Thursday, September 29, 2016

အဘ ဘ၀၊ အဘ အကြောင်း

(၁)

ဦးထင်ကျော် သမ္မတဖြစ်ပြီဆိုတော့ သူနှင့်အတူ သူရေးခဲ့သည့် ‘အဘဘ၀၊ အဘအကြောင်း တစေ့တစောင်း’ ဆိုသည့် စာအုပ်ပါ ကျော်ကြားလာသည်။ ယခင်က သည်စာအုပ်အကြောင်း ကျွန်တော် ကြားမျှပင် မကြားစဖူး။ အမှန်ကိုဆိုရလျှင် သမ္မတကြီးက ဒလဘန်း ဆိုသည့် ကလောင်နာမည်ဖြင့် သူ့ဘခင်ဖြစ်သူ ဆရာကြီးမင်းသုဝဏ်အကြောင်း ရေးခဲ့သည်ဆိုတော့ ကျွန်တော် သိပ်အထင်မကြီးမိ။ ဆရာကြီးရေးခဲ့သည့် နေ့စဉ်မှတ်တမ်းများကို ပြန်လည် စုစည်းထားတာနေမှာပါဟုသာ ထင်ခဲ့သည်။

ခေတ်စမ်းစာပေကို အရူးအမူးစွဲလမ်းသူများတွင် ကျွန်တော်လည်း တစ်ယောက်အပါအ၀င်ဖြစ်၏။ ခေတ်စမ်းစာပေကို စွဲလမ်းသည်ဆိုတော့ ခေတ်စမ်းသူရဲကောင်းသုံးယောက်ကိုလည်း ကိုးကွယ်သပေါ့။

သည့်အတွက် ဒလဘန်းက ဆရာကြီးမင်းသုဝဏ်အကြောင်းရေးသည်ဆိုတော့ ကျွန်တော်မသိသေးတာတွေ အများကြီး ပါမှာဖြစ်သည့်အတွက် သည်စာအုပ်ကို ဖတ်ချင်လှသည်။

ဟိုတလောက သမီးမြန်မာပြည်က ပြန်လာတော့ ဤစာအုပ်ပါလာသည်။
ကျွန်တော်ဖတ်ချင်နေသောစာအုပ်ဖြစ်၍ အငမ်းမရ မြည်းစမ်းကြည့်မိ၏။
အာ ပါး။

ကျွန်တော်ကား လူကဲခတ်ညံ့ဖျင်းလေစွတကား။
ဒလဘန်းကား တော်ရုံစာရေးဆရာမဟုတ်။
ဒလဘန်းအား မူလက အထင်သေးခဲ့မိသည့်အတွက် ရှိခိုးဦးတင်၍ အနူးအညွတ်တောင်းပန်ပါသည် ဆရာကြီးခင်ဗျာ။

ဒလဘန်း သူ့ဘခင်အကြောင်း ပြုစုထားသည်မှာ ရိုးရိုးဖတ်ကောင်းရုံ ရေးထားတာမဟုတ်။ သုတေသနစာတမ်းတစ်စောင်ကို ပြုစုထားသကဲ့သို့ အချက်အလက် တိကျ ခိုင်လုံလှသည်။
ပထမတစ်ပုဒ်နှင့်ပင် ကျွန်ုပ် ဒလဘန်းကို ပစ်ကျသွားလေ၏။

အတော်အသင့် နာမည်ကြီးသော ယခုခေတ်ပေါက် စာရေးဆရာများရေးထားသည့် အတ္ထုပ္ပတ္တိဆန်ဆန် စာအုပ်များကို စိတ်ဝင်စားလှသည်နှင့် ကျွန်တော် ၀ယ်ယူဖတ်ရှုပါသည်။ သို့သော် အထင်နှင့်အမြင် ကွာခြားလွန်းလှ၏။ သူတို့စာအုပ်များကို ဖတ်ရတော့ ကျွန်တော် ဆရာ တက္ကသိုလ်စိန်တင်ကို လွမ်းလှသည်။

ယခု ဒလဘန်း၏ အဘဘ၀၊ အဘအကြောင်းကိုဖတ်ရတော့ ကျွန်ုပ်တို့သမ္မတကြီးကို မလေးစားဘဲ မနေနိုင်။ ယခင်က သူ့စာများကို ကျွန်တော်မဖတ်ဖူးခဲ့။ သို့သော် ဒလဘန်း၌ စာရေးဆရာဝိဉာဉ် အပြည့်ရှိကြောင်း သူ့စာများ၌ တွေ့ရသည်။

စာဝါသနာပါသူ မိတ်ဆွေများအားလည်း ဖတ်ကြည့်စေချင်စမ်းလှသည်။ ဖတ်ဖြစ်အောင် ဖတ်ကြပါဟုလည်း တိုက်တွန်းလိုက်ပါသည်။

(၂)

မင်းသုဝဏ်၊ ဇော်ဂျီ နှင့် သိပ္ပံမောင်ဝတို့စာများကို ကျွန်တော်ကျောင်းသားဘ၀ကတည်းက ကြိုက်လွန်းလှ၍ ဖတ်မိသမျှကို အတော်များများ အလွတ်ကျက်မှတ်ခဲ့ဖူးပါ၏။ သို့သော် သူတို့ဘ၀အကြောင်းကိုမူ အသက်နည်းနည်းရလာမှ စာတိုပေစများ ထဲမှ အတန်ငယ် တီးမိ ခေါက်မိတာ ဖြစ်သည်။

ထို့ပြင် ခေတ်စမ်းစာပေအကြောင်းကိုလည်း လေ့လာမိသည့်တိုင် ယခုလောက် ပြည့်ပြည့်စုံစုံ မသိခဲ့ရ။

ယခု ဒလဘန်း၏ အဘဘ၀၊ အဘအကြောင်းတွင်မူ ခေတ်စမ်းစာပေ ရေစီးကြောင်းကြီးတစ်ခုလုံးကို အလုံးစုံနီးပါး သိခွင့် ရလိုက်သည်။ ထို့ပြင် သည်စာအုပ်တွင် ဆရာကြီးမင်းသုဝဏ်အကြောင်းသာမကဘဲ သူနှင့် ဆက်စပ်ပတ်သက်နေသူများ၏ အကြောင်းများ၊ ယခင်ကာလက ပညာရေးစနစ်အကြောင်း၊ လူနေမှုစနစ်များအကြောင်း၊ စီးပွားရေး၊ စစ်ရေးနှင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းများကိုပါ သိနိုင်လေသည်။

ဒလဘန်း၏ သရုပ်ဖော်ကောင်းမှုကြောင့် အဘဘ၀၊ အဘအကြောင်းတွင် ကိုလိုနီခေတ်နှောင်းကာလပိုင်း မြန်မာ့စာပေ လောကအကြောင်းကို တော်တော်ပြည့်ပြည်စုံစုံ သိခွင့်ရ၏။ တစ်နည်းအားဖြင့်လည်း အဘဘ၀၊ အဘအကြောင်းသည် ခေတ်စမ်းစာပေ၏ သမိုင်းကြောင်းမျှသာမက ကိုလိုနီခေတ်နှောင်း မြန်မာ့နိုင်ငံရေးသမိုင်း၏ မှတ်တိုင်ပါ ဖြစ်လေ၏။

မြန်မာ့စာပေ တစ်နည်းအားဖြင့် ခေတ်စမ်းစာပေသမိုင်းအတွက် အဘဘ၀၊ အဘအကြောင်းသည် အလွန်အဖိုးတန်လှသော ရည်ညွှန်းစာအုပ်ကောင်းတစ်ခု ဖြစ်လေသည်။ ဆရာကြီးမင်းသုဝဏ်၏ သားကိုယ်တိုင်က မူရင်းအချက်အလက်များကို ကိုးကား ရေးသားထားသည်ဖြစ်၍ သည်မျှခိုင်လုံသော အကိုးအကား မရှိတော့။

အားလုံးခြုံ ပြောရလျှင် အဘဘ၀၊ အဘအကြောင်းသည် သာမန်စာအုပ်တစ်အုပ်မျှသာမဟုတ်။ စာပေသမိုင်း၏ မှတ်တိုင်တစ်ခု ဖြစ်ပြီး စာသမားတိုင်း၊ ကျောင်းတိုင်း၊ စာကြည့်တိုက်တိုင်း၊ သုတေသနသမားတိုင်း လက်ကိုင်ပြုထားရမည့် အဘိုးတန်စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါကြောင်း။

 အချိန်သိပ်မရ၍ တက်သုတ်ရိုက် ရေးလိုက်ပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၄၊ မေ၊ ၂၀၁၆


အလယ်တန်းသင်္ချာ ဖြေစမ်းပါ

အားနေလို့တော့မဟုတ်ပါဘူး။ ဧပြီ  ၁၃ ရက်လောက်က အင်တာနက်စာမျက်နှာတွေပေါ်မှာ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ သင်္ချာပုစာ တစ်ပုဒ်ပါ။ သိပြီးတဲ့သူတွေလည်း သိပြီးပါပြီ။ မသိသေးတဲ့သူတွေ နည်းနည်းလောက် ကြိုးစား ကြည့်လိုက်စမ်းပါ။ ၅ တန်းသင်္ချာပါတဲ့။

ကိုမင်းအောင်နဲ့ ကိုသိန်းစိုးတို့ဟာ ဧရာဝတီမဂ္ဂဇင်းရဲ့ကောင်းမှုကြောင့် ထင်ထင်နဲ့ သယ်ရင်းတွေဖြစ်လာကြတော့ သူ့မွေးနေ့ကို သိချင်လို့မေးကြတယ်။ ကောင်မလေးက နောက်တီးနောက်တောက်ခင်ဗျ။ သူ့မွေးနေ့ကို တည့်တည့်မပြောဘဲ ဖြစ်နိုင်ချေရှိတဲ့ ရက် ၁၀ ခု ကိုပေးလိုက်တယ်။ အဲဒီရက်တွေက -

မေလ ၁၅။                       မေလ ၁၆။                       မေလ ၁၉
ဇွန်လ ၁၇။                       ဇွန်လ ၁၈။
ဇူလိုင်လ ၁၄။                   ဇူလိုင်လ ၁၆။
သြဂုတ်လ ၁၄။                 သြဂုတ်လ ၁၅။                 သြဂုတ်လ ၁၇   - - - ရက်တို့ပါတဲ့။

နောက်ပြီး ကိုမင်းအောင်ကို လ ချည်း၊ ကိုသိန်းစိုးကို ရက် ချည်း ပြောပါသတဲ့။ တိုးတိုးလေး သပ်သပ်စီပြောတာ။

မင်းအောင်။         ။ ငါ ထင်ထင့်မွေးနေ့ကို မသိဘူး။ ဒါပေမဲ့ သိန်းစိုးလဲမသိဘူးဆိုတာတော့ ငါသိတယ်။
သိန်းစိုး။              ။ အေး၊ ငါလဲပထမတော့ ထင်ထင့်မွေးနေ့ကို မသိဘူး။ ဒါပေမဲ့ ခု သိသွားပြီကွ။
မင်းအောင်။         ။ ဟားဟား၊ ဘာရမလဲကွာ။ ငါလဲသိပြီကွ။

ကဲ ထင်ထင့်မွေးနေ့ကို ပြောပါအုံး အစ်ကိုကာလသားတို့ရယ်။ မသိဘူးဆိုရင်တော့ ဆယ်တန်းအောင်လက်မှတ်တွေ အကုန်ပြန်အပ်ရမယ်နော့။ အဟိ။

အေးငြိမ်း
၂၉ မေ၊ ၂၀၁၅


ဗီဇာကင်းလွတ်ခွင့် နှင့် မြန်မာစာအရေးအသား

အရှေ့တောင်အာရှနိုင်ငံများအနက် စင်ကာပူကိုလာဘို့ ဗီဇာလိုတာ မြန်မာတနိုင်ငံတည်းသာ ရှိ၏။
ဗီဇာကင်းလွတ်ခွင့်အကြောင်း ခုမှ အသံသဲ့သဲ့ကြားလာရတာ ဖြစ်သည်။
မနေ့က တီတီ ဟု ဖုံးသတင်းဝင်လာတော့ အလုပ်လုပ်နေရင်းမှ ကြည့်မိ။
ဒီဇင်ဘာ ၁ ရက်နောက်ပိုင်းဆို ဗီဇာမလိုတော့ ဟု သတင်းထိပ်စီးကိုသာကြည့်ပြီး ကျွန်တော်လည်း ၀မ်းသာအားရ အမျိုးတို့ဆီ ဖေ့စ်ဘုတ်မှတဆင့် အကြောင်းကြားလိုက်၏။
အလုပ်တန်းလန်းနှင့်ဆိုတော့ သတင်းအပြည့်အစုံကို ဖွင့်ဖတ်မကြည့်မိအား။
နောက် အောက်က ကွန်မင့်တွေပေါ်လာမှ တလထဲဆိုတာ သိရသည်။
သည်သတင်းကို ဖေ့စ်ဘုတ်ပေါ်တွင် အတော်များများ ဖြန့်နေတာလည်း ဖတ်ရသည်။
ဗီဇာကင်းလွတ်ခွင့် တလပေးမည် ဟု ရေးကြတာ များ၏။
(တစ်လ ဟု မရေးချင်၍ တမင်သက်သက် တလ ဟု ရေးပါသည်။)

သည်တော့ တလဆိုတာ ဘာတလလဲ။

တယောက်က Popular News Journal မှ သတင်းကို screen shot ရိုက်တင်ပေး၏။
ထိုသတင်းတွင် မြန်မာနိုင်ငံမှ ပြည်သူများအား ဗီဇာကင်းလွတ်ခွင့် တလပေးမည်ဖြစ်ကြောင်း စင်ကာပူသမ္မတနိုင်ငံ ၀န်ကြီးချုပ်က ပြောသည်။ အဆိုပါ ဗီဇာကင်းလွတ်ခွင့်မှာ လာမည့် ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ ဟု ရေးထား၏။

ကြည့်ရတာ သူလည်း ကျွန်ုပ်လို သတင်းပေးချင်ဇောနှင့် ကပျာကသီ ကောက်ကက်ရေးလိုက်တာဖြစ်မည်။

ဗီဇာကင်းလွတ်ခွင့် တလပေးမည်။ ဒီဇင်ဘာ ၁ ရက်နောက်ပိုင်း ဆိုတော့ သည်သတင်းကိုဖတ်ပြီး ဒီဇင်ဘာ ၁ ရက်မှ ဇန္န၀ါရီ ၁ ရက်နေ့အထိ စင်ကာပူကိုလာသူများ ဗီဇာလျှောက်စရာမလို ဟု အဓိပ္ပာယ် သက်ရောက်သွားနိုင်သည်။ သည်သတင်းကြည့်ပြီး ကျွန်တော်လည်း သည်လိုပင် နားလည်လိုက်မိ၏။ နောက် အင်္ဂလိပ်သတင်းရှာဖတ်မှ သဘောပေါက်သည်။ သတင်း အတိအကျမှာ အောက်ပါအတိုင်း ဖြစ်၏။

Under the agreement, both countries will grant an exemption of visa to each other's citizens for a stay of not longer than 30 days, and subject to prevailing entry requirements.

စင်ကာပူ၊ မြန်မာနှစ်နိုင်ငံမှ နိုင်ငံသားများသည် ရက် ၃၀ ထက်ကျော်ပြီးမနေပါက သတ်မှတ်ထားသောနိုင်ငံဝင်ခွင့် စည်းကမ်းချက်များအတိုင်း ဗီဇာကင်းလွတ်ခွင့်ပေးမည် ဟု နှစ်နိုင်ငံ အပြန်အလှန်သဘောတူကြ၏။

ဆိုလိုသည်မှာ ဒီဇင်ဘာလ ၁ ရက်နောက်ပိုင်းတွင် စင်ကာပူမှ မြန်မာနိုင်ငံသို့ လာလိုသူများသည် လည်းကောင်း၊ မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ သွားလိုသူများသည်လည်းကောင်း ထိုနိုင်ငံများတွင် ရက် ၃၀ ထက်ပိုမနေပါက သတ်မှတ်ထားသော နိုင်ငံဝင်ခွင့် စည်းကမ်းချက်များနှင့် ကိုက်ညီလျှင် ဗီဇာကင်းလွတ်ခွင့်ပေးမည် - ဟု အဓိပ္ပာယ်ရသည်။

(တလအတွင်းနေရင် ဗီဇာကင်းလွတ်ခွင့်ပေးမယ် ဆိုပေမဲ့ သိပ်လဲပျော်မနေကြပါနဲ့အုံး အမျိုးတို့ရေ။ “နိုင်ငံဝင်ခွင့် စည်းကမ်းချက်များနှင့် ကိုက်ညီလျှင်” - ဆိုတဲ့စကားလုံးက အလွန် အဓိပ္ပာယ် ကျယ်တယ်ခင်ဗျ။ လေဆိပ်ရောက်မှ ငါတို့ လ.၀.က ဥပဒေနဲ့ မကိုက်ညီလို့ ၀င်ခွင့်မပေးနိုင်ဘူး ဆိုပြီး ပြန်လွှတ်တာ ဘယ်နှယောက်ရှိနေပြီလဲ။ ဒါဖြင့် အဲဒီ မကိုက်ညီတဲ့ လ.၀.က ဥပဒေ သတ်မှတ်ချက်ကလေး ငါ့ရှင်းပြနိုင်မလား လို့ မေးချင်သပ။ အရင်က အဲသလို ကျွန်တော်မေးခဲ့ဖူးပါသည်။ ဒါ ငါ မင်းကို ရှင်းမပြနိုင်ဘူး လို့ ပြန်ဖြေသည့်အတွက် အောင့်သီးအောင့်သက် ဆုတ်ခွာခဲ့ရဖူးပါ၏။ ဤကား စကားချပ်)

သတင်းရေးရာတွင်လည်း ဤအတိုင်းရေးရမည်။

ထို့ကြောင့် ထင်ယောင်ထင်မှားဖြစ်စေတတ်သော အထက်ပါ သတင်းရေးပုံမျိုးကို ရှောင်ရမည်။ ဤသို့ရေးတတ်ရန် မြန်မာစာ အရေးအသား ကျွမ်းကျင်ဘို့လို၏။

ဤကဲ့သို့သော မြန်မာစာအရေးအသား အမှားများ သတင်းစာ၊ ဂျာနယ်တော်တော်များများတွင် မကြာခဏဆိုသလို တွေ့ရသည်။ ကျွန်တော်က သည်ကိစ္စကို သုတေသနလုပ်နေတာမဟုတ်တော့ မှတ်မထားမိ။ အားလည်းမအား။ အခုလို စာများ ရေးဘို့ဆိုတာ အလုပ်ချိန်ကနေ အလီဘာဘာ လုပ်ရေးရတာ ဖြစ်၏။

မြန်မာစာတွင် နာမ၀ိသေသနကို ရှေ့နှင့်နောက် မှားထည့်လိုက်မိတာနှင့် အဓိပ္ပာယ်အများကြီး ပြောင်းသွားသည်။
ထားပါတော့။ အချိန်သိပ်မရ၍ သိသင့်သည်များကို ခပ်တိုတိုရေးပါအံ့။

သည်သတင်းအရ စင်ကာပူတွင် အလုပ်လုပ်နေသူ မြန်မာနိုင်ငံသားပေါင်း ၂ သိန်းခန့် ရှိသည်။
၂၀၁၅ ခုနှစ်တွင် မြန်မာပြည်မှ စင်ကာပူလာသူ တိုးရစ်ပေါင်း ၁၀၅၄၅၂ ရှိသည်။ တခေါက်လာလျှင် တယောက်ကို ၂၈၁၁ ဒေါ်လာ သုံးသည်။ စင်ကာပူမှ မြန်မာသို့သွားသူကတော့ ၄၅၁၂၅ သာရှိသည်။
စင်ကာပူ၏အကူအညီဖြင့် မြန်မာပြည်တွင် သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း Singapore-Myanmar Vocational Training Institute တခု ဖွင့်ထားပြီး တနှစ်ကို သင်တန်းသား ၈၀၀ လောက် မွေးထုတ်ပေးနိုင်သည်။ ခရီးသွားလုပ်ငန်း၊ အင်ဂျင်နီယာနှင့် အီလက်ထရောနစ်အပါအ၀င် သင်တန်း ၁၀ ခုရှိသည်။ ပြီးခဲ့တဲ့လကမှ ပထမအသုတ် သင်တန်းသား ၄၀၀ သင်တန်းဆင်းသွားပြီ။

မြန်မာနိုင်ငံအနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရောင်နီများ သမ်းလာချေပြီ။
ကြိုးစားကြရမှာ အားလုံး၏ တာဝန်ဖြစ်၏။

သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၈ ဇွန်၊ ၂၀၁၆

ကျွန်တော် စာအုပ်ရူး

(၁)

ပုထုဇနော ဥမ္မတ္တကော ဟူသောစကားအရ လူတို့သည် အရူးချည်းဖြစ်ကုန်၏။ လူတိုင်း တစ်ခုမဟုတ်တစ်ခု သူ့ဟာနှင့်သူ ရူးနေကြသည်ချည်း ဖြစ်သည်။

အရူးများစွာထဲမှ ကျွန်ုပ်သည်ကား စာအုပ်ရူး ဖြစ်လေ၏။

ကျွန်တော်ငယ်စဉ်တောင်ကျေး ကလေးဘ၀က ဟို့ ရခိုင်ရိုးမတောင်ခြေမှ ရွာကလေးတွင် နေခဲ့ရသည်။ ရွာဆိုမှတော့ ဘယ့်နှာ စာအုပ်များများစားစား ရှိပါမတုံး။ ကံအားလျော်စွာပင် ကျွန်တော့်အရီးတော်သူ (အဖေ၏အစ်မ) အရီးအေးကြိုင်က စာဖတ် ၀ါသနာပါတော့ သူ့အိမ်စုတ်စုတ်ကလေးမှာ စာအုပ်ခပ်စုတ်စုတ်ကလေးတွေ အတော်များများ ရှိသည်။ များသောအားဖြင့် မဂ္ဂဇင်းများ ဖြစ်၏။ ထိုစဉ်က မဂ္ဂဇင်းများမှာ ငွေတာရီ၊ မြ၀တီ၊ သွေးသောက်၊ စန္ဒာ စသော မဂ္ဂဇင်းများဖြစ်၏။ ကျွန်တော်က စာဖတ်ရာတွင် အလွန်လောဘကြီးသည်။ မဂ္ဂဇင်းဖတ်လျှင် ကြော်ငြာများပါမကျန် စာတစ်လုံးမှ မကျန်ရအောင်ဖတ်သည်။ စာများကျန်သွားမှာကို အလွန်နှမြောလှ၏။ အရီးအေးကြိုင်၏အိမ်မှာ ကျွန်တော့်ငယ်စဉ်ဘ၀ စာကြည့်တိုက် ဖြစ်လေသည်။

နောက်ပြီး အိမ်ရှေ့မျက်စောင်းထိုး ဒေါ်လေးသန်းတင်တို့ အိမ်မှာလည်း မဂ္ဂဇင်း တစ်အုပ်စ၊ နှစ်အုပ်စ တွေ့ရတတ်သည်။ ဦးကြီး ထွန်းလှိုင်တို့အိမ်တွင်မတော့ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ နှစ်တွဲရှိသည်။ သည်စာအုပ်ကြီးတွေ ဖတ်တော့ ကျွန်တော် ၁၅ နှစ်သားတောင် မပြည့်တတ်သေး။ ကျွန်တော်ဖတ်ခဲ့ဖူးသော စာအုပ်များအနက် ထိုစာအုပ်များမှာ အကြိုက်ဆုံး စာအုပ် စာရင်း ၀င်ခဲ့သည်။ 

လုံးချင်းဝတ္ထုကို ပထမဆုံးစဖတ်ဖူးတော့ လေးတန်းကျောင်းသားဘ၀၊ ဆယ်နှစ်သားလောက်သာ ရှိသေးသည်။ သည်တုံးက ကျွန်တော်တို့ ၀ါးတောကွင်းရွာက အညိုရောင်နယ်မြေ။ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) များ ကြီးစိုးရာနယ်မြေဖြစ်သဖြင့် အစိုးရစစ်တပ်များက အပြတ်တိုက်ထုတ်ရန် စစ်ဆင်ရေးများ မကြာခဏ၀င်သည်။ သည်တော့ ရွာကို စစ်ကြောင်းများ မကြာခဏ ရောက်၏။ ရောက်တော့ စစ်သားတွေက အိမ်များမှာပင် တည်းကြသည်။ ကျွန်တော်တို့အိမ်မှာလည်း စစ်သား ၅ ယောက် ဆယ်ယောက်လောက်ရှိမည်ထင်ပါသည်။

ထိုစဉ်က စစ်သားများနှင့် ကျွန်တော်တို့ရွာသူရွာသားများမှာ အလွန်ချစ်ခင်ကြ၏။ (အချစ်လွန်တော့ ၀ါးတောကွင်းသူများမှာ စစ်သားများနှင့် ငြားကြလေကုန်သတည်း။ ဤကား စကားချပ်) စစ်ကြောင်းများလာလျှင် ကျွန်တော်တို့လည်း ပျော်ကြသည်။ သူတို့လာလျှင် လဖက်ရည်အချိုသောက်ရသည်။ ဘီစကစ်မုန့်များ စားရသည်။ တခါတလေ ငါးသေတ္တာဘူး၊ အမဲသားဘူး များတောင် စားရသေးသည်။ ကျွန်တော်တို့လိုရွာသူရွာသားများအဖို့ သည်လိုအစားအစာများကို အဘယ်မှာ စားနိုင်ပါမည် နည်း။

ကျွန်တော့်အဖို့တော့ ပိုလို့တောင် ပျော်သေးသည်။ စစ်သားများတွင် ဖတ်စရာစာအုပ်များ ပါလာတတ်၏။ အနည်းဆုံးတော့ ပြည်သူ့တပ်မတော်စာစဉ်များ ပါသည်။ သူတို့လာမှ ကျွန်တော်လည်း စာအုပ်အသစ်ဖတ်ရသကိုး။

ကျွန်တော်ပထမဆုံးဖတ်ဖူးသော ၀တ္ထုမှာ ထို အစ်ကိုစစ်သားများ ယူလာသော စာအုပ်ဖြစ်၏။ မှတ်မိသမျှ ထိုဝတ္ထုကို ကျွန်တော် အလွန်ကြိုက်သည်။ သို့သော် ၀တ္ထုနာမည်နှင့် ဇာတ်ကြောင်းကို မမှတ်မိတော့ပါ။ ခပ်ရေးရေးမှတ်မိသည်မှာ မြို့စားကြီးတစ်ယောက်အကြောင်း ဖြစ်၏။ ကြီးလာလို့ မွန်တီခရစ္စတိုမြို့စားကြီးအကြောင်း ဖတ်ရတော့ ကျွန်တော် ပထမဆုံး ဖတ်ခဲ့ဖူးသော ၀တ္ထုမှာ ထိုဝတ္ထုပင်ဖြစ်လိမ့်မည်ဟု ထင်မြင်မိပါသည်။

ယခုထိ မှတ်မိနေသေးသော မဂ္ဂဇင်းဝတ္တုတိုနာမည်များမှာ တင့်တယ်၏ ကြယ်ကြွေသည့်ည။ မဂျိုးကို ဘယ်လိုပြောရမယ်။ ထန်းတက်သမား ငထေကြီး စသည်တို့ ဖြစ်ပါသည်။ ဆရာမကြီး ဒေါ်ရီကြိန် ၏နာမည်ကိုလည်း စွဲစွဲမြဲမြဲ မှတ်မိနေသေးသည်။ နောက်ပြီး ကျွန်တော်အလွန်ကြိုက်သည့် ဆောင်းပါးများမှာ သော်တာဆွေ၏ ကျွန်တော့်ဘ၀ဇာတ်ကြောင်း နှင့် သခင်တင်မြ၏ ဘုံဘ၀မှာဖြင့် တို့ဖြစ်၏။

နောက် စန္ဒာမဂ္ဂဇင်းမှ ၀င်းဦး၏ ဆယ်စုနှစ် တစ်ခေတ်စွန်း မန်းသင်္ကြန်၊ ကြပ်ကလေး၏ လကမ္ဘာကဏ္ဍတို့ကို ကြိုက်သည်။ သက်လုံ၏ စေ့ထားသောတံခါးများ ဆိုလျှင် ဖတ်ရတာအားမရလို့ ဗလာစာအုပ်ထဲတွင် ကူးမှတ်ထားတာ ပြန်ရှာလျှင် ယခုတိုင် အိမ်မှာ ရှိနိုင်ပါသေး၏။ “ခြေထောက်ဆိုတဲ့အစိတ်အပိုင်းဟာ ငါဟာ သူများခေါင်းပေါ်မှာ ခေါင်းပေါင်းစ တလူလူနဲ့ မနေရ ကောင်းလားလို့ စိတ်ပျက် အားငယ်နေစရာမလိုဘူး။ မီးဟဲ့ဆိုရင် ရေကို အမြန်ဆုံးပြေးသယ်နိုင်အောင် လေ့ကျင့်ထားဘို့ပဲ လိုတယ်” ဆိုသည့် စာသားကလေးမှာ ဆယ်ကျော်သက်ဘ၀က ဖတ်ခဲ့ဖူးသည့် ထိုဆောင်းပါးများမှ စာကြောင်းလေး တစ်ခု ဖြစ်ပါသည်။ ထိုဆောင်းပါးများမှာ တရုတ်စာအုပ် တောက်တယ်ကျင်းကို ဘာသာပြန်ထားတာဟု မှတ်သားဖူးပါသည်။

နောက်ပြီး မဂ္ဂဇင်းကဗျာများကိုလည်း ဗလာစာအုပ်နှင့် ကူးရေးထားတတ်သည်။ တချို့ကဗျာများဆို ခုထိ အလွတ်ရတုံး။

ချောတမူ မနောဖြူ သဘောအူစင်း
အပြောမူလင်းတဲ့ ဒို့တောသူ။

ဟန်တွေ ပန်တွေ မာန်တွေ မထပ်
ကန်ရေခပ်တဲ့ ဒို့တောသူ။

လူတကာ မြှုကာ မူယာမပြ
ပြူငှာလှတဲ့ ဒို့တောသူ . . . ဆိုသည့်ကဗျာလေး ဖတ်ရတော့ ၈ တန်းလောက် ရောက်နေပြီထင်ပါ၏။

ဟိုပြောင်း၊ သည်ရွှေ့နှင့် ကျွန်တော့်မှတ်စုစာအုပ် တော်တော်များများ ပျောက်ပျက်ကုန်တာ နှမြောလှပါဘိ။

အစောဆုံးဖတ်ဖူးသော ၀တ္ထုများထဲတွင် စွဲနေသည့် ၀တ္ထုတစ်အုပ်မှာ တင့်ဆန်း၏ တောင်ဇလပ်ပန်း နီနီ ဖြစ်ပါသည်။ ဘာကြောင့်မှန်းမသိ။ ထိုဝတ္ထုကိုလည်း တော်တော်ကြိုက်၏။

(၂)

ကျွန်တော် လေးတန်းအောင်တော့ ကွင်းကောက်တွင် ကျောင်းသွားတက်ရသည်။ ကွင်းကောက်တွင် တောင်ဘက်ကမ်းနှင့်  မြောက်ဘက်ကမ်းဟုရှိရာ တောင်ဘက်ကမ်းနှင့်စာလျှင် မြောက်ဘက်ကမ်းက ပိုစည်သည်ဟု ပြောရမည်။ ကျွန်တော်တို့ တက်ရသော ကျောင်းမှာလည်း မြောက်ဘက်ကမ်းတွင်ပင် ရှိ၏။ မြောက်ဘက်ကမ်းတွင် ဈေးလည်းရှိသည်။ ထိုဈေးထဲတွင် တစ်ခုသော စာအုပ်ဆိုင်ကလေးရှိ၏။ စာအုပ်ဆိုင်ဆိုသော်လည်း စာအုပ်အများကြီးကို ခင်းကျင်းရောင်းချတာ မဟုတ်။ မနက်ပိုင်းသာဖွင့်သောဈေးတွင် ရွှေသွေး၊ တေဇ၊ ဒို့ကျောင်းသား စသော စာစောင်ကလေးများကို တန်းလန်းချိတ်ကာ ရောင်းခြင်းဖြစ်သည်။ သို့သော် ကျွန်တော့်အဖို့မှာတော့ ဧရာမ စာအုပ်ဆိုင်ကြီး ဖြစ်လေ၏။ ထိုဆိုင်သို့ ကျွန်တော် အမြဲလိုလို ရောက်ဖြစ်သည်။ ၀ယ်ပင် မ၀ယ်နိုင်သော်ငြားလည်း စာအုပ်ကလေးများကို ကြည့်နေရသည်မှာ အရသာရှိလှပါဘိ။

ကွင်းကောက်တောင်ဘက်ကမ်း ကမ်းနားတွင်လည်း စာအုပ်ဆိုင်ကလေးတစ်ဆိုင် ရှိပါသေးသည်။ ထိုဆိုင်တွင် ပြား ၆၀ တန် ကာတွန်းစာအုပ်ကလေးများ တင်ရောင်း၏။ မောင်သံမဏိနှင့် လူသတ်ကောင်၊ ရွှေစွန်ညိုနှင့် မြကြေးမုံတို့မှာ၊  ကျွန်တော့် အသည်းစွဲ ကာတွန်းများ ဖြစ်ချေသည်။ ကာတွန်းအောင်အောင်၏ ရွှေဂေါင်းပြောင်၊ မြင့်သိန်း၏ စံရွှေမြင့် ကာတွန်းများ ဖတ်ရတော့ ၈ တန်းလောက် ရောက်နေပြီ ထင်၏။

ပိုက်ဆံမတတ်နိုင်၍ စွပ်ကယ်စွပ်ကယ် မ၀ယ်နိုင်စေကာမူ လက်ထဲတွင် အကြွေစေ့ကလေးများ ရလာပါမူ တခြားဘာအတွက်မှ မသုံးဘဲ စာအုပ်များ ၀ယ်ဖတ်သည်သာ ဖြစ်လေသည်။

ကျွန်တော်တက်ခဲ့သော ကွင်းကောက် (တွဲဖက်) အ.ထ.က တွင် စာကြည့်တိုက်ရှိသည်။ နေ့ခင်း ထမင်းစားချိန်များ တွင် ကျွန်တော် စာကြည့်တိုက်သွားသည်။ ငှားလို့ရတာ ငှားသည်။ ငှားလို့မရတာကျ စာကြည့်တိုက်ထဲမှာပင် ဖတ်သည်။ မှတ်စုစာအုပ်နှင့် ကြိုက်သည့်စာပိုဒ်များကို ကူးသည်။ ထိုစဉ်က ကွင်းကောက်ကျောင်း စာကြည့်တိုက်တွင် အိုးဝေဂျာနယ်များ ပင် ရှိပါသေးသည်။

ထိုစဉ်က အစ်ကိုကြီး ထင်ပါသည်။ သူက စာပေဗိမာန်မှ စာအုပ်များကို လစဉ်ယူသဖြင့် ဖတ်ရသည်။ စာပေဗိမာန် ထုတ် စာအုပ်များမှာ တော်တော်ကောင်းသည်။ ရာမာယနရုပ်စုံစာအုပ် အပါအ၀င် စာအုပ်တော်တော်များများမှာ ကွင်းကောက်မှ လေးမျက်နှာသို့ အကူးတွင် ပျောက်သွားသည် ထင်သည်။ ကျွန်တော်က ၁၃ - ၄ နှစ်သားဆိုတော့ ကောင်းကောင်း မမှတ်မိတော့။

(၃)

ဒီကောင်လေး စာအုပ်တွေဝါသနာပါတာ သူ့ဘိုးအေကိုတူလို့နေမယ် ဟု အရီးမယ်ကြိုင် (ကျွန်တော်တို့အမေ၏ အစ်မ) က ပြော၏။ နင်တို့အဘ ဘယ်လောက်စာအုပ်ဝယ်တာ ၀ါသနာပါလဲဆို စပါးသွားရောင်းတာ ရောင်းလို့ရတဲ့ပိုက်ဆံတွေ အကုန် စာအုပ်ဝယ်လာလို့ အမနဲ့တောင် ရန်ဖြစ်ရသေးတယ် ဟု ဆို၏။ (ကျွန်တော်ဘို့ဘက်တွင် အမေဖြစ်သူကို အမဟု ခေါ်ကြ၏။) ကျွန်တော်မွေးတော့ အဘိုးမှာ မရှိရှာတော့ပြီ။

ကျွန်တော်ငယ်စဉ်က ကျွန်တော့်အဘိုးပိုင်ခဲ့သော စာအုပ်များကို မှန်ဘီရိုထဲတွင် ထည့်ထားတာ မြင်ဖူးပါသည်။ သို့သော် ကျွန်တော်က ကျောင်းတက်ရန် မြို့ကြီးပြကြီး သွားနေရတော့ ရွာမှာ အနေနည်းသည်။ ထို့ကြောင့် အရွယ်ရောက်လာလို့ ထိုစာအုပ်များကို သိမ်းမယ်လည်းကြံရော စာအုပ်များမှာ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြပြီ ဖြစ်သည်။ ကျွန်တော် ရလိုက်သောစာအုပ်များမှာ သေက္ချတောင်ဆရာတော် ဦးတိလောက၏ ပဏ္ဏိတဝေဒနိယ ဒီပနီကျမ်း၊ ရူပကဏ္ဍ ၀ိနစ္ဆယ ဓာတ်ကျမ်းနှင့် အဘိဓမ္မတ္ထ သင်္ဂဟကျမ်း သုံးစောင်သာ ဖြစ်ပါတော့သည်။ ထိုစာအုပ်များမှာမူ ယခုထိ ရန်ကုန်အိမ်တွင် ရှိသေး သည်။ (ရှိသေးသည်ထင်ပါ၏။ ဒီတစ်ခေါက်ပြန်မှ စစ်ကြည့်ရဦးမည်။)

ကျွန်တော် ၉ တန်း တက်တော့ လေးမျက်နှာသို့ ပြောင်းလာကြသည်။ ကွင်းကောက်က အင်္ဂပူမြို့နယ်။ ကျွန်တော်တို့ ၀ါးတောကွင်းရွာက လေးမျက်နှာမြို့နယ် ဆိုတော့ ကလေးတွေအတွက် အဆင်မပြေ။ ထို့ကြောင့် အရီးတို့ ဦးကြီးတို့က လေးမျက်နှာ ပြောင်းထားကြမယ်ဟု ဆုံးဖြတ်လိုက်တာ ဖြစ်ပါသည်။

လေးမျက်နှာတွင် ပြန်ကြားရေး စာကြည့်တိုက်ရှိသည်။ ထိုစာကြည့်တိုက်မှ စာအုပ်များကိုလည်း ကျွန်တော် ငှားဖတ်ဖြစ်သည်။ သို့တိုင် စာအုပ်တော်တော်များများမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီထုတ် စာအုပ်များ များသမို့ သိပ်မဖတ်ဖြစ်ပါ။ ကျွန်တော် အဖတ်များတာ တောင်သူလယ်သမားဂျာနယ်နှင့် ရှေ့သို့စာစောင်များသာ ဖြစ်ပါသည်။

ကျွန်တော်မှတ်မိသလောက် လေးမျက်နှာ အ.ထ.က တွင် စာကြည့်တိုက် ရှိသည်ဟု မကြားမိခဲ့ဖူးပါ။ ရှိခဲ့သည်ဆိုလျှင် ကျွန်တော် မရောက်ဘဲ နေလိမ့်မည်မဟုတ်။ ယခုတော့ လေးမျက်နှာကျောင်း စာကြည့်တိုက်သို့ သွားဖတ်ခဲ့သည်ဆိုသည့် အမှတ်သညာ ကျွန်တော့်တွင် ရှိမနေ။ သည့်အတွက် ကျောင်းစာကြည့်တိုက် မရှိဟု ထင်ပါသည်။

၉ တန်းကျောင်းသားဘ၀က သခွပ်ချောင်းက ဖိုးတင်စိုး ထင်ပါသည်။ ယူလာသဖြင့် ရှင်မဟာရဋ္ဌသာရ အနှစ် (၅၀၀) ပြည့် အထိမ်းအမှတ်စာအုပ်ကို ဖတ်ရသည်။ ကြိုက်လိုက်တာ။ ကဗျာတိုင်းကို နှစ်နှစ်ချိုက်ချိုက် ဖတ်မိသည်။

ဆင်းလှ ဆင်းထွတ် ဆင်းလွတ်လှမော
တူလျော တူဖက် တူစက်ပြိုင်အံ့
မ၀ံ့သည်သာ မဟုတ်စွာတည့်
လူ့ရွာဌာန နှံ့မျှပတ်ညက်
ကျော်တူဖက်မူ တစ်ယောက်ဟူသည်
ရည်တူမရှိရာတကား။

သည်စာအုပ်ထဲမှ ကဗျာတော်တော်များများကိုလည်း ဗလာစာအုပ်တွင် ကူးရေးကာ အလွတ်ကျက်ခဲ့သည်။ ၀ဏ္ဏပဘာ၊ လှကလျာ ဆို တရေးနိုးထဆိုခိုင်းတောင် တစ်လုံးမှ မလွဲအောင် ဆိုနိုင်သည်။

(၄)

ဒေသကောလိပ်တက်ရတော့ ဟင်္သာတ မှာ။ သည်တုံးကလည်း ဟင်္သာတက ပြန်ကြားရေး စာကြည့်တိုက်ကို မကြာခဏ ရောက်ဖြစ်ခဲ့သည်ပဲ။ ယောနသံစင်ယော်၊ ပလေတိုးနိဒါန်း စသည့်စာအုပ်များကို ထိုစာကြည့်တိုက်မှ ငှားဖတ်ခဲ့တာ ဖြစ်၏။ ထိုစဉ်က ဘုန်းကြီးကျောင်းတွင်တည်းပြီး ကျောင်းတက်ရတာဆိုတော့ စာသင်သား ဦးပဉ္စင်းများထံမှ ဘာသာရေးဆိုင်ရာ စာအုပ်များကိုလည်း ဖတ်ခဲ့ရသည်။ မဃဒေ၀လင်္ကာသစ် စာအုပ်ကြီးဆို လိုချင်လွန်းလို့ ရွှေမောင်းစာအုပ်ဆိုင်ကို သွားသွားပြီး သွားရေကျရသည်။ စာအုပ်မ၀ယ်နိုင်တော့ ဦးဇင်းများဆီက ငှားကာ ဗလာစာအုပ်တွင် ကူးသည်။ သို့သော် စာအုပ်က အထူကြီးဖြစ်သဖြင့် တစ်အုပ်လုံးတော့ မကူးနိုင်ခဲ့ပါ။ ကျွန်တော် အများဆုံးကူးခဲ့သည်မှာ ပုတ္တောဝါဒခန်းမှ ဖြစ်၏။

တက္ကသိုလ်ရောက်တော့ နွမ်ဂျာသိုင်း၊ ငြိမ်းကျော်၊ မောင်စိန်ဝင်း (ပုတီးကုန်း) ၏ မျက်ဝန်းထဲမှာ မိုးရွာပြီညို၊ မင်းကျော်၏ ငါတို့ခေတ်နှင့် အပြိုင်၊ တက္ကသိုလ်ဘုန်းနိုင်၏ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်၊ ခင်ဆွေဦး၊ မစန္ဒာ၊ မိုးမိုး (အင်းလျား)၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ကလျာ (၀ိဇ္ဇာ၊ သိပ္ပံ) အိုး အများကြီးခင်ဗျာ။ မင်းသိင်္ခ ၀တ္ထုတွေဆို မလွတ်တမ်းဖတ်သည်။ ထိုဝတ္ထုများထဲမှ မှတ်သားစရာများကို ဗလာစာအုပ်နှင့် တေးမှတ်ထားသည်။

နောက်ပြီး ကျွန်တော်က စက်မှုတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစုတွင် ၀င်ရောက်လှုပ်ရှားလေတော့ ဗုဒ္ဓဘာသာမိသားစု စာကြည့်တိုက်မှ စာအုပ်များကို တ၀ကြီး ဖတ်ခွင့်ရခဲ့သည်။ နန္ဒာသိန်းဇံ၏ ဘ၀အဓိပ္ပာယ်နှင့် ဘ၀သစ္စာ ဆို ကြိုက်လိုက်တာ။ နောက်တော့ စာအုပ်ကိုပါ ၀ယ်လိုက်သည်။ သည်တုံးက စာအုပ်တန်ဘိုးကို ၂၀ ကျပ် ဟု မှတ်မိနေပါသည်။ ကျောင်းလခကလည်း တစ်လမှ ၃၀ ပဲရှိသကိုး။ (မှန်ရာကို ၀န်ခံရလျှင် RIT စာကြည့်တိုက်ကိုမူ သိပ်မရောက် ဖြစ်ခဲ့ပါ။ ကျောင်းသားဘ၀တစ်လျှောက်လုံး ဆယ်ခေါက်တောင် ပြည့်ပါမလား မပြောတတ်။)

ငယ်စဉ်က မွဲလှသဖြင့် စာအုပ်များကို သွားရေသာကျခဲ့ရပြီး မ၀ယ်နိုင်ခဲ့။ လိုချင်လျှင် ငှားပြီး ဗလာစာအုပ်၌ ကူးရေးခဲ့ရတာ ဖြစ်ပါသည်။ ကျွန်တော့်မှတ်စုစာအုပ်များကိုသာ မပျောက်မပျက် ထိန်းသိမ်းထားနိုင်ခဲ့လျှင် အတော်များပေလိမ့်မည်။ သို့သော် ကျွန်တော့်မှာ ဟင်္သာတရောက်လိုက်၊ ရန်ကုန်ရောက်လိုက်။ သည်ကြားထဲ လေးမျက်နှာက ကမ်းတွေပြိုလို့ အိမ်တွေကို ဖျက်၊ ဟိုရွှေ့သည်ရွှေ့နှင့် ကျွန်တော်တို့စာအုပ်များမှာ အတော်များများ ပျက်စီး ပျောက်ဆုံးကုန်ရတာ အလွန် နှမြောစရာ ကောင်းလှ၏။

ကျွန်တော်မည်မျှ စာအုပ်ရူးသနည်းဆိုသည့်အကြောင်း ပြောပြပါအံ့။

ကျောင်းပြီးစ ရန်ကုန်တွင်နေကာ အလုပ်ရှာစဉ် ရရာအလုပ်မျိုးစုံ ၀င်လုပ်ရသည်။ ထိုစဉ်က နေ့စားခ တစ်နေ့လျှင် ၆ ကျပ် (ထင်သည်) ရပါသည်။ ထမင်းတစ်ပွဲမှာ ၂ ကျပ်မှ ၃ ကျပ်လောက်ထိရှိ၏။ သို့သော် ဈေးသက်သာသည့်ဆိုင်တွင်စားလျှင် တစ်ခါစား ၁ ကျပ်ခွဲ ဖြစ်သည်။ ထမင်းနှင့် ကားခအတွက် ၄ - ၅ ကျပ်လောက် ချန်ကာ ပိုသည့်ပိုက်ဆံ အကုန် စာအုပ် ၀ယ်သည်။ ထိုစဉ်က ကျွန်တော် ဝေဒပညာကို အရူးအမူးလိုက်စားနေသည့်အချိန်ဖြစ်၍ ပိုက်ဆံ ၁ ကျပ်လောက်ကျန်လျှင် ဝေဒမဂ္ဂဇင်း ၁ အုပ် ၀ယ်သည်။ ၀ယ်ပြီးသမျှ မဂ္ဂဇင်းများကို နံပါတ်စဉ်တပ်ကာ မရှိသေးသော နံပါတ်များကို ရှာဝယ်နေခဲ့တာ ဖြစ်၏။ ကျွန်တော့်တွင် တစ်ရက်စားစရာ ထမင်းဘိုးနှင့် စာအုပ်များမှလွဲ၍ တခြား ဘာဆိုဘာမှမရှိ။ သို့သော် စာအုပ်များ တိုးပွားလာတာ မြင်ရလျှင် ကျွန်တော်ကျေနပ်နေပြီ ဖြစ်လေသည်။ ပန်းဆိုးတန်းမှ စာအုပ်အဟောင်းဆိုင်များဆို ကျွန်တော် မမွှေဖူးသော စာအုပ်ဆိုင် ခပ်ရှားရှားဖြစ်၏။ မည်သည့်နေရာတွင် မည်သည့်စာအုပ်ရနိုင်သည်ကို အလွတ်ပင် ရနေသည်။

နောက် ပျဉ်းမနားရောက်တော့ မဖြစ်ညစ်ကျယ် ၀င်ငွေလေး ရှိလာပြီ။ ဆိုတော့ စာအုပ်ကလေး ဘာလေးလည်း အနည်း အကျဉ်း ၀ယ်နိုင်သပေါ့။ အနည်းအကျဉ်းဆိုသည့်တိုင် ပျဉ်းမနားမှ ရန်ကုန်ပြောင်းလာတော့ ကျွန်တော်တို့ပိုင် ပစ္စည်းများ၏ ထက်ဝက်လောက်မှာ စာအုပ်များ ဖြစ်လေသည်။ အိမ်ထောင် ပရိဘောဂဆိုတာလည်း သိပ် များများစားစား ရှိလှတာ မဟုတ်။ ဒါတောင် မမက လယ်ဝေးမှ ဆက်တီနှင့် ကုတင်များ ၀ယ်ထားပေလို့သာ။ စာအုပ်တွေချည်း ပီနန်အိပ်ကြီးတွေနှင့် (၇) လုံးရှိသည်။

ရေဆင်းတွင် ရူပဗေဒဆရာ ဦးသန်းထွန်းဦးနှင့် ဆုံရသည်။ သူလည်း စာအုပ်ရူးပင် ဖြစ်၏။ သူမိတ်ဆက်ပေးသဖြင့် ARI မှ မိတ်ဆွေများ၊ တိမွေးကုမှ ဆရာစံ စသည်တို့နှင့် ဆုံရသည်။ ဆရာစံမှာ စာရေးဆရာ ကြည်မင်း ဖြစ်၏။ ဆရာစံ့အိမ် ကျွန်တော် ရောက်တော့ သူ့အိပ်ခန်းနံရံ ပတ်ပတ်လည်တွင် စာအုပ်များကို စင်များနှင့်အပြည့် တွေ့ရ၏။ မှန်ရာပြောရလျှင် ဆရာစံ၌ အခြားအရာများထက် သည်စာအုပ်များကိုသာ အားကျမိလေသည်။ ငါလည်း သူ့လို စာအုပ်အများကြီးပိုင်ရရင် ဘယ့်လောက် ကောင်းလိုက်လိမ့်မလဲဟု သွားရေတမြားမြား ကျခဲ့၏။ (နောင်တွင် ဦးသန်းထွန်းဦးမှာ နဂါးစာပေပိုင်ရှင်၏ ညီမနှင့် ညားသွားရာ ခုတော့ ကျွန်တော် စာအုပ်တွေမကိုင်နိုင်တော့ဘူးဗျို့။ ပိုက်ဆံတွေပဲ ရေနေရတယ်ဟု ပြောလေသည်။ ဤကား စကားချပ်)

(၅)

ယခုလည်း ကျွန်တော် စာအုပ်များကို မမောနိုင်၊ မပန်းနိုင် စုဆောင်းဆဲ ဖြစ်ပါသည်။ မနှစ်က နှင်းဆီဖြူက စာမူခရတော့ ထိုစာမူခအားလုံးကို စာအုပ်ဝယ်မည်ကြံကာ နှင်းဆီဖြူကထွက်သမျှစာအုပ်အားလုံး အိမ်ကိုပို့ပေးပါဟု အိန္ဒြာသို့ မှာလိုက် သည်။  သို့တိုင် အချို့စာအုပ်များမှာ လက်ကျန်မရှိတော့ဆိုသဖြင့် မရလိုက်။

ယခုတော့ အင်တာနက်တွင် စာအုပ်တော်တော်များများ download လုပ်နိုင်နေပြီဖြစ်ရာ ကျွန်တော့်အဖို့ ရတနာသိုက်ကြီးကို တူးမိသူကဲ့သို့ ဖြစ်လေ၏။ အချို့စာအုပ်များဆို နှစ်ခါပြန် သုံးခါပြန်တောင် ဒေါင်းမိလေသည်။ ယခင်ကတော့ ဒေါင်းထားသမျှ စာအုပ်များကို စာရင်းလုပ်ဖြစ်သည်။ ယခုတော့ ကလေးကတဖက်၊ အလုပ်ကတဖက် သင်တန်းကတဖက်။ သည်ကြားထဲ စာလေးကလည်း ရေးလိုက်ချင်သေးဆိုတော့ စာရင်းမလုပ်ဖြစ်သည်မှာ လေးငါးနှစ်လောက်ကြာသွားလေပြီ။ ခရီးတွင်လို့ ရွာစဉ်မသိဆိုတာ ကျွန်ုပ်ကို ပြောတာဖြစ်မည်။ ကိုယ့်ဆီမှာ ဘာစာအုပ်တွေ ရှိလို့ရှိမှန်းတောင် မသိနိုင်တော့တဲ့ ဘ၀။
ကျွန်တော်က အူမတိုတတ်ပါ။ သို့အတွက် ကျွန်တော့်ဆီ ရှိသမျှစာအုပ်များကို မိတ်ဆွေများအား အလိုရှိက ကူးယူလေကုန် ဟု external drive တစ်ခုလုံး ပေးလိုက်တာသာ ဖြစ်၏။ (စာအုပ် ၄ - ၅၀၀၀ လောက်ကို ကုန်အောင်ပဲ ဖတ်ပါအုံးဗျာ။)

သို့ဆိုလျှင် သည်လောက်စာအုပ်တွေ ခင်ဗျား အကုန်ဖတ်နိုင်လို့လား ဟု မေးပါ။
ဟင့်အင်း၊ မဖတ်နိုင်ပါခင်ဗျား။ တ၀က်တောင် မဖတ်နိုင်ပါ၊ တချို့စာအုပ်တွေဆို နားကိုမလည်ပါဟု ဖြေရပါလိမ့်မည်။
ဒါဖြင့် ဖတ်လဲမဖတ်နိုင်ပဲနဲ့ ဘာဖြစ်လို့ ၀ယ်နေ၊ စုနေသတုံးဗျာ။

ဘာဖြစ်လို့မှမဟုတ်ပါ ခင်ဗျား။
စာအုပ်များကို ချစ်လို့ ဖြစ်ပါသည်။
စာအုပ်များကို ကိုင်ကြည့်နေရတာ၊ ဟိုပြောင်း သည်ရွှေ့လုပ်နေရတာနဲ့တင် ကျွန်ုပ်မှာ အလွန်စိတ်ချမ်းသာလှပြီဖြစ်၏။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၈ စက်တင်ဘာ၊ ၂၀၁၆။ ၀၁း၀၀ နာရီ

Plan B အရေးကြီးရခြင်း အကြောင်း

(၁)

Plan B အကြောင်း အချို့ သိကြပြီးဖြစ်ပါလိမ့်မည်။ မသိသေးသူများ လေ့လာနိုင်ကြစေရန် ကျွန်ုပ်သိထားသမျှကလေးကို ပြန်လည် ဝေငှလိုက်ရခြင်း ဖြစ်ပါကြောင်း။

အချို့ကိစ္စများမှအပ မည်သည့်နေရာတွင်မဆို Plan B ရှိရန် အရေးကြီး၏။ အဘယ်ကြောင့်အရေးကြီးရသည် ဆိုသည့် အကြောင်း ယခု ကျွန်ုပ်တင်ပြပါအံ့။

လွန်ခဲ့သော (၃) နှစ်ခန့်က ညီမတစ်ယောက် လက်မှတ်ပေး၍ ကျွန်တော် ပြင်သစ်သံရုံးမှ ယဉ်ကျေးမှုကဇာတ်သို့ သွားကြည့်ပါ သည်။ သံရုံးပွဲဆိုတော့ လူကြီးလူကောင်းတွေ လာကြသပေါ့။

သံရုံးရှေ့ မြက်ခင်းပြင်တွင်ပင် စင်ကလေးထိုးကာ ပွဲကျင်းပသည်။ ကျွန်ုပ်တို့လည်း တစ်နေရာတွင် စုထိုင်ပြီး ပွဲအထွက်ကို ဟိုဟိုသည်သည်ငေးရင်း စောင့်လင့်ကြ၏။

လူအတော်စုံနေပြီမို့ များမကြာမီ ပွဲထွက်တော့မည်ဟု ခန့်မှန်းနေစဉ်မှာပင် ရန်ကုန်မီးက ဗွေဖောက်ကာ ဖြတ်ကနဲ ပြတ်သွားပါ လေတော့၏။ မီးပြတ်သွားတော့ ဘာလုပ်လို့ရတော့ပါမည်နည်း။ အားလုံး မှောင်ထဲတွင်ပင် ထိုင်နေကြရ၏။ တော်ကြာတော့ ဟိုနား သည်နားတွင် ပိုးစုံးကြူးမျှသော အလင်းရောင်ကလေးများ ပေါ်ထွက်လာပါသည်။ ဖယောင်းတိုင်များ လာထွန်းပေးတာ ဖြစ်၏။

ကလေးများမှာ ဟိုဟိုသည်သည် ပြေးလွှားဆော့ကစားလျှက်။ ဆိုင်းဆရာမှာ တပုံပုံနှင့် သူ့ဆိုင်းကို တီးလုံးစမ်းလျက်။ မီးပြတ်နေတာ ကျွန်တော့်စိတ်ထင် နာရီဝက်ကျော်လောက် ကြာပါလိမ့်မည်။ သံရုံးမှလူတွေအစား ကျွန်တော့်မှာ ရှေ့တွင် ထိုင်နေကြသည့် လူကြီးလူကောင်းများကိုသာ အားနာမိပါတော့သည်။

(၂)

ကျွန်တော်ယခုလုပ်နေသည့် ကွန်ဒိုပရောဂျက်တွင် ဆပ်ကန်ထရိုက်တာ ၂၅ ဦးမှ အလုပ်သမားပေါင်း ၃၅၀ လောက်ရှိသည်။ အရေးအကြောင်းဆိုလျှင် သည်လူအားလုံးကို အလျှင်အမြန် လုပ်ငန်းခွင်အတွင်းမှ အန္တရာယ်ကင်းစွာ ထုတ်သွားနိုင်ရန် အစီအမံများ လုပ်ထားရသည်။ ၎င်းကို Emergency Preparedness ဟု ခေါ်၏။ သည်အစီအမံ တကယ်အလုပ်ဖြစ်မဖြစ်ကို ၆ လ တစ်ခါ ဇာတ်တိုက်ပြီး စမ်းသပ်ကြည့်ရသည်။ ၎င်းကို Emergency Drill ဟု ခေါ်သည်။ စင်ကာပူမှ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ဤကဲ့သို့လုပ်ရန် ဥပဒေနှင့် ပြဋ္ဌာန်းပေးထား၏။ မလုပ်ပါက ထိုဥပဒေအရ အရေးယူလို့ရသည်။

ဤအစီအမံတွင် ထွက်ပေါက်များ၊ လျှောက်လမ်းများနှင့် အရေးပေါ်စုရပ်များ ထားရသည်။ လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမား အားလုံးကိုလည်း အရေးအကြောင်းဆို မည်သည့်နေရာကထွက်၊ မည်သည့်နေရာတွင်စု၊ မည်ကဲ့သို့လုပ်ရမည်ကို လေ့ကျင့် သင်ကြားပေးထားရ၏။

အကယ်၍ မီးလောင်ပြီဆိုပါစို့။ သတ်မှတ်ထားသည့် ထွက်ပေါက်၊ လျှောက်လမ်း သို့မဟုတ် စုရပ်ကိုပိတ်ကာ လောင်နေပြီ ဆိုပါက မည်သို့လုပ်ရမည်နည်း။

ထို့အတွက် Plan B ထားပေးရသည်။ Plan B ဆိုသည်မှာ အကယ်၍ မူလစီစဉ်ထားသည့်နေရာတွင် ပြဿနာတက်ပါက နောက်တစ်နေရာတွင် လုပ်နိုင်ရန် အရံသင့် အပိုဆောင်ထားခြင်းကို ဆို၏။

ကျွန်တော်တို့ လုပ်ငန်းခွင်၌ ၀င်/ထွက်ပေါက် နှစ်ပေါက်ရှိသည်။ တစ်ပေါက်ကို ပိတ်ထားပြီး နောက်တစ်ပေါက်ကိုသာ သုံး၏။ ပိတ်ထားသောအပေါက်နားတွင် ကွက်လပ်ရှိသည်။ ထိုပိတ်ထားသော တံခါးပေါက်နှင့် ကွက်လပ်မှာ အရေးပေါ်အစီအမံ အတွက် Plan B ဖြစ်သတည်း။

(၃)

နာနတ်တောလမ်းရှိ ကျွန်တော်တို့ပြည်ရိပ်မွန်မှ တိုက်ခန်းများမှာ တက်/ဆင်းရန် လှေခါးတစ်ပေါက်သာ ပါသည်။ ထိုအပေါက်ကိုပိတ်ပြီး မီးလောင်လျှင် ဘယ့်နှာလုပ်မည်နည်း။ ဟုတ်ကဲ့၊ ကျွန်တော်တို့လည်း မညံ့ပါ။ Plan B အဖြစ်
နောက်ဘက်တွင် အရေးပေါ်လှေခါး ရှိပါသည်။ အင့်ဟင်၊ ပြည်ရိပ်မွန်က အရေးပေါ်လှေခါးတွေ ဘယ်နားသွား တပ်ထားပါ လိမ့်။ နေပါဦး၊ သေသေချာချာ ကြည့်ပါရစေဦး။

အလဲ့ကွယ်၊ ဟိုမှာ တွဲလောင်းကျနေတဲ့ဟာကို သေချာကြည့်စမ်းပ။ သေချာပါပြီ။ အဲသဟာ အရေးပေါ်လှေခါး သေချာပေါက် ဖြစ်ရမည်။ မဟုတ်ရင် အဲဒီ လက်သန်းလောက် သံချောင်းလေးတွေကို တက်ကင်တွဲပြီး ဘာလုပ်ဖို့ တွဲလောင်းချထား ပါမတုံး။
နေပါဦးကွယ်။ အဲဒီလှေခါးကို ဘယ်နားကနေ တက်ရမှာပါလိမ့်။ မီးဖိုချောင်ပြူတင်းပေါက်က ကျော်တက်ရအောင်ကလည်း ပြတင်းပေါက်နဲ့ လှေခါးနဲ့က အဝေးကြီး။ သြော် - စူပါမင်းလို လေထဲကပျံပြီး တက်ဘို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်မည်။ ဒါမှ သူခိုးတွေဘာတွေ တက်လာရင် အိမ်ထဲဝင်လို့ မရမှာကိုး။ တော်လိုက်သည့် ဒီဇိုင်းဆရာ။ ဦးဏှောက်ကိုထုတ်၊ ဘာဘီကျူး လုပ်ပြီး ကားလ်စ်ဘာ့ခ်နှင့် မြည်းပစ်ဖို့ကောင်းလှသည်။

အဲလေ၊ တက်လို့ရတယ်ပဲ ထားပါဦး။ အဲဒီ တက်ကင်တွဲပြီး နံရံမှာ ဖြစ်သလိုချိတ်ထားတဲ့ လှေခါးသာအားကိုးရရင် မီးလောင်လို့ သေမှာက မသေချာ။ လှေခါးပြုတ်ကျပြီး မာလကီးယားဘို့က ပိုသေချာလေသည်။ 

(၄)

ကျွန်ုပ်တို့တိုင်းပြည်တွင် တန်ဘိုးမဖြတ်နိုင်သော ရတနာတုံးကြီးသည် ရှိ၏။ ထိုရတနာတုံးကြီးမှာ ၄၉ သန်းခွဲမျှသော  ကျွန်ုပ်တို့ မြန်မာပြည်သားများ၏ တစ်ခုတည်းသော မျှော်လင့်ချက်ရောင်ခြည်လည်း ဖြစ်၏။ (အဘယ်ကြောင့် မြန်မာပြည် လူဦးရေ လျော့နည်းသွားရသနည်းဟူမူ ငွေ ၃၀၀၀ မျက်နှာကြောင့် ဗိုလ်စိန်မှန်ကွင်းသို့ ချီတက်ကြသော မျိုးချစ်စစ်စစ် ပင်နီများနှင့် ၎င်းတို့၏ အပေါင်းအပါများကို နှုတ်ထားလိုက်၍ ဖြစ်သည်။ ဤကား စကားချပ်)

သူသည် ကျွန်ုပ်တို့ကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ရွက်တင်လို့ပေးခဲ့ပြီ။ လုပ်လိုက်မဟဲ့ဟု အားခဲသည့်တိုင် အသက်က ကြီးလှပြီ။ လူကနေသော်လည်း ဇရာကမနေ။ သည်လောက် လုပ်နိုင်တာကိုပင် ချီးကျုးပါဦး။ ဘယ်လောက်လုပ်ချင် လုပ်ချင်။ နောက်ထပ် ဆယ်နှစ်လုပ်နိုင်ဦးမည်လား။ မသေချာပါ။

သို့ဆိုလျှင် သူ့နေရာကို မည်သူ ဆက်ခံမည်နည်း။ ဆက်ခံမည့်သူကို ရွေးပြီးပြီလား။ ထို့ထက် လေ့ကျင့်ပေးနေပြီလား။ လူတစ်ဦးတစ်ယောက်အပေါ်တွင် တိုင်းပြည် ကံကြမ္မာကိုပုံအပ်ထားရခြင်းကား ကောင်းသည့် လက္ခဏာမဟုတ်။ နောက်ပြီး သည်လိုလူမျိုးရဘို့ဆိုတာ မွေးချင်တိုင်း မွေးထုတ်လို့ရတာမျိုးကလည်း မဟုတ်ပြန်။ လေ့ကျင့်ပေးသည့်တိုင် နဂိုပါရမီ ဓာတ်ခံနှင့် ကိုယ်စွမ်းကိုယ်စကလည်း ရှိပါဦးမှ ဖြစ်မည်။ သင်လို့ရတိုင်းသာ အာဇာနည်များထွက်နေပါက မခက်ပါလော။

သည့်အတွက် နောင်အနာဂတ်တွင် အစိုးရလုပ် အုပ်ချုပ်မည့်သူများကိုရော ရွေးဘို့စဉ်းစားပြီးပြီလား။ မြေအုတ်တို့နေရာတွင် အစားထိုးမည့် ကျောက်အုတ်များကို ရှာနေပြီလား။ သူတို့ကို လေ့ကျင့်ပေးဘို့၊ သင်ကြားပေးဘို့ရော အစီအမံတွေ လုပ်ပြီး ပြီလား။

ဤသည်မှာ မြန်မာနိုင်ငံအဖို့ အလွန်အရေးကြီးသော Plan B ဖြစ်၏။ ပေါ့ပေါ့လေး မတွက်ကြပါနှင့် မိတ်ဆွေများ။
ငကန်းသေရင် ငစွေပေါ်လိမ့်မယ် ဟူသော စကားပုံမှာ အခြားနေရာများအတွက်သာဖြစ်မည်။ သည်နေရာတွင် မမှန်နိုင်။ နောက်ပေါ်လာသည့်ငစွေများသည် တိုင်းပြည်တွင်ရှိသမျှ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများကို ဖြုန်းတီး သွားသည့်သူများထက် ပိုဆိုးနေလျှင် မခက်ပါလား။

ထိုနေရာမျှသာ မဟုတ်ပါ။ အခြားအရေးကြီးသော နေရာများအတွက်ပါ Plan B ထားသင့်လေသည်။ Plan B သည် မူရင်း လူနှင့် မည်သည့်နည်းနှင့်မှ ထပ်တူထပ်မျှ တူနိုင်မည်မဟုတ်ပါ။ သို့မို့ကြောင့် မတူတဲ့အတူတူတော့ လုပ်မနေပါနဲ့တော့ကွာ ဟုလည်း မပြောစကောင်း။ ဘာမှ လုပ်မထားတာထက်စာလျှင် အကြောင်းဟေ့ဆိုလာပါက ကြိုတင်လေ့ကျင့်ပေးထားသူသည် အမှန်တကယ် အသုံးတည့်သူ ဖြစ်လာလိမ့်မည်။ ထိုသူသည် မူရင်း လူဟောင်းထက်တောင် တော်ချင် တော်နေပါလိမ့်ဦးမည်။ 

(၅)

ကိုင်း၊ စင်ကာပူတစ်နိုင်ငံလုံး မီးပြတ်သွားပါပြီတဲ့ကွာ၊ မင်း သင်္ဘောကို ဘယ်လိုကမ်းကပ်မလဲ ဆိုပြီးတော့ သူတို့က ဆင်မြူလေတာ (simulator) တွေနဲ့ လေ့ကျင့်ခိုင်းတာ အစ်ကိုရ ဟု အံ့ဖုန်းပိုင်၏ အဖေက ပြောပါသည်။ ပိုင်းလော့တွေထဲမှာ ခေါင်တွေကိုချည်းရွေးပြီး လေ့ကျင့်ပေးထားတာ ရှိတယ်။ စစ်အတွင်းတို့၊ အရေးပေါ်အခြေအနေတို့မှာ ဆိပ်ကမ်း ဘယ်လောက် ကြီးဆိုးနေပါစေ၊ ကပ်လို့မရဘူးဆိုတာ မရှိစေရအောင် လေ့ကျင့်ပေးထားတယ်။

နောက်ပြီးတော့ စစ်ဖြစ်လို့ ချန်ဂီလေဆိပ်ကြီးပျက်သွားသည့်တိုင် လေယာဉ်မဆင်းနိုင်ရ မရှိရလေအောင် စီမံထားတယ်။ လေကြောင်းထိန်း သိမ်းရေးစခန်းက မြေအောက်မှာလည်း တစ်ခုရှိသေးတယ်လို့ပြောတယ်။ ဘယ်လိုအကြောင်းကြောင့်မှ လေကြောင်း ဆက်သွယ်ရေးကို မထိခိုက်အောင် စီမံထားတာလို့ ဆိုတယ်။

အဲဒါတင်မကသေးဘူး။ မီးအတွက်၊ ရေအတွက် အကုန် back up system ရှိတယ်လို့ ကြားဖူးတယ်။

သည်အကြောင်း ကျွန်တော် သေသေချာချာ မသိပါ။ သို့သော် သူပြောတာဖြစ်နိုင်ပါသည်။ နောက်ပြီး နိုင်ငံ့ခေါင်းဆောင်များ အတွက် လက်ရွေးစဉ်များမွေးကာ လေ့ကျင့်ပေးသည်။ အကယ်၍ အစိုးရတဖွဲ့လုံး ဖွဟဲ့ မဆိုကောင်းဆိုကောင်း တစ်ခုခု ဖြစ်သွားပါပြီတဲ့။ ဘယ်လိုလုပ်ကြမလဲ ဟု ကြိုတင်တွက်ဆကာ စီစဉ်ထားခြင်းဖြစ်သည်။

အစိုးရ အရာထမ်း၊ အမှုထမ်း ရာထူးကြီးကြီး (ဥပမာ - မြို့တော်ဝန်၊ အုပ်ချုပ်ရေးမှုး၊ ညွှန်မှုး၊ ညွှန်ချုပ်၊ ၀န်ကြီး စသည်) တစ်နေရာရာတွင် တာဝန်ထမ်းဆောင်ရန် ထိုအစိုးရလုပ်ငန်းများနှင့် ရင်းနှီးနေသူများသာ ဖြစ်ရပါမည်။ သို့မဟုတ်ပဲ မိုးကျရွှေကိုယ်များ ခန့်ထားလိုက်ပါက ၀ယ်သာမကောင်းရင် လဲတပ်လိုက်ပေါ့ကွ ဆိုသူများနှင့် ငြားပါလိမ့်မည်။

လက်အောက်ငယ်သား အမှုထမ်း၊ အရာထမ်းများ မတတ်လျှင် သင်ပေးသွားလို့ရသည်။ လုပ်ရင်းကိုင်ရင်း တတ်သွားလိမ့်မည်။ သို့သော် ရာထူးကြီးကြီးများတွင် တာဝန်ယူရသူများအား လက်အောက်ငယ်သားများက ပြန်သင်ပေးနေရပါက အမြင်မတော် ဆင်တော်နှင့်ခလောက် ဖြစ်မနေပါလော။

ထို့ကြောင့် နိုင်ငံ့ထိပ်ပိုင်းတာဝန်များကို ထမ်းဆောင်ရန် ထက်ထက်မြက်မြက် တက်တက်ကြွကြွရှိသော၊ အမြော်အမြင်ရှိသော၊ ပညာတတ်လူငယ်မျိုးဆက်သစ်များအား ရွေးချယ်လျာထားကာ နိုင်ငံရေးပညာများ သင်ပေးရမည်။ အုပ်ချုပ်ရေးနှင့် စီမံ ခန့်ခွဲရေး ပညာများ သင်ပေးရမည်။ ကာယလေ့ကျင့်ခန်းများ များများလုပ်ခိုင်းရမည်။ (ဂျပန်ပြည်တွင်မတော့ အိမ်ရှေ့မင်းသား များကို ရေခဲရေတွင် စိမ်ခိုင်းသည်၊ ခန္ဓကိုယ်ကို တုတ်ဖြင့်ရိုက်သည်။ ခေါင်းပေါ် အုန်းသီးတင်ကာ ခွဲသည် စသော အလွန်ပြင်းထန်သည့် လေ့ကျင့်ခန်းများ လုပ်ခိုင်းသည်ဟု ဖတ်ဖူးပါသည်။)

ပလေတို၏ သမ္မတနိုင်ငံကျမ်းကို အားလုံးမဟုတ်တောင် ကျွန်တော် တော်တော်များများ ကြိုက်၏။ ထိုစာအုပ်တွင် နိုင်ငံခေါင်းဆောင်များကို မည်ကဲ့သို့ မွေးမြူယူရမည်ကို အသေးစိတ်ဖော်ပြထားပါသည်။ (စာအုပ်လိုချင်သူများ ကျွန်တော့်ဆီ လှမ်းတောင်းလိုက်ပါ။)

နိုင်ငံခေါင်းဆောင်များအား မည်ကဲ့သို့ မွေးမြူရမည့်အကြောင်း သိသူများ မြန်မာနိုင်ငံတွင် အများအပြားရှိနိုင်ပါသည်။ ထို ဆရာကြီးသမားကြီးများသည် ရေငုံနှုတ်ပိတ်နေတော် မမူကြပဲ ကျမ်းတစ်စောင် ပေတစ်ဖွဲ့ပြုစုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် သမ္မတထံ တင်ပြပါမည့်အကြောင်း ဤနေရာမှ တိုက်တွန်းလိုက်ရပါသည်။ (လုပ်ပြီးရင်လဲ ပြီးနေလောက်ရောပေါ့။ ကျွန်တော်မသိတာလည်း ဖြစ်နိုင်ပါသည်။)

နိဂုံး

မြန်မာပြည်မှမီးသည် အစိုးမရကြောင်း၊ ပြတ်ချင်သည့်အချိန်ပြတ်မည်၊ လာချင်သည့်အချိန်လာမည် ဆိုသည်ကို သင်တို့ မသိပါ သလော။ အမှန်ပင်သိ၏။ သို့ဆိုလျှင် မီးပျက်တတ်မှန်းသိလျှက်နှင့် အဘယ်ကြောင့် မီးစက်ကို အရံသင့်မထားပါသနည်း။ နိုင်ငံကြီးတစ်ခုမှ သံရုံးအနေနှင့် ရံပုံငွေမရှိဆိုတာတော့ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်။ ပွဲစီစဉ်သူများ ညံ့တာသာ ဖြစ်ပါသည်။

ရုပ်ရှင်ရုံများတွင်ရော မီးစက် အရံသင့်ရှိပါသလော။ ရုပ်ရှင်ပြနေတုံး မီးပျက်သွားလျှင် “မီးပျက်သွားလို့ ခဏလေး သည်းခံစောင့်ပေးကြပါခင်ဗျာ” ဆိုရုံနှင့် ပြီးသွားမည်လော။ ဤသည်ကို အင်္ဂလိပ်လို contingency plan ဟု ခေါ်ပါသည်။ အရေးပေါ်အစီအမံဟု ဘာသာပြန်ရမည်လား မပြောတတ်။

ရုပ်ရှင်ရုံများတွင် မီးပျက်ပါက ရုပ်ရှင်ကြည့်သူများ အာရုံမပျက်စေရန် မီးစက်ဖြင့် ချက်ချင်းကောက်ပြလို့ရစေရန် စီစဉ်ထား ခြင်းကို plan B ဟု ခေါ်သည်။ ယခု သည်လောက်တိုးတက်နေသည့်ကာလတွင် လမ်းမီးနှင့် မီးစက်အကူးအပြောင်းတွင် ရုပ်ရှင်ပြနေသည့်အပေါ်မထိခိုက်စေပဲ ကူးပြောင်းသွားနိုင်သည့် စနစ်ပင် လုပ်လို့ရနိုင်ပါလိမ့်မည်။

ရန်ကုန်သူ၊ ရန်ကုန်သားတို့ကား မီးအတွက် plan B ကို နည်းမျိုးစုံဖြင့် သုံးကြသည်။ အချို့က မီးစက်များထား၏။ အချို့က ဘက်ထရီများ ထား၏။ အချို့ကျ ဘက်ထရီနှင့်အင်ဗာတာတွဲကာ သုံး၏။

မိတ်ဆွေများရော plan B ထားဖူးကြပါ၏လော။

(သေချာတာကတော့ နောက်တစ်ခါပွဲကျ ကျွန်ုပ်ကို ပြင်သစ်သံရုံးက ဖိတ်တော့မှာ မဟုတ်တော့ဘူးဗျို့။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၄ စက်တင်ဘာ၊ ၂၀၁၆ နံနက် ၁း၃၄ နာရီ

မြန်မာစာပထမနှစ် ပြဋ္ဌာန်းစာအုပ်မှ အလွဲများ

နိဒါန်း

ယခင်တစ်ခါက ကျွန်တော် ပြဋ္ဌာန်းစာအုပ်မှ အမှားများအကြောင်း နည်းနည်းရေးခဲ့ဖူးပါသည်။
ယခု ဆက်လက်တင်ပြပါအံ့။
ယခု ပြောမည်မှာ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ပထမနှစ် Module အမှတ် - မ - ၁၀၀၂ - မြန်မာစာ။ ရွေးချယ်ချက်နှင့် ပို့ချချက် စာအုပ်မှ အမှားများ ဖြစ်၏။
အလုပ်တဖက်နှင့်မို့ အခြားစာအုပ်များကို မဖတ်ဖြစ်သေးပါ။ အခြားစာအုပ်များ ဖတ်ဖြစ်သည့်အခါ ထပ်မံတွေ့ရှိသည်များကို ထပ်ရေးပါမည်။
နောက်ပြီး သည်အမှားများအားလုံးကို စုစည်းကာ ပညာရေးကော်မတီထံ ပို့ပါမည်။

(၁)

ထိုစာအုပ် စာမျက်နှာ ၃၁ ပါ “ရှေးခေတ်ပုဂံပြည်” ကဗျာမှာ မတော်တဆမှားတာ ဘယ်နည်းနှင့်မှ မဖြစ်နိုင်။ သည်မျှ အရုပ်ဆိုး လှသောကဗျာကို တစုံတယောက်သောသူက ပြင်ဆင်ထည့်ထား တာသာ ဖြစ်ပါလိမ့်မည်။ သို့သော် ပြဋ္ဌာန်းစာအုပ်အတွင်း ပါအောင်ထည့်နိုင်သည်ဆိုတာ တော်ရုံတန်ရုံလူတော့ မဟုတ်တန်ရာ။

ဝေါဟာရများကို ဖွင့်ဆိုရာ၌ -

စာမျက်နှာ ၉၈ တွင် -

ငှက်ပျောဖူး - စေတီနှင့် ပြသာဒ်တွင် ထီးအောက်၌ရှိသည့် ငှက်ပျောသီးသဏ္ဌာန် အစိတ်အပိုင်း
-       ဆိုရာတွင် ငှက်ပျောသီးသဏ္ဌာန် မဟုတ်ပါ။ ငှက်ပျောဖူးသဏ္ဌာန်သာ ဖြစ်ရပါမည်။ ငှက်ပျောသီးပုံနှင့် ငှက်ပျောဖူးပုံမှာ မတူပါ။

နိဗ္ဗာန် - ကိလေသာ မီးငြိမ်းလေပြီးသော
-       ဆိုရာတွင် ‘နိဗ္ဗာန်’ သည် နာမ် ဖြစ်၍ ‘ကိလေသာ မီးငြိမ်းလေပြီးသော’ သည် နာမ၀ိသေသန ဖြစ်သည်။ နာမ်ကို နာမ်ဖြင့်သာ ဖွင့်ဆိုသင့်၏။

စာမျက်နှာ ၁၀၅ တွင် -

တောင်း - ၀ါး၊ နှီးစသည်ဖြင့် ရက်လုပ်ထားသော ထည့်စရာ
             (ဆယ့်ခြောက်ပြည်ဝင်သော အခြင်အတွယ် ပမာဏ)
-       ဟု ဖော်ပြထားရာ ထိုဆောင်းပါးတွင်ပါသော ‘တောင်း’ မှာ တင်းတောင်းကို ဆိုလိုခြင်းမဟုတ်၍  (ဆယ့်ခြောက်ပြည်ဝင်သော အခြင်အတွယ် ပမာဏ) ဟု ထည့်လိုက်ခြင်းဖြင့် စာသင်သားတို့အား အယူအဆ မှားယွင်းသွားစေနိုင်သည်။ တကယ်ဆိုလျှင် ‘ဆယ့်ခြောက်ပြည်ဝင်သော အခြင်အတွယ် ပမာဏ’ မှာ ‘တောင်း’ မဟုတ်။ ‘တင်း’ သာ ဖြစ်၏။

စာမျက်နှာ ၁၁၂ တွင် -

ဘ၀ဂ် - (၃၁) ဘုံတွင် အထက်ဆုံးဘုံ
-       ဟု ဖော်ပြထားသည်။ ဤသည်မှာလည်း မလျော်ကန်လှ။
ဖျာပုံတိုက်သစ်ဆရာတော်၏ သုတေသနသရုပ်ပြအဘိဓာန်တွင် ‘ဘ၀ဂ်’ ကို အောက်ပါအတိုင်း ဖော်ပြထား၏။

ဘ၀ဂ် ၃-ပါး ။ ။ အနုဋီကာ လာ 
ဝေဟပ္ဖိုလ်ဘုံ, အကနိဋ္ဌဘုံ, နေ၀သညာ နာသညာယတန ဘုံတို့၏ အမည် ၃-မျိုး၊ ဘ၀၏ အမြင့်ဆုံး ဘုံဌာနများဟူ၏။ 
(၁) ဝေဟပ္ဖိုလ်ဘုံကို ပုထုဇဉ်တို့၏ ဖြစ်ရာ ဖြစ်သောကြောင့် 'ပုထုဇ္ဇနဘ၀ဂ'၊ 
(၂) အကနိဋ္ဌဘုံကို အရိယာတို့၏ ဖြစ်ရာ ဖြစ်သောကြောင့် 'အရိယာဘ၀ဂ်'၊ 
(၃) နေ၀သညာ နာသညာယတနဘုံကို ပုထုဇဉ်အရိယာ နှစ်ဖြာသောသူတို့၏ ဖြစ်ရာ ဖြစ်သောကြောင့် 'သဗ္ဗဘ၀ဂ်' ဟုမှတ်၊ ၎င်းင်းကိုပင် 'ဘူမိဘ၀ဂ်' ဟုလည်း ခေါ်၍ ဘ၀ဂ်မျိုး ၄-ပါး မှတ်ရာ၏။

ဘ၀ဂ် ၃-ပါး ၊ တနည်း။ ။ 
ဝေဟပ္ဖိုလ်ဘုံ၊ 
အကနိဋ္ဌဘုံ၊ 
နေ၀သညာ နာသညာယတနဘုံ၊ 
၎င်းင်းဘုံသုံးပါးသို့ရောက်သော အနာဂါမ် ပုဂ္ဂိုလ်များသည် တခြားဘုံဘ၀သို့ မသွားတော့ပဲ ထို ၃-ဘုံ၌ပင် ပရိနိဗ္ဗာန်စံသောကြောင့် ဘ၀၏အထွတ်အထိပ် အဆုံး ဘ၀ဂ်ဟု သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ၌ဆို၏။

၃၁ ဘုံမှ အထက်ဆုံးဘုံသည် နေ၀သညာ နာသညာယတနဘုံဖြစ်၏။ ဘ၀ဂ်တွင် ထိုတစ်ဘုံထဲသာမကပဲ အခြားဘုံများပါ ပါဝင်နေ၏။ ထို့ကြောင့် ဘ၀ဂ်ကို မှန်ကန်စွာ ဖော်ပြလိုလျှင် -

‘ဘ၀ဂ် - (၃၁) ဘုံမှ အထက်ဆုံးဘုံဌာနများ’ ဟုသာ ဖော်ပြသင့်ပါသည်။

(၂)

ပို၍ဆိုးသည်မှာ ပုဒ်ဖြတ်များဖြစ်၏။ ပုဒ်ဖြတ်မှားတာကတော့ အတော့်ကို များပါသည်။ နမူနာ အနည်းငယ်ပြပါအံ့။

စာမျက်နှာ ၁၁၀

“မယ်ဘွားမှာလေ၊ ပန်းသပြေ၊ ညောင်ရေသွန်းလောင်း၊ ပြည်ကြီးရှင်
အနိုင်ရလို့ ငါ့သာလှ ပြန်လာကြောင်းကို နေ့တိုင်းပဲ တောင်းရ
တယ်”
-       ဟု ဖော်ပြထား၏။ မှားပါသည်။

ဖြစ်ရမည်မှာ -

မယ်ဘွားမှာလေ
ပန်းသပြေနှင့် ညောင်ရေသွန်းလောင်း
ပြည်ကြီးရှင် အနိုင်ရလို့
ငါ့သားလှပြန်လာကြောင်းကို
နေ့တိုင်းပဲ တောင်းရတယ်

-       ဟု ဖြစ်ရပါမည်။

နောက်တစ်ခု -

‘တရားငယ်မှန် ရှင်မြတ်ကယ်ထေရ် အရဟံနှင့် ပြေ(ပြည်) ပုဂံ
ဘုရင် ဘုန်းရယ်ကြောင့် ပြည်လုံးသာယာလို့ သာသနာဝါ၀ါဝင်း
ခဲ့တဲ့’

ဤ အဖြတ်အတောက်များလည်း မှားပါသည်။

နောက်တစ်ခု စာမျက်နှာ ၁၃၆ -

‘သည်တောင်သည် မြစ်၊ သည်စနစ်လျှင် စွဲချစ်သည်းပွတ်
ထပ်တူပင်။
သည် ချောင်းသည် တော၊ သည်မြကြောလျှင် သွေးကြော
သွေးရည်၊ မြသွေးပင်။’

‘သည်တောင်သည် မြစ်’ ဟု ဖြတ်လိုက်ခြင်းအားဖြင့် ထိုတောင်သည် မြစ်ကြီးဖြစ်သွားပေတော့၏။
ပြောရလျှင် သည်အပိုဒ်တွင် ဖြတ်ပုံဖြတ်နည်း အကုန်မှားသည်။
ဖြစ်ရမည်မှာ -

‘သည်တောင် သည်မြစ်၊ သည်စနစ်လျှင်
စွဲချစ်သည်းပွတ်၊ ထပ်တူပင်။
သည်ချောင်း သည်တော၊ သည်မြကြောလျှင်
သွေးကြော သွေးရည်၊ မြသွေးပင်။’ - ဟု ဖြစ်ရပါမည်။

အဖြတ်အတောက်မှားတာ တော်တော်များ၏။

(၃)

နောက်ပြီး ရေးချများကိုလည်း ချချင်သလို ချသည်။

စာမျက်နှာ ၁၁၀၊ စတုတ္ထစာပိုဒ်တွင် ‘ဓါးထက်သည့် ပုဂံ’ ဟု ဓားကို မောက်ချဖြင့် စာလုံးပေါင်းသည်။ သို့သော် စာမျက်နှာ ၃၂ နှင့် ၁၁၂ တို့တွင် ‘ဓားထက်တဲ့ပုဂံ’ ဟု ၀ိုက်ချဖြင့် စာလုံးပေါင်းသည်။ အမှန်မှာ ‘ဓား’ ဟု ဖြစ်ရမည်။

စာမျက်နှာ ၁၄၄ ဒုတိယပိုဒ်တွင် ‘အဓိပ္ပါယ်’ ဟု စာလုံးပေါင်းထားရာ အမှန်မှာ ‘အဓိပ္ပာယ်’ ဖြစ်ရပါမည်။

နောက်တစ်ခုက မလိုအပ်ပဲ ဝေါဟာရများ ဖွင့်ခြင်းဖြစ်၏။

ဥပမာ - စာမျက်နှာ ၁၃၀ -
မြက် - အများအားဖြင့် အဆစ်မှ အရွက်တံထွက်သော အမြစ်ဖွာသည့် အလေ့ကျပေါက်ပင်

စာမျက်နှာ ၁၃၀ -
ကမ္ဘာ - သတ္တ၀ါများနေထိုင်ရာ တောတောင်ရေမြေ

မြက်ကို ဟိုးသူငယ်နှပ်စား ကလေးငယ်တောင်သိသည်။
ကမ္ဘာဆိုတာကိုရော အဓိပ္ပာယ်ဖွင့်စရာလိုပါသလား။ ကမ္ဘာကိုမသိသူသည် တစ်ခုခုလွဲနေသူသာ ဖြစ်ချိမ့်မည်။

နိဂုံး

ရင်ထဲရှိတာကို အမှန်အတိုင်းပြောရလျှင်၊ နောက်ပြီးလုပ်ခွင့်သာရခဲ့လျှင် ကျွန်တော် သုတေသနအဖွဲ့တစ်ခုဖွဲ့ပြီး ရှိသမျှ ပြဋ္ဌာန်းစာအုပ်အားလုံးကို စစ်စစ်ပေါက်ပေါက်လိုက်စစ်ကာ အမှားအားလုံးကို ပြင်ချင်ပါသည်။
သို့ပေသိ ကျွန်တော်က စင်ကာပူရောက်နေတော့၊ နောက်ပြီး စားဝတ်နေရေးအတွက် အလုပ်ကလည်း လုပ်နေရသေးတော့ သည်ကိစ္စမှာ အိပ်မက်တစ်ခုမျှသာ ဖြစ်ပါသည်။ လက်တွေ့လုပ်ဖို့ မလွယ်လှပါ။

ပညာရေးကော်မတီကလူတွေနှင့် ပညာရေးဌာနက ၀န်ထမ်းများအား လက်ရှိ သင်ရိုးများကို ပိုမိုကောင်းမွန်ပြည့်စုံသော သင်ရိုးများဖြစ်အောင် ပြင်ဆင်ပြဋ္ဌာန်းကြလိမ့်မည်ဟုလည်း မျှော်လင့်မိပါသည်။


အမှားကိုမြင်ပါလျက် သည်အတိုင်း မသိယောင်ဆောင်နေခြင်း၊ မျက်စိမှိတ်နေခြင်းသည်လည်း တာဝန်မဲ့ခြင်း ဖြစ်၏။


အေးငြိမ်း

၂၉ ဧပြီလ၊ ၂၀၁၆။ ၀၁း၃၁ နာရီ