Sunday, October 14, 2012

မြန်မာပြက္ခဒိန်တွက်နည်း (၄၁)

 
အပိုင်း (၆)


ဝေါဟာရရက်နှင့် တိထီရက် နေ့စဉ်တူညီအောင် ပြုပြင်ဆောင်ရွက်နိုင်သော လူစွမ်းကောင်း မပေါ်သေး

 
            ဓမ္မတာသဘာဝအားဖြင့် ကောင်းကင်၌ ထွက်ပေါ်လျှက်ရှိသော လပြည့်ခြင်း၊ လကွယ်ခြင်း၏ အချိန်နာရီများကို သိနိုင်ရန် ဗေဒင် ပညာရှိတို့က သန္ဒိဋ္ဌနေ့စဉ်ကျယ်ပြက္ခဒိန်များကို တွက်ချက်စီစဉ်ပြီးလျှင် ပုံနှိပ်လုပ်ဆောင်ထားရှိသည့်အတိုင်း ဗေဒင်ပညာကို လေ့လာသူ အပေါင်းတို့ အသုံးပြုလျှက်ရှိရာ ထိုဂြိုဟ်ပြက္ခဒိန်၌ပါရှိသော တိထီနှင့် ခဋီစွန်းများကို ကြည့်ရှုရ သဖြင့် ကောင်းကင်မှ လ၏အခြေအနေကို ကောင်းစွာသိနိုင်ကြလေသည်။ ပြက္ခဒိန်၌ပါရှိသော တိထီ၊ ခဋီများသည် ကောင်းကင်က လ၏ အ၀န်းအ၀ိုင်းပမာဏကို တိုင်းထွာ၍ ထားခြင်းပင်ဖြစ်လေသည်။     
            လူတို့ခေါ်ဆိုအပ်သော ဝေါဟာရလပြည့်နေ့၊ ဝေါဟာရလကွယ်နေ့များနှင့် ပြက္ခဒိန်၌ ဘော်ပြပါရှိသော တိထီရက်များသည် ၀ါထပ်သောနှစ်များတွင် တူညီခြင်းကများ၍ ထို့နောက် ၀ါထပ်သောနှစ်မတိုင်မှီ တရွေ့ရွေ့၊ အနည်းငယ်မျှ ကွဲပြားခြားနားသည်မှာ ယခုမှသာမဟုတ်။ တိထီရက်၊ ဝေါဟာရရက်ဟူ၍ ၂-မျိုး၊ ၂-စား ထားသည်က အစပြု၍ပင် ဖြစ်လေသည်။ အကယ်၍ ဝေါဟာရရက်ကို တိထီရက်နှင့် အစဉ်အမြဲတူညီအောင် ပြုပြင်နိုင်ပါမူကား ဤကဲ့သို့ ၂-မျိုး၊ ၂-စား ထားဘို့ပင် မလိုတော့ပေ။ ထိုရက် ၂-မျိုး၊ ၂-စားကို တူညီအောင်ပြုလုပ်နိုင်သော လူစွမ်းကောင်း၊ တစုံတယောက်မျှ ရှေးက မပေါ်ဘူးသေးပါ။ ယခုအခါ လူစွမ်းကောင်း ပေါ်ပေါက်ပြုလုပ်နိုင်ပါမူ သတင်းစာ၌ထည့်သွင်းခါ ငြင်းခုံ၍မနေတော့ဘဲ ပြုလုပ်ပေးဘို့သာ သင့်လေသည်။

            မြန်မာလူမျိုးတို့၏ တိထီရက်တခြား၊ ဝေါဟာရ သာဝနရက်တခြား ဖြစ်ပေါ်လာခြင်း၏ အကြောင်းရင်း အခြေအမြစ်ကို စင်စစ် သိနားလည်ခဲ့လျှင် တိထီရက်နှင့် ဝေါဟာရရက်တို့သည် အစဉ်အမြဲ အလုံးစုံတူညီသင့်သည်ဟု ပြောဆိုဘွယ်မရှိတော့ပေ။

 
အပိုင်း (၇)

 
တိထီရက်နှင့် ဝေါဟာရသာဝနရက် ကွဲပြားရခြင်း

 
            တိထီရက်ဆိုသည်မှာ လတခါထွက်ပေါ်သောအချိန်မှ နောက်လတကြိမ်ထွက်ပေါ်သည့်အချိန်ထိ ကြာရှိသောကာလ ပမာဏကို ဖြစ်စေ၊ သို့မဟုတ် လတကြိမ်ပြည့်သောအချိန်မှ နောက်လတကြိမ် ပြည့်သည့်အချိန်ထိ ကြာရှိသော ကာလပမာဏကိုဖြစ်စေ၊ ခေါ်ဆိုသဖြင့် သူရိယသိဒ္ဓန္တကျမ်းအရ စတုယုဂ်၏ သာဝနရက်ပေါင်း ၁၅၇၇၉၁၇၈၂၈ ရှိလျှင် တိထီရက်ပေါင်း ၁၆၀၃၀၀၀၀၈၀ ရှိသောကြောင့် တိထီ တရက်ရှိလျှင် ဝေါဟာရသာဝနက ၁-ရက်မပြည့်သေး။ ၅၉-နာရီနှင့် ၃-ဗီဇနာသာ ရှိသေး သည်။ တိထီရက်က ကြီး၍ သာဝနရက်က ငယ်သည်။ သာဝနရက်တွင် ၅၇-ဗီဇနာရောမှ တိထီ ၁-ရက်နှင့် ညီမျှသည်။

            ဝေါဟာရသာဝနရက်ဆိုသည်မှာ နေတကြိမ်ထွက်သည်မှ နောက်နေတကြိမ်ထွက်သည့်တိုင်အောင် မှတ်သားထားသော ကာလ ပမာဏကျိုဆိုသည်။ အထက်၌ဘော်ပြခဲ့သည့်အတိုင်း လ ကို အစွဲပြု၍ မှတ်သားထားသော တိထီရက်၊ နေကို အစွဲပြု၍မှတ်သားထားသော ဝေါဟာရသာဝနရက်တို့၏ အချိန်နာရီကာလပမာဏတို့သည် အချင်းချင်းမတူမညီကြဘဲ ကမ္ဘာ့နိယာမတရားအတိုင်း အလိုအလျောက် လှည့်လည်သွားလာမြဲ သွားလာလျှက်ရှိနေကြရာ ၎င်း ၂-ဌာန၏ အသွားအလာ အလုံးစုံညီတူညီမျှဖြစ်အောင် မည်သူတတ်နိုင်ပါအံ့နည်း။

            ၎င်းနေသွားလသွား ၂-ဌာနအနက် မြန်မာပြည်ရှိ ရဟန်းရှင်လူအပေါင်းတို့က နေထွက်နေ၀င်ကို အစွဲပြု၍ ၁-ရက်၊ ၂-ရက်၊ ၃-ရက် ဟု ရေတွက်မှတ်သားလျှက်ရှိရာ၊ တဖန်နေကိုအစွဲပြုသော ရက်ကိုပင်လျှင် လပြည့်၊ လကွယ်ဟု လပေါ်မှာ တင်စားပြီးလျှင် မှတ်သားခေါ်ဆို ကြပြန်သဖြင့် နှုတ်ဖြင့်ခေါ်ဆိုသော ဝေါဟာရ လပြည့်လကွယ်ရက်ကို ကောင်းကင်မှ ထွက်ပေါ် သော လပြည့်ခြင်း၊ လကွယ်ခြင်းနှင့် တတ်နိုင်သမျှ ညီညွတ်စေခြင်းငှာ ဗေဒင်ပညာတွင် ကျွမ်းကျင်နားလည်သူတို့က အောက်ပါနည်းအရ ပြုပြင် စီမံထားခဲ့ကြလေသည်။


အပိုင်း (၈)


တိထီရက် နှင့် ဝေါဟာရရက် ညီနိုင်သမျှညီညွတ်အောင် ပြုပြင်နည်း

 
            ပြုပြင်နည်းမှာ လတခါပြည့်နှင့် လတခါပြည့်၊ စန္ဒရမာသတလ၏ သာဝနရက်ပေါင်းမှာ ၂၉-ရက်၊ ၃၁-နာရီ၊ ၅၀-ဗီဇနာ၊ ၇-ခရာရှိ၍ ၂-လ၏ သာဝနရက်ပေါင်းမှာ ၅၉-ရက်၊ ၃-နာရီ၊ ၄၀-ဗီဇနာ၊ ၁၄-ခရာ ရှိသည်။ သူရိယသိဒ္ဓန္တကျမ်းအရ စတုယုဂ်၏ သာဝနရက်ပေါင်း ၁၅၇၇၉၁၇၈၂၈ ကိုတည်၍ စတုယုဂ်၏ စန္ဒရမာသပေါင်း ၅၃၄၃၃၃၃၆ နှင့်စားလျှင် အထက် အဆိုပါ ၂၉ ရက် ၃၁-နာရီ စသော ဂဏန်းများ ကို ရနိုင်သည်။ ၎င်းရက်နာရီ၊ ဗီဇနာများသည် လ နှင့် နေ တကြိမ်တွေ့ဆုံသော အချိန်ကာလ ပရိစ္ဆေဒဖြစ်၍ ၅၉-ရက်၊ ၃-နာရီ စသော ဂဏန်းများသည် လ နှင့် နေ ၂-ကြိမ်တွေ့သော ကာလပရိစ္ဆေဒ ဖြစ်လေသည်။

            ထို ၂-ကြိမ်တွေ့သော သာဝန ၅၉-ရက်၊ ၃-နာရီ၊ ၄၀-ဗီဇနာ၊ ၁၄-ခရာကို မှီနိုင်သမျှ မှီစေခြင်းငှာ ရက်စုံ ၃၀-တလ၊ ရက်မစုံ ၂၉-တလ၊ နှစ်လလျှင် ၅၉-ရက် ပညတ်ပြီးလျှင် ရက်စုံ ၆-လ၊ ရက်မစုံ ၆-လ၊ သတ်မှတ်ပြုပြင်ခဲ့ကြလေသည်။ သို့ရာတွင် ၂-လ လျှင် ၃-နာရီ၊ ၄၀-ဗီဇနာ၊ ၁၄-ခရာမျှ မမှီနိုင်၍ ကျန်ရှိရစ်ခဲ့လေသည်။ ရက်စုံ ၆-လ၊ ရက်မစုံ ၆-လ၊ ရက်ပေါင်း ၃၅၄ ရက် ကို ဝေါဟာရအားဖြင့် တနှစ်ဟု ခေါ်ဆိုလျှက်ရှိရာ သူရိယသိဒ္ဓန္တကျမ်းအလိုအားနှင့် နှစ်တပတ်လည်သောအချိန်၊ ကာလအမှန်မှာ ၃၆၅ ရက်၊ ၁၅-နာရီ၊ ၃၁-ဗီဇနာ၊ ၃၁-ခရာ၊ အနုခရာ ၂၄-ရှိ၍ တနှစ်လျှင် ၁၁-ရက်ကျော်မျှ ကျန်ရစ်ခဲ့ပြန် လေသည်။ ၎င်း အကြွင်းအကျန်ရက်များအတွက် ၂-နှစ်၊ ၈-လ၊ ၁၆-ရက်ကြာ လျှင် သို့မဟုတ် ရက်ပေါင်း ၉၉၀ ကျော်ကြာလျှင် လကိုအစွဲပြုသော တိထီရက်က တလ၊ သို့မဟုတ် ရက် ၃၀-ပိုနေခြင်း၊ ၁၈၈၃-ရက်၊ ၃၁-နာရီကြာလျှင် ၁-ရက်ပိုနေပြန်ခြင်း များကြောင့် ၎င်းလပို ရက်ပိုများကို ဖျောက်ပြီးလျှင် လထပ်ခြင်း ရက်ငင်ခြင်းများကို ပြုရမြဲဖြစ်လေသည်။

            အကယ်၍သာ ကောင်းကင်မှာ လသွားနှင့်နေသွား အနှေးအမြန် အချိန်ကာလ ပမာဏချင်း မူလကပင် တူညီနေခဲ့လျှင် တိထီရက် နှင့် ဝေါဟာရရက် ၂-ပါးခွဲခြား၍ ထားရန်မလို။ လထပ်ခြင်း၊ ရက်ငင်ခြင်းပြုရန် မလို။ အဓိမာသ်ကိန်း၊ ရက်ငင်ကိန်းများလည်း ထားရှိရန် မလိုကြောင်း ကောင်းစွာဆင်ခြင် စဉ်းစားသင့်လေသည်။

            ထိုကဲ့သို့ ဗေဒင်ပညာရှိတို့က ဝေါဟာရနှင့် တိထီညီနိုင်သမျှညီစေခြင်းငှာ လထပ်ခြင်း၊ ရက်ငင်ခြင်းများကို ပြုစေကာမူ လထပ်သောနှစ်၊ ရက်ငင်သောနှစ်တို့မှာ တိထီနှင့် ဝေါဟာရညီသောလက များ၍ ၀ါထပ်ပြီးနောက်နှစ်တို့မှာမူကား တနှစ်ထက်တနှစ် တိထီ၊ ခဋီများ လျော့ပါးသွားပြန်လေသည်။

 
အပိုင်း (၉)


ပုဆိုးမ၀တ်သောသူကို လုံခြုံသည်ဟု ဆိုခြင်း


            မြန်မာလူမျိုးတို့၏ လ၊ ရက် သတ်မှတ်ခြင်းမှာ ကောင်းကင်ကလ၏ အခြေအနေ တိထီရက် နှင့် ဝေါဟာရရက်များ တိုက်ဆိုင် ညီညွတ်အောင် အခြေခံထားလျှက် သတ်မှတ်သဖြင့် ဝေါဟာရရက်ကို သိရုံမျှနှင့် ထွက်ပေါ်သောလ၊ ဆန်းသောလ၊ ဆုတ်သောလ၏ အခြေအနေများကို သိနိုင်လေသည်။ ဥရောပ၊ အမေရိကစသော တိုင်းပြည်များတွင် လ၏အခြေအနေကို ပဓာနမထားဘဲ နေကို မြေကြီးလုံး က လှည့်ပတ်သော အရေအတွက်ကိုသာ ပဓာနထား၍ နှစ်တပတ်လည်ခြင်း အချိန်ကာလကို သတ်မှတ်သဖြင့် နေ၀င်နေထွက် အချိန်နာရီ၊ လထွက်လ၀င် အချိန်နာရီ၊ လပြည့်လကွယ်အချိန်နာရီများကို သီးခြား ကိန်းဆင်၍ တွက်ယူရလေသည်။ တရုပ်လူမျိုး၊ ဂျပန်လူမျိုးတို့မှာ လည်း လပြည့်လကွယ်ကို သီးခြားတွက်၍ ပြက္ခဒိန်၌ ဘော်ပြထားရလေသည်။ အိန္ဒိယသားတို့မှာ ကောင်းကင်ကလကို အခြေခံထားပြီးလျှင် တိထီရက်ဖြင့် မှတ်သားလေသည်။ တိထီရက်မှာ တလအတွင်း ၂-ကြိမ်ဆက်တိုက်တူသော ရက်များလည်း ပါရှိပြန်လေသည်။ မြန်မာပြည်၌ ဗုဒ္ဓသာသနာတော်ကို အခြေခံထား၍ ၀ါဆိုလ၊ သီတင်းကျွတ်လအမည်များကို မှည့်ခေါ်ကြသဖြင့် အခြားဘာသာဝင် လူမျိုးတို့နှင့် မတူဖြစ် လေသည်။ သို့ပါလျှက် အခြားဘာသာဝင်လူမျိုးတို့မှာ လပြည့်ခြင်း၊ လကွယ်ခြင်း၊ ၎င်းတို့ပြက္ခဒိန်မှာ ကိုက်ညီပါလျှက် မြန်မာလူမျိုးတို့မှာ မကိုက် မညီဟု သတင်းစာအစောင်စောင်တို့၌ ထည့်သွင်းရေးသားကြသည်မှာ ပုဆိုးမ၀တ်သောသူက လုံခြုံ၍၊ ပုဆိုးဝတ်လျှက်ရှိသောသူကို မလုံခြုံဟု ဆိုရာရောက်သဖြင့် ကောင်းစွာသတိမူသင့်လေသည်။


အပိုင်း (၁၀)


၁၂၉၉-ခုနှစ်မှာ ၀ါကြီးထပ်၍ ၁၃၀၁-ခုနှစ်တွင် ၀ါငယ်ထပ်ခြင်းသည် မှန်ကန်ကြောင်း


            မန္တလေးပညာရှိတို့က ၁၂၉၉-ခုနှစ်မှ ၄-လ ရက်စုံသတ် ၀ါကြီးထပ်၍ ၁၃၀၁-ခုနှစ်မှာ ၂-လ ရက်စုံသတ် ၀ါငယ်ထပ်သည်ကို မဟာသံဃရာဇာ သာသနာပိုင် ဆရာတော်နှင့်တကွ သုဓမ္မာဆရာတော်တို့ကို ရဟန်းပညာရှိတို့အား စစ်ဆေးစေ၍ သဘောနှစ်သက် အတည်ပြုတော်မူပြီး ဖြစ်သည့်အတိုင်း ပြည်ပိုင်အစိုးရမင်းတို့ကလည်း ကြော်ငြာအတည်ပြုပြီးဖြစ်ရာ အချို့တို့က အပြစ်ဆို၍ သတင်းစာ အစောင်စောင်တွင် ထည့်သွင်းစွပ်စွဲကြလေသည်။

            ၁၂၉၉-ခု ဒုတိယ၀ါဆိုလပြည့်နေ့မှာ တိထီ ၁၄၊ ခဋီ ၁၄၊ ၀ါခေါင်လပြည့်နေ့မှာ တိထီ ၁၄၊ ခဋီ ၄၂၊ တော်သလင်း လပြည့်နေ့မှာ တိထီ ၁၄၊ ခဋီ ၁၂၊ သီတင်းကျွတ်လပြည့်နေ့မှာ တိထီ ၁၄၊ ခဋီ ၄၇၊ တန်ဆောင်မုန်းလပြည့်နေ့မှာ တိထီ ၁၄၊ ခဋီ ၁၈၊ နတ်တော်လပြည့်နေ့ မှာ တိထီ ၁၄၊ ခဋီ ၅၆၊ ပြာသိုလပြည့်နေ့မှာ တိထီ ၁၄၊ ခဋီ ၂၆၊ တပို့တွဲလပြည့်နေ့မှာ တိထီ ၁၅၊ ခဋီ ၁၊ တပေါင်းလပြည့်နေ့မှာ တိထီ ၁၄၊ ခဋီ ၂၉ ရ၍ ၈-လလုံးလုံး လပြည့်နေ့တိုင်းမှာ တိထီ ၁၅လုံးထဲသို့ရောက်နေသဖြင့် တိထီနှင့် ဝေါဟာရညီညွတ်ကြလေသည်။ ၁၃၀၀ ပြည့်နှစ် တွင်လည်း ၈-လလုံးလုံးလပြည့်နေ့တိုင်း တိထီ ၁၄-လုံးက ခဋီ စွန်း လေသည်။ ၀ါဆိုလပြည့်နေ့မှာ တိထီ ၁၄၊ ခဋီ ၁၀၊ နက္ခတ် ၁၉၊ ခဋီ ၁၁ ရ၍ ပြုပ္ပာသဠ်နက္ခတ်နှင့် စန်းယှဉ်သဖြင့် ပုဏ္ဏမီ၊ အာသဠှီနှင့် ညီညွတ်လေသည်။

            ၁၃၀၁-ခုနှစ်မှာ နှစ်လရက်စုံသတ် ၀ါငယ်ထပ်ရာ ဒုတိယ၀ါဆိုလပြည့်နေ့တွင် တိထီ ၁၄၊ ခဋီ ၃၁၊ နက္ခတ် ၂၀၊ ခဋီ ၄၈ ရှိ၍ ပုဏ္ဏမီ၊ အာသဠှီနှင့် ညီညွတ်လေသည်။ ၎င်းနှစ်များမှာ ၁၀ လလုံးလုံး လပြည့်နေ့တိုင်း တိထီ ၁၄-နှင့် ခဋီစွန်းရ၍ ၀ါငယ် ထပ်ခြင်းကို သဘော နှစ်သက်တော်မူကြသည့်အတိုင်း သုဓမ္မာဆရာတော်တို့က အတည်ပြုခြင်း ဖြစ်လေသည်။


အပိုင်း (၁၁)


လကြတ်၊ နေကြတ်တတ်သော ရက်များ


            အချို့တို့က လပြည့်နေ့မှာ လကြတ်ခြင်းကနည်း၍ လပြည့်ကျော်တရက် နှစ်ရက်နေ့မှာ လကြတ်သည်ကများသဖြင့် ၀ါထပ်ရက်ငင် ပြုလုပ်ခဲ့ခြင်း မှားယွင်းကြောင်း၊ လကွယ်နေ့မှာနေကြတ်ခြင်းကနည်း၍ လဆန်းတရက် နှစ်ရက်နေ့မှာ နေကြတ်သည်ကများသဖြင့် ၀ါထပ် ရက်ငင်ပြုလုပ်ခဲ့ခြင်း မှားယွင်းကြောင်း ရေးသားပြောဆိုကြပြန်လေသည်။ ဤကဲ့သို့ ဖြစ်နေရခြင်းမှာ ယခုမှသာမဟုတ်၊ အတိတ်နှစ်ပေါင်း များစွာကပင် ဖြစ်ပေါ်လျှက်ရှိခဲ့သဖြင့် အထက်ထက်ကလည်း အကြိမ်ကြိမ် ငြင်းခုံခဲ့ဘူးကြောင်း ဘိုးတော်မင်းတရားလက်ထက် အမေးတော်ပုံကျမ်းတွင် ထင်ရှားပြဆိုထားလေသည်။

            အဘယ့်ကြောင့် ထိုကဲ့သို့ဖြစ်ရပါသနည်းဟုဆိုလျှင် နေကြတ်လကြတ်တွက်ပုံကို ဘော်ပြသော သရ၀ိဇ္ဇောဒယကျမ်း၊ သရသောဓနကျမ်း၊ သရသံဗုဓကျမ်း၊ သရသံခိပ်ကျမ်း၊ သရာဘိဇောတကကျမ်း၊ ဘာသုတိကျမ်း နှင့် သန္ဒိဋ္ဌဋီကာကျမ်းများတွင် လမှာ ပုဏ္ဏမီတိထီ ခဋီပြိုသောနေ့ရက်အချိန်၊ နေမှာ အမ္မ၀ါသီ တိထီ ခဋီပြိုသော နေ့ရက်အချိန်များ၌ ကြတ်သည်ကို အကြောင်းပြုပြီးလျှင် လကြတ်မှာ ပုဏ္ဏမီ၊ နေကြတ်မှာ အမ္မ၀ါသီဟု ဘော်ပြပါရှိလေသည်။

            မအူလေးရွာဆရာ စီရင်ရေးသားသော သရကျမ်းသစ်တွင် လကြတ်ခြင်းအကြောင်းမှာ ပုဏ္ဏမီတိထီရက်လည်း ကုန်စေ၊ တိထီပြို သောအချိန်၌ စန်းနှင့်ရာဟုတကွ သမသတ်အားဖြင့် ၁၂-အင်္သာမခြားသည် ဖြစ်စေ။ ဤအခါ၌သာ လကြတ်၏။ အမ္မ၀ါသီနေကြတ်ခြင်း အကြောင်းမှာ အမ္မ၀ါသီတိထီပြိုရက်လည်း ကုန်စေ၊ တိထီပြိုသောအချိန်၌ တနင်္ဂနွေ နှင့် ရာဟု တကွသမသတ်အားဖြင့် ၁၂-အင်္သာ မခြားသည် ဖြစ်စေ၊ ဤအခါ၌သာ နေကြတ်၏ဟု ပါရှိလေသည်။

            မစ္စတာကလိန်စီ၏ နက္ခတ်တာရာကျမ်းကြီး၌ နေသည် လဆန်းစတွင် လ,ကကွယ်ခြင်းအားဖြင့် ကြတ်ကြောင်း၊ လသည် လပြည့်စဉ်အခါ မြေကြီးကကွယ်ခြင်းအားဖြင့် ကြတ်ကြောင်း ပြဆိုထားလေသည်။

            သို့အတွက် ပုဏ္ဏမီလပြည့်နှင့် လပြည့်ကျော်တရက်အကူး အမ္မ၀ါသီ လကွယ်နှင့် လဆန်းတရက် အကူးမှာသာ လကြတ်နေကြတ် မြဲဖြစ်၍ ဝေါဟာရလဆုတ်တရက် လဆန်းတရက်နေ့မှာ လကြတ်နေကြတ်ခြင်းသည် ရှေးအစဉ်အလာ ကပင်ဖြစ်ကြောင်း ထင်ရှားလေသည်။ ဝေါဟာရလပြည့်နေ့ သန်းခေါင်အချိန် တိထီ ၁၅-လုံးတိတိရှိလျှင် သန်းခေါင်အချိန်က စ၍ လကြတ်လေသည်။ ဝေါဟာရလပြည့်နေ့ သန်းခေါင်အချိန်မှာ တိထီ ၁၄-လုံးက ခဋီစွန်းလျှင် ဝေါဟာရလပြည့်ကျော် တရက်နေ့မှာ လကြတ်လေသည်။ ဝေါဟာရလပြည့်နေ့ သန်းခေါင်အချိန်မှာ တိထီ ၁၃-လုံးက ခဋီစွန်း၍ ၁၄-လုံးအ၀င်ဖြစ်လျှင် ဝေါဟာရလပြည့်ကျော် ၂-ရက်နေ့မှာ လကြတ်လေသည်။ ပုဏ္ဏမီလပြည့်နေ့ အမ္မ၀ါသီလကွယ်နေ့များမှာ တိထီတလုံးက ကျော်၍ဖြစ်စေ၊ ၂-လုံးအ၀င်ဖြစ်စေ ရှိလျှင် ဝေါဟာရအဘိတ်နေ့မှာ လကြတ် နေကြတ်လိမ့်မည်ဖြစ်၍ ရှေးဗေဒင်ပညာရှိတို့ သည် ပုဏ္ဏမီလပြည့်နေ့နှင့် အမ္မ၀ါသီလကွယ်နေ့များတွင် တိထီတလုံးဖြစ်စေ နှစ်လုံးဖြစ်စေ မဖြစ်ရအောင် စောင့်ရှောက်ခဲ့ကြ လေသည်။ သို့အတွက် ဘိုးတော်မင်းတရား လက်ထက်တော်တွင် ဗေဒင်ကျမ်း အရပ်ရပ်ကို နှံ့စပ်ကျေပွန် တော်မူသော မောင်းထောင်သာသနာပိုင် ဆရာတော်က ဝေါဟာရလပြည့်နေ့နှင့် လပြည့်ကျော်တရက် နှစ်ရက်နေ့များမှာ လကြတ်ခြင်း။ ဝေါဟာရလကွယ်နေ့နှင့် လဆန်းတရက် နှစ်ရက်နေ့များတွင် နေကြတ်ခြင်းရှိလျှင် ပြုပြင်ရန်မလို၊ ထိုထက်အောင် ထိုထက် အလွန်နေ့ရက် များမှာ နေလကြတ်လျှင် ပြုပြင်ရန်လိုသည်ဟု အမေးတော်ပုံကျမ်း၌ ဘော်ပြထားလေသည်။ 

            အထက်ပါ အချက်အရပ်ရပ်များကို နက္ခတ်ဗေဒင်မြှော်မြင်နှံ့သိ က၀ိပါမောက် မုန်သောက်မာတင် ပညာရှင်တို့ တွေ့မြင်ဘတ်ရှု ဗဟုသုတဖြစ်ပွားတော်မူကြရန် အလွန်အဘိုးထိုက်တန်လှစွာသော ပတ္တမြားကျောက်မြတ် ရတနာကို လက်ဝါးပေါ်မှာ တင်ခါပြသကဲ့သို့ သာသနာတော်အကျိုး တိုင်းကျိုးပြည်ကျိုးအလို့ငှာ ရှင်းလင်းဘောပြလိုက်ပါသတည်း။


ဦးကျော်ရန်

၁၂၉၉-ခု ဒုတိယ၀ါဆိုလဆန်း ၁၂-ရက်။


မှတ်ချက်။ ။ ဟင်္သာတမြို့ သပြေပင်ကျောင်းဘုန်းကြီး ဦးသောဘဏ အမှူးရှိသော ဒွါရ၀ါဒီ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်အချို့ တို့ ၁၃၀၁-ခုနှစ်တွင် ၄-လ ရက်စုံသတ် ၀ါကြီးထပ်သင့်ကြောင်း ပြည်ထဲရေးဝန်ကြီးချုပ်ထံ သွင်းစာကို ချေပရန် အမိန့်ချမှတ် ချက်အရ ၁၉၃၇-ခု၊ နိုဝင်ဘာလ ၂-ရက်နေ့စွဲနှင့် အစိုးရထံသို့ မြန်မာပညာရှိအဖွဲ့နှင့် ပုဏ္ဏားပညာရှိအဖွဲ့၏ စက္ကရီတေရီက တင်သွင်းသော အထက်ပါစာတမ်းကို ထည့်သွင်း ဘော်ပြလိုက်ပါသည်။

အယ်ဒီတာ

 
၆၊ ၃၊ ၂။ မန္တလေးမြို့ ပုဏ္ဏားပညာရှိ မြန်မာပညာရှိအဖွဲ့၏ ကိုယ်စားလည် ဦးကျော်ရန် ဆရာမာဓ၀ နှင့် ဦးကျော်ထင်တို့က လထပ်ရက်ငင် ဆိုင်ရာ အစိုးရခန့် စုံစမ်းရေး ကော်မတီ အစည်းအဝေးတွင် အကြံပေးချက်

(သတ်ပုံမူရင်းအတိုင်း)

 
၁၃၀၀ ပြည့်နှစ် သီတင်းကျွတ်လဆုတ် ၆ ရက်

၁၉၃၈ ခု၊ အောက်တိုဘာလ ၁၄ ရက်


            ၁၃၀၁-ခုနှစ် နယုန်လတွင် ရက်ငင်တရက်တိုး၍ ၄-လရက်စုံသတ် ၀ါကြီးမထပ်သင့်။ ၂-လ ရက်စုံသတ် ၀ါငယ်သာလျှင် ထပ်သင့်သည်ကို အကြောင်းလုံလောက်စွာ အောက်၌ဘော်ပြထားပါသည်။      

 
(၁) သက္ကရာဇ် ၁၂၁၇-ခုနှစ်တွင် လထပ်သင့်မထပ်သင့်၊ လူပညာရှိ၊ ပုဏ္ဏားပညာရှိများနှင့် ဆရာတော်သံဃာတော်တို့ အငြင်းအခုံ ဖြစ်ပွားကြရာ ဉာဏ၀ဇီရသီရိသဒ္ဓမ္မ မဟာဓမ္မရာဇာဓိ ရာဇဂုရု တံဆိပ်တော်နှင့် ဉာဏိန္ဒာဘိ ပဏ္ဍိတပရမ မဟာဓမ္မရာဇာဓိ ရာဇဂုရု တံဆိပ်တော်ရ ညောင်ကန်ဆရာတော်ဆုံးဖြတ်ရာ ပြီးပြတ်စေဟု မင်းတရားကြီးက ညီလာသဘင်တော်တွင် အမိန့်တော်မှတ်သဖြင့် ၂-ဘက် မှ တင်သွင်းကြသော အဆိုအခြေများကို ကြည့်ရှုစဉ်းစားပြီးလျှင် ၁၂၁၇-ခုနှစ်မှာ အဓိမာသ်ပြို သဖြင့် လထပ်လျှင် ဒုတိယ၀ါဆိုလပြည့်နေ့ တွင် တိထီ ၁၄၊ ခဋီ ၂၈။ နက္ခတ် ၂၀၊ ခဋီ ၄၅ ရှိမည်ဖြစ်၍ အာသဠီပုဏ္ဏမီ ရာသီ စောင့်နက္ခတ်များနှင့် ညီညွတ်မှန်ကန်ခြင်းကြောင့် ၀ါဆို ၂-လပြု၍ လထပ်သင့်ကြောင်း ဆုံးဖြတ်တော်မူ၏။ ဤအခါက ဒုတိယ ၀ါဆိုလပြည့်နေ့တွင် တိထီ၊ ခဋီနုသဖြင့် ရက်ငင်သင့်ပါသည်ဟု မည်သူကမျှ အပြောအဆို အလျှောက်အထား မရှိခဲ့ပါ။ (ဗေဒ၀ိဇ္ဇာ ၉-စောင်တွဲ၊ အဓိမာသ ၀ိဝါဒကထာကျမ်း၊ စာမျက်နှာ ၁၁၁-မှာကြည့်ပါ။)

 
(၂) ၁၂၅၀-ပြည့်နှစ်တွင် ၀ါငယ်ထပ်သင့် ၀ါကြီးထပ်သင့်၊ ငြင်းခုံကြရာ မန္တလေးမြို့ မဟာဝိသုတာရာမတိုက် မဟာတုလွတ်ဘုံစံကျောင်း၊ ဥပဇ္ဈာယ်ဆရာတော် မုနိန္ဒဃောသ မဟာထေရ်၏ ၀ိနိစ္ဆယအဆုံးအဖြတ်စာတွင် ထိုနှစ် ဒုတိယ၀ါဆိုလပြည့်နေ့ မှာ ရက်ငင်မပါဘဲလျှက် ပုဏ္ဏတိထီ-၁၄၊ ခဋီ-၂၈ ရသည်ဖြစ်၍ ၁၅-လုံးသို့ဝင်ရောက်ခြင်း၊ နက္ခတ်-၂၀၊ ခဋီ-၂၁ ရသည်ဖြစ်၍ ဥတ္တရာသံနက္ခတ်နှင့်ယှဉ်ခြင်း၊ ထိုနှစ်၌ ရက်ငင်ကိန်းမပြိုခြင်းများကြောင့် ရက်မငင်သင့်။ လ ကိုသာထပ်သင့်ကြောင်း ဆုံးဖြတ် တော်မူသည်။ ၎င်း (၀ိနိစ္ဆယစာမျက်နှာ ၆-နှင့် ၁၀-တွင် ပါရှိသည်။)

 
(၃) ၁၂၆၃-ခုနှစ်တွင် မန္တလေးပညာရှိတို့က လထပ်ရက်ငင်ပြု၍ ၀ါကြီးထပ်သည်ကို မြန်မာပြည်အောက်ပိုင်းရှိ အချို့က ၀ါမထပ်သင့်ကြောင်း ကန့်ကွက်စာ ရေးသားထုတ်ဝေကြရာ ဟင်္သာတမြို့ ဘုရားကြီးတိုက် ဘုရားကြီးဆရာတော်၏ တပည့် ရာဇညမထေရ် စီရင်ဆုံးဖြတ်သော ဒွိရာသဠ၀ိနိစ္ဆယစာတမ်းတွင် လထပ်၍ ရက်ငင်မှသာ ဒုတိယ၀ါဆိုလပြည့်နေ့၌ တိထီ ၁၄ လုံး၊ နက္ခတ် ၂၀-ရသဖြင့် ခဋီစွန်းများကို လောင်းစွက်လျှင် တနင်္ဂနွေ ကရကဋ်ရာသီသို့ ရောက်၍ ဥတ္တရာသံနက္ခတ်နှင့် ယှဉ်မည်ဖြစ်ကြောင်း ဆုံးဖြတ်တော်မူသည်။ (၎င်းအဆုံးအဖြတ် စာမျက်နှာ ၁၃-၁၄ မှာ ကြည့်ပါ)။ ၁၂၆၃-ခုနှစ် ဒုတိယ၀ါဆို လပြည့်နေ့မှာ တိထီ-၁၄၊ ခဋီ-၁၇၊ နက္ခတ် ၂၀၊ ခဋီ-၄၀ ရသည်။ (သံဒိဋ္ဌနေ့စဉ်ကျယ်ပြက္ခဒိန်မှာ ကြည့်ပါ။)

 
(၄) ၁၃၀၁-ခုနှစ်မှာ မန္တလေးပညာရှိတို့က ရက်မငင်ဘဲ၊ ၀ါဆို ၂-လပြု၍ ၀ါငယ်ထပ်ဆုံးဖြတ်ထားသည်။ ၎င်းအတိုင်း မန္တလေးဗေဒင်အဖွဲ့ ဆိုင်ရာ ဆရာတော်သံဃာတော်တို့က အတည်ပြုသည်။ သံဃာတော်တို့အတည်ပြုချက်အရ သံဃနာယက ဆရာတော်တို့နှင့် သုဓမ္မာ အဖွဲ့ဝင်ဆရာတော်တို့က အတည်ပြုသည်။ ၎င်းအတိုင်း မဟာသံဃရာဇာ သာသနာပိုင်ဆရာတော်က အတည်ပြု၍ အစိုးရထံတင်သွင်း၇န် ဆရာတော်တို့၏ မှတ်သားချက်ကို ပေးအပ်သည့်အတိုင်း ပညာရှိအုပ်က အစိုးရထံ ၃-နှစ် က ကြိုတင်၍ တင်သွင်းထားသည်။ ၀ါငယ်ထပ် ဒုတိယ၀ါဆိုလပြည့်နေ့တွင် တိထီ ၁၄၊ ခဋီ ၃၁၊ နက္ခတ် ၂၀၊ ဃဋီ ၄၈ ရသဖြင့် ပုဏ္ဏာတိထီ၊ အာသဠီနှင့် ညီညွတ်သည်။ မန္တလေးမြို့ရှိ ဗေဒင်ပညာအဖွဲ့များက တိထီ ၁၄-လုံးနှင့် ခဋီစွန်းလျှင် ၁၅-လုံးထဲမှာ ပွားဆဲ ၁၅-လုံးအ၀င် ပုဏ္ဏမီဟု အယူရှိကြသည်။ ကန့်ကွက်သူတို့က တိထီ ၁၅-လုံး၊ သို့မဟုတ် တိထီ သုညရှိမှ ပုဏ္ဏမီတိထီဟု အယူရှိဟန်တူသည်။ လမထပ်သော ၀ါဆိုလပြည့်၊ လထပ်သော ဒုတိယ ၀ါဆိုလပြည့်၊ လထပ်ရက်ငင်ပြုသော ဒုတိယ၀ါဆို လပြည့်နေ့ သန်းခေါင်အချိန်တွင် နက္ခတ်ယှဉ်သောစန်းသည် ဘယ်အခါမျှ ၁၅-လုံး သို့မဟုတ် သုညတိတိမနေ။ ခဋီစွန်းလျှက် သာရှိ၍ တိထီ ၁-လုံးအ၀င်ဖြစ်သဖြင့် ပုဏ္ဏမီမခေါ်နိုင်ကြောင်း သတိပြုမိဟန်မရှိ။ အထက် ဘော်ပြခဲ့သော ရက်ငင်မပါ၊ ၂-လ ရက်စုံသတ် ပြုခဲ့သည်။ ၁၂၁၈-၁၂၅၀-ပြည့်နှစ်၊ ၎င်းပြင် ရက်ငင်ခဲ့သော ၁၂၆၃-ခုနှစ်များ၏ တိထီ၊ ခဋီ၊ နက္ခတ်၊ ခဋီများကို ကြည့်လျှင် (၁၃၀၁) ခုနှစ်မှာ ရက်မငင်ဘဲ လကိုသာ ထပ်သင့်ကြောင်း ထင်ရှားလေသည်။

 
(၅)(က) ၁၃၀၁-ခုနှစ်တွင် ရက်မငင်သင့်သော အကြောင်းများမှာ ထိုနှစ်၌ ရက်ငင်ကိန်းမပြို။ ရှေ့ပိုင်း ၄-ရာသီအတွင်းမှာ အဓိမာသ်သာ ပြိုသည်။ ၁၃၀၄-ခုနှစ်သို့ရောက်မှ အဓိမာသ်နှင့် ရက်ငင် ၂-ပါးပြိုင်၍ ပြိုမည်။ သို့အတွက် ၁၃၀၄-ခုနှစ်သို့ ရောက်မှ ရက်ငင်သင့်ခြင်း။

 
(၅)(ခ) ပဉ္စမသံဂါယနာတင် မင်းတရားကြီးဘုရား လက်ထက်တော်တွင် သူရိယသိဒ္ဓန္တကျမ်းကြီးကို ဘာသာပြန်ဆို စီရင်ရေးသားတော် မူသော တံဆိပ်တော်ရ ညောင်ကန်ဆရာတော်ဘုရားကြီးသည် ၁၉-စား ၀ါထပ်ကိန်းကို ရှေ့အဘို့၌ အသုံးမပြုသင့်ကြောင်း သုဓ်သင် ရှင်းလင်း ဆုံးဖြတ်တော်မူသည်။ ၁၂၁၇-ခုနှစ်ကစ၍ ယခုတိုင် ၈၄-နှစ်အတွင်း ရက်ငင်ကိန်းမပြိုဘဲလျက် ရက်မငင်ခဲ့ခြင်း။


(၅)(ဂ) ၁၂၃၆-ခုနှစ်မှာ တိထီ-၁၄၊ ခဋီ-၃၁၊ နက္ခတ် ၂၀၊ ခဋီ-၄၇။

          ၁၂၇၄-ခုနှစ်မှာ တိထီ-၁၄၊ ခဋီ-၃၇၊ နက္ခတ် ၂၀၊ ခဋီ-၄၈။

          ၁၃၀၁-ခုနှစ်မှာ တိထီ-၁၄၊ ခဋီ-၃၁၊ နက္ခတ် ၂၀၊ ခဋီ-၄၈။ - အသီးသီးရှိကြ၍ ၎င်း ၃-နှစ်အတွက် နှိုင်းယှဉ်ကြည့်ရှုခြင်းလျှင် ၁၃၀၁-ခုနှစ်တွင် လထပ်သည်မှာ အထူးသင့်လျော်ခြင်း။

 
(၅)(ဃ) ၁၃၀၁-ခုနှစ်မှာ ရက်ငင်ခဲ့လျှင် ဒုတိယ၀ါဆိုလပြည့်နေ့မှာ တိထီ ၁၅၊ ခဋီ-၂၇၊ နက္ခတ်-၂၁၊ ခဋီ-၄၃ ရမည်ဖြစ်၍ လပြည့်နေ့သည် လပြည့်ကျော် ၁-ရက်နေ့ဖြစ်ခြင်း၊ ထိုနေ့ သန်းခေါင်အချိန်မှာ စန်းနှင့်ပြုပ္ပါသန်၊ ဥတ္တရာသန်နက္ခတ် မယှဉ်သဖြင့် အာသဠှီ ပုဏ္ဏမီမဖြစ်ခြင်း၊ ၀ါဆိုဝါကပ်ရမည့် လပြည့်ကျော် ၁-ရက်နေ့သည် ၂-ရက်နေ့ ဖြစ်၍ ဓနသိဒ္ဓနက္ခတ်နှင့် ယှဉ်ခြင်း။


(၅)(င) ၁၃၀၄-ခုနှစ်မှာ အဓိမာသ်နှင့် ရက်ငင်ကိန်းပါ ပြိုလျှက်ရှိ၍ ၁၃၀၄-ခုနှစ်မှာ ရက်ငင်ရလျှင် ၁၂၉၉၊ ၁၃၀၁၊ ၁၃၀၄၊ (၃) နှစ်ဆက်၍ ရက်ငင်ရသောကြောင့် ရှေးအစဉ်အလာနှင့် မညီညွတ်ခြင်း။

 
(၅)(စ) ၁၃၀၁၊ ၁၃၀၄၊ (၂) နှစ်ဆက်၍ ရက်ငင်ခဲ့လျှင် ၁၃၀၄-ခုနှစ်မှာ အောက်ပါအတိုင်း တိထီနှင့် နက္ခတ်များရရှိမည် ဖြစ်၍ အလွန် မသင့်လျော်ခြင်း၊ အောက်အမည်ပါ လများတွင် လကြတ် နေကြတ်ခဲ့လျှင် အဘိတ်နေ့မှာ ကြတ်ရန်ရှိခြင်း။


ခုနှစ်
ဝေါဟာရ လ
လပြည့်နေ့၏
နက္ခတ်၏
တိထီ
ခဋီ
လုံးရေ
ခဋီ
၁၃၀၄
ဒုတိယ ၀ါဆိုလပြည့်
၂၂
၁၃၀၄
ဝါခေါင်လပြည့်
၃၉
၂၄
၄၆
၁၃၀၄
တော်သလင်းလပြည့်
၂၆
၂၆
၁၃၀၄
သီတင်းကျွတ်လပြည့်
၃၂
၁၃၀၄
နတ်တော်လပြည့်


(၆) ရက်ငင်ကြွေးကျန်သည်ဟု စွပ်စွဲရာ မကျန်ကြောင်း အောက်၌ ဘော်ပြထားပါသည်။

            သက္ကရာဇ် ၁၂၆၁-ခုနှစ်ဖြစ်သော ကလိယုဂ်နှစ်ပေါင်း ၅၀၀၀ တွင် ပြိုပြီးရက်ငင်အကြိမ်ပေါင်း ၉၆၉-ရှိရာ ၁၂၁၇-ခုနှစ် က ၁၃၀၁-ခုနှစ်ထိ ၈၅-နှစ်အတွက် ပြိုပြီးရက်ငင်အကြိမ်ပေါင်း မည်မျှဟု သိလိုသော် ၉၆၉ ကို ၈၅ နှင့်မြှောက်၍ ၅၀၀၀ နှင့် စားလျှင် ရလဒ် ၁၆ ရသဖြင့် ၁၂၁၇-ခုနှစ်နှင့် ၁၃၀၁-ခုနှစ်အတွင်း ရက်ငင်အကြိမ်ပေါင်း ၁၆-ကြိမ်၊ ရက်ငင်ခဲ့သော အကြိမ် ပေါင်း ၁၆-ကြိမ်ဖြစ်၍ ကြွေးမကျန်ကြောင်း ထင်ရှားပါသည်။ တနည်းအားဖြင့် သက္ကရာဇ် ၁၃၀၁-ခုနှစ် ကလိယုဂ် ၅၀၄၀-အတွက် ရက်ငင်ပြိုအကြိမ်ပေါင်း ၉၇၇ ရှိရာ၁၂၁၇-က ၁၃၀၁-နှစ်ထိ ၈၅ နှစ်အတွက် မည်မျှဟုသိလိုသော် ၉၇၇ ကို ၈၅ နှင့် မြှောက်၍ ၅၀၄၀ နှင့်စားလျှင် ရလဒ် ၁၆-ရသဖြင့် ၁၆-ကြိမ် ရက်ငင်ပြိုခဲ့ခြင်း၊ ၁၆-ကြိမ် ရက်ငင်ပြိုခဲ့ခြင်းကြောင့် ရက်ငင် ကြွေးမကျန်ကြောင်း ထင်ရှားပါသည်။

            အဘယ်ကြောင့် ၁၂၁၇-ခုနှစ်က စရပါသနည်းဆိုသော် ထိုနှစ်မှာ အမှန်ဖြစ်အောင် ညောင်ကန်ဆရာတော်က ဆုံးဖြတ်ခဲ့ခြင်း ကြောင့် ဖြစ်ပါသည်။                ။ တနည်းအားဖြင့် စတုယုဂ်နှစ်ပေါင်း ၄၃၂၀၀၀၀-အထိ ရက်ငင်အကြိမ်ပေါင်း ၈၃၇၇၄၈-ပြိုရမည်ဟု သူရိယသိဒ္ဓန္တကျမ်းရင်းတွင် အထင်အရှားပြထားသဖြင့် အထက်ဘော်ပြပါ ၈၅-နှစ်အတွက် ရက်ငင် အကြိမ်ပေါင်း မည်မျှရှိသည်ကို သိလိုသော် ၈၃၇၇၄၈ ကို ၈၅ နှင့်မြှောက်၍ စတုယုဂ်နှစ်ပေါင်း ၄၃၂၀၀၀၀ နှင့်စားလျှင် ရလဒ် ၁၆ ပင်ထွက်လာသောကြောင့် ရက်ငင် ၁၆ ကြိမ်ပြိုပြီးဖြစ်ကြောင်း အလွန်ထင်ရှားပါသည်။ ထိုတွက်ပုံနည်းများကို အကြမ်း ဖြစ်သည်ဟူ၍၎င်း၊ မမှန်ဟူ၍၎င်း မည်သူမျှမဆိုနိုင်ပါ။

 
(၇) ၎င်းပြင် ၁၉၀၂-ခုနှစ်တွင် ပုံနှိပ်သော မြေတိုင်းမင်းကြီး (မစ္စတာ ကလိန်စီ) ၏ နေလ နက္ခတ်တာရာဆိုင်ရာ ပြက္ခဒိန် စာအုပ်ကြီး စာမျက်နှာ ၁၅၃-၌၎င်း၊ ၁၉၀၉-ခုနှစ်တွင် ပုံနှိပ်သော တရားဌာနချုပ်မင်းကြီး (မစ္စတာ အာရ၀င်) ၏ ပြက္ခဒိန်စာအုပ်ကြီး စာမျက်နှာ ၅၃-၌၎င်း၊ ရန်ကုန်မြို့၊ အမေရိကန် စာပုံနှိပ်တိုက်မှ ပုံနှိပ်လုပ်ဆောင်သော ၁၉၂၀-က ၁၉၅၀-ထိ၊ အင်္ဂလိပ်-မြန်မာ ပြက္ခဒိန်စာအုပ်ကြီး၌၎င်း၊ ၁၃၀၁-ခုနှစ်မှာ ၂-လ ရက်စုံသတ် ၀ါငယ်ထပ်ပြီးလျှင် ၁၃၀၄-ခုနှစ်တွင် ရက်ငင်၍ ၄-လ ရက်စုံသတ်ဝါကြီးထပ်ရန် အထင်အရှားဘော်ပြလျက် ရှိပါသည်။

 
(၈) ရက်ငင်ကြွေး မကျန်ခြင်းကြောင့်သာ ရှေးလာမည့် ၁၃၀၁-ခုနှစ် ကဆုန်လပြည့်ကျော် ၁ရက်၊ ဗုဒ္ဓဟူးနေ့ည လထွက်စ အချိန်ကစ၍ လကြတ်လိမ့်မည် ဖြစ်ပါသည်။


            အထက်ပါ အချက်အရပ်ရပ်များကို ထောက်ထားနှိုင်းချိန်ပါလျှင် ၁၃၀၁-ခုနှစ်မှာ ၂-လ ရက်စုံသတ် ၀ါငယ်ထပ်ခြင်းကို သဘောနှစ်သက်တော်မူလိမ့်မည်ဟု ယုံကြည်ပါကြောင်း လေးမြတ်စွာ စာအားဖြင့် အကြံပေးပါသည်။

 
မှတ်ချက်။ ။ အစိုးရခန့် စုံစမ်းရေးကော်မတီ
 

စဉ်
အမည်၊ ဘွဲ့အမည်
မြို့
မှတ်ချက်
ဦးဝိစာရိန္ဒ၊ မယ်ဇယ်ကျောင်းတိုက်
ကျိုက်ထို
ချယ်ရာမင်
ဦးစိတ္တ
မန္တလေး
 
ဦးကျော်ရန်
မန္တလေး
 
ဆရာ မာဓဝ
မန္တလေး
 
ဆရာ ဦးကျော်ထင်
မန္တလေး
 
ဦးသိန်းညွန့်
မန္တလေး
 
ဦးသောဘဏ
ဟင်္သာတ
 
ဦးဥတ္တမ
နွားထိုးကြီး
 
ဦးဝေဒင်္ဂတ
မန္တလေး
 
၁၀
ဦးဘိုးကြီး
မိတ္ထီလာ
 
၁၁
ဦးဉာဏဓဇ
ကြည့်မြင်တိုင်
 
၁၂
ဆရာငြိမ်
ကြည့်မြင်တိုင်
 
၁၃
ဦးဂုဏုတ္တရ
ပန်းတောင်း
 

 
အယ်ဒီတာ



No comments: