Sunday, October 13, 2013

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၁၆)


၇၊ ၇၊ ၁၇၊ ၃။ အန္တရာယ်မကင်းသော အပြုအမူများ




၇၊ ၇၊ ၁၇၊ ၄။ စနစ်တကျဆောက်ထားသော ငြမ်းစင်တစ်ခု




၇၊ ၇၊ ၁၇၊ ၅။ ရှိသင့်သော ငြမ်းစင်အချိုးအစား - ရွေ့လျားငြမ်းစင် (Mobile Scaffold)



ရွေ့လျားငြမ်းစင်တည်ဆောက်ရမည့် အချိုးအစားမှာ ငြမ်းစင်၏ အမြင့်သည် အတိုဆုံးအနားထက် သုံးဆရှိရမည်။ အကယ်၍ ငြမ်းစင်သည် ၄ မီတာထက်ပိုမြင့်ပါက လက်မှတ်ရငြမ်းဆင်သည့် ကုမ္ပဏီမှသာ ဆင်ခွင့်ရှိသည်။ ငြမ်းဆင်ရာတွင်လည်း လက်မှတ်ရ ငြမ်းဆင်ကြီးကြပ်သူမှ အနီးကပ်ကြီးကြပ်ရမည်။
ရွေ့လျားငြမ်းစင်ကို သုံးနေစဉ်အချိန်တိုင်း၌ ဘီးကို ဘရိတ်ဖမ်းထားရမည်။

၇၊ ၇၊ ၁၈။ MEWP (Mobile Elevated Work Platform)


MEWP တွင် Scissor Lift, Boom Lift, Euro Lift, ချယ်ရီပစ်ကာ စသည်တို့ပါဝင်၏။ MEWP ကို လေ့ကျင့်သင်ကြား ပေးထားသော သူများသာလျှင် မောင်းနှင်ခွင့်ရှိသည်။

  • နေ့စဉ် MEWP ကို အသုံးမပြုမီ ကောင်းစွာ စစ်ဆေးပါ။
  • MEWP သုံးတော့မည်ဆိုလျှင် မြေပြင်အခြေအနေကို လေ့လာပါ။ (ဆင်ခြေလျှောလား၊ မြေပျော့လား၊ မြေမာလား)
  • မညီညာသောမြေ၊ ပျော့နေသောမြေ၊ စောင်းနေသောမျက်နှာပြင်သည် MEWP ၏ တည်ငြိမ်မှုကို ပျက်ပြားစေသည်။
  • အန္တရာယ်ကင်း ကိုယ်သိုင်းကြိုးကို ၀တ်ဆင်ပါ။
  • ကိုယ်သိုင်းကြိုးကို သတ်မှတ်ထားသောနေရာ၌ ချိတ်ပါ။
  • မည်သည့်အခါမှ လက်ရမ်းများပေါ် တက်မရပ်ရ။
  • သတ်မှတ်ထားသော လူအရေအတွက် သို့မဟုတ် ၀န်အားထက် မပိုစေရ။
  • မြေညီညာချောမွေ့ပြီး ကျင်းချိုင့်၊ ဆင်ခြေလျှောတို့ ကင်းလွတ်သောမျက်နှာပြင်မှ အပ MEWP ၏ ပလက်ဖောင်းကို အနိမ့်ဆုံး ထိ နှိမ့်ချပြီးမှ တစ်နေရာမှ တစ်နေရာသို့ မောင်းနှင်ပါ။
  • ဘေးတိုက် ၃ ဒီဂရီထက် ပိုစောင်းသည့်နေရာတွင် MEWP ကို ပလက်ဖောင်းမြှင့်ပြီး မမောင်းနှင်ပါနှင့်။ မှောက်တတ်သည်။
  • MEWP ကို လုပ်ရမည့်နေရာနှင့် အနီးဆုံးသို့ ရွှေ့ပါ။
  • မိမိအလုပ်လုပ်သည့်နေရာကို အခြားသူများဝင်မလာနိုင်စေရန် ကြိုးဖြင့် စည်းဝိုင်းခတ်ထားပါ။
  • MEWP ၏ လက်တန်းများမှ အပြင်သို့ ကိုယ်ကိုကိုင်းပြီး မထွက်ပါနှင့်။
  • အလုပ်လုပ်ရန် MEWP ကို ရပ်မည့်နေရာသည် ညီညာပြီး မာကျောသည့်နေရာ ဖြစ်ပါစေ။
  • အရေးပေါ်ရပ်ရမည့် ခလုတ်ကို သိထားပါ။
  • လက်သုံးကိရိယာများကို ပုံးများ၊ သေတ္တာများနှင့် ထည့်ထားပါ။
  • မည်သည့်ပစ္စည်းကိုမှ MEWP ပေါ်မှ ပစ်မချပါနှင့်။
  • အဆောက်အဦကြမ်းပြင်ပေါ်မှ MEWP ပေါ်သို့လည်းကောင်း၊ MEWP ပေါ်မှ အဆောက်အဦကြမ်းပြင်ပေါ်သို့လည်းကောင်း ကူးခြင်း မည်သည့်အခါမှ မလုပ်ပါနှင့်။
  • ကိုယ်သိုင်းကြိုးမှ ချိတ်ကို MEWP ပေါ်မှ သတ်မှတ်ထားသည့်နေရာတွင်သာ ချိတ်ပါ။ ပြင်ပမှ တန်းများပေါ်သို့ လှမ်းချိတ်ခြင်း လုံးဝမလုပ်ရ။
  • အလုပ်ပြီးသောအခါ MEWP ပေါ်မှ အမှိုက်များကို အားလုံးစင်အောင် ရှင်းခဲ့ပါ။





၇၊ ၇၊ ၁၉။ ဂွန်ဒိုလာ (Gondola)



ဂွန်ဒိုလာပေါ်တွင် ၀န်ချိန်မည်မျှ (SWL = Safe Working Load) တင်နိုင်သည်။ လူဘယ်နှစ်ဦး လိုက်ပါနိုင်သည်။ မည်သည့် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း (PPE) များဝတ်ဆင်ရမည် စသည်တို့ကို ဖော်ပြထားပါသည်။ ဤသည်တို့ကို အတိအကျ လိုက်နာရန် လို၏။
ဂွန်ဒိုလာပေါ်၌ လူနှစ်ဦးလိုက်ပါနိုင်လျှင် ထိုဂွန်ဒိုလာအတွက် အသက်ကယ်ကြိုး (Life Line) နှစ်ချောင်းလို၏။ အန္တရာယ်ကင်းကိုယ်သိုင်းကြိုး (Safety Harness) နှင့် ထိုအသက်ကယ်ကြိုးကို ချိတ်ရန် ပြုတ်ကျခြင်းမှကာကွယ်သည့် ကိရိယာ (Fall Arrester) လည်း လိုသည်။
  • ဂွန်ဒိုလာသုံးသူသည် အန္တရာယ်ကင်းကိုယ်သိုင်းကြိုးကို Fall Arrestor နှင့်ချိတ်လျက် ထို Fall Arrestor ကို အသက်ကယ် Life Line တွင် ချိတ်တွဲထားရမည်ဖြစ်၏။
  • အလုပ်လုပ်ရန်ယူဆောင်သွားမည့် လက်နက်ကိရိယာ၊ ပစ္စည်းပစ္စယများကို ပုံး၊ သေတ္တာ စသည်တို့အထဲ၌ ထည့်ထားရမည်။
  • ဂွန်ဒိုလာကို စတင်မသုံးမီ ဂွန်ဒိုလာသည် ကောင်းစွာအလုပ်လုပ်မလုပ် သေချာစွာစစ်ဆေးရမည်။
  • အသက်ကယ်ကြိုးသည် ခိုင်ခိုင်ခံ့ခံ့ရှိမရှိကိုလည်း စစ်ဆေးကြည့်ရှုရန် လို၏။
  • အဆောက်အဦကြမ်းပြင်ပေါ်မှ ဂွန်ဒိုလာပေါ်သို့လည်းကောင်း၊ ဂွန်ဒိုလာပေါ်မှ အဆောက်အဦကြမ်းပြင် ပေါ်သို့လည်းကောင်း ခုန်ကူးခြင်း မည်သည့်အခါမှ မလုပ်ပါနှင့်။
  • မည်သည့်အခါမှ ဂွန်ဒိုလာတွင်ဖော်ပြထားသည့် ၀န်အားထက် မပိုပါစေနှင့်။ လူပိုလိုက်ပါစေခြင်း မပြုပါနှင့်။





၇၊ ၇၊ ၂၀။ ပြုတ်ကျလျှင် ဖမ်းထားသည့်စနစ် (Fall Arrest System)

            ဥပဒေအရ ၂ မီတာထက်ပိုမြင့်သည့်နေရာတွင် အလုပ်လုပ်သူများအတွက် ပြုတ်ကျလျှင် ဖမ်းထားသည့်စနစ် (Fall Arrest System) ပံ့ပိုးပေးရမည်။
            Fall Arrest System အမျိုးမျိုးရှိ၏။



ဤစနစ်၌ အသက်ကယ်ကြိုး (Life line), ကိုယ်သိုင်းကြိုး (Full Body Harness), ဆက်ကြိုး (Lanyard), ဖမ်းသည့်ကိရိယာ (Fall Arrester) စသည်တို့ပါသည်။

၇၊ ၇၊ ၂၁။ ခေါင်မိုးပေါ်၌ အလုပ်လုပ်ခြင်း (Working On the Roof)

  • ခေါင်မိုးပေါ်၌ အလုပ်လုပ်သူများအတွက် ပြုတ်ကျခြင်းမှ ကာကွယ်သည့်စနစ် တပ်ဆင်ပေးထားရမည်။
  • ခေါင်မိုးတစ်ခုမှ တစ်ခုသို့ ခုန်လွှားကူးပြောင်းခြင်း မပြုရ။
  • မတ်စောက်သောခေါင်မိုးများပေါ်သို့ အသက်ကယ်ကြိုးမ၀တ်ဆင်ဘဲ မတက်ရ။
  • ခေါင်မိုးပေါ်သို့ တက်/ဆင်းမည့် လှေခါးထားရှိပေးရမည်။
  • ဖြစ်နိုင်လျှင် ခေါင်မိုးအစွန်းများကို လက်ရမ်းတန်းများဖြင့် ကာရံပေးထားရမည်။
  • ခေါင်မိုးပေါ်တွင်နင်းရန် သုံးထပ်သားကဲ့သို့ အခင်းများခင်းပေးရမည်။
  • ခေါင်မိုးပေါ်တွင် အလုပ်လုပ်ရန် ကောင်းစွာလေ့ကျင့်ပေးထားသူအားသာ လုပ်ကိုင်စေရမည်။
  • ကွဲတတ်သော မှန်၊ ပလတ်စတစ်ကဲ့သို့ အမိုးများပေါ် မနင်းရ။ အကယ်၍ မှန်အမိုးများပေါ်၌ လျှောက်ရမည်ဆိုလျှင် ခိုင်ခံ့သော လျှောက်လမ်းများ ခင်းပေးထားရမည်။
  • မည်သည့် ပစ္စည်းမှ ခေါင်မိုးပေါ် ပျံ့ကြဲမထားရ။ အလုပ်လုပ်ပြီးသည့်အခါတိုင်း သန့်ရှင်းရေး လုပ်ရမည်။
  • အလုပ်လုပ်ရန်ယူဆောင်သွားမည့် လက်နက်ကိရိယာ၊ ပစ္စည်းပစ္စယများကို ပုံး၊ သေတ္တာ စသည်တို့အထဲ၌ ထည့်ထားရမည်။









ဆက်ပါဦးမည်။

အေးငြိမ်း
၁၃၊ ၁၀၊ ၂၀၁၃။ ည ၀၀း ၄၇ နာရီ



No comments: