Sunday, October 14, 2012

မြန်မာပြက္ခဒိန်တွက်နည်း (၄၅)

 

နိဂုံး


ယခု ကျွန်တော် မြန်မာပြက္ခဒိန်အကြောင်း ကြိုးစားပြုစုလိုက်ပါသည်။ ရှေးယခင်ကတည်းက မြန်မာပြက္ခဒိန်နှင့်ပတ်သက်၍ အယူအဆအမျိုးမျိုးရှိခဲ့ကြသည်ဖြစ်ရာ မြန်မာပညာရှိအတော်များများပင် မြန်မာပြက္ခဒိန်ကို ပိုမိုမှန်ကန်ကောင်းမွန်သည့် ပြက္ခဒိန်တစ်ခု ဖြစ်လာစေရန် အမျိုးမျိုး ဝေဖန်၊ အကြံပြုခဲ့ကြပါသည်။

၁၉၀၉ ခုနှစ်က ထုတ်ဝေခဲ့သော The Burmese and Arakanese Calendars စာအုပ်၌ A.M.B Irwin က Defects and Suggestions for Reform ဟု မြန်မာပြက္ခဒိန်၏ ချို့ယွင်းချက်၊ အားနည်းချက်နှင့် မည်ကဲ့သို့ပြုပင်လျှင် သင့်တော်မည်ဆိုသည့်အကြောင်း များကို အခန်း ၅ တွင် တင်ပြခဲ့ပါသည်။

ဆရာတော်ဦးကုဏ္ဍလ ကလည်း ၎င်း၏ အာကဍ္ဎနသဘာဝစိန္တာကျမ်း တွင် တွက်နည်းအမျိုးမျိုးပြကာ ကောင်းမွန်သော ပြက္ခဒိန် တစ်ခုဖြစ်စေရန် မည်သို့စီရင်ရမည်ကို တင်ပြထားပါသည်။

ထို့ပြင် ဟင်္သာတမြို့၊ သပြေပင်ကျောင်းတိုက် ဆရာတော်ဦးသောဘန၊ ဆရာဦးကျော်ငြိမ်း၊ ဘဒ္ဒန္တကောသလ္လထေရ် စသည့် ပညာရှိကြီးများကလည်း အသီးသီးတင်ပြခဲ့ကြပါသည်။ 

ဦးအုန်းကြိုင်ကလည်း မြန်မာပြက္ခဒိန်အကြောင်းကို သေသေချာချာ သုတေသနပြုကာ သူ၏ မြန်မာ့ပက္ခဒိန် သုတေသနကျမ်းတွင် မှန်ကန်၊ ကောင်းမွန်သော ပြက္ခဒိန်တစ်ခုဖြစ်လာစေရန် မည်ကဲ့သို့ပြုပြင်ရမည်။ တွက်ချက်ရမည်။ မည်သည့်အချက်များကို လိုက်နာရမည် စသဖြင့် အလွန်ပြည့်စုံစွာ တွက်ချက်တင်ပြခဲ့ပါသည်။ သူတွက်ချက်တင်ပြထားပုံများမှာ အထူးကောင်းမွန်လှ၏။ ဦးအုန်းကြိုင်မှာ ခေတ်ပညာ တတ် အင်ဂျင်နီယာတစ်ဦးဖြစ်လေရာ သူရေးသားထားသည်များမှာ ရှင်းလင်းသည်။ ဖတ်ရလွယ်သည်။ အချက်အလက် အပြည့်အစုံ၊ အထောက်အထား ခိုင်ခိုင်လုံလုံရှိသည်။

ဦးအုန်းကြိုင်တင်ပြထားသကဲ့သို့ သူရိယသိဒ္ဓန္တကျမ်းလာ နည်းအတိုင်း မူမှန်ပြက္ခဒိန်ကို လက်ခံကျင့်သုံးလိုက်ပါက ပြဿနာ အားလုံးပြေလည်သွားမည်။ အထက်တန်းပညာ လေ့လာဆည်းပူးဖူးသူ မည်သိုမဆို တွက်နိုင်မည်။ ထို့ထက် ယခုမှာ ကွန်ပြူတာခေတ် ဖြစ်လေရကား ထိုပြက္ခဒိန်တွက်နည်းကို ပရိုဂရမ်ရေးလိုက်လျှင် ဘာမှ ပင်ပန်းစရာမလိုတော့။ မိမိသိလိုသော ခုနှစ်ကို ရိုက်ထည့်လိုက်ရုံမျှဖြင့် ဤနှစ်မှာ သာမန်နှစ်ဖြစ်သည်၊ ၀ါငယ်ထပ်မည်၊ ၀ါကြီးထပ်မည်၊ နှစ်အစမှာ မည်သည့်နေ့ရက်ဖြစ်သည်။ သင်္ကြန်ကျချိန်များမှာ မည်သည့် အချိန်များဖြစ်သည် အစရှိသည်တို့ကို အလွယ်တကူ သိနိုင်မည်။

အရေးကြီးသည်မှာ တွက်ရိုးများထက် ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအား ဖြေလျော့သင့်သည်ကို ဖြေလျော့ပေး လိုက်ရန်သာ ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ၊ သံဃာတော်များ နှင့် ပြက္ခဒိန်အကြံပေးအဖွဲ့မှ ပညာရှိကြီးများ ပြန်လည်သုံးသပ် ဆင်ခြင်နိုင် ကြရန် ဖြစ်ပါသည်။

No comments: