Sunday, October 14, 2012

မြန်မာပြက္ခဒိန်တွက်နည်း (၄၄)

 
နိဒါန်း


            နေ့စဉ်လူနေမှုဘ၀အတွက် ပြက္ခဒိန်မှာ မရှိမဖြစ်လိုအပ်သည်။ တစ်ယောက်နှင့်တစ်ယောက် အချိန်းအချက်ပြုခြင်း၊ အခမ်းအနား များ ပြုလုပ်ခြင်း၊ ကျောင်းဖွင့်ချိန်၊ ပိတ်ချိန်များကြေငြာခြင်း၊ တရားရုံးချိန်း၊ စည်းဝေးပွဲ၊ ညီလာခံ၊ လွှတ်တော် စသည့် အစိုးရပိုင်းဆိုင်ရာ ကိစ္စများပြုလုပ်ခြင်း စသည့် များမြောင်လှသော လူမှုရေးကိစ္စ၊ ဘာသာရေးကိစ္စ၊ ဓလေ့ထုံးတမ်းဆိုင်ရာကိစ္စ၊ အလုပ်အကိုင်ကိစ္စ၊ နိုင်ငံရေး၊  အစိုးရအုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စ စသည်တို့အတွက် ပြက္ခဒိန်နေ့ရက်များကိုသာ ရည်ညွှန်းပြောဆို လုပ်ကိုင်ကြရသည်။

            သာမန်အချိန်းအချက်၊ ပြုမူဆောင်ရွက်ချက်များအတွက် ပြက္ခဒိန်နေ့ရက်များမှာ မည်သည့်အချိန် ဟု ရည်ညွှန်းပြောဆိုရာ တစ်ခု အဖြစ်သာ ရှိသည်။ ထိုကဲ့သို့ပင် တရားရုံးချိန်းများအတွက်လည်း မည်သည့်နေ့ရက်ဟု ညွှန်ပြရုံသက်သက်သာ ဖြစ်သည်။ သည်မျှ အရေးမကြီး။

သို့သော် ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာ၊ အယူအဆ၊ ပွဲလမ်းသဘင်များကျင်းပရာတွင်မူ ပြက္ခဒိန်ဟူသည် ရက်တစ်ခုကို ရည်ညွှန်းရုံ သက်သက်မျှသာမဟုတ်။ ထိုရည်ညွှန်းထားသောနေ့ရက်များတွင် အဓိပ္ပါယ်များစွာရှိသည်။ ဥပမာ - ကဆုန်လပြည့်နေ့ ဆိုပါစို့။ ကဆုန်လပြည့်နေ့သည် သာမန်နေ့တစ်နေ့မဟုတ်။ မြန်မာဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်အရေးကြီးသော နေ့တစ်နေ့ဖြစ်သည်။ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန် ဟူသောလင်္ကာအရ မြတ်စွာဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ထံမှ နယတဗျာဒိတ် ခံယူခဲ့သော၊ ဘုရားရှင် ဖွားမြင်တော်မူခဲ့သော၊ သဗ္ဗညုတ ရွှေဉာဏ်တော်ရရှိခဲ့သော၊ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သော နေ့ထူး နေ့မြတ်တစ်နေ့ ဖြစ်သည်။

သို့အတွက် ဗုဒ္ဓဘာသာဝင်တို့သည် ထိုနေ့တွင် ဘာသာရေး အခမ်းအနားများ ကျင်းပကြသည်။ ထိုအခါ ပြက္ခဒိန်တွင် ဖော်ပြထား သော ကဆုန်လပြည့်နေ့သည် မြတ်စွာဘုရား သဗ္ဗညုတ ရွှေဉာဏ်တော်ရရှိခဲ့ခြင်း စသည်တို့ဖြစ်ခဲ့သည့် မူရင်းကဆုန်လပြည့်နေ့၏ အမှန် တကယ်နှစ်ပတ်လည်နေ့ ဖြစ်ရန် အရေးကြီးပါသည်။ ပြက္ခဒိန်မှားယွင်းမှုကြောင့် ဥရောပတွင် အရေးကြီးသော ဘာသာရေးပွဲတော်ဖြစ်သည့် အီစတာပွဲတော်များကို မှားယွင်းသောနေ့များတွင် ကျင်းပမိခဲ့ကြသည့် သာဓကများရှိပါသည်။ သို့အတွက် ပြက္ခဒိန် အထူးသဖြင့် မြန်မာ ပြက္ခဒိန်တွင် ဖော်ပြထားသည့် နေ့ရက်များမှာ သဘာဝနှင့်ကိုက်ညီသော၊ မှန်ကန်သော နေ့ရက်များဖြစ်ရန် အလွန်အရေးကြီးပါသည်။

သဘာဝနှင့်ကိုက်ညီသော၊ မှန်ကန်သော ပြက္ခဒိန်ဟူသည်ကို စာလုံးအနည်းငယ်မျှနှင့် နားလည်အောင်ရှင်းပြရန် မဖြစ်နိုင်ပါ။ ဤစာအုပ်ကို အစအဆုံးဖတ်ကြည့်မှ သဘောပေါက်ပါလိမ့်မည်။ အကျဉ်းမျှပြောရလျှင် မြန်မာတို့၏ ပြက္ခဒိန်မှာ ကောင်းကင်နက္ခတ်၊ ဂြိုဟ်နေများအလိုက် တွက်ချက်စီစဉ်ထားသော ပြက္ခဒိန်ဖြစ်ပါသည်။ ဥပမာ သင်္ကြန်တက်ချိန်၊ တစ်နည်းအားဖြင့် နှစ်ကူးချိန်သည် နေမင်းကြီး တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းဝင်ရောက်ချိန်ဖြစ်၏။ သို့ဖြစ်လေရာ အစိုးရက ထုတ်ပြန်ကြေငြာလိုက်သည့် သင်္ကြန်တက်ချိန်သည် ကောင်းကင်မှ နေမင်းကြီး သတ်မှတ်ထားသောနေရာသို့ အမှန်တကယ်ရောက်ရှိချိန်နှင့် အတိအကျကိုက်ညီရန် လိုပါသည်။ သင်္ကြန်တက် ချိန်သာလွဲပါက တစ်နှစ်ပတ်လုံးရှိ နေ့ရက်များ လွဲပေမည်။ ထိုအခါ ကျွန်ုပ်တို့သည် လဆန်း ၁၄ရက်၊ သို့မဟုတ် လပြည့်ကျော် ၁ ရက်နေ့ကို ကဆုန်လပြည့်နေ့မှတ်ကာ အခမ်းအနားများ ကျင်းပမိမည်။ ထိုမျှသာမက ပြက္ခဒိန်တွင် ဖော်ပြထားသော ပြဿဒါး၊ ရက်ရာဇာစသည့် နေ့ကောင်းရက်သာ၊ နေ့ဆိုးများကိုလည်း အမှားမှားအယွင်းယွင်း ဖော်ပြမိမည်။ ထိုအခါ ပြဿဒါးဖြစ်ရမည့်နေ့သည် ရက်ရာဇာ ဖြစ်နေပြီး ရက်ရာဇာဖြစ်ရမည့်နေ့ကို ပြဿဒါးဟု မှားယွင်းဖော်ပြမိမည်။

            ဤမျှလောက်ဆိုလျှင်ပင် ပြက္ခဒိန်မှနေ့ရက်များ မှန်ကန်ရန် မည်မျှအရေးကြီးကြောင်း သဘောပေါက်လောက်ပါပြီ။

မြန်မာပြက္ခဒိန်ဟူသည် မြန်မာတို့၏ယဉ်ကျေးမှုတစ်ခု ဖြစ်၏။ သို့သော် မြန်မာပြက္ခဒိန်အကြောင်း ကောင်းကောင်းနားလည် သဘောပေါက်သူ၊ တွက်တတ်ချက်တတ်သူ အလွန့်အလွန်နည်းပါးလှပါသည်။ ဤသို့နည်းပါးရခြင်း အကြောင်းများတွင် ပြက္ခဒိန်နှင့် ပတ်သက်၍ ရေးသားထားသော စာအုပ်စာတမ်းများ နည်းပါးလှခြင်းသည်လည်း အကြောင်းတစ်ရပ် ဖြစ်ပါသည်။

ရှေးအခါကာလများက မြန်မာပညာရှိကြီးများ ရေးသားထုတ်ဝေခဲ့သည့် ပြက္ခဒိန်နှင့်ပတ်သက်သော စာအုပ်စာတမ်းများ ရှိခဲ့ပါသည်။ သို့သော် ထိုစာအုပ်စာတမ်းများမှာ ရှေးခေတ်သုံး မြန်မာနာရီများနှင့်ရေးသားထားသည်က တစ်ကြောင်း၊ အရေးအသားများ မှာလည်း ရှေးခေတ်အရေးအသားများ၊ အထူးသဖြင့် အတွက်အချက်များမှာ ရှေးခေတ်သုံးအတွက်အချက် ပုံစံများဖြင့်ဖြစ်လေရာ သာမန်လူတို့ ဖတ်ရန်၊ နားလည်ရန် မလွယ်ကူလှပါ။ နက္ခတ်ဗေဒင်ပညာကို လေ့လာလိုက်စားပြီး ရှေးခေတ်ကျမ်းစာများနှင့် ယဉ်ပါးသူများ သာ နားလည်နိုင်ပါသည်။

၁၉၆၅ ခုနှစ်ဝန်းကျင်က စာပေဗိမာန်မှ ထုတ်ဝေခဲ့သည့် ဆရာဦးအုန်းကြိုင်၏ မြန်မာ့ပက္ခဒိန် သုတေသနကျမ်းမှာ ကောင်းမွန် ပြည့်စုံလှပါသည်။ သို့သော် ဗေဒင်ပညာအခြေခံမရှိသူ၊ မြန်မာပြက္ခဒိန်အကြောင်း မလေ့လာဖူးသူတို့ နားလည်ရန် မလွယ်လှပါ။ ထို့ပြင် စာအုပ်ထုတ်ဝေခဲ့သည်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိပြီဖြစ်သဖြင့် ဈေးကွက်ထဲ၌ အလွယ်တကူ မရနိုင်တော့ပါ။ စာအုပ်အဟောင်းဆိုင်များတွင် တကူးတကလိုက်ရှာမှ ရနိုင်ပါမည်။

            တိုးတက်လာသော ခေတ်တွင် လူငယ်လူရွယ်များအကြား အင်တာနက်သုံးစွဲမှုမှာ တစ်နေ့တခြား ကျယ်ပျံ့လာလျှက်ရှိရာ အင်တာနက်စာမျက်နှာများတွင် မြန်မာပြက္ခဒိန်နှင့်ပတ်သက်၍၊ သင်္ကြန်နှင့်ပတ်သက်၍၊ ရှေးခေတ်မြန်မာနာရီ၊ အခေါ်အဝေါ်များနှင့် ပတ်သက်၍ မှားယွင်းဖော်ပြမှုများ အများအပြားရှိနေပါသည်။ ဤသည်တို့ကို အမှန်ထင်ပြီး တစ်ဦးနှင့်တစ်ဦးဖြန့်ဝေနေကြရာ ယခုဆိုလျှင် အင်တာနက်သုံးစွဲသူ တော်တော်များများထံ၌ ထိုမမှန်ကန်သော အကြောင်းအရာတို့ကို အခိုင်အမာ နေရာယူပြီးနေလောက်ပါပြီ။ ၎င်းတို့မှ တစ်ဆင့် သူတို့နှင့်ပတ်သက်ဆက်နွယ်နေသူများသို့ဖြန့်၊ သူတို့သားစဉ်မြေးဆက်များသို့ ပြန့်။ စသည်ဖြင့် ဖြစ်လာနိုင်ပေရာ ကာလကြာလျှင် မြန်မာတို့အကြား မည်သည်ကအမှန်၊ မည်သည်ကအမှားမှန်းပင် သိနိုင်မည်မဟုတ်တော့ပါ။  

            ယခု ဤမြန်မာပြက္ခဒိန်စာအုပ်ကို ကျွန်တော်ရေးသားရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာစာပေလောကတွင် လစ်ဟာလျှက်ရှိသော ထိုကွက်လပ်ကြီးကို ဖြည့်ဆည်းပေးရန်နှင့် မြန်မာပြက္ခဒိန်အကြောင်း မြန်မာတို့ ကောင်းစွာသိနားလည်၊ တွက်ချက်တတ်စေရန်၊ မြန်မာ စာဖတ်ပရိသတ်အကြား၊ မြန်မာလူငယ်လူရွယ်များအကြား မှန်ကန်သော သတင်းအချက်အလက်များ ရရှိနိုင်စေရန် ဖြစ်ပါသည်။

            ပိုမိုကောင်းမွန်မှန်ကန်ပြည့်စုံသော မြန်မာပြက္ခဒိန်တစ်ခု ပေါ်ထွက်လာရေးအတွက်လည်း ရည်ရွယ်ပါသည်။

 
အေးငြိမ်း (လေးမျက်နှာ)
Blk 663D, Jurong West St. 65
#15-233
Singapore 644663
ဖုံး - (စင်ကာပူ) +၆၅-၉၇၃၀၃၀၂၇
အီးမေးလ် - y_nyein@yahoo.com.sg; aye475@gmail.com

No comments: