Thursday, October 11, 2012

မြန်မာပြက္ခဒိန်တွက်နည်း (၄၀)

 
(၂၆) လထပ်ရက်ငင် ၀ိဝါဒအကြောင်းအရာများ


            ဤလထပ်ရက်ငင်မှုနှင့်ပတ်သက်၍ ရှေးပဝေဏီအခါမှစ၍ ယခုခေတ်ကာလတိုင် အယူအဆ မတူမျှသဖြင့် ၀ိဝါဒ အရင်းခံလျှက် ငြင်းခုံမှုများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့လေသည်။

 
(၁) မင်းတုန်းမင်းလက်ထက်၊ ကောဇာ ၁၂၁၇ တွင် ရဟန်းပညာရှိများကတဘက်၊ လူပညာရှိများကတဘက်။ လထပ်သင့် မထပ်သင့် အငြင်းအခုံဖြစ်ကြရာ ညောင်ကန်ဆရာတော်ဘုရားကြီးက ခုံသမာဓိလုပ်၍ ဆုံးဖြတ်ခဲ့ရ ဘူးလေသည်။

 
(၂) သက္ကရာဇ် ၁၂၆၁ မှာလည်း မန္တလေးမြို့၊ ပက္ခဒိန်တော်ဆက်ပညာရှိအဖွဲ့နှင့် အောက်မြန်ပြည်ဘောင်၊ ဉာဏ်တန်ဆောင်ဖြင့်၊ ပြောင်ပြောင်ထွန်းလက်၊ မြန်အောင်မြို့၊ ဆရာကြီးဦးဖက်တို့ (မန္တလေး - ၀ါငယ်ထပ်၊ မြန်အောင် - ၀ါကြီးထပ်) အယူမမျှ၊ ၀ိဝါဒ ငြင်းခုံမှု ဖြစ်ခဲ့ကြသည်။

 
(၃) ၁၃၀၁ တွင် ဟင်္သာတမြို့၊ သပြေပင်ဆရာတော် အမှူးပြုသည့် ပညာရှိ ပုဂ္ဂိုလ်တစုတို့က မန္တလေးပညာရှိအဖွဲ့၏ ၀ါငယ်ထပ် ၀ါဒမှားယွင်းကြောင်း၊ ရက်ငင်ကြွေးတစ်ကြိမ် တင်ရှိနေ၍ ၀ါကြီးသာထပ်သင့်ကြောင်း၊ ပေါင်းရုံးအရေးဆိုကြပြန်ရာ နှစ်ဘက် ပညာရှင်တို့၏ ခုံသမာဓိပုဂ္ဂိုလ်၊ ကျိုက်ထိုမြို့၊ မယ်စယ်ပင်တောရ ဆရာတော်ဘုရားက မန္တလေးဝါဒကို အနိုင်ပေးခဲ့သည်။

 
(၄) ဤသည်ကိုမကျေနပ်၍ အောက်မြို့ဂိုဏ်းဝင် ပညာရှင်တို့က ၁၃၁၀ ခုနှစ်မှာ မန္တလေးဝါငယ်ထပ်ဝါဒမှားယွင်းကြောင်း၊ ရက်ငင်ကြွေးတကြိမ် တင်ရှိနေကြောင်း ထပ်လောင်း၍ အရေးဆိုကြပြန်သည်။


            အင်္ဂလိပ်တို့အုပ်စိုးစဉ်က မန္တလေးမြို့တွင် မင်းသားကြီးထိပ်တင်ဖြူကိုယ်တော်ကြီး အမှူးပြုသော ပက္ခဒိန်တော်ဆက် မြန်မာပညာရှိ၊ ပုဏ္ဏားပညာရှိများ ပါဝင်သော အဖွဲ့တဖွဲ့ကို အစိုးရက အသိအမှတ်ပြု ခန့်ထားခဲ့သည်။ ထိုအဖွဲ့က အစိုးရသို့ နှစ်စဉ် ၀ါထပ်ရက်ငင် ရှိ၊ မရှိပါဝင်သော မဟာသင်္ကြန်စာနှင့် သံဒိဋ္ဌနေ့စဉ်ကြယ်ပက္ခဒိန်ကို အစိုးရထံတင်သွင်း၍ အစိုးရက အတည်ပြု ထုတ်ပြန်ကြေငြာသည်။

            ထိုသို့ပြုလုပ်ခဲ့ရာ ၁၃၀၁ တွင် ၀ါငယ်ထပ်ကိန်းပြု၍ ပက္ခဒိန်ကို တင်သွင်းလေရာ၊ ဟင်္သာတမြို့မှစ၍ အချို့မြို့ရွာတို့မှ ရဟန်းပညာရှိ၊ လူပညာရှိတို့က မန္တလေးဝါဒမှားယွင်းကြောင်း၊ ၀ါကြီးထပ်သာ မှန်ကန်ကြောင်း၊ အနည်းနည်းဖြင့် အရေးဆိုကြ ရာ အစိုးရက အောက်မြန်မာပြည် ၀ါကြီးထပ်ဘက်မှ ၄ ဦး၊ အထက်မြန်မာပြည် ၀ါငယ်ထပ်ဘက်မှ ပညာရှိ ၄ ဦး၊ အစိုးရခန့် ကြားပညာရှိ ၄ ဦး၊ ကျိုက်ထိုမြို့၊ မယ်စယ်ပင်တောရ ဆရာတော်ကြီးကို ခုံသမာဓိမြှောက်လျှက် ရန်ကုန်မြို့၊ လွှတ်တော် ခန်းမကြီးအတွင်း ၀ိဝါဒစစ်ပွဲကြီး ဆင်နွှဲကြရာ နှစ်ဖက်ပညာရှင်တို့၏ အယူအဆ၊ ၀ိဝါဒများအား ကြားနာဆင်ခြင်၍ မယ်စယ်ပင် ဆရာတော်ကြီးက ၁၃၀၁ ခုနှစ်မှာ ၀ါငယ်ထပ်မှန်ကြောင်း ဆုံးဖြတ်တော်မူလေသည်။

            မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် ဦးနုအစိုးရကလည်း ယခင် ပက္ခဒိန်တော်ဆက်အဖွဲ့ကိုပင် ဆက်လက်ခန့်ထားခဲ့ သည်။ ထိုအဖွဲ့က ယခင်အတိုင်းပင် မဟာသင်္ကြန်စာနှင့် သံဒိဋ္ဌပက္ခဒိန်ကို အစိုးရသို့ နှစ်စဉ်တင်သွင်းရာ ၁၃၁၀ ပက္ခဒိန်ကို ၀ါငယ်ထပ်နှစ်အဖြစ် တင်သွင်းသည်။ အောက်မြန်မာပြည်၊ ရန်ကုန်၊ မော်လမြိုင်မှ ပညာရှိများက ထို ၀ါငယ်ထပ်ဝါဒ မှားကြောင်း၊ ၀ါကြီးထပ်မှ မှန်ကန်ကြောင်း အရေးဆိုကြပြန်ရာ အစိုးရက မန္တလေးအဖွဲ့သို့ စုံစမ်းမေးမြန်းရာ ထိုအဖွဲ့က ၁၃၁၀ မှာ ၀ါငယ်ထပ်နှစ် မှန်ကန်ကြောင်း ရဲဝံ့စွာတာဝန်ယူသည့်ပြင် သုဓမ္မာဝင်ဆရာတော်ဘုရားကြီးများကလည်း ၀ါငယ်ထပ်ဝါဒကို ထောက်ခံကြသဖြင့် မန္တလေး ၀ါငယ်ထပ်ဝါဒဘက်ကပင် အနိုင်ရရှိခဲ့ပြန်သည်။

            အောက်ပိုင်းပညာရှင်တို့ တင်သွင်းသော အကြောင်းပြချက် (၂) ရပ်မှာ -  

(က) မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်မှ ၁၃၀၁ ထိ၊ နှစ်ပေါင်း ၁၀၁ နှစ်အတွင်း သူရိယသိဒ္ဓန္တကျမ်းအရ အဓျာဟရက်ငင်ပြိုကြိမ် (၂၀) ရှိသည်။ ရက်ငင်တကြိမ်ပြိုလျှင် ၀ါကြီးတကြိမ်ထပ်ရမည်ဖြစ်သဖြင့် ထို ၁၀၁ နှစ်အတွင်း ၀ါကြီးထပ် အကြိမ် ၂၀ ရှိရမည်။ သို့သော် မန္တလေးအဖွဲ့က တင်သွင်းသော ပက္ခဒိန်များတွင် ၁၉ ကြိမ်သာဝါကြီးထပ်၍ ရက်ငင်တကြိမ် အကြွေးတင်ကျန်သည်။ သက္ကရာဇ် ၁၂၀၀ မှ ၁၃၁၀ အတွင်း နှစ် ၁၁၀ တွင် ရက်ငင်ပြို ၂၂ ကြိမ်ရှိရာ မန္တလေးပက္ခဒိန်တွင် ၀ါကြီးထပ် ၂၁ ကြိမ်သာ ပါ၍ ရက်ငင်ကြွေးတကြိမ်တင်သည်မှာ ထင်ရှားသည်။ 

 
(ခ) “မဟာပုရိသောပန ဥတ္တရာသဠှေ၊ နက္ခတ္တေနေ၀၊ မာတုဣစိံ္ဆသြက္ကမိ” “ဘုရားအလောင်းတော်သည် ဒုတိယ ၀ါဆိုလပြည့် နေ့တွင် ဥတ္တရာသဠ်နက္ခတ်နှင့်ယှဉ်လျှက် မယ်တော်၏ ၀မ်းကြာတိုက်တွင် သက်ဆင်းတော်မူ၏” ဟူသော ဗုဒ္ဓ၀ံသ အဋ္ဌကထာ အရ ၀ါဆိုလပြည့်သည် ဥတ္တရာသဠ်နက္ခတ်နှင့် စန်းယှဉ်ရမည်။ ဥတ္တရာသဠ်နက္ခတ်နှင့်ယှဉ်သည် ဆိုရာမှာလည်း နက္ခတ် ၂၁ လုံးနှင့် ဃဋီစွန်းမှသာလျှင် ယှဉ်သည်ဟု ယူဆရမည်။ မောင်းထောင်ဆရာတော်ကြီးကလည်း ဤနည်းအတိုင်း ယူဆခဲ့သည်။ မန္တလေးပက္ခဒိန်တွင် နှစ် ၁၁၀ အတွင်း၌ နက္ခတ် ၂၁ လုံးနှင့် ဃဋီစွန်းသည့် ဥတ္တရာသဠ်နက္ခတ်နှင့် စန်းယှဉ်သော ၀ါဆိုလပြည့် များမှာ နှစ်ရက်သာ ပါရှိခဲ့သည်။ ကျန်နှစ်ပေါင်းများစွာတွင် လျော့နည်းနေသည်ကို တွေ့ရသဖြင့် ရက်ငင်ကြွေးတကြိမ် တင်ရှိသည်မှာ ထင်ရှားသည်။ - - - - - - ဟု ဆိုသည်။


            မန္တလေးပညာရှိအဖွဲ့က ပြန်လှန်ချေပချက်မှာ - -

 
(က)  ၁၂၀၀ မှ ၁၃၀၁ အတွင်း ရက်ငင် အကြိမ် ၂၀ ပြိုခြင်းမှာ မှန်၏။ မန္တလေးပက္ခဒိန်တွင် ၀ါကြီး ၁၉ ကြိမ်ထပ်သည် ဆိုခြင်း မှာလည်း မှန်၏။ သို့မှန်သော်လည်း “ရက်ငင်တို့၏ သဘောမှာ မပြိုမီက တင်ကြို၍ ငင်ယူခြင်း၊ ပြိုပြီးနောက်မှ ငင်ခြင်း နှစ်ပါးတို့နှင့် ဆက်ဆံသည်” ၏ အဖြစ်ကို အောက်မြန်မာပြည် ပညာရှိတို့ ငြင်းနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ၁၂၀၁ ခုနှစ် အလွန်တွင် ပြိုသော ရက်ငင်ကို မပြိုမီ ၁၁၉၉ ခု ၀ါကြီးထပ်စဉ်က ယူငင်ထည့်သွင်းပြီးဖြစ်၍ ၁၂၀၀ ပြည့်မှ ၁၃၀၁ တိုင်၊ ၁၀၁ နှစ် အတွင်းတွင် ပြိုသောရက်ငင် အကြိမ် ၂၀ တွင် တကြိမ်လျော့၍ ၁၉ ကြိမ်သာဖြစ်သွားသဖြင့် ၀ါကြီးထပ်လည်း ၁၉ ကြိမ် သာ ထပ်ရခြင်းဖြစ်လေသည်။ ၁၂၀၀ မှ ၁၃၁၀ အတွင်း ရက်ငင် ၂၂ ကြိမ်မှ ၂၁ ကြိမ်ရောက်ခြင်းသည်လည်း အထက်နည်း အတိုင်းပင် ဖြစ်၏။

 
(ခ) ၀ါဆိုလပြည့်နေ့တွင် ဥတ္တရာသဠ်နက္ခတ်နှင့် စန်းယှဉ်ရမည်မှန်ပါ၏။ သို့သော် မြန်မာပြည်တွင် သူရိယသိဒ္ဓန္တဗေဒင်လောက ကို စတင်တည်ထောင်တော်မူသော ညောင်ကန်ဆရာတော်ဘုရားကြီးကိုယ်တိုင်က နက္ခတ် ၂၀ လုံးနှင့် ဃဋီစွန်းလျှင်ပင် ဥတ္တရာသဠ်နက္ခတ်နှင့် စန်းယှဉ်ပြီဟု ယူဆဆုံးဖြတ်တော်မူခဲ့လေပြီ။

            ကျွန်ုပ်တို့ သိဒိဋ္ဌပက္ခဒိန်တွင် ထိုထိုဝါထပ်ရာနှစ်တို့၏ ဒုတိယ၀ါဆိုလပြည့်နေ့များ၌ နက္ခတ် ၂၀ လုံးနှင့် ဃဋီစွန်း သာသဖြင့် ဥတ္တရာသဠ်နက္ခတ်နှင့်ယှဉ်သဖြင့် ကျွန်ုပ်တို့၏ မန္တလေးဝါဒမှာ ရက်ငင်ကြွေးတကြိမ် မတင်မရှိကြောင်း . . .

-       ချေဆိုကြပြန်သည်။


ထိုသို့အောက်နှင့်အထက် နှစ်ဘက်သောပညာရှိတို့၏ စွဲချက်တင်ခြင်း၊ ချေပခြင်းတို့၏ ဆိုလိုရင်းကား၊ ၁၂၀၁ တွင် ပြိုသော ရက်ငင်ကို အောက်ပိုင်းပညာရှိတို့က ပြိုပြီးမှ ငင်သောနည်း၊ ၁၂၀၄ ခုနှစ်၊ ၀ါကြီးထပ်ရာ အနာဂတ်ဘက်သို့ ဆွဲသွင်းကြသည်။ အထက်ပိုင်းပညာရှိတို့က မပြိုမီကတင်ကြိုယူငင်သောနည်း ၁၁၉၉ ခု၊ ၀ါကြီးထပ်ရာသို့ ဆွဲငင်ယူကြခြင်းသာ ဖြစ်ပေသည်။

နောက်နောက်က ၀ါကြီးထပ်ပုံတို့ကို ခိုင်လုံသောနည်းဖြင့် ပြန်လည်စစ်ဆေးကြည့်ရှုရာတွင် အဓိမာသ်တစ်ခုကို ခုန်ကျော်၍ ရက်ငင်ယူသည်ကို အချို့သောနှစ်များ၌ တွေ့ရှိရသည်။ အဓိမာသ်တစ်ခုကို ခုန်ကျော်၍ ရက်ငင်ခြင်းမျိုးကို ပုဏ္ဏာ တိထီ၊ ပုဏ္ဏမီနက္ခတ်မပြည့်မီသဖြင့် အဓိမာသ်တစ်ခုကို ခုန်ကျော်၍ ရက်ငင်လိုက်လျှင် အစစအရာရာ အဆင်ပြေသွားမည်ဆိုမှ ငင်သင့်သည်ဟု ယူဆပါသည်။

 
၆၊ ၃။  ဆရာတော်ဦးကုဏ္ဍလ ၏ အာကဍ္ဎနသဘာဝစိန္တာကျမ်း - မှ
(သတ်ပုံမူရင်းအတိုင်း)

 
နောက်ဆက်တွဲ

ရှေးဖြစ်ဟောင်း အောက်မေ့ဘွယ်ရာ
 

ဝါထပ်ရက်ငင်ဆိုင်ရာနှင့် ၀ိဝါဒကွဲပြားမှုရှိလာခဲ့ကြသည်ကား ကြာညောင်းခဲ့ရလေပြီ။ ဤပြဿနာသည် ဗေဒင်ပညာ အယူအဆအရ သက်သက်ဖြင့်ချည်း ဆုံးဖြတ်၍လည်း မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ရဟန်းသံဃာတော်များနှင့် လည်း မလွှဲမရှောင်သာ ဆက်စပ်နေသဖြင့် ၀ိနည်းကျမ်းဂန် အယူအဆကိုလည်း တဘက်မှ ထောက်လှမ်းခဲ့ကြရသည်။ သို့နှင့် ဗေဒင်နည်းစနစ်နှင့် ၀ိနည်းအဆုံးအမနှစ်ရပ်ကို ညှိနှိုင်းချိန်ဆရန် အရေးသည်လည်း လိုအပ်နေပေသည်။ လိုအပ်သည့် အလျောက် မြန်မာမင်းများ လက်ထက်ကပင် ရဟန်းပညာရှိ၊ လူပညာရှိတို့ အဖွဲ့အသီးသီး ညှိနှိုင်းဆုံးဖြတ် ပြုခဲ့ကြရသည်။ ထိုဆုံးဖြတ်ချက်ကို ဘုရင်မင်းများက အတည်ပြုပေးရလေသည်။

            ယင်းသို့ ဘုရင်၏အာဏာဖြင့် သတ်မှတ်အမိန့်ချရခြင်းအစဉ်သည် အင်္ဂလိပ်မင်း၊ ထို့နောက် အစိုးရလက်ထက်ထိတိုင် အစဉ်အလာဖြစ်၍ တည်လာရလေသည်။ ယခုထိ ထိုအရေးကိစ္စကို ယဉ်ကျေးမှုဌာန၊ သာသနာရေးဌာနတို့က ထုတ်ပြန်    သတ်မှတ်လျှက် ပေးနေသေးရလေ၏။ ဥပမာ - သက္ကရာဇ် ၁၂၁၇ ခုနှစ်၊ လထပ်သင့်၊ မသင့် အငြင်းအခုံဖြစ်ပွားခြင်းဖြင့် မြန်မာ မင်းတို့လက်ထက် ဤပြဿနာ မည်သို့ဖြေရှင်းကြရသည်ကို ပညာရှိများ လေ့လာမိကြမည်သာတည်း။

            ထို့ပြင် အင်္ဂလိပ်မင်းလက်ထက်တွင် ၁၃၀၁ ခုနှစ်တွင် ၀ါကြီးထပ်သင့်သည်၊ ၀ါငယ်ထပ်သင့်သည်ဟူ၍ အငြင်းပုစ္ဆာ ဖြစ်ခဲ့ရရာ မည်သို့အခြေနေဆိုးထိ တိုင်ခဲ့ရသည်။ သတင်းစာ၊ စာစောင်၊ မဂ္ဂဇင်းတို့ကလည်း ထိုကိစ္စကို အကျယ်တ၀င့် ဖော်ထုတ်တင်ပြခဲ့ကြရသေး၏။ ကံဒွါရဂိုဏ်းဂဏ၊ ၎င်းတို့ကို ကိုးကွယ်သူ ဒါယကာတို့ကပါ တရားတဘောင်ဆိုင်ပြိုင်ရသည် နှင့်မခြား၊ အကျယ်အကျယ်ရင်ဆိုင်ခဲ့ကြရသည်။ ထို့ပြင် စာတို၊ စာရှည်သွင်းခဲ့ရသဖြင့် ချေပချက်၊ ပြိုင်ဆိုင်ချက်တို့ပါ ငြင်းခုံပွဲ များ ဖြစ်ခဲ့ရဘူးသေး၏။

            ထို့ကြောင့် ဆိုင်ရာအစိုးရမင်းများက ယင်းကိစ္စကို စုံစမ်းရေးကော်မတီများ ခန့်အပ်၍ စုံစမ်းစေခဲ့ရသည်။ ထိုကော်မတီ တွင်လည်း ရဟန်းပညာရှိ၊ လူပညာရှိပေါင်း ၁၃ ဦးပါဝင်ခဲ့လေသည်။ ထိုကော်မတီသို့ မြန်မာပညာရှိ အဖွဲ့များက မည်သို့ အကြံပေးခဲ့ရသည်ကိုကား သမိုင်းတစ်ရပ်အနေဖြင့် ကြည့်ရလျှင်လည်း မှားမည်မထင်ချေ။ ထိုအကြံပေးချက်ကပင် ဖော်ပြပါ ဖြစ်ရပ်တို့၏ သမိုင်းများက သက်သေခံလျှက် ဖော်ထုတ်လာသည်က ထင်ရှားပါရှိပေ၏။ ထိုအကြံပေးမျှ ဖြစ်ရုံသာမက ထိုကော်မတီ၏ အစည်းအေးတွင် အခြေအတင် ရင်ဆိုင်ခဲ့ကြရသည်တို့ကိုလည်း ပညာရှိများအနေဖြင့် အတိတ်ကအရိပ် ထင်ယောင်နေပေလိမ့်မည်သာတည်း။

            သို့သော် ထိုပုဂ္ဂိုလ်များအားလုံးကား ရှိနေကြသေးမည်မဟုတ်သော်လည်း ကော်မတီဝင်ပုဂ္ဂိုလ် အချို့အ၀က်ကား ယခုတိုင်ထင်ရှားရှိနေကြပေ၏။ ထိုသို့ ဗေဒသုခမိန် ရဟန်းရှင်လူ ပညာရှိ က၀ိန်တို့ကား ထိုမျှဆောင်ရွက်ခဲ့ပြီးချက်ဖြင့် ဤပြဿနာသည် အစဉ်ချောမောနိုင်ခဲ့ရာ၏လော့။ အမှန်ကား ရှေ့သို့ ရှေ့သို့၊ မငြိမ်း မငြိမ်း၊ ငြင်းကိန်းကြုံနေရသေးသည်သာ တည်း။ ကျွန်ုပ်အနေဖြင့်လည်း ဤပြဿနာကို နားလည်သိရှိသမျှ အကျယ်ရှင်းလင်းဖော်ပြပြီးဖြစ်၍ ကျွန်ုပ်အတူ သုတေသီ များလည်း ရှင်းလင်းချင်ကြမည်သာတည်း။ သို့သော် ဥပဒေသဘောဖြင့် ချုပ်ကိုင်စီးအုပ်ထားရန်ကား သင့်သည်မဟုတ်ချေ။ လေ့လာဖော်ထုတ်တင်ပြညှိနှိုင်းလျှက် အမှန်ဆုံးဖြစ်နိုင်ရန်ကိုသာ စုပေါင်းကြိုးစားကြရန် အသင့်လျော်ဆုံးဟု ထင်ရသည်။

            ယခု ဤဖော်ပြအပ်သော ဖြစ်ရပ်တို့ကို နောက်နောင် သုတေသီများ အမှန်ကို အပြီးတိုင် တိကနဲ ဆုံးဖြတ်နိုင်စွမ်း ချနိုင်သူ က၀ိက၀ိန်တို့အား ရှေးဟောင်းနှောင်းဖြစ်အနေဖြင့် ထောက်ဆ ဆင်ခြင်နိုင်ရန် လိုအပ်မည်။ သမိုင်းအထောက်အကူ ဟူ၍ ဤပုဂ္ဂိုလ်က မြတ်နိုးမိချေသည်။ ထို့ပြင် စစ်အတွင်းက စာပေကျမ်းဂန်များလည်း ဆုံးရှုံးပျက်စီးခြင်းများနှင့် ကြုံခဲ့ရကား ရှိသမျှစုမိသမျှ မှတ်တမ်းမှတ်ရာများကို ဖော်ထုတ်ကြသင့်ပြီဟုလည်း ထင်မှတ်မိသည်။

            ထို့ကြောင့် ယခုဖော်ပြပါနှင့် ဆိုင်ရာမှတ်တမ်းများကို တရိုတသေ သိမ်းဆည်းသိုမှီးထားသူများအနေဖြင့် အတိုင်းမသိ တန်ဘိုးရှိပြီးသည်ကိုကား ပြောနေရန် လိုမည်မဟုတ်ချေ။ သို့သော် ဤကိစ္စကိုဆက်လက်ဆောင်ရွက်လိုကြသူများ အဘို့ကား လိုလျှင် သုံးနိုင်ကြမည့်အပြင် မလိုလျှင်လည်း ပစ်ပယ်နိုင်ကြသည်သာတည်း။ ယင်းနှင့် ကျွန်ုပ်အနေဖြင့် ဗေဒသုတေသီများ၊ ဗေဒက၀ိန်များအတွက် အသုံးပြုမှီငြမ်း၊ နှိုင်းညှိဆင်ခြင် သတိမူနိုင်ကြစေရန် သမိုင်းဝင် စာရွက်စာတမ်းအဖြစ် တင်ပြလိုက်ရ ခြင်း ဖြစ်ပေကြောင်း။

ဦးကုဏ္ဍလ
အနောက်ဘက်ကျောင်း
ကူတောင်မြို့
ရသေ့တောင်မြို့နယ်
ရခိုင်တိုင်း
၆၊ ၃၊ ၁။ ဗေဒင်ပညာအခဏ်း (၄)

(သတ်ပုံမူရင်းအတိုင်း)

သက္ကရာဇ် ၁၃၀၁-ခုနှစ်မှာ ရက်မငင်သင့်ကြောင်း

ပဌမ၀ါဆို ဒုတိယ၀ါဆို ၂-လ ရက်စုံသတ် ၀ါငယ်ထပ်သင့်ကြောင်း


ရှင်းလင်းဘော်ပြချက်များ


ရေးသူ-သီရိဘာသက္ကရ က၀ိဓဇ ဘိသက္ကသိဒ္ဓိ ဇေယျကျော်ထင်ဘွဲ့ရ

မြန်မာပညာရှိ ဦးကျော်ရန်

 
(ဗေဒ၀ိဇ္ဇာ ဆေးပညာအထူးစာစောင် အတွဲနံပတ် ၉။ ၁၃၀၀-ခု တန်ဆောင်မုန်းလ။ ၁၉၃၈၊ နိုဝင်ဘာလ ဗေဒင်ပညာခဏ်း)

 
အပိုင်း (၁)

 
၁၉ ခုစားကို ပယ်ပြီးဖြစ်၍ နည်းစနစ်အသစ်ကို လိုက်နာခြင်း


            လူအပေါင်းတို့ သက္ကရာဇ် ခု လ ရက် အမှတ်အသားများကို မြန်မာနိုင်ငံတ၀ှမ်းလုံး အကွဲအပြားမရှိ တညီတညွတ် တည်း လိုက်နာ မှတ်သားကြစေခြင်းငှာ၎င်း၊ ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းသံဃာတော်တို့ ဥပုသ်ပ၀ါရဏာ ၀ါဆိုဝါကပ် တထပ်တည်း တညီတည်း ပြုနိုင်ကြစေခြင်းငှာ၎င်း၊ မြန်မာဘုရင်အဆက်ဆက် မြန်မာပညာရှိ ပုဏ္ဏားပညာရှိ ရဟန်းပညာရှိ အဖွဲ့ အသီးသီးထား၍ နှစ်စဉ်မပြတ် ညှိနှိုင်းဆုံးဖြတ်ကြသည်အတိုင်း ဘုရင်မင်းမြတ်၏ အမိန့်တော် ထုတ်ပြန်ပြီးလျှင် အတည် လုပ်ရမြဲ ရှေးအစဉ်အလာ ထုံးစံရှိခဲ့လေသည်။

            သက္ကရာဇ် ၁၂၁၇ ခုနှစ်တွင် လထပ်သင့် မထပ်သင့် အငြင်းအခုံဖြစ်ပွားကြရာ ၁၂၁၆-ခု တပေါင်းလပြည့်ကျော် ၁၄ ရက်နေ့ မှန်နန်းစနုဆောင်တွင် မြန်မာဘုရင်မင်းမြတ်နှင့်တကွ မိဖုရားခေါင်ကြီး မင်းညီမင်းသား မှူးတော်မတ်တော်တို့ အစုံအညီ ရှေ့တော်၌ သာသနာပိုင်ဆရာတော်က ညောင်ကန်ဆရာတော်အား ဆုံးဖြတ်ရန် လွှဲအပ်ရာ ၁၂၁၇-ခုနှစ် မတိုင်မီ နှစ်ကာလအရှည်လိုသော သက္ကရာဇ်ကို တည်၍ (၁၉) ခု စားကြွင်းကို အခြေခံထားပြီးလျှင် ၀ါထပ်ခြင်း၊ ရက်ငင်ခြင်းပြုခဲ့သော နည်းစနစ်ကို အထင်အရှားပယ်ဖျက်လျှက် တနှစ်ဟုခေါ်ဆိုအပ်သော ၁၂-ရာသီအနက် ရှေ့ပိုင်း ၄-ရာသီအတွင်းမှာ တနင်္ဂနွေ ဂြိုဟ်ရပ်စဉ် အဓိမာသ်ပြိုခဲ့လျှင် ထိုနှစ်၌ လထပ်ရာ၏။ နောက်ပိုင်း ၈-ရာသီအတွင်းမှာ တနင်္ဂနွေဂြိုဟ်ရပ်စဉ် အဓိမာသ်ပြို ခဲ့လျှင် လာလတံ္တ့သောနှစ်၌ လထပ်ရာ၏ဟု ဆုံးဖြတ်ခဲ့ခြင်းကို သာသနာပိုင်ဆရာတော်နှင့်တကွ မင်းဧကရာဇ်က အတည်ပြု တော်မူချက်အရ ၎င်းနည်းစနစ်အသစ်ကို ၁၂၁၇-ခုနှစ်က အစပြု၍ ယခုတိုင် လိုက်နာခဲ့ကြရလေသည်။ သို့အတွက် လွန်ခဲ့သော အတိတ်နှစ်များစွာက လထပ်ရက်ငင်ပြုခဲ့သော အကျိုးအပြစ်များကို ချန်လှပ်ခဲ့ပြီးလျှင် နည်းစနစ်အသစ်အရ လိုက်နာပြုလုပ်ခဲ့သည့် သက္ကရာဇ် ၁၂၁၇-ခုနှစ်ကစ၍ ၁၃၀၁-ခုနှစ်တိုင် လထပ်ခြင်း ရက်ငင်ခြင်းများ၏ အပြစ်များကို ပုဂ္ဂလ ဓိဋ္ဌာန်မဘက်။ ဓမ္မဓိဋ္ဌာန်သက်သက်သာလျှင် ရဟန်းရှင်လူတို့၏ အကျိုးစီးပွားအလို့ငှာ စီစစ်ညွှန်ကြား ရေးသားဘော်ပြပါအံ့။

           
အပိုင်း (၂)

         
အဓိမာသ်ပြိုရက်ငင်ပြိုနှင့် လထပ်ရက်ငင်ခဲ့သော အကြိမ်ပေါင်းများ


            ၁၂၁၇-ခုနှစ်မှ ၁၃၀၁-ခုနှစ်အထိ အဓိမာသ်ပြိုသော အကြိမ်ပေါင်း ၃၂ ကြိမ်ဖြစ်၍၊ ရက်ငင်ပြိုသော အကြိမ်ပေါင်းမှာ ၁၆ ကြိမ်ဖြစ်သည်။ အဓိမာသ်ပြိုသော အကြိမ်ပေါင်း (၃၂) ကြိမ်ရှိသဖြင့် နှစ်လရက်စုံသတ်၍ လထပ်သောအကြိမ်ပေါင်း (၁၆) ကြိမ်၊ လေးလရက်စုံသတ်၍ ရက်ငင်ပြီးလျှင် လထပ်သောအကြိမ်ပေါင်း (၁၆) ကြိမ် ဖြစ်လေသည်။

            နှစ်လရက်စုံသတ်၍ လထပ်သော နှစ်များမှာ ၁၂၁၇၊ ၁၂၂၃၊ ၁၂၂၈၊ ၁၂၃၆၊ ၁၂၃၉၊ ၁၂၄၇၊ ၁၂၅၀၊ ၁၂၅၅၊ ၁၂၆၁၊ ၁၂၆၆၊ ၁၂၇၄၊ ၁၂၈၁၊ ၁၂၈၅၊ ၁၂၉၁၊ ၁၂၉၆၊ ၁၃၀၁။ ပေါင်း (၁၆) နှစ်ဖြစ်လေသည်။

            လေးလရက်စုံသတ်၍ ၀ါကြီးထပ်၊ ရက်ငင်ခဲ့သော နှစ်များမှာ ၁၂၂၀၊ ၁၂၂၆၊ ၁၂၃၁၊ ၁၂၃၄၊ ၁၂၄၂၊ ၁၂၄၅၊ ၁၂၅၃၊ ၁၂၅၈၊ ၁၂၆၃၊ ၁၂၆၉၊ ၁၂၇၂၊ ၁၂၇၇၊ ၁၂၈၂၊ ၁၂၈၈၊ ၁၂၉၃၊ ၁၂၉၉။ ပေါင်း (၁၆) နှစ် ဖြစ်လေသည်။

            ၁၂၁၇-ခုနှစ်မှသည် ၁၃၀၁-ခုနှစ်ထိ ရက်ငင်ကိန်းပြိုသော အကြိမ်ပေါင်း (၁၆) ကြိမ်မျှရှိသည်ဆိုရာ ဗေဒင်ပညာကို လိုက်စားသူတိုင်း မည်သည့်ခုနှစ်၊ သုဒ္ဓဒိန်ရက်မည်မျှတွင် ရက်ငင်ကိန်းပြိုကြောင်း သိမြင်နိုင်သည်ဖြစ်၍ တဦးနှင့်တဦး အထူး အငြင်းပွားစရာမရှိပါ။ ထိုသို့ ရက်ငင်ကိန်း (၁၆)ကြိမ် ပြိုခဲ့သည့်အတိုင်း ရက်ငင်နှင့်တကွ လေးလရက်စုံသတ်၍ ၀ါကြီးထပ် သော နှစ်ပေါင်း (၁၆) နှစ် ရှိခဲ့လေသည်။ သို့အတွက် အချို့က ရက်ငင်တရက်တွက် လိုနေသည်ဟု ပြောဆိုရေးသားကြသည် မှာ မမှန်ကြောင်း ထင်ရှားလေသည်။
 
အပိုင်း (၃)
 
အချို့သောပုဂ္ဂိုလ်တို့ စွပ်စွဲချက်အရ ရက်ငင်ပြိုတရက်မလိုကြောင်း ဝေါဟာရလပြည့်နေ့၏ တိထီများက သက်သေခံ ပြလျက်ရှိခြင်း
 
            အချို့သောသူတို့က ရက်ငင်ပြိုတရက်လိုနေသဖြင့် ၁၃၀၁-ခုနှစ်မှာ နှစ်လရက်စုံသတ်၊ ၀ါငယ်မထပ်ဘဲ ရက်ငင်နှင့် တကွ ၄-လ ရက်စုံသတ်၊ ၀ါကြီးထပ်သင့်သည်ဟု အဆိုရှိရာ ၀ါငယ်ထပ်သော ၁၃၀၁-ခုနှစ် တန်ခူးလ၊ ကဆုန်လ၊ နယုန်လ၊ ပဌမ၀ါဆိုလ၊ ဒုတိယ၀ါဆိုလ၊ ၀ါခေါင်လ၊ တော်သလင်းလ၊ သီတင်းကျွတ်လ၊ နတ်တော်လ၊ တပို့တွဲလ၊ ၎င်း ၁၀-လအတွက် ဝေါဟာရလဆန်း ၁၅ ရက်ခေါ် လပြည့်နေ့တိုင်းမှာ တိထီ ၁၄-လုံးနှင့် ခဋီစွန်းများရရှိ၍ ၁၅-လုံး အ၀င်ဖြစ်သဖြင့် တိထီနှင့် ဝေါဟာရလပြည့် နှစ်ပါးညီညွတ်ကြသည်ကို ထင်ရှားတွေ့မြင်နိုင်ပါသည်။
            အစောင်စောင်သော ဗေဒင်ကျမ်းများအရ တိထီ ၁၄-လုံးနှင့် ခဋီစွန်းလျှင် ၁၅-လုံးအ၀င်ဟု အမှတ်ပြုကြရလေသည်။ ဝေါဟာရလပြည့်နေ့တွင် ထွက်ပေါ်စလကို ကြည့်ရှုသည့်အခါ ၀န်းဝိုင်းပြည့်ညီခြင်းမရှိသဖြင့် ၀ါထပ်ရက်ငင်နှစ်များ မှားယွင်း တိမ်းယိမ်းခြင်းကြောင့်သာ ဤကဲ့သို့ရှိနေရသည်ဟု မထင်မှတ်သင့်ပါ။ သန္ဒိဋ္ဌနေ့စဉ်ကျယ်ပြက္ခဒိန်များ၌ ဘော်ပြပါရှိသော တိထီ နှင့် ခဋီစွန်းများသည် ညဥ့်သန်းခေါင်ယံအချိန်အတွက် ဘော်ပြထားသဖြင့် ညဦးလထွက်စမှာ ၀န်းဝိုင်းပြည့်ညီခြင်းမရှိ သော်လည်း သန်းခေါင်ယံအချိန်၌ ပြည့်ညီခြင်းက များပါသည်။ သို့ရာတွင် တနှစ်တွင် မြန်မာ ၁၂-လ ရှိသည့်အနက် သန်းခေါင် ယံအချိန်မှာ တိထီ ၁၅-လုံးဘက်သို့ဝင်သော လသည်ကား အများအားဖြင့် ၆-လ၊ ၇-လ လောက်သာ ရှိတတ်ပါသည်။ ဝေါဟာရလပြည့်နေ့ တိထီ ၁၅-လုံးမှ ခဋီစွန်းသောလမှာ အလွန်နည်းပါး၍ လပြည့်နေ့ သန်းခေါင်ယံအချိန်တွင် တိထီ ၁၅-လုံး တိတိမှန်မှန်ရသော လ ကိုလည်း အလွန်တွေ့နိုင်ခဲပါသည်။ ဝေါဟာရ ၁၂-လ ရှိသည့်အနက် ၎င်း ၁၂-လလုံးလုံး လပြည့်နေ့ တိုင်း သန်းခေါင်ယံအချိန်မှာ တိထီ သုည သို့မဟုတ် တိထီ ၁၅-လုံး တိတိ မှန်မှန်ရစေခြင်းငှာ လူပြုပြင်၍ ဖြစ်နိုင်သောအရာ မဟုတ်ကြောင်း ဗေဒင်ပညာကို ကောင်းစွာတတ်ကျွမ်းနားလည်သူတို့ သိပြီးဖြစ်ကြပါသည်။ ရက်ငင်ပြို တရက် မလိုကြောင်း အထက်၌ ဘော်ပြပါရှိသော ဝေါဟာရလပြည့်နေ့၏ တိထီများက ၁၀-လ လုံးလုံးသက်သေခံ ဘော်ပြလျှက်ရှိပါသည်။
 
အပိုင်း (၄)
 
ရှေ့လာမည့်နှစ်အဘို့ကို ရှုမြော်သင့်ကြောင်း
            အချို့သော သတင်းစာများတွင် ၁၃၀၁-ခုနှစ်မှာ ၄-လ ရက်စုံသတ် ၀ါကြီးထပ်သင့်သည်ဟု ရေးသားကြရာ ရှေ့လာမည့် ၀ါထပ်နှစ်အတွက်ကို မျှော်၍မကြည့်မိသောကြောင့်သာ ရေးသားသည့် လက္ခဏာရှိပါသည်။ ၎င်း ၁၃၀၁- ခုနှစ်မှ ရှေ့ကိုမျှော်၍ ကြည့်လိုက်ခဲ့လျှင် ၁၃၀၄-ခုနှစ် ရှေ့ပိုင်း ၄-ရာသီအတွင်းမှာ အဓိမာသ်လည်းပြို၊ ရက်ငင်လည်းပြို၊ နှစ်ပါးပြိုင်၍ ပြိုနေသဖြင့် ထိုနှစ်မှာ ၄-လရက်စုံသတ် ၀ါကြီးထပ်ရမည်မှာ မလွဲနိုင်ပါ။ အကယ်၍ ၁၃၀၁-ခုနှစ်မှာ ၀ါကြီးထပ်ခဲ့လျှင် ၁၃၀၄-ခုနှစ်မှာလည်း ၀ါကြီးထပ်ရမည်ပင် ဖြစ်သောကြောင့် ၁၃၀၄-ခုနှစ် ပဌမ၀ါဆိုလပြည့်နေ့တွင် တိထီသုည၊ ခဋီ ၁၄၊ ဒုတိယ ၀ါဆိုလပြည့်နေ့တွင် တိထီ ၁၊ ခဋီ သုည။ နက္ခတ်-၂၂၊ ခဋီ-၁။ ၀ါခေါင်လပြည့်နေ့တွင် တိထီ ၁၊ ခဋီ သုည။ နက္ခတ်-၂၂၊ ခဋီ-၁။ တိထီ ၁။ ၀ါခေါင်လပြည့်နေ့တွင် တိထီ ၁၊ ခဋီ ၃၉။ တော်သလင်းလပြည့်နေ့တွင် တိထီ ၁၊ ခဋီ ၉။ သီတင်းကျွတ် လပြည့်နေ့ တွင် တိထီ ၁ ၊ ခဋီ ၃၂။ နတ်တော်လပြည့်နေ့တွင် တိထီ ၁ ၊ ခဋီ သုညရရှိမည်ဖြစ်၍ ဘော်ပြခဲ့သော လပြည့်နေ့များတွင် တိထီ ၁-လုံး၊ တိထီ ၂-လုံးအ၀င်သို့ ကျရောက်နေသဖြင့် လပြည့်ကျော် ၁-ရက်၊ ၂-ရက်နေ့အစစ်ကို လပြည့်နေ့ဟု ခေါ်ဆိုမှတ်သား ကြရခြင်း၊ ဒုတိယ၀ါဆိုလပြည့်နေ့တွင် နက္ခတ် ၂၂၊ ခဋီစွန်း ၁ ရှိနေ၍ ပုဏ္ဏမီ အာသဠှီမှ ကျော်လွန်နေခြင်းများနှင့် တွေ့ကြုံကြရ ပါလိမ့်မည်။
 
အပိုင်း (၅)
 
ဝါကြီးဖြစ်စေ၊ ၀ါငယ်ဖြစ်စေ၊ သုံးကြိမ်ဆက်၍ ထပ်မြဲ၊ ငင်မြဲ မရှိခဲ့ဘူးကြောင်း
            ၁၃၀၁-ခုနှစ်မှာ ၀ါကြီးထပ်မိလျှင် ၁၃၀၄-ခုနှစ်မှာလည်း ၀ါကြီးထပ်ရမလိမ့်မည် ဖြစ်သောကြောင့် ၀ါကြီးဖြစ်စေ၊ ၀ါငယ်ဖြစ်စေ၊ ၃ နှစ်ဆက်၍ ထပ်ရိုးမရှိကြောင်း၊ ဗေဒင်ပညာကို အတော်အသင့် နားလည်သူတို့ သိရှိကြပါသည်။
            ၁၃၀၁-ခုနှစ်မှာ ၀ါငယ်ထပ်၍ ၁၃၀၄-ခုနှစ် ၀ါဆိုလအတွင်း အဓိမာသ်နှင့် ရက်ငင်၊ နှစ်ပါးစုံပြိုသည့်အတိုင်း ၀ါကြီး ထပ်ခဲ့လျှင် ဒုတိယ၀ါဆိုလပြည့်နေ့ သန်းခေါင်အချိန်မှာ တိထီ ၁၄-နှင့် ခဋီစွန်း ၅၄၊ စန်းယှဉ်နက္ခတ် လုံးရေ ၂၀ နှင့်၊ ခဋီစွန်း ၅၈ ရမည်ဖြစ်၍ လပြည့်နေ့မှာ တိထီ ၁၅လုံးပြည့်ရန် ၆ ခဋီသာလိုသည့်ပြင် ဥတ္တရာသဠ်နက္ခတ်ကိုလည်း မှီသဖြင့် အလွန် ဖြောင့်မတ် မှန်ကန်ခြင်းဖြစ်ပေလိမ့်မည်။ ၁၃၀၄-ခုနှစ် ၀ါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်၊ နတ်တော် ၄-လမှာ လပြည့်နေ့ သန်းခေါင်အချိန် မတိုင်မီပင် တိထီ ၁၅-လုံး ပြည့်သဖြင့် ကောင်းကင်မှထွက်ပေါ်သော လသည် ၀န်းဝိုင်းပြည့်ညီလျှက် ရှိသည် ကိုလည်း ရဟန်းရှင်လူအပေါင်းတို့ ထင်ရှားရှုမြင်ကြရပါလိမ့်မည်။ တန်ဆောင်မုန်းလပြည့် သန်းခေါင်အချိန်တွင် တိထီ ၁၅-လုံး ပြည့်ရန် ၆ ခဋီသာလိုသဖြင့် လ၀န်းပြည့်ညီလျှက် ရှိသည်ကိုလည်း တွေ့မြင်ရပါလိမ့်မည်။ ၁၃၀၁-ခုနှစ်မှာ ၀ါငယ်၊ ၁၃၀၄-ခုနှစ် မှာ ၀ါကြီးထပ်သဖြင့် တိထီနှင့် နက္ခတ်များ အလွန်ရင့်လျှက်ရှိရာ ၁၃၀၁-ခုနှစ်မှာလည်း ၀ါကြီး၊ ၁၃၀၄-ခုနှစ်မှာလည်း ၀ါကြီး ထပ်ခဲ့သော် ၁၃၀၄-ခုနှစ်တွင် တိထီနှင့် နက္ခတ်များ ကျော်လွန်လျှက်ရှိသည်ကိုလည်း တွေ့မြင်ရပါလိမ့်မည်။

No comments: