရော။ သူများ မတိုက်လဲ ကိုယ့်ဟာကိုယ် ၀ယ်သောက်။ အိမ်ပြန် ငွေမပို့နိုင်။ အစုံပဲ အစ်ကိုရေ။ ဒီကြားထဲ ဖားမနဲ့ ငြိပြီဆို ရသမျှ ပိုက်ဆံ ကုန်ပြီသာ အောက်မေ့ပေတော့။ နောက်ပြီး ဒီကောင်တွေက ရည်းစားထားတယ် ဆိုတာ ဒါလုပ်ဖို့ပဲ လို့ တွက်ကြတော့တာ။ ချစ်တာတို့ မေတ္တာတို့ ဘယ်မှာ ရမလဲ အစ်ကိုရယ်။
အဲဒါပါပဲဗျာ၊ ကျွန်တော်တို့ တစ်ကျွန်းစံတွေရဲ့ ဇာတ်လမ်း။
ကျွန်တော်ကတော့ သူတို့ကို၊ ဒီလာမဲ့ ကောင်လေးတွေကို မှာချင်တယ်။ ဒီကို သိန်း ၃-၄၀ အကုန်ခံ လာမဲ့ အစား အဲဒီငွေနဲ့ ဗမာပြည်မှာပဲ ရင်းနှီးလုပ်ကိုင် စားကြပါလို့။ ဘာပညာမှ မတတ်ပဲ ဒီလာရင် အလကားပဲ၊ အရင်းတောင် ကျေမှာမဟုတ်ဘူး။ ဒီကြားထဲ အတိုးနဲ့ ချေးလာတဲ့သူတွေ ဆို ပိုဆိုးသေး။ အစ်ကိုသိတဲ့ အတိုင်း ခု စင်ကာပူမှာက အလုပ်တွေ ပါးလိုက်လာတာ။ ဒါပေမဲ့လေ၊ ပြောသာ ပြောတာပါ။ ကျွန်တော်တို့ ပြောလို့လဲ နားဝင်မှာ မဟုတ်ပါဘူး။ ဒီလာရင် အဆင်ပြေ မယ် ထင်နေကြတာကိုး။ ကိုယ်က ကောင်းစေချင်တဲ့ စေတနာနဲ့ သွားပြောတာကို သူတို့က မလာစေချင်လို့၊ သူတို့ ကတော့ စင်ကာပူရောက်နေပြီး ဒို့လာမှာ မနာလိုလို့ လို့ လဲ ထင်မှာ စိုးရသေးတယ်။

No comments: