Wednesday, October 10, 2012

မြန်မာပြက္ခဒိန်တွက်နည်း (၃၉)

 
အခန်း (၆)

 
ဝါထပ်ရက်ငင် အယူအဆ နှင့် ပြဿနာများ


            ပြက္ခဒိန်ကို ရှေးနှစ်ပေါင်းများစွာကပင် လူတို့တီထွင်သုံးစွဲခဲ့သော်လည်း ပြက္ခဒိန်ကို စီစဉ်ရာတွင်မူ အခက်အခဲ အမျိုးမျိုး၊ အမှားအယွင်းအဖုံဖုံတို့နှင့် တွေ့ကြုံခဲ့ရပါသည်။ ဤသို့ဖြစ်ရခြင်းမှာ ပြက္ခဒိန်ဟူသည် ကောင်းကင်ဂြိုဟ်၊ နက္ခတ် အသွားအလာတို့နှင့် ဆက်စပ်ပတ်သက်နေသောကြောင့် ဖြစ်၏။ လူတို့အသိဉာဏ်နှင့် အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ ပြက္ခဒိန်ကိုလည်း ပိုမိုတိကျ၊ မှန်ကန်အောင်။ သဘာဝနှင့်ပိုမိုကိုက်ညီအောင် ပြုပြင်တီထွင်နိုင် ခဲ့ကြပါသည်။

            သို့ဖြစ်လေရာ ပြက္ခဒိန်၏ ဖြစ်ပေါ်တိုးတက်မှုအား ပြက္ခဒိန်သမိုင်းတစ်ရပ်အနေနှင့် မှတ်တမ်းတင်ထားထိုက်ပါသည်။ သို့မှသာ ယခုလက်ရှိသုံးနေသော ပြက္ခဒိန်ဖြစ်ပေါ်လာအောင် ရှေးပညာရှိတို့ မည်သို့မည်ပုံ ကြိုးစားအားထုတ်ခဲ့ရသည်ကို နှောင်းလူတို့ သိနားလည်နိုင်မည် ဖြစ်သည်။

            ကမ္ဘာသုံးပြက္ခဒိန်မှာ မူလက နေလသွားပြက္ခဒိန်အဖြစ် လသွားနှုန်းကိုပါ ထည့်သွင်းစီရင်ခဲ့သော်လည်း နေသွားနှုန်း နှင့် လသွားနှုန်းမတူညီမှုတို့ကြောင့် ပြက္ခဒိန်စီရင်ရာတွင် အလွန်ရှုပ်ထွေးလှသဖြင့် ယခုအခါ နေသွားနှုန်းတစ်ခုတည်းကိုသာ အခိုင်အမာယူလျှက် စီရင်ကြပါတော့သည်။

            သို့သော် အရှေ့တိုင်းမှ ပြက္ခဒိန်များမှာမူ လသွားနှုံးကိုပါ ထည့်သွင်းတွက်ချက်စီရင်ထားသဖြင့် လထပ်ရက်ငင် ပြဿနာများစွာ ကြုံတွေ့ခဲ့ကြ၊ အငြင်းအခုံဖြစ်ခဲ့ကြရပါသည်။ ဤအငြင်းအခုံများမှာလည်း မြန်မာပြက္ခဒိန်၏ သမိုင်းကြောင်းပင် ဖြစ်လေရာ ဤသည်တို့ကို မှတ်တမ်းတင်ထားအပ်ပါသည်။ ထို့ကြောင့် ဤပြက္ခဒိန်စာအုပ်တွင် လထပ်ရက်ငင်နှင့်ပတ်သက်၍ မြန်မာပညာရှိတို့ ငြင်းကြခုံကြ၊ အကြံပြုတင်ပြကြ၊ ယူဆကြသည်များကိုပါ ထည့်သွင်းဖော်ပြလိုက်ပါသည်။

             
၅၊ ၁။  ဘဒ္ဒန္တကောသလ္လ ၏ ကန်ဦးမူ သန္ဒိဋ္ဌသင်္ကြန်စကားပြေကျမ်း - မှ


ဝါဆိုလထပ် အဓိမာသ်ရက်ငင် - သင်္ခေပ အဆုံးအဖြတ်

(ဆရာတော် ဘဒ္ဒန္တကောသလ္လ ၏ ကန်ဦးမူ သန္ဒိဋ္ဌသင်္ကြန်စကားပြေကျမ်း - မှ)

(မူရင်းသတ်ပုံအတိုင်း)


ဤ ၀ါဆိုလထပ် အဓိမာသ်ရက်ငင်အရာ၌ အယူအဆ၀ါဒအမျိုးမျိုး ကွဲပြားကြသည်။ ထိုကွဲပြားသော ၀ါဒတို့တွင် (၁၉) ခု စားကိန်းဝါဒကိုကား ညောင်ကန်ဆရာတော်ဘုရားကြီးက ယုတ္တိလုံလောက်စွာပြလျှက် ပယ်ခဲ့ပြီးဖြစ်၍ ၎င်းဝါဒကို ထုတ်ဖော် ရေးသားရန်မလိုတော့ပေ။ ၎င်းမှ ကြွင်းကျန်ကုန်သော ၀ါဒအချို့တို့ကိုသာ အကျဉ်းအားဖြင့် ရေးသားပြဆိုပေအံ့။

            အချို့ဆရာတို့သည် “ဣမသိံ္မ သာသနေတက္ခတံ္တ ပဋ္ဌာန ၀သေနဥတ္တံ” ဟူသော လောကဒီပနီကျမ်းစကားစသည်တို့ကို အကိုးပြု၍ အဓိမာသ်လလွန်ပြိုသည်ဖြစ်စေ၊ မပြိုသည်ဖြစ်စေ။ ရက်ငင်ပြိုသည်ဖြစ်စေ၊ မပြိုသည်ဖြစ်စေ။ ၀ါဆိုလပြည့်နေ့ စန်းယှဉ်နက္ခတ်သည် ဆိုလတံ့သောပုဏ္ဏမီနက္ခတ်၊ မပြည့်မမှီ၊ မညီသည်ရှိခဲ့သော် ၀ါဆို (၂) လထပ်ရမည်။ ထိုသို့ထပ်ပါလျှက် ပုဏ္ဏမီနက္ခတ် မညီဘဲရှိနေသေးသော် နယုန်လ၌ ရက်စုံသတ်၍ ၀ါကြီးထပ်ရမည် ဟု ဆိုကုန်ကြ၏။

            ထိုနက္ခတ်ပဓါနဆရာတို့တွင်လည်း အချို့ဆရာတို့သည် “မဟာပုရိသောစ ဥတ္တရာသဠ၊ နက္ခတ္တေနေ၀မာတုကုစ္ဆိယံ သြက္ကမိ။ သောပိအာသဠီပုဏ္ဏမာယံ၊ ဥတ္တရာသဠ၊ နက္ခတ္တေနေ၀ ပဋိသနိံ္ဓ အဂ္ဂဟေသီ” ဟူသော သုတ်မဟာဝါ အဋ္ဌကထာ။

“ဥတ္တရာသဠ်၊ ခေါ်ပြန်အညီ၊ အာသဠီမှတ်၊ နက္ခတ်ပုဏ္ဏမီ၊ သဠ်နှလီသည်။     ။ ယူပြီနှစ်ဆဲ့တစ်လုံးတည်း။” ဟူသော ၀ံတောင်လယ်လင်္ကာ။       

            “မှောင်ရှင်းနေရောင်၊ ပညာဆောင်သည်၊ ဘုန်းခေါင်ပရမေ၊ ဉာဏ်ဝေစိတ်သွား၊ ဆိုပိုင်းခြားသား၊ နှစ်ပါးသဠီ၊ ပုဏ္ဏမီနှင့်၊ ညီသည်အရင်း၊ တွက်ခြင်းများစွာ၊ သင်္ချာကိန်းနေ၊ ကုဋေထောင်ရာ၊ ပမ်းမောကာလျှင်၊ ခဲရာမပြန်၊ လွယ်လင့် ဘန်သည်။       ။ ကျမ်းဂန်တွေထုတ်၊ နှိုက်နဲတည်း။” ဟူသော ကန္နီသံဒိဋ္ဌလင်္ကာစကားတို့ကို အကိုးပြု၍ ၀ါဆိုလပြည့်နေ့ စန်းယှဉ်ပုဏ္ဏမီနက္ခတ်သည် ၂၁ လုံးမြောက် ဥတ္တရာသဠ်နက္ခတ် တစ်လုံးတည်းသာ ဖြစ်ရမည်ဟု ဆိုကြကုန်၏။

            အချို့ဆရာတို့ကား “ကတ္တိကာ ဒိဗျဝတ္တာယ” ဟူသော ရာဇမတ္တဏ်ကျမ်းစကားစသည်တို့ကို အကိုးပြု၍ ၀ါဆိုလပြည့်နေ့ စန်းယှဉ်ပုဏ္ဏမီနက္ခတ်သည် ၂၀ လုံးမြောက် ပြုဗ္ဗာသဠ်နက္ခတ်နှင့် ၂၁ လုံးမြောက် ဥတ္တရာသဠ်နက္ခတ် နှစ်လုံး တို့တွင် တလုံးလုံးဖြစ်နိုင်သည်။ တလုံးလုံးနှင့် စန်းယှဉ်လျှင် ပုဏ္ဏမီနက္ခတ် မှီတော့သည်ဟု ဆိုကြကုန်၏။

            ထိုဧကနက္ခတ္တယောဂ၊ ဒွိနက္ခတ္တယောဂဆရာတို့တွင်လည်း “ပုဗ္ဗန္တရ နက္ခတ္တယောဂဆရာ၊ ပရန္တရ နက္ခတ္တ ယောဂဆရာ” ဟူ၍ နှစ်မျိုးရှိပြန်သည်။  ထိုနှစ်မျိုးတို့တွင် ပုဗ္ဗန္တရ နက္ခတ္တယောဂဆရာကား နက္ခတ် ၂၁ လုံးနှင့်ယှဉ်သည် ဆိုသောအရာ၌ နက္ခတ် ၂၀ လုံးနှင့် ဃဋီအစွန်းစသည် အစွန်းရှိလျှင် ၂၁ လုံးနှင့်ယှဉ်တော့သည် ဟု ယူသည်။ ပရန္တရ နက္ခတ္တ ယောဂဆရာတို့က နက္ခတ် ၂၁ လုံးနှင့်ယှဉ်သည် ဆိုသောအရာ၌ နက္ခတ် ၂၁ လုံးပြည့်ပြီး၍ ဃဋီစသည် အစွန်းရှိမှ ၂၁ လုံးနှင့် ယှဉ်သည်ဟု ယူသည်။

            ထိုဆရာတို့တွင်လည်း အချို့ဆရာတို့သည် အန္တရအံသာစီးအရ မြင်နက္ခတ်အယှဉ်ကိုယူကြ၍ အချို့ဆရာတို့က ဘောဂအံသာစီးအရ စင်နက္ခတ်အယှဉ်ကို ယူကြသေးသည်။

            ဤကား နက္ခတ်ပဓါနဆရာတို့၏ အယူတည်း။

            ထိုမှတပါး အချို့ဆရာတို့သည် “တေနခေါပန သမယေန ဘဂ၀ါ၊ တဒဟုပေါသထေ ပန္နရသေ ပုဏ္ဏာယပုဏ္ဏမာယ ရတ္တိယာ ဘိက္ခုသံဃ ပရိဝုတော၊ အဗ္ဘောကာသေ နိသိန္နောဟောတိ” ဟူသော ဥပရိပဏ္ဏာသပါဠိတော်။ “ပန္နရသီ၊ တိထီစေ့မှ၊ ဆဲ့နှစ်လနှိုက်၊ သမိုက်ပုဏ္ဏမီ၊ ရှုဤမှန်စွာ၊ လမျက်နှာလည်း၊ ရောင်ဝါတောက်ပ၊ ၀န်းဝိုင်းလှသား” ဟူသောမဏိသာရပျို့၊ စသည်တို့ကို အကိုးပြု၍ လပြည့်နေ့ဟူသည် ပုဏ္ဏမီတိထီ ၁၅ ရက်ပြည့်ညီရမည် ဖြစ်သောကြောင့် ၀ါဆိုလပြည့်နေ့၌ တိထီ ၁၅ လုံးရှိရမည်။ မရှိခဲ့လျှင် လထပ်ရက်ငင်ထိုက်သည် အားလျော်စွာ ပြုအပ်တော့သည်ဟု ဆိုကြကုန်၏။

            ဤကား တိထီပဓါနဆရာတို့၏ အယူတည်း။

            ဤဆိုခဲ့ကုန်ပြီးသော နက္ခတ်ပဓါနဆရာ၊ တိထီပဓါနဆရာတို့၏ အယူဝါဒတို့သည် လိပ်ခဲတင်းလင်း။ တဘက်သတ် ကျလွန်းသည့်ပြင် “ကဒါဓိပန ဝေါဟာရကာလော၊ တိထီယာနက္ခတ္တေနစ၊ ၀ိသမောဟောတိ။ တသ္မာတံသမေထုံ၊ အဓိမာသပဓါနကာလေ၊ မာသမ္ပိ ဒိဝသမ္ပိ အာကဍ္ဎန္တိ။ တသ္မာအညသိံ္မကာလေ၊ ၀ိသမေပိ၊ အာကဍ္ဎနကာလေ၊ သမာပေတဗံ္ဗ။ ဧ၀ံသတိမာသ ဥတုသံဝစ္ဆရာနံ၊ သမဘာဝေါဟောတီတိ ဒဋ္ဌဗံ္ဗ။” ဟူသော ၀ိနယာလင်္ကာရဋီကာနှင့်လည်း မညီကြသောကြောင့် ဆင်ခြင်အပ်ကုန်၏။

            အချို့ဆရာတို့ကား “အဓိမာသာဓိ ကောယတြ၊ ဒွိရာသဠော ဘဝေတဒါ၊ အမ္မ၀ါသီ ဒွယံဒိဋ္ဌာ၊ ဒွိရာသဠံ ပကပ္ပယေ” ဟူသော ရာဇမတ္တဏ်ကျမ်းစကား စသည်တို့ကိုကိုး၍ ပုဏ္ဏမီတိထီ၊ နက္ခတ်တို့ကို ပဓါနမပြုကြပဲ သူရိယသိဒ္ဓန္တကျမ်း၊ သံဒိဋ္ဌ ကျမ်း၊ အဓိမာသ်တွက်နည်း၊ အဓိဝါရတွက်နည်းတို့ဖြင့် တွက်ချက်ရာ အဓိမာသ်၊ လလွန်ပြိုသောအခါ ၀ါဆို ၂ လထား၍ ၀ါထပ် ရမည်။ ရက်ငင်ပြိုကို အတိတ်အဓိမာသ်သို့သော်၎င်း၊ နီးကပ်ရာ အဓိမာသ်သို့သော်၎င်း သွင်း၍ ၀ါကြီးထပ်ခြင်းကို ပြုရမည်ဟု ဆိုကြသည်။

ဤကား ဝေဒပဓါနဆရာတို့၏ အလိုတည်း။

            ဤဆရာတို့၏ အယူဝါဒတို့သည်လည်း ကျမ်းစုံမဟပ်၊ တဘက်သတ်ကျလွန်းသဖြင့် “မဟာပုရိသောစ၊ ဥတ္တရာသဠှ၊ နက္ခတ္တေနေ၀” စသော သုတ်မဟာဝါ အဋ္ဌကထာ။    ။ “တေန၊ ခေါပနသမယေန” စသော ဥပရိပဏ္ဏာသ ပါဠိတော်။        “ကတ္တိယာဒိ၊ ဒွိဘာမာသာ” စသော ရာဇမတ္တဏ်ကျမ်းစကား စသည်တို့နှင့် မညီကြသောကြောင့် ဆင်ခြင်အပ်ကုန်၏။

            သို့ဖြစ်၍ ဆိုခဲ့ကုန်ပြီးသော လောကီ၊ လောကုတ္တရာကျမ်းလာစကား၊ အားလုံးတို့ကို၊ ပေါင်းရုံးနှီးနှော၍ လိုက်နာ မှတ်ယူရာသော သင်္ခေပ ၀ိနိစ္ဆယကား . . . ။ . . .

            “အဓိမာသာဓိ ကောယတြ၊ ဒွိရာသဠှော ဘဝေတဒါ။ အမ္မ၀ါသီ ဒွယံဒိဋ္ဌာ၊ ဒွိရာသဠှံ ပကပ္ပယေ။” ဟု ရာဇမတ္တဏ်ကျမ်း ၌ ဆိုသောကြောင့် အဓိမာသ်ပြို၊ အမ္မ၀ါသီနှစ်ထပ်မြင်သောအခါ ၀ါထပ်ရမည်ဟု မှတ်။ ထိုသို့ ၀ါထပ်ရမည်ဆိုသော် ပြိုရာနှစ်၌ချည်း ထပ်ရမည်လော ဟူငြားအံ့။

            “ဒွိမာဝသီသ သဘိဒိန ကတ္တာ၊ ယာဝဣန္ဒုဂေဟံမာသေ ကသိံ္မပတတိ၊ ဂဏိတေယတြ မာသောဓိပုဗ္ဗော။ တတြာသဠှဒွယ  မဓိဂတံ။ တန္တြသိဒ္ဓန္တ၀ိဒူတိ။ တပ္ပရိယန္တော ဘ၀တိ၊ သသိနော ပုဏ္ဏမာသီဒွယေန” ဟု ရာဇမတ္တဏ်ကျမ်း၌ ဆိုသောကြောင့် တနင်္ဂနွေဂြိုဟ်၊ မိဿ၊ ပြိဿ၊ မေထုန်၊ ကြဋ် - ရှေ့လေးရာသီအတွင်း၌တည်နေစဉ် အကယ်၍ အဓိမာသ်ပြိုခဲ့ သည်ရှိသော် ထိုပြိုသောနှစ်မှာပင် ၀ါထပ်ရမည်။ သို့မဟုတ် တနင်္ဂနွေဂြိုဟ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန်။ နောက် ရှစ်ရာသီအတွင်း၌ တည်နေစဉ် အကယ်၍ အဓိမာသ်ပြိုခဲ့သည်ရှိသော် ထိုပြိုရာနှစ်၌ ၀ါမထပ်ရ။ လာလတံ္တ့သော အနာဂတ်နှစ်၌သာ ၀ါထပ်ရမည်ဟုမှတ်လေ။

            ထိုသို့ထိုက်လျော်ရာနှစ်၌ ၀ါထပ်ရမည်ဆိုသော် ၀ါကြီးထပ်ရမည်လော၊ ၀ါငယ်ထပ်ရမည်လောဟူငြားအံ့။  “ကတ္တိကာ ဒိ ဒွိဘာမာသာ” စသော ရာဇမတ္တဏ် ကျမ်းစကားစသည်တို့ကို ထောက်ဆသောအားဖြင့် ထိုထပ်သော ဒုတိယ၀ါဆို လပြည့်နေ့၏ (တွက်ရဘောဂစီး) စန်းယှဉ်နက္ခတ်တွင် အောက်ဃဋီစွန်းစသည်အတွက် တလုံးတိုး၊ (လပြည့်ကျော် တရက်နေ့ စန်းယှဉ်နက္ခတ် လုံးရေမတက်သော်၎င်း၊ နက္ခတ်လုံးရေတက်သော်လည်း အောက်ဃဋီစွန်းသုညဖြစ်လျှင်သော်၎င်း၊ မတိုးရ။) ထိုနက္ခတ်သည် ၂၀ လုံး၊ ၂၁ လုံးဟူသော အသဠှီ၊ ပုဏ္ဏမီနက္ခတ် တလုံးလုံးနှင့် မပြည့်မမှီ၊ မညီခဲ့သော် ရက်ငင်ပြို - ဝေးသည် ဖြစ်စေ၊ နီးသည်ဖြစ်စေ၊ နယုန်လ၌ ရက်စုံသတ်၍ ၀ါကြီးထပ်ရမည်။   

            (“ကဒါဓိပန ဝေါဟာရကာလော” စသော ၀ိနယလင်္ကာရဋီကာကို ထောက်၍ ၀ါမထပ်သောနှစ် ဖြစ်မူ ၀ါဆိုလပြည့်နေ့ စန်းယှဉ်နက္ခတ်သည် ပုဏ္ဏမီနက္ခတ် မပြည့်မမှီ၊ မညီသော်လည်း ရက်မငင်ရ - ဟုမှတ်။) ဒုတိယ၀ါဆိုလပြည့်နေ့ စန်းယှဉ် နက္ခတ်သည် အကယ်၍ နက္ခတ် ၂၀ လုံးဖြစ်ခဲ့သော် “တေန ခေါပန သမယေန ဘဂ၀ါ၊ တဒဟုပေါသထေ” စသော ဥပရိ ပဏ္ဏာသပါဠိတော်၊ “မဟာပုရိသောစ ဥတ္တရာသဠှ နက္ခတ္တေနေ၀” စသော သုတ်မဟာဝါ အဋ္ဌကထာ၊ “ဒွိရာသဠှေ ယဒါကာလေ၊ ပုဏ္ဏမီယံ တိထီဘဝေ၊ ပန္နရ သီယဒျာ ပုဏ္ဏေ၊ ဒိနာကဍ္ဎံပ ကပ္ပယေ” ဟူသော ရာဇမတ္တဏ်ကျမ်းစကားတို့ကိုထောက်၍ ထိုထပ်သော ဒုတိယ၀ါဆိုလပြည့်နေ့၌ တိထီ ၁၅ လုံးမပြည့်မူ (၀ါ) တိထီပြိုကင်းမူ၊ ရက်ငင်ပြို ဝေးသည်ဖြစ်စေ၊ နီးသည်ဖြစ်စေ၊ နယုန်လ၌ ရက်စုံသတ်၍ ၀ါကြီးထပ်ရမည်။ (ရက်ငင်ပြို ပိုသည်၊ လိုသည်ကို ဆင်ခြင်လေဦး။)

            ၎င်းလပြည့်နေ့၌ တိထီပြိုမြင်မူ၊ ၀ါကြီးမထပ်ရ။ ၀ါငယ်သာ ထပ်ရမည်။ ထို ဒုတိယ ၀ါဆိုလပြည့်နေ့ စန်းယှဉ်နက္ခတ် သည် အကယ်၍ ၂၁ လုံးဟူသော ဥတ္တရာသဠ်နက္ခတ် ဖြစ်ခဲ့မူကား ရက်ငင်ပြို နီးကပ်သော်လည်း ရက်ငင်၍ ၀ါကြီးထပ်စရာ မလို။ အာသဠှီပုဏ္ဏမီနက္ခတ် တင်းတင်းကြီး ပြည့်မှီသည်ဖြစ်သောကြောင့် ၀ါငယ်သာ ထပ်ရမည်ဟု မှတ်။

            ဤကား လောကီကျမ်း၊ လောကုတ္တရာကျမ်းတို့ကို ရောပြွမ်းပေါင်းစပ်၍ အကျဉ်းချုပ် ဆုံးဖြတ်လိုက်သော အဓိမာသ၊ အဓိဝါရ၊ သင်္ခေပ ၀ိနိစ္ဆယတည်း။                

 
၅၊ ၂။  ဆရာဦးကျော်ငြိမ်း ၏ ၀ါထပ်ရက်ငင် ၀ိဝါဒ ငြိမ်းချမ်းရေးကျမ်း - မှ

 
(၂၀) လထပ်ရန် စည်းကမ်း


            အကြင် နှစ်, လ, ရက်၌ အဓိမာသ်ပြို၏။ ထို အဓိမာသ်ပြိုသောရက်တွင် ကောဇာ တနင်္ဂနွေဂြိုဟ်သည် မိဿ၊ ပြိဿ၊ မေထုန်၊ ကြဋ် ဟုဆိုအပ်သော ရှေ့ပိုင်း လေးရာသီတို့တွင် တစ်ခုခုသောရာသီ၌ ရောက်နေပါက ထိုပြိုသော အဓိမာသ်ကို ထိုနှစ်တွင်သွင်း၍ (၀ါ) ပြိုရာနှစ်တွင် ၀ါဆိုနှစ်လထား၍ ၀ါထပ်ရမည်။ ထိုသို့မဟုတ်ဘဲ အဓိမာသ်ပြိုသောရက်၌ ကောဇာ တနင်္ဂနွေသည် သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန် စသည့် နောက်ပိုင်း ရှစ်ရာသီတို့တွင် တစ်ခုခုသောရာသီ၌ ရောက်နေပါက ထိုအချိန်၌ပြိုသော အဓိမာသ်ကို ပြိုရာနှစ်တွင်သွင်း၍ ၀ါမထပ်ရ။ နောက်တစ်နှစ်မှ ၀ါဆိုနှစ်လထား၍ ၀ါထပ်ရ မည်ဟု ရာဇမတ္တဏ်ကျမ်းတွင် လာသည်။

 
(၂၄) ရက်ငင်ပုံ ၀ါဒကွဲများ

 
(က) “ယထာစ အမှာကံ ဘဂ၀ါ၊ ဧ၀ံသောပိ အာသဠှီပုဏ္ဏမာယံ၊ ဥတ္တရသာဠှ နက္ခတ္တေနေ၀ ပဋိသနိံ္ဓ အဂ္ဂဟေသိ”

သုတ်မဟာဝါ အဋ္ဌကထာ၊ မဟာပဒါနသုတ်

(ခ) “ပဋိသန္ဓိံ ဂဏှန္တောပန၊ အာသဠှီ ပုဏ္ဏမာယံ ဥတ္တရာသဠှ၊ နက္ခတ္တေန အဂ္ဂဟေသိ”

ဥပရိပဏၰာသ အ႒ကထာ၊ အစ ၦရိယ အဗ ၻဴတသုတ္

(ဂ) “မဟာပုရိေသာပန၊ ဥတၱရာသာဠွ၊ နကၡေတၱေန၀၊ မာတုဣစႎ ၦ ၾသကၠမိ”

            ဗုဒၶ၀ံသ အ႒ကထာ

- ဂါထာများအရ “ဘုရားအလောင်းတော်သည် ၀ါဆိုလပြည့်နေ့၌ ဥတ္တရာသဠ်နက္ခတ်နှင့်ယှဉ်၍ ပဋိသန္ဓေနေတော်မူ၏” ဟု ဆိုလိုသည်။

 
(ဃ)  “ဣမသ္မိံ သာသနေ၊ နက္ခတံ္တ ပဋ္ဌာန ၀သေန ၀ုတံ္တ”

လောကဒီပနီကျမ်း

        ဤသာသနာတော်၌ နက္ခတ်ကိုပြဌာန်းသည်၏ အစွမ်းအားဖြင့် ဆိုအပ်၏။

 
(င) “ဥတ္တရာသဠ်၊ ခေါ်ပြန်အညီ၊ အာသဠှီမှတ်၊ နက္ခတ်ပုဏ္ဏမီ၊ သာဠ်နှစ်လီသည်။            ။ ယူပြီနှစ်ဆဲ့တစ်လုံးတည်း။”

ဝံတောင်လယ် လင်္ကာ

            ဤစကားတို့ကို တစ်ထစ်ချယူ၍ ဧကနက္ခတ္တယောဂ ပဓါနဆရာတို့သည် ဒုတိယ၀ါဆိုလပြည့်နေ့တွင် ဥတ္တရာသဠ် နက္ခတ်နှင့် စန်းယှဉ်ရမည်။ မယှဉ်လျှင် ရက်ငင်ရမည်ဟု ဆိုကြကုန်၏။

“ဟတ္ထဂတ ဂဏန ၀သေနေ ၀ဇာနိတဗံ္ဗ” ဟူသော ၀ိနယာလင်္ကာရဋီကာ အရ အထက်စကားဥဒါဟရုဏ်တို့ကို လက်တွေ့တွက်ကြည့်ကြမည် မထင်ပေ။

 
(စ) “မှောင်ရှင်းနေရောင်၊ ပညာဆောင်သည်၊ ဘုန်းခေါင်ပရမေ၊ ဉာဏ်ဝေစိတ်သွား၊ ဆိုပိုင်းခြားသား၊ နှစ်ပါးသဠှီ၊ ပုဏ္ဏမီနှင့်၊ ညီသည်အရင်း၊ တွက်ခြင်းများစွာ၊ သင်္ချာကိန်းနေ၊ ကုဋေထောင်ရာ၊ ပန်းမောကာလျှင်၊ ခဲရာမပြန်၊ လွယ်လင့်ဘန်သည်၊ ကျမ်းဂန်ဘွေထုတ်၊ နက်နဲတည်း။              ။”

ကန္နီအတွင်းဝန်၊ သံဒိဋ္ဌလင်္ကာ
 
“ကုဋေအထောင်အရာမျှသော ကိန်းဂဏန်းကြီးတို့ဖြင့်၊ အပင်ပန်းခံ၍ တွက်နေစရာမလို။ ဒုတိယ၀ါဆိုလပြည့်နေ့၌ ပြုဗ္ဗာသဠ်၊ ဥတ္တရာသဠ် နက္ခတ်နှစ်လုံးတွင် တစ်လုံးလုံးနှင့် စန်းယှဉ်စေ။ အကယ်၍ မယှဉ်လျှင် ရက်ငင်ရမည်” ဟု ဆိုလိုသည်။


(ဆ) “ကတ္တိကာ ဒိ ဒွိဘာမာသာ၊ ဖဂ္ဂုဏောစ တိ ဘော မတော၊ အန္တော ပန္တော တိဘော ဉေယျော၊ ကတ္တိကာ ဒိဗျဝတ္တာယ။”

ရာဇမတ္တဏ်ကျမ်း

“ဆယ့်နှစ်ရာသီစက်တွင် မိန်၊ ကန်၊ တူ သုံးရာသီကို ချန်လျှက် ကျန် ၉ ရာသီတို့၌ ကြတ္တိကာစသော နက္ခတ်တို့ကို ၂ လုံးစီ ချထားရမည်။ ချန်လှပ်ထားသော ၃ ရာသီ၌ကား ယခင်ချသော နက္ခတ်စဉ်အတိုင်း သုံးလုံးစီ ချထားရမည်။ ထိုချထားသော နက္ခတ်တို့သည် ထိုထို လ၊ ထိုထိုရာသီတို့၏ လပြည့်ပုဏ္ဏမီ၊ စန်းယှဉ်နက္ခတ်များ ဖြစ်ကြသည် ဟု မှတ်ယူကြရာ၏။”
 

ဤကျမ်းဂန်တို့လာ စကားရပ်တို့ကို တစ်ဘက်သတ်ယူဆကြသော ဒွိနက္ခတ္တယောဂပဓါနဆ၇ာတို့၏ အယူကား၊ ဒုတိယ၀ါဆိုလပြည့်နေ့တွင် ပြုဗ္ဗာသဠ်၊ ဥတ္တရာသဠ် နက္ခတ်နှစ်လုံးအနက် တစ်လုံးလုံးနှင့် စန်းယှဉ်ရမည်။ အကယ်၍ မယှဉ်ခဲ့ လျှင် ရက်ငင်ရမည်ဟု ဆိုလိုပေသည်။

 
(ဇ) “တေန ခေါပန သမယေန ဘဂ၀ါ၊ တဒဟုပေါသထေ၊ ပန္နရသေ ပုဏ္ဏာယ၊ ပုဏ္ဏဘာယ ရတ္တိယာ၊ ဘိက္ခုသံဃပရိဝုတော၊ အဗ္ဘောကာသေ နိသိန္နော ဟောတိ”

ဥပရိပဏ္ဏာသ ပါဠိတော်

“ထိုအခါ၌ ဘုရားသခင်သည် တိထီရက်စေ့ ၁၅ ရှိ၍၊ လ၀န်းအလုံးစုံပြည့်သော ဥပုသ်နေ့ညဥ့်အခါ၌ သံဃာအပေါင်း ခြံရံလျှက် လွင်တီးခေါင်၌ သီတင်းသုံးနေတော်မူ၏”

 
(ဈ) “ဒွိရာသာဠှေ ယဒါကာလေ၊ ပုဏ္ဏမီယံ တိထီဘဝေ၊ ပန္နရ သီယဒျာ ပုဏ္ဏေ၊ ဒိနာကဍ္ဎံပြ ကပ္ပယေ”

ရာဇမတ္တဏ်ကျမ်း

 
“၀ါထပ်သောအခါ ဒုတိယ၀ါဆိုလပြည့်နေ့၌ တိထီ ၁၅ လုံးပြည့်ရမည်။ အကယ်၍ မပြည့်လျှင် ရက်ငင်ရမည်။” ဟု ဆိုလိုသည်။


            ဤကျမ်းဂန်စကားတို့အရ တိထီပဓါနဆရာတို့က ဒုတိယ၀ါဆိုလပြည့်နေ့၌ တိထီ ၁၅ လုံးမပြည့်လျှင် ရက်ငင်ရမည် ဟု ဆိုလိုသည်။

 (ည) “ပန္နရသီ၊ တိထီစေ့မှ၊ ဆဲ့နှစ်လ၌၊ သမိုက်ပုဏ္ဏမီ၊ ရှုညီမှန်စွာ၊ လမျက်နှာလည်း၊ ရောင်ဝါတောက်ပ၊ ၀န်းဝိုင်းလှသား”

မဏိသာရပျို့
(ဋ) “ပြုဗ္ဗာ,ဥတ္တရာ၊ ပုဏ္ဏာတိထီ၊ နှစ်ပါးညီမူ၊ ဃဋီရင့်,နု၊ မျှော်တင်းရှု၊”

ကန္နီအတွင်းဝန်၏ မကာရန္တဋီကာသစ်

            ဤကျမ်းဂန်စကားတို့ကို ကိုးကားလိုက်နာကြသည့် ပုဏ္ဏာတိထီ၊ ပုဏ္ဏမီနက္ခတ်၊ နှစ်ပါးစုံဟပ်၍ယူကြသော ဆရာတို့ အလိုကား ဒု-၀ါဆိုလပြည့်နေ့၌ တိထီ ၁၅ လုံးရှိခြင်း၊ ပြုဗ္ဗာသဠ်၊ ဥတ္တရာသဠ်၊ နက္ခတ်နှစ်လုံးတို့တွင် တလုံးလုံးနှင့် စန်းယှဉ်ခြင်း ရှိစေရမည်။ အကယ်၍ ထိုလပြည့်နေ့သည် တိထီ ၁၄ လုံးသာရှိပြီး ပြုဗ္ဗာသဠ်နက္ခတ်နှင့် စန်းယှဉ်ပါက ရက်ငင်ရမည် ဟု တိထီ နှင့် နက္ခတ်ကို ညှိ၍ယူကြသည်။

            ဤသို့ (က) မှ (ဋ) တိုင်ပြဆိုခဲ့သော စကားရပ်တို့ကား နက္ခတ်ပဓါနဆရာ၊ တိထီပဓါနဆရာ၊ ပုဏ္ဏာတိထီ၊ ပုဏ္ဏမီ နက္ခတ် နှစ်ပါးစုံစပ်၍ ယူသောဆရာတို့ ကိုးကားကြသော စကားရပ်တို့ ဖြစ်ပေသည်။ သို့သော် ထိုစကားရပ်တို့ကို အရာဌာန အားလျော်စွာ ပြဆိုခြင်းဖြစ်သည်ဟု ယူဆ၍ ၎င်းတို့ကို အဓျာဟရက်ငင်ပြိုကိန်းနှင့်ညှိပြီး ရက်ငင်သင့်၊ မငင်သင့်ကို ပြုလုပ်အပ် ၏။

            အဓိမာသ်ပြို၍ လထပ်ရခြင်း၊ အဓျာဟရက်ငင်ပြို၍ ရက်ငင်ရခြင်းတို့သည် သူရိယသိဒ္ဓန္တကျမ်းမှစ၍ ဖြစ်ပေါ်လာကြ သဖြင့် သူရိယသိဒ္ဓန္တကျမ်း၏ အာဘော်ဟု အဓိမာသ်ပြို၊ အဓျာဟပြိုရှိ၊ မရှိကို သေချာစွာတွက်စစ်၍၊ အဓိမာသ်ပြိုမျှသာလျှင် လမျှကိုထပ်ခြင်း၊ နှစ်ပါးစုံပြိုမူ လထပ်ရက်ငင်ပြုခြင်းကို မှန်ကန်စွာပြုပါက ၎င်းကျမ်းကပြဆိုသည့်အတိုင်း စတုယုဂ်တစ်ခု ကုန်ဆုံးသောအခါ သူရိယသံဝစ ၦရ၊ စျႏၵသံ၀စ ၦရ၊ ေ၀ါဟာရသံ၀စ ၦရဟုဆိုေသာ နှစ်သုံးမျိုးတို့၏ ၄၃၂၀၀၀၀ ဟူသော နှစ်အရေ အတွက် သင်္ချာခြင်း ညီမျှ၍ အဓိမာသကိန်း၊ အဓျာဟကိန်းတို့လည်း ကြေလည်ပြတ်သုဉ်းသွားပေလိမ့်မည်။ ဗိုလ် ၆ ပါး၊ ကိန်းတပတ်လည်၍ သွားပေလိမ့်မည်။

            ရက်ငင်ရန်စည်းကမ်း၌ အဓိကလိုရင်းအချက်ကား၊ ရက်ငင်ကိန်းပင်ဖြစ်သည်။ သို့သော် ရက်ငင်ပြိုကို မပြိုမီက တင်ကြို၍ငင်ခြင်း၊ ပြိုပြီးနောက်မှငင်ခြင်းတို့ကို ပြုလုပ်နိုင်သောကြောင့်၊ တိထီ, နက္ခတ်တို့နှင့် ယှဉ်, မယှဉ်စိစစ်ရန်လည်း လိုပေ သည်။ ထို့ကြောင့် - - -

 
(၂၅) အကောင်းဆုံးသော ရက်ငင်နည်း


            (က) ရက်ငင်ပြိုရှိမရှိ စီစစ်ခြင်း

            (ခ) ပုဏ္ဏာတိထီတို့ကို စီစစ်ခြင်း

            (ဂ) ပုဏ္ဏမီနက္ခတ်တို့ကို စီစစ်ခြင်း - - - သုံးပါးတည်း။

 
(က) ရက်ငင်ပြိုရှိမရှိ စီစစ်ခြင်း


            အထက်တွက်နည်းအတိုင်း မည်သည့်လရက်၌ ရက်ငင်ပြိုသည်ကို ရှေးဦးစွာ သိထားရမည်။ ထိုပြိုသောရက်ငင်ကို မပြိုမီရှေးအဘို့က ထပ်ခဲ့သောဝါ - အတိတ်အဓိမာသ်သို့သော်၎င်း၊ ပြိုပြီးနောက်မှ ထပ်လတ္တံ့သောဝါ - အနာဂတ်အဓိမာသ်သို့ သော်၎င်း၊ သင့်လျော်ရာသွင်း၍ ၀ါကြီးထပ်ခြင်း တခုခုပြုပေးရမည်။

            “ပြိုသောရက်ငင်ကို အတိတ်အဓိမာသ်က ငင်သဖြင့်၊ ပုဏ္ဏမီနက္ခတ်အညီများ၏” ဟု သူရိယသိဒ္ဓန္တစကားပြေကျမ်းကို ရေးသားစီရင်သော ပညာရှိမြင်းစည်ကုက္ကိုလှရွာအုပ်၊ နေမျိုးမင်းလှကျော်သူက မှတ်ချက်ရေးသားခဲ့သည်။ မကာရန္တဋီကာသစ် ကို စီရင်ရေးသားသော ကန္နီအတွင်းဝန်မင်းသည်ကား ဗိုလ်တွက်ရာ၌ အ၀မာန်ကူရသောနှစ်သည် ခယနှင့်ဝေါဟာရ မစုံရက် - တစ်ရက်ကွာခြင်းသို့ ရောက်၏။ လွန်ခဲ့သော အဓိမာသ်၊ ရောက်အံ့သော အဓိမာသ်၊ အတိတ်၊ အနာဂတ်နှစ်ရပ်တွင် နီးရာ၊ သင့်ရာငင်သင့်သည်ဟု မှာကြားခဲ့၏။

            သရ၀ိသောဓနကျမ်းကို စီရင်ရေးသားတော်မူသော အရှင်ဦးစာရိတ္တဆရာတော်၏ အလိုကား “ဝေါဟာရလဆန်း ၁ ရက်၊ ၂ ရက်တိုင် အရှေ့လောကဓါတ်က လ-ရေး မထင်စိမ့်သောငှာ ရက်ကိုတင်၍ ငင်ထိုက်၏။ တင်၍ငင်သောကြောင့် ဝေါဟာရလဆန်း ၁၄ ရက်၊ လဆုတ် ၁၄ ရက်နေ့၊ လ,နေကြတ်သည်ကို မဖြစ်စေအပ်။ ထိုသို့ဖြစ်အံ့သည်ကိုမြင်မူ ရက်ကို တင်၍မငင်ထိုက်။” ဟု ယူဆ မိန့်မှာတော်မူခဲ့၏။

            သို့ဖြစ်၍ ထိုဆရာတို့၏ ၀ါဒများကိုလည်း ပါဝင်သင့်သလောက် ပါဝင်စေ၍ အကောင်းဆုံးသော ရက်ငင်နည်းမှာ ~

            အတိတ်အဓိမာသ်ကျရာနှစ်ကို ၀ါငယ်ထား၍ကြည့်သော လပြည့်၊ လကွယ်ပက္ခနေ့တို့၏ တိထီနက္ခတ်တို့သည် ပုဏ္ဏာတိထီ, ပုဏ္ဏမီနက္ခတ်မပြည့်မမှီ၊ မညီညွတ်ခြင်းကများမူ ၎င်းနောက်နားက ပြိုလတံ္တ့သောရက်ငင်ကို မပြိုမီက တင်ကြို ငင်ယူသောအားဖြင့် အတိတ်အဓိမာသ်သို့သွင်း၍ ၀ါကြီးထပ်ခြင်းကို ပြုလုပ်ရမည်။

            သို့မဟုတ် ၀ါငယ်ထပ်ထား၍ကြည့်သော လပြည့်၊ လကွယ်ပက္ခနေ့တို့၏ တိထီနက္ခတ်တို့သည် ပုဏ္ဏာတိထီ, ပုဏ္ဏမီနက္ခတ်ပြည့်မှီသည်ကများခြင်း၊ တိထီလွန်၊ နက္ခတ်လွန်ရှိခြင်းဖြစ်မူ၊ ထိုအတိတ်အဓိမာသ်ကို ၀ါငယ်သာထပ်၍၊ ပြိုလတံ္တ့ သော ရက်ငင်ကို ပြိုပြီးနောက်မှ ငင်သောနည်းအားဖြင့် အနာဂတ်အဓိမာသ်သို့သွင်း၍ ၀ါကြီးထပ်ခြင်းကို ပြုလုပ်ရမည်။

            အထူးကား ရက်ငင်ပြိုမရှိသော အဓိမာသ်ဖြစ်လျှင် ရက်မငင်ရ။ သို့သော် ပုဏ္ဏာတိထီ၊ ပုဏ္ဏမီနက္ခတ် မပြည့်မမှီသဖြင့် အဓိမာသ်တစ်ခုကို ခုန်ကျော်၍ငင်ယူလိုက်လျှင် အစစအရာရာ အဆင်ပြေမည်ဆိုပါက ခုန်ကျော်ယူငင်သင့်သေးသည် ဟု မှတ်လေ။

 
(ခ) ပုဏ္ဏာတိထီတို့ကို စီစစ်ခြင်းဆိုသည်ကား -

 
            အဓိမာသ်ပြို၍ ၀ါထပ်သောနှစ်တွင် ၀ါဆိုနှစ်လပါ၍ ၁၃ လရှိသည်။ ထို ၁၃ လတွင် လပြည့်၊ လကွယ်ပက္ခ ရက် အားဖြင့် ၂၆ ရက်ရှိသည်။ ထိုပက္ခရက် ၂၆ ရက်တို့၌ တိထီ, ဃဋီမည်မျှစီရှိသည်ကို ၀ါငယ်ထပ်ဟု သဘောထား၍ သူရိယသိဒ္ဓန္တ နည်းဖြင့်ဖြစ်စေ၊ သံဒိဋ္ဌနည်းဖြင့်ဖြစ်စေ တွက်ချက်၍ မှတ်ထားပါ။ ထိုမှတ်ထားသော လပြည့်လကွယ် ပက္ခရက်တို့၏ တိထီ၊ ဃဋီတို့သည် ဒုတိယ ၀ါဆိုလမှစ၍ တိထီ ၁၄ လုံးနှင့် ဃဋီစွန်းဖြစ်ကြမူ သို့မဟုတ် တိထီ သုည နှင့် ဃဋီစွန်းဖြစ်ကြမူ ပုဏ္ဏာတိထီပြည့်မှီသည်ဟု မှတ်။ ဥပစာ ပုဏ္ဏာတိထီ၊ မုချပုဏ္ဏာတိထီတို့ကို ရည်၍ ဆိုသည်။ ဆိုခဲ့ပြီးသော တိထီ၊ ဃဋီတို့အောက် ယုတ်လျော့ခြင်းဖြစ်ကြမူ၊ ပုဏ္ဏာတိထီ မပြည့်မှီဟုမှတ်။

            ထိုထိုပက္ခတို့၏ တိထီ၊ ဃဋီတို့ကိုကြည့်၍ ပုဏ္ဏာတိထီ ပြည့်မှီသောပက္ခ၊ မပြည့်မှီသောပက္ခ မည်မျှစီရှိသည်ကို မှတ်ထားပါ။ အကယ်၍ ပုဏ္ဏာတိထီ မပြည့်မှီသောပက္ခ များစွာပါရှိပါမူ ပြိုလတံ္တ့သောရက်ငင်ကို မပြိုမှီကတင်ကြို၍ ငင်ယူသော နည်းအားဖြင့်၎င်း၊ အတိတ်အဓိမာသ်ကို နယုန်လ၌ ရက်စုံသတ်၍ ၀ါကြီးထပ်ရမည်။

            ထိုသို့မဟုတ်မူ၍ ပုဏ္ဏာတိထီပြည့်မှီသောပက္ခ များခြင်း၊ ရက်ငင်၍ ၀ါကြီးထပ်လိုက်မည်ဆိုလျှင် တိထီလွန်သော ပက္ခ တချို့တ၀က်ပါရှိခြင်းဖြစ်မူ ပြိုလတံ္တ့သော ရက်ငင်ကို ပြိုပြီးနောက်မှ ရောက်လာလတံ္တ့သော အနာဂတ်အဓိမာသ်သို့သွင်း၍ ၀ါကြီးထပ်ကုန်ရာ၏။

 
(ဂ) ပုဏ္ဏမီနက္ခတ်တို့ကို စီစစ်ခြင်း ဆိုသည်ကား -


            အဓိမာသ်ပြို၍ ၀ါထပ်သောနှစ်တွင် ၀ါဆို ၂ လပါ၍ ၁၃ လရှိသည်။ ထို ၁၃ လတွင် လပြည့်ပုဏ္ဏမီ ပက္ခရက်အားဖြင့် ၁၃ ရက်ပါသည်။ ထို ၁၃ ရက်သော ပုဏ္ဏမီပက္ခရက်တို့၌ နက္ခတ်၊ ဃဋီမည်မျှစီရှိသည်ကို ၀ါငယ်ထပ်နှစ်ဟု သဘောထား၍ သူရိယသိဒ္ဓန္တ နည်းဖြင့်ဖြစ်စေ၊ သံဒိဋ္ဌနည်းဖြင့်ဖြစ်စေ တွက်ချက်၍ မှတ်ထားပါ။ ထိုမှတ်ထားသော လပြည့်ပုဏ္ဏမီပက္ခရက် တို့၏ နက္ခတ်၊ ဃဋီတို့သည် (ဒုတိယ၀ါဆိုလပြည့်နေ့မှစ၍) အပိုဒ် (၂၀) လထပ်ရန်စည်းကမ်း၌ပြထားသော ပုဏ္ဏမီနက္ခတ် ၏ ရာသီစက်၌ရှိသော ထိုထိုရာသီတို့၏ နက္ခတ် တလုံးလုံးနှင့်တူကြမူ ပုဏ္ဏမီနက္ခတ် ပြည့်မှီသည်။ ညီသည်။ အစနက္ခတ် တလုံးလုံး၏အောက် ယုတ်လျော့ကြမူ ပုဏ္ဏမီနက္ခတ် မပြည့်၊ မမှီ၊ မညီဟုမှတ်။

            ဤသဘောအရ ထိုထို ပုဏ္ဏမီပက္ခရက်တို့၏ တွက်ရ နက္ခတ်၊ ဃဋီတို့နှင့် ရာသီစက်ဇယားပါ နက္ခတ်တို့ကို တိုက်ဆိုင် ကြည့်ရှုပြီး ပုဏ္ဏမီနက္ခတ် ပြည့်မှီသောပက္ခ၊ မပြည့်မှီသောပက္ခ မည်မျှစီရှိသည်ကို မှတ်ထားပါ။

အကယ်၍ ပုဏ္ဏမီနက္ခတ်မပြည့်မမှီသောပက္ခ များစွာပါရှိမူ ပြိုလတံ္တ့သောရက်ငင်ကို မပြိုမှီကတင်ကြို၍ ငင်ယူသော နည်းအားဖြင့်၎င်း၊ အတိတ်အဓိမာသ်ကို နယုန်လ၌ ရက်စုံသတ်၍ ၀ါကြီးထပ်ပါ။ ထိုသို့မဟုတ်ဘဲ ပုဏ္ဏမီနက္ခတ်ပြည့်မှီသော ပက္ခများခြင်း၊ ရက်ငင်၍ ၀ါကြီးထပ်လိုက်မည်ဆိုလျှင် နက္ခတ်လွန် တချို့တ၀က်ပါရှိခြင်းဖြစ်မူ ပြိုလတံ္တ့သော ရက်ငင်ကို ပြိုပြီးနောက်မှ ရောက်လာလတံ္တ့သော အနာဂတ်အဓိမာသ်သို့သွင်း၍ ၀ါကြီးထပ်အပ်ကုန်၏။

ဤသို့ အဓျာဟဒိဝါကဍ္ဎနရက်ငင်ပြိုကို အဓိကအချက်ထား၍ ဆိုခဲ့ပြီးသောနည်းအရ ပုဏ္ဏာတိထီ၊ ပုဏ္ဏမီနက္ခတ် အညီများရာသို့လိုက်၍ ညှိနှိုင်းဆင်ခြင်ပြီးလျှင် ရက်ငင်သင့်၊ မငင်သင့်ကို ဆုံးဖြတ်ခြင်းသည် အကောင်းဆုံးသောနည်း ဖြစ်သည်ဟု မှတ်ယူသင့်ပေတော့ သတည်း။                  

No comments: