Friday, October 4, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၁၃)


၇၊ ၆။ ဖောက်ကလစ် မောင်းနှင်ခြင်း (Forklift Safety)

            ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကုန်ပို့သော လော်ရီပေါ်မှ ပစ္စည်းများကို အောက်သို့ချခြင်း၊ ဂိုဒေါင်သို့ ပို့ခြင်း၊ ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ခြင်း စသည်တို့အတွက် ဖောက်ကလစ်ကို အသုံးပြုကြရ၏။ ဖောက်ကလစ် ကို အသုံးပြုရာတွင် သေသေချာချာ မောင်းနှင်တတ်သည့် လိုင်စင်ရှိသူကသာ မောင်းရပါမည်။ ယာဉ်မောင်းလိုင်စင်ပင် ရှိသည် ဖြစ်စေ ဖောက်ကလစ်မောင်းလိုင်စင် မရှိပါက ဖောက်ကလစ်မောင်းနှင်ခွင့် မပြုရပါ။ ဖောက်ကလစ်ကြောင့် ဖြစ်ရသော မတော် တဆမှုများမှာ မောင်းသူ၏ မကျွမ်းကျင်မှု၊ မောင်းနှင်ရာတွင် ပေါ့ဆမှု၊ ဂရုမစိုက်မှု၊ သတ်မှတ်ထားသောမြန်နှုန်းထက် ပိုမောင်း နှင်မှု၊ မောင်းနှင်ရန်သတ်မှတ်ထားသော စည်းကမ်းများကို မလိုက်နာမှု၊ အကွေ့များကို တစ်ဆစ်ချို့ ကွေ့ချမှု၊ ၀န်ကိုမြှောက်ပြီး မောင်းနှင်မှု နှင့် ဖောက်ကလစ်ကို ပုံမှန် ပြုပြင်ထိန်းသိမ်းမှုမပြုခြင်း တို့ကြောင့် ဖြစ်ပါသည်။



ဖောက်ကလစ်ကြောင့် ဖြစ်တတ်သော မတော်တဆမှုများမှာ အောက်ပါတို့ဖြစ်၏။
  • ဖောက်ကလစ်မှောက်ခြင်းကြောင့် ပိပြီးသေဆုံးခြင်း
  • ဖောက်ကလစ်ဖြင့် အနင်းခံရပြီး သေဆုံးခြင်း
  • ဖောက်ကလစ်သယ်လာသော ၀န်နှင့် နံရံ သို့မဟုတ် ပစ္စည်းတို့အကြား ညပ်ပြီးသေဆုံးခြင်း
  • ဖောက်ကလစ်ဖြင့်တိုက်မိခြင်း
  • ပစ္စည်းများကို တိုးမိတိုက်မိသဖြင့် တိုင်၊ အဆောက်အဦနံရံစသည်တို့ ပျက်စီးခြင်း
  • သယ်လာသောပစ္စည်းများ ပြုတ်ကျသဖြင့် ပျက်စီးဆုံးရှုံးရခြင်း


ဖြစ်နိုင်သော အန္တရာယ်များ

  • လိုင်စင်မရှိဘဲ မောင်းနှင်မှု၊ ကျွမ်းကျင်မှုမရှိဘဲ မောင်းနှင်မှု
  • ဖောက်ကလစ်ပေါ်တွင် လူပိုတင်ဆောင်မှု၊ ဖောက်ပေါ်တွင် လူများကို သယ်ဆောင်မှု
  • ခြေ၊ လက်၊ ဆံပင်တို့ ဖောက်များအကြား ညပ်မှု
  • ဖောက်ကလစ်ကို အမြန်မောင်းနှင်မှု
  • လူအများ သွားလာလှုပ်ရှားနေကြသော နေရာများတွင် ဖောက်ကလစ်မောင်းနှင်မှု
  • ဆင်ခြေလျှောများတွင် ဖောက်ကလစ်ကို မောင်းနှင်မှု
  • ဖောက်ကလစ်သွားရာလမ်းတွင် ပစ္စည်းများဖြင့် ကြပ်သိပ်၊ ပိတ်ဆို့နေမှု
  • ဖောက်များကို မြှင့်ပြီးမောင်းနှင်ခြင်း
  • မညီညာသောမြေ၊ ချော်နေသောကြမ်းပြင်၊ အပေါက်များရှိသောနေရာများ၌ ဖောက်ကလစ်မောင်းနှင်မှု
  • ဖောက်ကလစ်ကို ပြုပြင်ထိန်းသိမ်းမှု မရှိခြင်း
  • ဖောက်ကလစ် မ,နိုင်သောဝန်ထက် ပိုတင်ခြင်း
  • ဓာတ်လိုက်ခြင်း


အန္တရာယ်များကိုလျှော့ချနိုင်သော နည်းလမ်းများ

  • ဖောက်ကလစ်မောင်းသူအား သေသေချာချာ သင်တန်းပေးခြင်း
  • ဖောက်ကလစ်ကို ပုံမှန် ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ခြင်း
  • ဖောက်ကလစ်မောင်းနှင်မည့် ပတ်ဝန်းကျင်ကို လေ့လာစုံစမ်းခြင်း။ မလိုအပ်သော ပစ္စည်းများ၊ အတားအဆီးများကို ဖယ်ရှားထားခြင်း
  • ဖောက်ကလစ်မောင်းသူ၏ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်လေ့လာခြင်း
  • ကျွမ်းကျင်သူများအားသာ ဖောက်ကလစ်မောင်းခွင့်ပြုပြီး မောင်းနှင်ခွင့်မရှိသူများ မမောင်းနှင်နိုင်အောင် ကြပ်ကြပ်မတ်မတ် ထိန်းထားခြင်း
  • ဖောက်ကလစ်မောင်းသူသည် မိမိဖောက်ကလစ်မောင်းမည့်နေရာအား သေသေချာချာ အကျွမ်းတ၀င်ရှိနေခြင်း
  • ဖောက်ကလစ်ကို စတင်အသုံးမပြုမီ နေ့စဉ်စစ်ဆေးခြင်း
  • အင်ဂျင်အအေးခံရေ၊ ဆီ၊ အင်ဂျင်ဝိုင်စသည်တို့ ပုံမှန်ဖြည့်တင်းခြင်း၊ ဟိုက်ဒြောလစ်ဆီ ပုံမှန်ထိုးခြင်း


ဖောက်ကလစ်မောင်းနှင်မည့် ပတ်ဝန်းကျင်မှ အန္တရာယ်များ
  • ဖြတ်သန်းသွားလာနေသူများ
  • မျက်ကွယ်များ
  • အပြင်ဖွင့်တံခါး၊ အတွင်းဖွင့်တံခါးများ
  • ကျဉ်းမြောင်းသောနေရာများ
  • တိုင်များ၊ နိမ့်သော ထုပ်ယောက်တန်းများ
  • အကွေ့များ


သွားလာနေသူများကြောင့်ဖြစ်ရသော အန္တရာယ်များ

  • လမ်းသွားလမ်းလာများသည် ဖောက်ကလစ်မောင်းလာသည်ကို ဂရုမစိုက်ခြင်း
  • မည်သည့်နေရာတွင်နေလျှင် အန္တရာယ်ကင်းမည်ကို မသိခြင်း
  • လမ်းလျှောက်သည့်နေရာတွင် အာရုံမစိုက်ခြင်း


ဖောက်ကလစ်အား အန္တရာယ်ကင်းစွာ မောင်းနှင်ခြင်း




  • မိမိဖောက်ကလစ်၏ မ,နိုင်သော ၀န်အားကို သိထားရပါမည်။
  • မိမိ မ,မည့် ၀န်၏ အလေးချိန်ကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ရပါမည်။ ဤ၀န်ကို ဤဖောက်ကလစ်ဖြင့် အန္တရာယ်ကင်းစွာ မ,နိုင်၊ မ,မနိုင် ခန့်မှန်းတတ်ရပါမည်။
  • မ,မည့် ၀န်အား သေချာကျနစွာ ချည်နှောင် ထုပ်ပိုးထားရပါမည်။
  • သွားမည့်လမ်းကြောင်းအား ကြိုတင်ရွေးချယ်ထားရပါမည်။
  • သွားမည့်လမ်းကြောင်း အပေါ်ဘက်တွင် နိမ့်သောထုပ်တန်းများ စသည်တို့ ရှိမရှိ ကြည့်ရှုထားရပါမည်။
  • ၀န်ကို မ,ပြီးသွားနေစဉ် လုပ်ငန်းခွင်အတွင်း သွားလာနေသော အခြားယာဉ်များအား အထူးသတိထားရပါမည်။
  • ၀န်သည် ဖောက်နှစ်ခု အလယ်တည့်တည့်တွင်ရှိပါစေ။
  • ဖောက်ကလစ်ကို စက်မနှိုးမီ ဒီဇယ်ဆီ၊ အင်ဂျင်ဝိုင်၊ ရေ၊ ဘရိတ်၊ စတီယာရင်၊ ဘက်ထရီ၊ ရှေ့မီး နောက်မီး၊ ဟွန်း၊ ဟိုက်ဒြောလစ်ဆီ ယိုစိမ့်မှုရှိမရှိ စသည်တို့ကို စစ်ဆေးရမည်။
  • ၀န်ကိုချီပြီး ဖောက်ကလစ်မောင်းနှင်နေစဉ် ကုန်းတက်ကုန်းဆင်းများ၊ ချိုင့်ခွက်များ၊ တွင်းများ၊ ကမူများ၊ မညီညာသောလမ်းများ၊ ကြမ်းပြင်များကို အထူးသတိထားပါ။   
  • ဖောက်ကလစ်ကို နောက်ဆုတ်သည့်အခါ နောက်ဘက်တွင် လူများရှိမရှိ၊ တိုးမည့်တိုက်မိမည့် အရာများ ရှိမရှိ စသည်တို့ကို အထူးသတိထားပြီး ဖြည်းညင်းစွာ ဆုတ်ပါ။
  • ဖောက်ကလစ်ကို အသုံးပြုပြီးသောအခါ ရပ်ထားလိုလျှင် -
  • ဖောက်များကို ကြမ်းပြင်ထိ ချထားပါ။
  • ဂီယာကို အလယ် (Neutral) တွင်ထားပါ။
  • အင်ဂျင်ကို စက်သတ်ထားပါ။
  • လက်ဆွဲဘရိတ်ကို ဆွဲထားပါ။
  • သော့ကိုဖြုတ်သိမ်းသွားပါ။ သော့တန်းလန်းမထားခဲ့ပါနှင့်။
  • အကွေ့များတွင် ဟွန်းတီးပါ။
  • ရှုပ်သောနေရာများတွင် ယာဉ်အချက်ပြတစ်ယောက် ထားပါ။
  • မြောင်းများ၊ ကျင်း၊ ချိုင့် နှုတ်ခမ်းများ၊ ကြမ်းပြင်အစွန်းများ စသည့်တို့မှ ခွါမောင်းပါ။
  • မြှောက်ထားသော ၀န်အပေါ်၌သော်လည်းကောင်း၊ ၀န်အောက်၌သော်လည်းကောင်း မည်သူမျှရှိမနေပါစေနှင့်။
  • အလုပ်သိမ်းသည့်အခါ ဖောက်ကလစ်ကို သတ်မှတ်ထားသည့်နေရာတွင်သာ ရပ်ထားပါ။


ရှောင်ကြဉ်ရမည့် အရာများ






  • မြင်ကွင်းကို ၀န်ထုပ်များဖြင့် ကွယ်မနေပါစေနှင့်။
  • ရှေ့မြင်ကွင်းကို ၀န်နှင့်ကွယ်နေလျှင် ခန့်မှန်းပြီး မမောင်းပါနှင့်။
  • မည်သည့်အခါမှ ဖောက်ကလစ်ကို အမြန် မမောင်းပါနှင့်။
  • အရက်သောက်ထားလျှင် ဖောက်ကလစ်မမောင်းပါနှင့်။
  • ၀န်သယ်လာသည်ဖြစ်စေ၊ ၀န်မပါဘဲဖြစ်စေ ဖောက်များမြှင့်ပြီး မမောင်းပါနှင့်။ အမြဲနှိမ့် မောင်းပါ။
  • တံတောင်ဆစ်ချိုးများ၌ အမြန်မကွေ့ပါနှင့်။
  • ဖောက်ကလစ်ပေါ်တွင် လူပိုမတင်ပါနှင့်။ ဖောက်ကလစ်သုံးပြီး လူများမသယ်ပါနှင့်။
  • ဖောက်ကလစ်ကို စက်နှိုးထားပြီး တခြားမသွားပါနှင့်။ သွားလိုလျှင် စက်ရပ်ခဲ့ပါ။
  • ပိုက်များ၊ လျှပ်စစ်ဝိုင်ယာကြိုးများပေါ်မှ ဖြတ်မမောင်းပါနှင့်။
  • ရုတ်တရက် ဘရိတ်ဆောင့်နင်းပြီးရပ်ခြင်း မပြုပါနှင့်။
  • ကုန်းစောင်းကို ကန့်လန့်ဖြတ်မောင်းခြင်း မပြုပါနှင့်။

လိုက်နာရမည့်အချက်များ

  • ဖောက်ကလစ်ကို အသုံးမပြုမီ မနက်တိုင်း သေချာကျနစွာ စစ်ဆေးပါ။
  • ဖောက်ကလစ်သော့ကို မောင်းခွင့်ရှိသူအားသာ ထုတ်ပေးပါ။
  • လုပ်ငန်းခွင်စည်းကမ်းများကို လိုက်နာပါ။
  • လမ်းသွားလမ်းလာများကို ဦးစားပေးပါ။
  • အကွေ့များ၊ မျက်ကွယ်များ၊ လူများသွားလာနေသည့် နေရာများတွင် ဟွန်းတီးပြီး အချက်ပေးပါ။
  • တတောင်ဆစ်ချို့ကွေ့များ၊ အဆောက်အဦအတွင်း အ၀င်များ၌ ခေတ္တရပ်ပြီး အန္တရာယ်ကင်းမကင်း အကဲခတ်ပါ။
  • ဖောက်များကို အနိမ့်ဆုံးနှိမ့်၍ မောင်းပါ။
  • ၀န်ကို အပေါ်သို့မြှင့်တော့မည်ဆိုလျှင် အပေါ်ဘက်၌ မည်သည့်အတားအဆီးများရှိသနည်းကို စစ်ဆေးပါ။
  • နောက်ဆုတ်သည့်အခါ နောက်ဘက်တွင် မည်သည့် အတားအဆီးများ၊ လူများရှိနေသည်ကို အမြဲ ဂရုစိုက် ကြည့်ရှုပါ။
  • ၀န်မပါလျှင် အနိမ့်ပိုင်းသို့ မျက်နှာမူပြီး တက် / ဆင်း ပါ။
  • ၀န်ပါလျှင် အမြင့်ဘက်သို့ မျက်နှာမူပြီး တက် / ဆင်း ပါ။
  • ၀န်၏ မြေဆွဲအားဗဟို (Centre of Gravity) သည် ဖောက်နှစ်ခုကြား အလယ်တည့်တည့်တွင် ရှိပါစေ။




ဆက်ပါဦးမည်။

အေးငြိမ်း
၎၊ ၁၀၊ ၂၀၁၃။ ည ၁၀း ၅၀ နာရီ







No comments: