Monday, April 13, 2009

What is Thin Gyan II

(၆)

ကျွန်တော်တို့ မြန်မာပြက္ခဒိန်ကို လသွားသည့်အပေါ် အခြေခံ တွက်ချက်သည် ဟု အထက်တွင် ပြောခဲ့ ပါသည်။ လမင်းကြီးသည် ကျွန်တော်တို့ နေထိုင်သော ကမ္ဘာကြီးကို တစ်ပတ်ပတ်မိရန် ၂၉ ရက်ခွဲ ကြာပါသည်။ မြန်မာ တစ်လ ဟူသည်မှာ ထိုလမင်းကြီးက ကမ္ဘာကြီးကို တစ်ပတ်ပတ်မိရန် ကြာသော အချိန် တစ်နည်း အားဖြင့် လမင်းကြီး ကောင်းကင်မှ ပျောက်သွားပြီး နောက်တစ်ကြိမ် ကောင်းကင်တွင် ပြန်လည် ပေါ်လာရန် ကြာချိန် ၂၉ ရက်ခွဲ ကို သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ သို့သော် လ ပတ်ရန် ကြာချိန်မှာ ကိုးလို့ကန့်လန့် ၂၉ ရက်ခွဲ ဖြစ်နေရာ တွက်ရ လွယ်ကူ စေရန် လများကို ၂၉ ရက် တစ်ခါ၊ ရက် ၃၀ တစ်ခါ တစ်လှည့်စီ သတ်မှတ် ထားလိုက်ပါသည်။

မြန်မာလများ မှာ အောက်ပါအတိုင်း ဖြစ်ပါ၏။ သာမန်နှစ်များ တွင် မြန်မာနှစ် တစ်နှစ်၌ -

တန်ခူး ရက်မစုံ ၂၉
ကဆုန် ရက်စုံ ၃၀
နယုန် ရက်မစုံ ၂၉
ဝါဆို ရက်စုံ ၃၀
ဝါခေါင် ရက်မစုံ ၂၉
တော်သလင်း ရက်စုံ ၃၀
သီတင်းကျွတ် ရက်မစုံ ၂၉

တန်ဆောင်မုန်း ရက်စုံ ၃၀
နတ်တော် ရက်မစုံ ၂၉
ပြာသို ရက်စုံ ၃၀
တပို့တွဲ ရက်မစုံ ၂၉
တပေါင်း ရက်စုံ ၃၀

ရက်မစုံ ဟူသည် လဆန်းရက်များမှာ ၁၅ ရက် ရှိသော်လည်း လဆုတ်ရက်များမှာ ၁၄ ရက်သာ ရှိသောကြောင့် ဖြစ်ပါ၏။
ရက်စုံ ဟူသည် လဆန်းရက်များတွင် ၁၅ ရက် ရှိပြီး လဆုတ်ရက်များတွင်လည်း ၁၅ ရက် အပြည့် ရှိသောကြောင့် ဖြစ်ပါ သည်။ ဤသည်ကို မစုံ ခြောက်လ စုံ ခြောက်လ ဟု ခေါ်ကြပါသည်။ အမှန်ဆိုရလျှင် မြန်မာ ပြက္ခဒိန်သည် ဗေဒင်ဆရာ များအတွက်လည်းကောင်း၊ မြန်မာ့ရိုးရာ ဆေးပညာအတွက်လည်းကောင်း အလွန် အသုံးဝင်လှ၏။
သို့ဆိုလျှင် မြန်မာပြက္ခဒိန်အရ သာမန်နှစ် တစ်နှစ်၌ -
မစုံ ၆ လ = ၂၉ x ၆ = ၁၇၄ ရက်
စုံ ၆ လ = ၃၀ x ၆ = ၁၈၀ ရက်
ပေါင်း တစ်နှစ် = ၁၇၄ + ၁၈၀ = ၃၅၄ ရက် သာ ရှိပါသည်။
သို့အတွက် ကမ္ဘာကြီးက နေကို တစ်ပတ်ပတ်ရန် ကြာချိန်(တစ်နှစ်) ၃၆၅ ရက်နှင့် ယှဉ်လိုက်သော် မြန်မာပြက္ခဒိန် တစ်နှစ်လျှင် ၃၆၅ - ၃၅၄ = ၁၁ ရက် တိတိ လျော့နေပါ၏။ ထို့ပြင်မကသေး တစ်နှစ်အတိအကျ မှာ ၃၆၅ ရက်နှင့် ၆ နာရီ ဖြစ်လေရာ လေးနှစ်ကြာတိုင်း မြန်မာနှစ်မှာ နေသွားနှစ်ထက် ၄၅ ရက် (၁၁ x ၄ = ၄၄ + ၁ = ၄၅ ) လျော့နေ သည်ကို တွေ့ရပါလိမ့်မည်။
ဤကဲ့သို့ ကွာခြားနေသည့်ရက်များကို ပြန်လည် ဖြည့်တင်းပေးရန် ခန့်မှန်းခြေ ၃ နှစ်လျှင် တစ်ကြိမ်ကျ တစ်လ ထပ်ဆောင်းပေးရပါသည်။ ထပ်ဆောင်းပေးသောလကို ၀ါတွင်းသုံးလ ၏ အစဦးလဖြစ်သည့် ၀ါဆိုလတွင် ကပ်လျက် ထည့်ပေးလိုက်ကာ ပထမ၀ါဆို၊ ဒုတိယ၀ါဆို ဟု သတ်မှတ်ပေးလိုက်ပါသည်။ ဤကဲ့သို့ တစ်လ ဆောင်းပေးသော နှစ်များကို ၀ါထပ်နှစ် ဟု ခေါ်ပါသည်။ သို့အတွက် ၀ါထပ်နှစ်များအတွက် မြန်မာ ပြက္ခဒိန်တွင် ၁၂ လမဟုတ်တော့ပဲ ၁၃ လ ဖြစ်သွားပါသည်။ သို့အတွက် ၀ါထပ်နှစ်(၀ါငယ်ထပ်) များ တွင် မြန်မာတစ်နှစ်၌ -

တန်ခူး ရက်မစုံ ၂၉
ကဆုန် ရက်စုံ ၃၀
နယုန် ရက်မစုံ ၂၉
ပထမ ၀ါဆို ရက်စုံ ၃၀
ဒုတိယ ၀ါဆို ရက်စုံ ၃၀
ဝါခေါင် ရက်မစုံ ၂၉
တော်သလင်း ရက်စုံ ၃၀
သီတင်းကျွတ် ရက်မစုံ ၂၉
တန်ဆောင်မုန်း ရက်စုံ ၃၀
နတ်တော်ရက်မစုံ ၂၉
ပြာသို ရက်စုံ ၃၀
တပို့တွဲ ရက်မစုံ ၂၉
တပေါင်း ရက်စုံ ၃၀

သို့ဆိုလျှင် မြန်မာပြက္ခဒိန် ၀ါထပ်နှစ်(၀ါငယ်ထပ်) တစ်နှစ်၌ -
မစုံ ၆ လ = ၂၉ x ၆ = ၁၇၄ ရက်
စုံ ၇ လ = ၃၀ x ၇ = ၂၁၀ ရက်
ပေါင်း တစ်နှစ် = ၁၇၄ + ၂၁၀ = ၃၈၄ ရက် ရှိပါသည်။
ထိုကဲ့သို့ သုံးနှစ်တစ်ကြိမ် ၀ါထပ်ပေးလိုက်သည့်တိုင် -
နေနှစ် ၃ နှစ် - ၃၆၅ x ၃ = ၁၀၉၅ ရက်
မြန်မာ ၃ နှစ် - (သာမန် ၂ နှစ် အတွက် ၃၅၄ x ၂ = ၇၀၈ ရက်) + (၀ါထပ်တစ်နှစ် ၃၈၄) = ၁၀၉၂ မျှသာ ရှိပါသေး၏။ ၃ ရက် လျော့နေပါသေးသည်။ ထို့ပြင် နေနှစ်သည် လေးနှစ်ကြာတိုင်း တစ်ရက် တိုး တိုး သွားသည်ကို မမေ့သင့်ပေ။ သို့အတွက် ၀ါထပ်နှစ်ကို သုံးနှစ် တစ်ကြိမ်ဟု ပုံမှန် ယူ၍ မရနိုင်ပြန်ပါ။ ထိုလျော့နေသော ရက်များကို ပြန်ပြီး အလေးတင်းပေးရန် ၀ါထပ်ရက်ငင် သို့မဟုတ် ၀ါကြီးထပ်နှစ် ဟု နောက်တစ်မျိုး သတ်မှတ်ရပြန်ပါ၏။
ဝါကြီးထပ်နှစ်များ တွင် မြန်မာတစ်နှစ်၌ -

တန်ခူး ရက်မစုံ ၂၉
ကဆုန် ရက်စုံ ၃၀
နယုန် ရက်စုံ ၃၀
ပထမ ၀ါဆို ရက်စုံ ၃၀
ဒုတိယ ၀ါဆို ရက်စုံ ၃၀
ဝါခေါင် ရက်မစုံ ၂၉
တော်သလင်း ရက်စုံ ၃၀
သီတင်းကျွတ် ရက်မစုံ ၂၉
တန်ဆောင်မုန်း ရက်စုံ ၃၀
နတ်တော်ရက်မစုံ ၂၉
ပြာသို ရက်စုံ ၃၀
တပို့တွဲ ရက်မစုံ ၂၉
တပေါင်း ရက်စုံ ၃၀

ဖြစ်၍ သွားပါသည်။
သို့အတွက် မြန်မာပြက္ခဒိန် ၀ါကြီးထပ်နှစ် တစ်နှစ်၌ -
မစုံ ၅ လ = ၂၉ x ၅ = ၁၄၅ ရက်
စုံ ၈ လ = ၃၀ x ၈ = ၂၄၀ ရက်
ပေါင်း တစ်နှစ် = ၁၄၅ + ၂၄၀ = ၃၈၅ ရက် ဖြစ်သွားပါသည်။
(ဖူး - ခင်ဗျားတို့ ဗမာပြက္ခဒိန်ကလည်း ရှုပ်လည်း ရှုပ်ပါ့။) သည်မျှဆိုလျှင် ယခင်က မြန်မာပြက္ခဒိန် အကြောင်း အနည်းငယ် စိတ်ဝင်စားကာ လေ့လာရန် စဉ်းစားနေသူတို့ အဖို့ ဆက်လက် လေ့လာလိုစိတ်များ ကုန်ခမ်းသွားလောက်ပြီ ဟု ယူဆပါသည်။ မကုန်ပါနှင့်ဦး။ ပြောလိုရင်းဖြစ်သော သင်္ကြန် အကြောင်း မရောက်သေးပါ။ ဆက်ပြောပြစေဦး။

အကျဉ်းချုပ်ရလျှင် မြန်မာပြက္ခဒိန်၌ နှစ် သုံးမျိုး ခွဲနိုင်ပါ၏။
၁။ သာမန်နှစ် - မစုံ ၆ လ + စုံ ၆ လ
၂။ ၀ါငယ်ထပ်နှစ် - မစုံ ၆လ + စုံ ၆ လ + ရက် ၃၀ ပါသည့် အပိုဆောင်း ၀ါဆို ၁ လ
၃။ ၀ါကြီးထပ်နှစ် - မစုံ ၅ လ + စုံ ၆ လ + နယုန် ရက်စုံ ၃၀ + ရက် ၃၀ ပါသည့် အပိုဆောင်း ၀ါဆို ၁ လ

မည်သည့်နှစ်များတွင် ၀ါထပ်မည်နည်း၊ မည်သည့်နှစ်များတွင် ရက်ငင်မည်နည်း (ရက်ငင်သည် ဆိုသည်မှာ နယုန်လကို ရက်စုံလုပ်ကာ လဆုပ်ရက်များကို ၁၅ ရက် လုပ်လိုက်ခြင်းကို ခေါ်ပါသည်။) စသည်တို့ကိုမူ ဗေဒင်ပညာရှင် အကျော် အမော်တို့က တွက်ချက်၍ သုဓမ္မာ သို့ တင်ပါသည်။ သုဓမ္မာကမှ ဤသည့်နှစ်ကို တော့ဖြင့် ၀ါထပ်လိုက်၊ ဤသည့်နှစ်ကို တော့ဖြင့် ရက်ငင်လိုက်ဟု ဆုံးဖြတ်ချက် ချပါသည်။
သုဓမ္မာ ဟူသည် စာတတ်အကျော် ဆရာတော်ကြီးများဖြင့် ဖွဲ့စည်းထားသည့် မင်း ၏ အတိုင်ပင်ခံ အဖွဲ့ ဖြစ်ပါ သည်။ တစ်နည်းအားဖြင့်လည်း တရားမျှတမှု အရှိဆုံး သံဃာ့ခုံသမာဓိရုံး ဖြစ်ပါသည်။ ယခုခေတ်တွင် သံဃာ့မဟာ နာယက အဖွဲ့ ဟု ခေါ်မည် ထင်ပါသည်။

မြန်မာ ပြက္ခဒိန်တွက်နည်းများကား များမြောင် ရှုပ်ထွေးလှပေရာ ဤနေရာတွင် ဖော်ပြရန် မသင့်။ ချန်လှပ်ခဲ့ပါမည်။ ယခု သင်္ကြန်အကြောင်း ဆက်သွားကြပါစို့။

(၇)

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကျွန်တော်တို့ မြန်မာ ပြက္ခဒိန်မှာ ကောင်းကင် နက္ခတ် အသွားအလာ များပေါ် မူတည် တွက်ချက်ထားသည် ဖြစ်ရကား ဗေဒင်စကားလုံးများကို မသုံး၍မရ။ သုံးကို သုံးရတော့မည် ဖြစ်ပေ၏။
အကယ်တန်တု မြန်မာနှစ် အကူးအပြောင်းသည် လက်ရှိသုံးနေသော မြန်မာ ပြက္ခဒိန်နှင့် သိပ်မဆိုင်ဟု ပြောလျှင် ရနိုင် ပေသည်။ အဘယ်ကြောင့်ဆိုလျှင် နှစ်အကူးအပြောင်းကို မြန်မာပြက္ခဒိန် နှင့် တွက်သည် မဟုတ်ပဲ ရာသီ နက္ခတ်များနှင့် တွက်ချက်ခြင်းကြောင့် ဖြစ်ပေသည်။
မည်သို့ နှစ်ကူးပြောင်းသည်၊ နှစ်သစ်ကို မည်ကဲ့သို့ သတ်မှတ်သည် စသည်တို့ကို ရှင်းပြရန် ဂြိုဟ်၊ နက္ခတ် များအကြောင်း အနည်းငယ် သိထားရန် လိုပေသည်။ သို့အတွက် ထို ဂြိုဟ်၊ နက္ခတ်များအကြောင်း အနည်းငယ် ပြောခွင့်ပြုစေ ချင်ပါသည်။
ကမ္ဘာကြီးကို ပတ်ကာ တည်ရှိနေသော ကောင်းကင်စက်ဝန်းမှာ ၃၆၀ ဒီဂရီ ရှိ၏။ ထို ၃၆၀ ဒီဂရီကို နက္ခတ် ၂၇ လုံး၊ ရာသီ ၁၂ ခွင် နှင့် ပိုင်းခြား သတ်မှတ်ထားပါသည်။ ထို ရာသီများမှာ အောက်ပါအတိုင်း ဖြစ်၏။

၁။ မိဿ ၂။ ပြိဿ ၃။ မေထုန် ၄။ ကရကဋ် ၅။ သိဟ် ၆။ ကန် ၇။ တူ ၈။ ၿဗိ စ ၦာ ၉။ ဓနု ၁၀။မကာရ ၁၁။ ကုမ် ၁၂။ မိန်

၃၆၀ ဒီဂရီကို ၁၂ ရာသီ ခွဲဝေလိုက်သော် တစ်ရာသီလျှင် ၃၀ ဒီဂရီ ရှိပါသည်။
ထို့နောက် နက္ခတ် ၂၇ လုံးကိုလည်း အကြမ်းဖျဉ်း သိထားရန်လိုပါသည်။ အဿဝဏီ၊ ဘရဏီ၊ ကြတ္တိကာ၊ ရောဟဏီ၊ မိဂသီ၊ အဒြ၊ ပုန္နဖုသျှ၊ ဖုသျှ၊ အသလိဿ၊ မာဃ၊ ပြုဗ္ဗဖလဂုဏီ၊ ဥတ္တရဖလဂုဏီ၊ ဟသတ၊ စိတြ၊ သွာတိ၊ ၀ိသာခါ၊ အနုရာဓ၊ ဇေဓ၊ မူလ၊ ပြုဗ္ဗာသာဋ်၊ ဥတ္တရာသာဋ်၊ အဘိဇိ၊ သရ၀ဏ်၊ ဓနသိဒ္ဓ၊ သတ္တဘိသျှ၊ ပြုဗ္ဗာဘဒြပိုဒ်၊ ဥတ္တရဘဒြပိုဒ်၊ ရေ၀တီ စသည်တို့ ဖြစ်ပါသည်။ (ဤတွင် နက္ခတ် ၂၈လုံး ဖြစ်နေပါသည်။ အဘိဇိ နက္ခတ်ကား နောက်တိုး နက္ခတ် ဖြစ်ပါ၏။) သို့ဖြစ်ရာ ၃၆၀ ဒီဂရီကို နက္ခတ် ၂၇ လုံးသို့ ခွဲဝေလိုက်လျှင် နက္ခတ် တစ်လုံးအတွက် ၁၃.၃၃ ဒီဂရီ (၁၃ ဒီဂရီနှင့် ၂၀ မိနစ်) ရပါသည်။ တစ်နည်းဆိုရသော် တစ်ရာသီတွင် နက္ခတ် ၂ လုံးနှင့် တစ်ပါဒ် ရှိပါ၏။
အကြမ်းဖျဉ်းအားဖြင့် မြန်မာ တန်ခူးလကို မိဿရာသီ၊ အဿဝဏီ နက္ခတ် ကြီးစိုးသောလ ဟု ပြော၍ ရနိုင် သော်လည်း အတိအကျတော့ မမှန်ပါ။ (၁၂ ရာသီ သံပေါက်တွင် တန်ခူး မိဿ၊ စိတြ၊ လနှင့် ယှဉ်ပြိုင်ထွန်း ဟု လာရှိပါသည်။)
ကျွန်တော်တို့ မျက်စိနှင့် မြင်ရသော နေမိသားစုအတွင်းရှိ ဂြိုဟ်များမှာ အများသိကြသည့် အတိုင်း ကမ္ဘာ အပါအ၀င် ၆ လုံး ရှိပါသည်။ ထို ခြောက်လုံးမှာ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ တို့ ဖြစ်ပါ၏။ တနင်္ဂနွေဂြိုဟ်သည်ကား နေမင်းကြီးပင် ဖြစ်တော့၏။ (တနင်္လာ ဂြိုဟ်မှာ ငွေစန္ဒာလမင်းဖြစ်ပြီး ကမ္ဘာ၏ အရံဂြိုဟ် မျှသာ ဖြစ်ပါသည်။ သို့သော် သူသည်လည်း ကမ္ဘာနှင့် အနီးဆုံးတွင် ရှိကာ လူသားများ၏ စိတ်ကို ကောင်းကောင်း စိုးမိုးချယ်လှယ်သူ ဟု ပညာရှင်များ က ယူဆပါသည်။) အင်္ဂါဂြိုဟ်မှာ Mars၊ ဗုဒ္ဓဟူးဂြိုဟ်မှာ Mercury၊ ကြာသပတေးဂြိုဟ်မှာ Jupiter၊ သောကြာဂြိုဟ်မှာ Venus နှင့် စနေဂြိုဟ်မှာ Saturn တို့ အသီးသီး ဖြစ်ပါသည်။ ယူရေးနပ်စ် Uranus၊ နက်ပ်ကျွန်း Neptune နှင့် ပလူတို Pluto တို့မှာ သာမန် မျက်စိဖြင့် မမြင်နိုင်ရကား အရှေ့တိုင်း ဗေဒင်ဆရာတို့က ကမ္ဘာပေါ်ရှိလူသားတို့ အပေါ် အကျိုးသက်ရောက်မှု မရှိ၊ ရှိသည့်တိုင် မပြောပလောက် ဟု ယူဆကာ ထည့်သွင်း တွက်ချက်ခြင်း မရှိပါ။
အနှီ ဂြိုဟ် ၆ လုံးသည် ထို ရာသီ၊ နက္ခတ်များအတွင်း လှည့်လည် သွားလာနေကြကုန်၏ ဟုသာ မှတ်ပါ။ (အသေးစိတ် သိလိုပါက ကျွန်တော့်ဆီလာခဲ့ပါ။ ဤနေရာတွင် ရှင်းပြရန် မဖြစ်နိုင်ပါ။ စာမျက်နှာများ စားကုန်ပါလိမ့်မည်။)

ဤကဲ့သို့ လှည့်လည် သွားလာနေရာတွင် သူရိယ ဒေါင်းဖန်ဝါ နေမင်းကြီးသည် မိန်ရာသီ၊ ရေ၀တီနက္ခတ်၏ နောက်ဆုံး ပါဒ်ကို ကျော်လွန်ကာ မိဿရာသီ၊ အဿဝဏီနက္ခတ် ပထမပါဒ်ကို စတင်ကူးပြောင်းချိန် ကို မြန်မာ သင်္ကြန်ကျချိန်ဟု တစ်နည်းအားဖြင့် နှစ်ကူးဟု ခေါ်ပါသတည်း။
သဟာဖြင့် ဘယ်အချိန်မှာ အဲဒီဒေါင်းဖန်ဝါကြီးဟာ ခင်ဗျားပြောတဲ့ အဲဒီနက္ခတ်ကြီးကို ကျော်တယ်ဆိုတာ ဘယ့်နှယ် သိနိုင်ပါမတုံးဗျာ ဟု မိတ်ဆွေများက မေးလတ္တံ့။
ဗေဒင်ပညာကို ကျကျနန တတ်ကျွမ်းသူများက လွဲ၍ သာမန်လူများ မသိနိုင်ပါ ဟုသာ ဖြေရပါလိမ့်မည်။ တတ်ချင်သူများ လာခဲ့ပါ။ ကျွန်တော်သင်ပေးပါမည်။ သို့သော် ကျွန်တော်သင်ပေးမည် ဆိုသော်မှ လွန်ခဲ့သော အနှစ်နှစ်ဆယ်မှ ပညာများကို အသေးစိတ် မမှတ်မိတော့ပါ။ ပြန်လေ့လာရဦးမည် ဖြစ်ပါသည်။ ထားပါတော့။
မည်သည့်နက္ခတ်သို့ နေမင်းစတင် ၀င်ရောက်ချိန်ကို သင်္ကြန်ကျချိန်၊ မည်သည့်နက္ခတ်ကို ကျော်ဖြတ်ချိန်ကို တက်ချိန်၊ မည်သည့်အတွက် အကြတ်ရက်ထားရသည် စသည့် အသေးစိတ်များကို မမှတ်မိတော့ပါ။ ရန်ကုန်မှ ကျွန်တော့် မှတ်စုများထဲတွင်တော့ ရှိပါသည်။
သို့ဖြစ်လေရာ သင်္ကြန်ကျချိန် တက်ချိန် နှင့် ကျွန်တော်တို့ မြန်မာပြက္ခဒိန် ဆက်စပ်မှု မရှိကြောင်း မိတ်ဆွေတို့ ရိပ်မိလောက်ပါပြီ။ သင်္ကြန်ကျချိန်၊ တက်ချိန်၊ နှစ်ဆန်းတစ်ရက် များကို မြန်မာပြက္ခဒိန်နှင့် ကိုယ့်ဟာကိုယ် တွက်ချင်သူ များအား ကျွန်တော် ရှင်းပြနိုင်ပါသည်။ သိပ်မခဲယဉ်းလှပါ။
မြန်မာပြက္ခဒိန်တွင် ၃၅၄ ရက် ရှိသောနှစ်၊ ၃၈၄ ရက် ရှိသောနှစ် နှင့် ၃၈၅ ရက် ရှိသောနှစ်ဟု အမျိုးမျိုး ကွဲပြားနေသည်ဖြစ်ရာ သူရိယနေမင်းကြီးသည် တစ်နှစ်လျှင် ၃၆၅ ရက်သွား၍ နှစ်ကူးသည်နှင့် ယှဉ်ကြည့်လိုက်သော် မြန်မာ ပြက္ခဒိန်တွင် သင်္ကြန်ကျရက်ကို ဘယ်လိုနည်းနှင့်မှ ပုံသေကားချ မှတ်ထားလို့ မရကြောင်း မိတ်ဆွေတို့ ကောင်း ကောင်း သဘောပေါက်လောက်ပါပြီ။
တခါတရံတွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် မြန်မာနှစ်၏ အစဦးလဖြစ်သော တန်ခူးလတွင် မကျဘဲ ကဆုန်လတွင် သွားရောက် ကျနေတတ်ပါသည်။ ထိုအခါ ပထမနှစ်တွင် တန်ခူး နှစ်လ ဖြစ်နေပြီး ဒုတိယ နှစ်တွင် တန်ခူးလ မပါရှိတော့ပါ။
ထို့ပြင် နှစ်ဆန်းတစ်ရက်နေ့သည် အထက်ပါ အခန်း (၃) တွင် ဖော်ပြခဲ့သလို ၁၃၇၁-ခု၊ တန်ခူးလပြည့်ကျော် (၈) ရက် နေ့။ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၇) ရက်၊ သောကြာနေ့ ဖြစ်အံ့။ (ထိုနေ့သည် ယခုနှစ်၏ နှစ်ဆန်းတစ်ရက်နေ့ ဖြစ်သည်။)
မဟာသင်္ကြန်တက်ချိန် ကိုကြည့်ပါ။ ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၇) ရက် ဟုတွေ့ရပါလိမ့်မည်။
ဤတွင် ဘာကွာသနည်း။ တန်ခူးလပြည့်ကျော် ၇ ရက်နေ့သည် မြန်မာသက္ကရာဇ် ၁၃၇၀ ခုနှစ် ၏ နောက်ဆုံးနေ့ ဖြစ်ပြီး ၁၃၇၁ ခုနှစ် အစရက်မှာမူကား တန်ခူးလပြည့်ကျော် (၈) ရက် နေ့ဖြစ်ကြောင်း တွေ့ရပါလိမ့်မည်။
သို့အတွက် ၁၃၇၀ပြည့်နှစ်၏ နှောင်းပိုင်းကျသော တန်ခူးလ (တန်ခူးလဆန်း ၁ ရက်မှ တန်ခူးလပြည့်ကျော် ၇ ရက် နေ့ထိ ရက်များ) ကို နှောင်းတန်ခူး ဟု လည်းကောင်း။ ၁၃၇၁ ခုနှစ် အဦးပိုင်း ကျသော တန်ခူးလ (တန်ခူးလပြည့်ကျော် ၈ ရက်မှ တန်ခူးလကွယ်ထိ နေ့ရက်များ) ကို ဦးတန်ခူး ဟု လည်းကောင်း ခေါ်ဝေါ်ပါသည်။

(၈)

မြန်မာပြက္ခဒိန် နှင့် သင်္ကြန်ကို စိတ်ပါဝင်စားသူ၊ ကျမ်းစာများ ရေးသားထုတ်ဝေခဲ့သူ မြန်မာ ပညာရှင်များ အများ အပြား ရှိပါသည်။ ဘူမိဗေဒ ဦးအုန်းကြိုင်သည် မြန်မာ ပြက္ခဒိန် သုတေသနကျမ်း ကို ပြုစုခဲ့ပါ၏။ စာပေဗိမာန် မှ ထုတ်ဝေခဲ့သည်။ စက်မှုတက္ကသိုလ် မှ ဆရာ ဦးအေးဝင်းကျော်သည်လည်း မြန်မာ သင်္ကြန်ကျရက်များကို ကွန်ပြူတာ ပရိုဂရမ် ရေးသားခဲ့ဖူးပါသည်။ ဆရာ၏ ထို ဆောင်းပါးများကို ဝေဒ မဂ္ဂဇင်းများတွင် လစဉ် ဖော်ပြခဲ့ပါ၏။ မြန်မာ ပညာရှိ ဦးမိုးသည်လည်း နေပတ်ကြန္တီဇယားချုပ် (မြန်မာပြက္ခဒိန် နှင့်တော့ တိုက်ရိုက်ပတ်သက်ခြင်း မရှိပါ) ကို ပြုစုခဲ့ပါသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ကို မြန်မာတို့၏ နှစ်ဆန်းလ ဟု သတ်မှတ်ထားသော တန်ခူးလ၏ လဆန်း တစ်ရက် နေ့ ဖြစ်စေရန်လည်း မြန်မာ ရဟန်းပညာရှိ၊ လူပညာရှိများ ကြံဆောင်ခဲ့ကြဖူးပါသည်။ ပျဉ်းမနား ဦးသန်းမောင်၊ ဦးကျော်ငြိမ်း စသည့် ပညာရှိကြီးများသည် တစ်ချိန်က မြန်မာတစ်နိုင်ငံလုံး ပွက်လောရိုက် သည်ထိ ကြိုးစားခဲ့ကြ၏။ သို့သော် မြန်မာ ပြက္ခဒိန်ကို လသွားနှုံးပေါ် အခြေခံထားသမျှ ကာလပတ်လုံး ဘယ်လိုမှ မဖြစ်နိုင်ဟု ကျွန်တော်ကတော့ သည်အတိုင်း မြင်ပါသည်။

မိတ်ဆွေတို့ ဗဟုသုတ ရရန် အလို့ငှာ ပြောရလျှင် အရှေ့တောင် အာရှမှ ဗုဒ္ဓဘာသာ တိုင်းပြည်များ ဖြစ်သော သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဗောဒီးယား၊ လာအို၊ မြန်မာ အားလုံးတို့၏ နှစ်ကူးရက်များမှာ အတူတူ ပင်ဖြစ်ပါသည်။ ထိုနိုင်ငံအားလုံးသည် ဗုဒ္ဓဘာသာ ပြက္ခဒိန် (သူရိယ သိဒ္ဓန္တကျမ်းကိုအခြေပြုထား) ကို သုံးကြသည်ဖြစ်ရာ သူရိယ ဒေါင်းဖန်ဝါ နေမင်းကြီး မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းချိန် သည်လည်း အတူတူပင် ဖြစ်သောကြောင့် ပါတည်း။ ။

အေးငြိမ်း

စာပြီးချိန် -
မြန်မာသက္ကရာဇ် - ၁၃၇၀ ခုနှစ် နှောင်းတန်းခူးလပြည့်ကျော် ၄ ရက်
ခရစ်နှစ် - ၂၀၀၉ ခုနှစ် ဧပြီလ ၁၃ ရက်
နံနက် ၁ နာရီ ၂၄ မိနစ်

No comments: