Sunday, October 14, 2012

မြန်မာပြက္ခဒိန်တွက်နည်း (၄၃)

 
၆၊ ၃၊ ၄။ ဦးအုန်းကြိုင်၏ မြန်မာ့ပက္ခဒိန်သုတေသနကျမ်း မှ ကောက်နုတ်ချက်

စာမျက်နှာ ၁၃၆။     ။ ရက်ငင်စည်းကမ်းတစ်ခုမှာ ဒုတိယ၀ါဆိုလပြည့်နေ့၌ တိထီပြည့်မပြည့်ကိုကြည့်၍ ရက်ငင်သင့်မငင်သင့် ဆုံးဖြတ်ရမည် ဟု ဆို၏။ ဤစည်းကမ်းသည် ဒုတိယ၀ါဆိုလပြည့်ကိုသာ အဓိကထား၍ ရက်ငင်သောကြောင့် လျော်ကန်သော ၀ါဒမဟုတ်ချေ။ ရက်ငင်ကြုံ သောနှစ်များသည် တနှစ်လုံး၏ လပြည့်လကွယ်ပက္ခတိုင်းလိုပင် တိထီမပြည့်ချေ။ ထိုအခါ၌ရက်ငင်သော် တနှစ်လုံး၏ ပက္ခများ အင်အား ကောင်းလာ၏။ သို့အတွက် ဒုတိယ၀ါဆိုလပြည့်သာမဟုတ်။ တနှစ်လုံး၏ လပြည့်လကွယ် ပက္ခများကိုကြည့်၍လည်း ရက်ငင်သင့်၏။

 
စာမျက်နှာ ၁၃၇။     ။ အချို့ဆရာများသည် ရက်ငင်ပြိုကြုံ၍ လလွန်ပြိုနှစ်မကြုံသော်လည်း ရက်ချည်းသက်သက်ငင်ရလျှင် အကောင်းဆုံးဝါဒ ဖြစ်၏။ ဤနည်းအရ ရက်ချည်းသက်သက်ငင်ပေးလျှင် ၀ါမထပ်သောနှစ်၊ ၀ါထပ်သောနှစ်တိုင်း လပြည့်များတွင် တိထီပြည့်သာများ၍ တိထိ ၁၄ လုံးအောက်လျော့သောလများ မပါနိုင်ဟု ဆိုနိုင်၏။ ဤ၀ါဒသည် အလွန်ကောင်းသော ၀ါဒဖြစ်၏။ သို့သော်လည်း အချို့သော ၀ိနည်းဓိုရ် ဆရာတော်အဖွဲ့တွင် ပါဝင်သော ဆရာတော်ကြီးများသည် ခေတ်မီပက္ခဒိန်ကို အလိုရှိသော်လည်း ရှေးထုံးကို မပယ်ရန်လည်း မိန့်တော်မူ၏။ သို့အတွက် ဤနှစ်ဖက်စွန်းညီညွတ်ရန် အလွန်ခဲယဉ်းသော ကိစ္စဖြစ်၏။ ဝေါဟာရပက္ခဒိန်တွင် လပြည့်များ တိထီပြည့်ရန်သာလျှင် ပဓာန ဖြစ်သည်။


စာမျက်နှာ ၁၃၈။     ။ အထက်ဖော်ပြပါစည်းကမ်းများနှင့် မိမိတို့လိုသလို ဆွဲယူနိုင်သော ၀ါဒများကြောင့် ၀ါထပ်ရက်ငင် ပြဿနာတွင် ရက်ငင်သင့်မငင်သင့် ပြဿနာသည် အကြိမ်ကြိမ် အငြင်းပွားခဲ့ကြရသည်။ ဤစည်းကမ်းချက်များကို ခေတ်မီနည်းဖြင့် မပြုပြင်သေးသမျှ ကာလပတ်လုံး အငြင်းပွားမှုများသည် ဆက်လက်၍ အစဉ်ပေါ်ပေါက်နေဦးမည်မှာ မလွဲချေ။

 
စာမျက်နှာ ၁၃၉။     ။ ထို့ကြောင့် ခေတ်မီပက္ခဒိန်ဟူသည် အောက်ပါအချက်များနှင့် ပြည့်စုံသင့်သည်ဟု ယူဆမိပေသည်။


၁။ သက္ကရာဇ်နှစ်ဆန်းရက်များသည် မြန်မာဝေါဟာရပက္ခဒိန်၏ ပဌမလဖြစ်သော တန်ခူးလ၌သာ သင်္ကြန်နှစ်ဆန်းရက် ကျစေရမည်။

၂။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အလွန်အရေးကြီးသော နေ့ဖြစ်၏။ မြန်မာပြည်၌ ကျင့်သုံးသော ဗုဒ္ဓနေ့သည် နိုင်ငံခြား ဗုဒ္ဓ ဘာသာဝင်တို့ကျင့်သုံးသော ဗုဒ္ဓနေ့နှင့် ညီညွတ်စေရမည်။

 ၃။ ၀ါမထပ်သော သာမန်နှစ်များ၏ ၀ါဆိုလပြည့်ရက် နှင့် ၀ါထပ်သောနှစ်၏ ဒုတိယ၀ါဆိုလပြည့်ရက်များ၌ ပုဏ္ဏမီတိထီ ၁၅လုံးအတွင်း ရှိစေရမည်။

၎။ နေကြတ်သောရက်သည် လကွယ်ရက်တွင်၎င်း၊ လကြတ်သောရက်သည် လပြည့်ရက်တွင်၎င်း၊ အစဉ်ကျစေရမည်။ သို့သော် ဒေသန္တရ ကို အကြောင်းပြု၍ လဆန်းတရက်၌နေကြတ်ခြင်း။ လဆုတ်တရက်နေ့၌ လကြတ်ခြင်းတို့ကို လက်ခံနိုင်သည်။

၅။ ရက်ငင်ပြိုအကြိမ်များသည် အလိုအပို မရှိစေရ။ ယင်းရက်ငင်ကို ထိန်းသိမ်းသော ၁၉ နှစ်လထပ်ကိန်း၊ နေလကြတ်ကိန်းများနှင့် ညီညွတ်စေရမည်။

            အထက်ပါ အချက်ကြီး ငါးချက်နှင့် ပြည့်စုံသော ပက္ခဒိန်သာလျှင် ခေတ်မီပက္ခဒိန်ဖြစ်ပေမည်။ မည်သို့သောနည်းနှင့် ဖြစ်စေ၊ ကြံစည်အားထုတ်သူ ပညာရှိများ ပေါ်ပေါက်ရန်သာ အရေးကြီးပေသည်။


စာမျက်နှာ ၂၀၀။     ။ မူမှန်ပက္ခဒိန်သည် သူရိယသိဒ္ဓန္တတွက်ကိန်းဖြင့် တွက်ပြီးသော အကြင်ဝေါဟာရမာသနှစ်၌ ၃၅၄ ရက်ရှိ၏။ ထိုနှစ်သည် သာမန်နှစ်ဖြစ်ရချေမည်။ အကြင်နှစ်၌ ၃၅၅ ရက်ရှိ၏။ ထိုနှစ်သည် ရက်ငင်နှစ်ဖြစ်ရမည်။ ရက်ချည်းသက်သက်ငင်ရပေမည်။ အကြင်နှစ်၌ ၃၈၄ ရက်ရှိ၏။ ထိုနှစ်သည် ၀ါထပ်နှစ်ဖြစ်၏။ ဤသို့ကိန်းများတွင် ဖော်ပြထားသဖြင့် ၀ိဝါဒ အငြင်းပွားရန်မလိုပေ။  

 
စာမျက်နှာ ၂၀၃။     ။ မူမှန်ပက္ခဒိန်၏ အကျိုးများ


၁။ ကဆုန်လ၌ အစဉ်အမြဲ သင်္ကြန်ကင်း၍ မြန်မာဝေါဟာရပက္ခဒိန်၏ နှစ်ဦးတန်ခူးလ၌သာ အစဉ်အမြဲသင်္ကြန်အတာကူး နှစ်ဆန်းရက် ကျသည်။  

၂။ ကဆုန်လပြည့်၌ မူမှန်နေ့နှင့် ညီညွတ်သည့်အပြင် နိုင်ငံခြားဗုဒ္ဓဘာသာများ ကျင်းပသော ဗုဒ္ဓနေ့နှင့်လည်း ညီညွတ်မည်။

၃။ ၀ါဆိုလပြည့်သည်လည်း တိထီအားကောင်း၍ မုချလပြည့်နှင့်ညီညွတ်သောနှစ်များ ဖြစ်လာပေမည်။ လပြည့်စန်းယှဉ်နက္ခတ်များသည် နှစ်စဉ်ထာဝရ မညီညွတ်စေကာမူ၊ ညီညွတ်သောနှစ်များ၏။ ထုတ်လုပ်ပြီးသော ပက္ခဒိန်တို့ထက် ပိုမိုကောင်းမွန်လာ၏။  

၎။ နေကြတ်သောနေ့သည် လကွယ်ဥပုသ်ရက်နှင့် လဆန်းတရက်၌ နေကြတ်၍ လကြတ်သောအခါ၌ လပြည့်ဥပုသ်ရက်နှင့် လဆုတ်တရက်၌ လကြတ်သည်။

၅။ အထူးအရေးကြီးဆုံးသောအချက်မှာ ဤ မူမှန်ပက္ခဒိန်” တွက်နည်းသည် အနှစ်ရာထောင်မက တင်ကြိုတွက်နိုင်သောနည်း ဖြစ်သောကြောင့် ကမ္ဘာသုံးပက္ခဒိန်ကဲ့သို့ နှစ်ငါးရာ အိတ်ဆောင်ပက္ခဒိန် တီထွင်နိုင်ပေသည်။

 
စာမျက်နှာ ၂၀၅။     ။ ယခုအသုံးပြုသော ပက္ခဒိန်၏ ချွတ်ယွင်းချက်သည်ကား -


၁။ ကဆုန်လတွင်သင်္ကြန်မကင်းချေ။ သက္ကရာဇ် ၁၃၁၇ မတိုင်မီနှစ်များ၌ သုံးနှစ်တခါ နှစ်နှစ်တခါ ကဆုန်လတွင် သင်္ကြန်နှစ်ဆန်း ကျခဲ့၏။  

၂။ ကဆုန်လပြည့် ဗုဒ္ဓနေ့သည် နိုင်ငံခြားဗုဒ္ဓနေ့နှင့် တလကွာသောနှစ်များရှိသော်လည်း မြန်မာဗုဒ္ဓဘာသာများသည် ကမ္ဘာ့ဗုဒ္ဓနေ့နှင့် တလကွာလျှက်နှင့်ပင် ဗုဒ္ဓနေ့ကျင်းပလေ့ ရှိခဲ့ကြ၏။ ထို့အပြင် ကဆုန်လပြည့်သည်လည်း မုချလပြည့်၌ ကျင်းပသောနှစ်များ အလွန်နည်းပါး၏။ ကဆုန်လပြည့်သည် ဗုဒ္ဓနေပဖြစ်ပါလျှက် ပူဇော်ပွဲကျင်းပသောအခါ မူမှန်ဗုဒ္ဓနေ့မဖြစ်ခြင်းကို ဂရုမပြုကြချေ။

၃။ ဒုတိယ၀ါဆိုလပြည့်၌ တိထီအားကောင်း၍ အဿဠှီနက္ခတ်များနှင့် လပြည့်စန်းယှဉ်စေရမည်ဟု ဆိုသော်လည်း ညီညွတ်သောနှစ်များ နည်း၏။

၎။ နေလကြတ်သောအခါ၌ ဝေါဟာရလဆန်း နှစ်ရက်၊ သုံးရက်များ၌ နေကြတ်၍၊ လဆုတ် နှစ်ရက်၊ သုံးရက်များ၌ လကြတ်သောရက်များ ရှိနေခြင်းကြောင့် သဘာဝစန္ဒရမာသနှင့် ဝေါဟာရမာသများ မညီညွတ်မှု ထင်ရှားလှပေသည်။

၅။ အထူးအရေးကြီးသော အချက်သည် နှစ်ပေါင်းများစွာ တင်ကြိုတွက်နိုင်သော ပက္ခဒိန်မဟုတ်ချေ။ အစိုးရခန့်သော ပက္ခဒိန် အကြံပေး အဖွဲ့ဖြင့် လထပ်ရက်ငင်အဆုံးအဖြတ်ပြုရန် နှစ်ပေါင်း ငါးနှစ်၊ ဆယ်နှစ်ခန့် လထပ်ရက်ငင်နှစ်အမျိုးမျိုးကို အခြေပြု၍ ပက္ခဒိန်ကို စီစဉ်ရ ပေသည်။

လထပ်ခြင်းနည်းလမ်းတွင် နှစ်များများတင်ကြို၍ အဆုံးအဖြတ်ပြုနိုင်သော်လည်း ရက်ငင်သောနှစ်များ အတွက်ကိုမူကား တင်ကြို၍ အဆုံးအဖြတ်ပြုရန် ခဲယဉ်းလှပေသည်။ တင်ကြို၍တွက်သော် အချိန်ကုန်၊ စရိတ်ကုန်ကျ များပေသည်။ နိုင်ငံတော် ပက္ခဒိန်အကြံပေးအဖွဲ့ သည် နှစ်ငါးဆယ်ပက္ခဒိန် စီစဉ်ရေးဆွဲခဲ့ရာ စရိတ်အတော်ပင် ကုန်ကျခဲ့ကြောင်း သိရ၏။

 
၆၊ ၃၊ ၅။ ပြက္ခဒိန်မှားခြင်း၏ အပြစ်


            ဆရာဦးအုန်းကြိုင်၏ မြန်မာ့ပက္ခဒိန် သုတေသနကျမ်း စာမျက်နှာ ၂၃၆ တွင် ပြက္ခဒိန်မှားခြင်း၏ အပြစ်များကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။ အလွန်စဉ်းစားစရာကောင်းလှသဖြင့် ထည့်သွင်းဖော်ပြလိုက်ပါသည်။      

            အောက်မြန်မာပြည် ပက္ခဒိန်အကြံပေးအဖွဲ့၏ ဥက္ကဋ္ဌ၊ ဟင်္သာတမြို့ သပြေပင်ကျောင်းတိုက်၊ ဦးသောဘနအရှင် စီရင်သော မြန်မာ ပက္ခဒိန် အစီအရင် စာအုပ် စာမျက်နှာ ၁၂၁-၁၃၃ ပက္ခဒိန် အဓိကဏ္ဍ (၅) တွင် ရေးသားချက်များ၏ ကောက်နုတ်ချက်များကို အောက်တွင် ကောက်နုတ်ဖော်ပြပါသည်။

ပက္ခဒိန၀ိဓိကဏ္ဍ ဟူသော မာတိကာဥဒ္ဒေသ၏ နိဒ္ဒေသစကားအစဉ်ကား ဤသို့တည်း။

            ပက္ခဒိန်မှားယွင်းလျှင် အခါပေးကျမ်းတို့၌လာသော ရက်ယုတ်၊ ရက်ကြမ်း၊ ရက်ကောင်း၊ ရက်မြတ်ရွေးချယ်နည်းများ မှားယွင်း၍ ကောင်းသောရက်လည်း မကောင်းသောရက်ဖြစ်မည်။ မကောင်းသောရက်လည်း ကောင်းသောရက်ဖြစ်မည်။ ကောင်းသောရက်၌ ဆောင်ရွက်လျှင် အကျိုးရမည်။ မကောင်းသောရက်၌ ဆောင်ရွက်လျှင် အကျိုးမပြီး၊ ပျက်စီးဆုတ်ယုတ်သည်ဟု ထိုကျမ်းတို့၌ လာသည့် အတိုင်း မကောင်းသောရက်၌ ကောင်းသောရက် အမှတ်မှား၍ ဆောင်ရွက်မိလျှင် အကျိုးမပြီး၊ ပျက်စီးဆုတ်ယုတ်မည်။ ကောင်းသောရက်၌ မကောင်းသောရက် အမှတ်မှား၍ မဆောင်ရွက်မိလျှင် အကျိုးမရဖြစ်မည်။ ပက္ခဒိန်မူထား၍ အာဒိကပ္ပ၊ ဒွါဒရာသီစသောကျမ်းအရ တူအပ် သမျှ နက္ခတ်၊ ဓာတ်တိုင်မှားမည်။ နက္ခတ် ဓာတ်တိုင်မှားလျှင် နက္ခတ်၊ ဓာတ်စာမှားမည်။ မှားသောနက္ခတ်စာကို စားသောက်သုံးဆောင်သူ ဟူသမျှ မကျန်းမာ သေကြေပျက်စီးများမည်။ တိုင်းသူပြည်သားတို့ အကျိုးမရ။ ပျက်စီးဆုတ်ယုတ်လျှင်၊ သေကြေပျက်စီးလျှင် အစိုးရမင်းတို့ အခွန်အတုတ်လျော့မည်။ မကျန်းမမာ၊ ဖျားနာခြင်းများလျှင် ကျန်းမာရေးဌာန ငွေပိုမိုကုန်ကျမည်။

            မြန်မာနိုင်ငံတော်၌ အရှေ့နိုင်ငံသား၊ အနောက်နိုင်ငံသား လူမျိုးခြားတို့ ၀င်ရောက်နေထိုင်ကုန်၏။ မြန်မာလူမျိုးတို့သည် ထိုလူမျိုး ခြားတို့နှင့် စီးပွားရေး၊ ကြီးပွားရေး၊ ပညာရေး၊ ဘာသာရေးတို့၊ သာသနာရေးတို့၌ ပြိုင်ဆိုင်နေကြရကုန်၏။ ဤသို့ပြိုင်ဆိုင်နေကြရာ စီးပွားရေး၊ ကြီးပွားရေး၊ ပညာရေး၌ မတုမယှဉ်နိုင်လောက်အောင် အောက်တန်းကျစေကာမူ ရတနာသုံးတန် အမှန်အစစ်ကို ကိုးကွယ်ဆည်းကပ်ကြရ သဖြင့် ဘာသာရေး၊ သာသနာရေး၌ အထက်တန်းအကျဆုံး ဖြစ်ကုန်၏။ ဤသို့ အထက်တန်းကျကုန်သော လူမျိုးတို့၏ ပက္ခဒိန်မှားယွင်း နေသည်မှာ အလွန်ရှက်ဖွယ်ကောင်းလှ၏။

            လူမျိုးခြားတို့က မြန်မာပက္ခဒိန်သည် မမှန်ကန်။ မြန်မာလူမျိုး၊ ရဟန်းရှင်လူတို့သည် မိမိတို့၏ နေ့မှန်ရက်မှန်ကိုမျှ မသိကြကုန်ဟု ပြစ်တင်မရှုံ့မဲ့ ကဲ့ရဲ့ကြကုန်၏။ ဤသို့စသဖြင့် ပက္ခဒိန်မှားယွင်းခြင်းကား အပြစ်များလေစွ။

            ထိုမှတပါး “ဝေါဟာရာသီ၊ ပုဏ္ဏမီ၌၊ မမှီနက္ခတ်၊ မယှဉ်လတ်သော်၊ မမတ်မကောင်း၊ မိုဃ်းလေစောင်း၍၊ အပေါင်းလူရှင်၊ ညှိုးပူပင်အံ့” ဟူသော အလုံနယ် အောင်ချမ်းသာရွာ ထွက်ရပ်ပေါက် အရှင်ဣန္ဒာစရိယဆရာတော်၏ နေမိတ္တက၀ိဇ္ဇာလင်္ကာရကျမ်းလာ စကားကိုထောက်ရှု၍ ပက္ခဒိန်မှန်ကန်ခြင်း၏ အကျိုးကို သိကုန်ရာ၏။

 
၆၊ ၃၊ ၆။ ပြက္ခဒိန်မှန်ခြင်း၏ အကျိုး


            ရှေးပညာရှိအဆက်ဆက်တို့သည် ပက္ခဒိန်နှင့်စပ်၍ ဘုရင်ဧကရာဇ်မင်းမြတ်ထံ သံတော်ဦးတင်လွှာ ဆက်သွင်းသောအခါတိုင်း ကိုယ်တော်မြတ်၏ အကျိုးတော်၊ စီးပွားတော်၊ သာသနာတော်မြတ်၏ စီးပွားတော်၊ သားတော်အစဉ်၊ မြေးတော်အဆက်၊ မြစ်တော်အညွန့် စီးပွား၊ ပြည်သူရဟန်းတို့၏အကျိုး၊ အတိုင်းထက်အလွန် ထွန်းလင်းရာသည့်အကြောင်းဟု သံတော်ဦးတင်ကြကုန်သည်။

            ပက္ခဒိန်မှန်ကန်လျှင် ရက်ယုတ်၊ ရက်ကြမ်း၊ ရက်ကောင်း၊ ရက်မြတ်ရွေးချယ်နည်းများ မမှားမယွင်းမှန်ကန်မည်။ မှန်ကန်သော ရက်ကောင်းရက်မြတ်၌ ဆောင်ရွက်လျှင် အကျိုးစီးပွား များပြားကုံလုံမည်။ နက္ခတ်တိုင်ထူမှန်၍ နက္ခတ်ဓာတ်စာ မှန်မည်။ မှန်သောဓာတ်စာ ကို စားသောက်သုံးဆောင်သူဟူသမျှ ကျန်းမာချမ်းသာ၍ သေကြေပျက်စီး နည်းပါးမည်။

            တိုင်းသူပြည်သားတို့ အကျိုးစီးပွားများပြား ကုံလုံလျှင် ဘုရင်ဧကရာဇ် အကျိုးစီးပွားဖြစ်ထွန်းတော့သည်သာ။ မအူလေးရွာ ပညာရှိ ဆရာဦးဝင်းကား ပက္ခဒိန်မှန်ကန်လျှင် မှန်ကန်သော ဥတု၊ လ၊ ရက်၌ ၀ါဆို၊ ၀ါကပ်၊ ဥပုသ်၊ ပ၀ါရဏာပြုရသဖြင့် သာသနာတော် အကျိုးရှိသည် ဟု ဆိုသည်။ ဤသို့လျှင် ပက္ခဒိန်မှန်ကန်ခြင်းကား အကျိုးများလေစွ။
 

- - - - - x x x x x အခန်း (၆) ၀ါထပ်ရက်ငင် ပြဿနာများ ဤတွင်ပြီးပါပြီ။ x x x x x - - - - -

 
ဆက်ပါဦးမည်။

 
အေးငြိမ်း
၁၄ အောက်တိုဘာ၊ ၂၀၁၂ မွန်းလွဲ ၁၂း၁၅ နာရီ

No comments: