Sunday, October 20, 2013
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၂၂)
၇၊ ၉။ အန္တရာယ်ကင်းစွာ ၀န်ချီခြင်း (Lifting Safety)
ဆောက်လုပ်ရေးလုပ်ငန်းတွင် ၀န်ချီခြင်းသည် မရှိမဖြစ်လိုအပ်၏။ လေးလံကြီးမားသော ဆောက်လုပ်ရေးပစ္စည်းများ ကိုသာမက သေးငယ်သောပစ္စည်များကိုလည်း တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းရန် မဖြစ်မနေ ၀န်ချီကြရသည်။ ၀န်ချီခြင်း လုပ်ငန်းသည် အန္တရာယ်များသော လုပ်ငန်းတစ်ခုဖြစ်၏။ ထို့ကြောင့် အန္တရာယ်ကင်းစွာ ၀န်ချီနိုင်ရန် အလွန်အရေးကြီးသည်။ ဤအခန်းတွင် အန္တရာယ်ကင်းစွာ ၀န်ချီလုပ်ငန်း လုပ်နိုင်ရန် လိုက်နာရမည့် နည်းစနစ်များကို ဖော်ပြထားပါသည်။
၇၊ ၉၊ ၁။ ဥပဒေအရ လိုအပ်ချက်များ (Regulatory Requirements)
            အန္တရာယ်ကင်းစွာ ၀န်ချီခြင်းလုပ်ငန်း လုပ်ကိုင်နိုင်စေရန် အာဏာပိုင်အဖွဲ့အစည်းများက ၀န်ချီခြင်းနှင့်သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်များ (Rules and Regulations, Code of Practices) ပြဌာန်းပေးရသည်။ ထိုစာရွက် စာတမ်းများတွင် ကရိန်းပိုင်ရှင်များ၏ တာဝန်ဝတ္တရားများ၊ လုပ်ငန်းပိုင်ရှင်၏ တာဝန်ဝတ္တရားများ၊ ကရိန်းမောင်းသူများ၏ တာဝန်ဝတ္တရားများ၊ ၀န်ချီလုပ်ငန်းကြီးကြပ်သူများ၏ တာဝန်ဝတ္တရားများ၊ ကြိုးချည်သူ၊ အချက်ပြသူများ၏ တာဝန်ဝတ္တရားများ စသည်တို့ကို အသေးစိတ်ဖော်ပြသည်။
            ထို့ပြင် ၀န်ချီမည့် ကရိန်းများ၊ ၀န်ချီကိရိယာများ၏ နှစ်စဉ်စစ်ဆေးရန် လိုအပ်ချက်၊ ကရိန်းမောင်းသူ၊ ၀န်ချီလုပ်ငန်း ကြီးကြပ်သူ၊ အချက်ပြသူ၊ ကြိုးချည်သူများ၏ ကျွမ်းကျင်ရန်လိုအပ်ချက်၊ မလိုက်နာသူများပေးရမည့် ဒါဏ်ကြေး အစရှိသည်တို့ ကို ဖော်ပြထားသည်။
            ထို အရေးကြီးသော ဥပဒေစာအုပ်များကို ပုံနှိပ်ပြီး လုပ်ငန်းခွင်အတွင်း၌ အလွယ်တကူမှီငြမ်းနိုင်စေရန် ထားရမည်။
ကရိန်းပိုင်ရှင်များ၏ တာဝန်ဝတ္တရားများ (Duties of Crane Owner)
ယေဘူယျအားဖြင့် ကရိန်းပိုင်ရှင်၏ တာဝန်ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်သည်။
v ကရိန်းပိုင်ရှင်သည် မိမိ၏ကရိန်းကို အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ကြောင်း အာမခံနိုင်ရမည်။
v ကရိန်းကို အန္တရာယ်တစ်စုံတစ်ရာမဖြစ်စေဘဲ လုပ်ငန်းခွင်အတွင်း ရောက်သည်ထိ ပို့ပေးနိုင်ရမည်။
v လုပ်ငန်းခွင်အတွင်း၌ မ,မည့်ဝန်၏ အလေးချိန်ကို သိထားပြီး ထိုဝန်ကို အန္တရာယ်ကင်းစွာ မ,နိုင်မည့် ကရိန်းအား ပေးရမည်။
v ကရိန်းနှင့်ပတ်သက်သည့်အချက်အလက်များ (SWL, Load Chart, Lifting Machine Cert,. Crane Operator Cert, ect) စသည်တို့ကို လုပ်ငန်းပိုင်ရှင်ထံ ပို့ပေးရမည်။
v ကရိန်းမောင်းသူအား ထည့်ပေးရပါက ထိုကရိန်းမောင်းသူသည် သင်တန်းဆင်းပြီးကြောင်း၊ ဤကရိန်းကို ကျွမ်းကျွမ်း ကျင်ကျင် မောင်းတတ်ကြောင်း သေချာစေရမည်။
v ကရိန်းထုတ်လုပ်သူ၏ ကရိန်းကိုအန္တရာယ်ကင်းစွာအသုံးပြုနည်း ဟူသော လက်စွဲစာစောင်အတိုင်း အတိအကျ လိုက်နာရမည်။
v ကရိန်း ၀န်ချီခြင်းမှတ်တမ်း (log book) ကို အမြဲရေးသွင်းနေရမည်။
v ကရိန်းကို ပုံမှန် စစ်ဆေး၊ ပြုပြင်ထိန်းသိမ်းမှုအမြဲလုပ်နေရမည်။
v ကရိန်းကို စစ်ဆေးပြုပြင်သူသည် ထိုကရိန်းနှင့်ပတ်သက်၍ ကျွမ်းကျင်သူဖြစ်ကြောင်း သေချာစေရမည်။
လုပ်ငန်းပိုင်ရှင်၏ တာဝန်ဝတ္တရားများ (Duties of Occupier)
v မိမိငှားရမ်းသော ကရိန်းသည် တရားဝင်မှတ်ပုံတင်ထားသော ကရိန်းငှားရမ်းသူထံမှဖြစ်ကြောင်း သေချာစေရမည်။
v ကရိန်းအားတပ်ဆင်ရာတွင် အန္တရာယ်ကင်းလုပ်ငန်းအစီအစဉ်များအတိုင်း လိုက်နာတပ်ဆင်စေကြောင်း သေချာစေရမည်။
v ကရိန်းအား ခန့်အပ်ထားသော လက်မှတ်ရ ကရိန်းမောင်းသူမှအပ အခြားသူတစ်ဦးတစ်ယောက်က ၀င်ရောက် မောင်းနှင်ခြင်း ကို လုံးဝခွင့်မပြုရ။
v ၀န်ချီရာတွင် သတ်မှတ်ထားသော ၀န်ချီလုပ်ငန်းအစီအစဉ်အတိုင်း ပြုလုပ်ကြောင်း သေချာစေရမည်။
v ၀န်ချီခြင်းကို လက်မှတ်ရပြီး ကျွမ်းကျင်သော ၀န်ချီလုပ်သားများ (၀န်ချီလုပ်ငန်းကြီးကြပ်သူ၊ အချက်ပြသူ၊ ကြိုးချည်သူ) အားသာ ခန့်စာပေးအပ်လျှက် လုပ်ခိုင်းစေရမည်။
v မိမိလုပ်ငန်းအတွင်းသုံးနေသည့် ၀န်ချီကိရိယာများသည် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းမှ စစ်ဆေးပြီးသည့် ၀န်ချီကိရိယာများဖြစ်ကြောင်း သေချာစေရမည်။
ဝန်ချီလုပ်ငန်းကြီးကြပ်သူ၏ တာဝန်ဝတ္တရားများ (Duties of Lifting Supervisor)
v ၀န်ချီလုပ်ငန်းကြီးကြပ်သူအတွက် သတ်မှတ်ထားသော သင်တန်းများကို ပြီးဆုံးအောင်မြင်၍ လက်မှတ်ရထားသူဖြစ်ရမည်။
v ၀န်ချီလုပ်ငန်းကြီးကြပ်သူအဖြစ်မခန့်ထားမီ ၀န်ချီလုပ်ငန်းတွင် အနည်းဆုံး တစ်နှစ် လုပ်ကိုင်ဖူးသူ ဖြစ်ရမည်။
v ၀န်ချီလုပ်ငန်းကို အနီးကပ်ကြီးကြပ်ရမည်။
v ကရိန်းမောင်းသူ၊ အချက်ပြသူ၊ ကြိုးချည်သူအားလုံးသည် လက်မှတ်ရ ကျွမ်းကျင်သူများဖြစ်ကြောင်း သေချာစေရမည်။
v ကရိန်းရပ်ထားသည့် မြေမျက်နှာပြင်သည် မာကျောပြန့်ပြူးသည့် မြေသားဖြစ်ကြောင်း သေချာစေရမည်။
v ကရိန်းမောင်းသူ၊ အချက်ပြသူ၊ ကြိုးချည်သူအားလုံးကို အန္တရာယ်ကင်းစွာ ၀န်ချီခြင်းအစီအစဉ်အား ရှင်းလင်းပြောပြထားရမည်။
v ၀န်ချီခြင်းလုပ်ငန်း အစမှအဆုံးတိုင် ၀န်ချီခြင်းအစီအစဉ် (Lifting Plan) အတိုင်းဖြစ်ကြောင်း သေချာစေရမည်။
v အန္တရာယ်မကင်းသည့် အခြေအနေတစ်ရပ်ရပ်ကို ကရိန်းမောင်းသူကတင်ပြလာလျှင် ၀န်ချီခြင်းကို ချက်ချင်းရပ်တန့်၍ အန္တရာယ်ကင်းသည်ထိ ပြင်ဆင်စေရမည်။ အန္တရာယ်မကင်းသည့် အခြေအနေတွင် ၀န်ချီခြင်းလုပ်ငန်း လုံးဝမလုပ်ရ။
ကရိန်းမောင်းသူ၏ တာဝန်ဝတ္တရားများ (Duties of Crane Operator)
v ကရိန်းကို စတင်အသုံးမပြုမီ ကရိန်းမှအညွှန်းဒိုင်ခွက်များ ကောင်းကောင်း အလုပ်လုပ် မလုပ် နေ့စဉ်စစ်ဆေးရမည်။
v  ၀န်ချီခြင်းလုပ်ငန်း အစမှအဆုံးတိုင် ၀န်ချီခြင်းအစီအစဉ် (Lifting Plan) ကို အတိအကျလိုက်နာရမည်။
v မ,ချီလိုက်သော ၀န်သည် ကရိန်း မ,နိုင်သော အလေးချိန်အတွင်းဖြစ်ကြောင်း သေချာစေရမည်။ အကယ်၍ ၀န်၏ အလေးချိန် ကို မ-နိုင်၊ မ မ-နိုင် မသေချာခဲ့ပါက အရဲကိုးပြီး မ မ,ရ။
v ၀န်၏ အလေးချိန်သည် ကရိန်း မ,နိုင်သည့် နယ်ပယ်ထက်ကျော်လွန်နေပါက ချက်ချင်းရပ်ဆိုင်းရမည်။
v ၀န်ချီခြင်းမှတ်တမ်းကို ရေးသွင်းရမည်။
v ကရိန်းရပ်ထားသော မြေမျက်နှာပြင်သည် မာကျောပြန့်ပြူးသော မျက်နှာပြင်ဖြစ်ကြောင်း သေချာစေရမည်။ အကယ်၍ မြေမျက်နှာပြင်သည် စိတ်ချရသော အခြေအနေတွင် မရှိပါက ၀န်ချီလုပ်ငန်းကြီးကြပ်သူသို့ ချက်ချင်းအကြောင်းကြား ရမည်။
v ကရိန်းခြေ (outrigger) ကို လိုအပ်လျှင် အပြည့်ဆန့်ထုတ်ထားရမည်။
v အချက်ပြသူနှင့် အမြဲဆက်သွယ်နေရမည်။ အချက်ပြသူ ပြောစကား နှင့် အချက်ပြခြင်းကို ရှင်းရှင်းလင်းလင်း နားလည် ရမည်။ မသေချာပါက ထပ်မေးရမည်။
v အချက်ပြသူထံမှ မ-ရန် အချက်မပြမချင်း မ မ-ရ။
v ၀န်ချီခြင်းလုပ်ငန်းကို အနှောက်အယှက်ဖြစ်စေသည့် တစ်စုံတစ်ရာ ကြုံတွေ့လာပါက ၀န်ချီလုပ်ငန်း ကြီးကြပ်သူအား ချက်ချင်း အကြောင်းကြားရမည်။
v အများပြည်သူသွားလာနေသည့် လမ်းများ၊ အိမ်၊ အဆောက်အဦများပေါ်သို့ ဖြတ်ကျော်၍ ၀န်ချီခြင်း မပြုရ။
v ၀န်ချီခြင်းအား မီးကြိုးများအနီး ၃ မီတာထက်ပို၍ မနီးကပ်စေရ။
v ကရိန်းကို ၀န်ချီခြင်းလုပ်ငန်းမှလွဲ၍ ဆွဲခြင်း၊ တွန်းခြင်း စသည့်ရည်ရွယ်ချက်ဖြင့် အသုံးမပြုရ။
v ဘီးတပ် ကရိန်းများ (Mobile cranes) အား ဆင်ခြေလျှောများတွင် ရပ်လျှင် သေချာစွာ ဂျမ်းတုံးခုထားရမည်။
v ကရိန်းမှ ပစ္စည်းကိရိယာတစ်ခုခု ချွတ်ယွင်းခဲ့ပါက ၀န်ချီလုပ်ငန်းကြီးကြပ်သူအား ချက်ချင်းအကြောင်းကြားရမည်။ မည်သည့် အစိတ်အပိုင်း ချွတ်ယွင်းသည်ကို ကရိန်းမှတ်တမ်းစာအုပ်တွင် ရေးသွင်းရမည်။
ကြိုးချည်သူ၏ တာဝန်ဝတ္တရားများ (Duties of Rigger)
v ကြိုးချည်သူသည် လက်မှတ်ရ ကျွမ်းကျင်သူဖြစ်ရမည်။
v ခန့်အပ်ထားသည့် လက်မှတ်ရ ကျွမ်းကျင်သူမှအပ ၀န်ချည်ခြင်းကို အခြားသူများအား လုံးဝခွင့်မပြု။
v ခါးပတ်ကြိုး၊ သံကြိုးစသည့် ချည်နှောင်မည့်ကြိုးများအားလုံး အပြစ်အနာအဆာကင်းကြောင်း သေချာစေရမည်။
v ချီမ,မည့် ၀န်အတွက် လုံလောက်သော ကြိုးအရေအတွက် ရှိရမည်။ ကြိုးအားလုံး အရှည်တူရမည်။ သို့မှသာ ကြိုးတစ်ချောင်း ထဲ အပေါ် ၀န်ပိခြင်းကို ရှောင်နိုင်ပေမည်။
v ချည်ထားသော ကြိုးသည် မှန်ကန်သည့် ထောင့် အနေအထားတွင်ရှိပြီး အန္တရာယ်ကင်းကြောင်း သေချာစေရမည်။
v (မှန်ကန်သည့် ထောင့် အနေအထား ကို သီးသန့်ရှင်းပြပါမည်။)
v ချီမ,မည့် ၀န်၏ အလေးချိန်ကို အနီးစပ်ဆုံးခန့်မှန်းနိုင်ရမည်။ ထိုဝန်၏ အလေးချိန်ကို ကရိန်းမောင်းသူအား ပြောပြရမည်။
v ၀န်အမျိုးအစားအလိုက် သင့်တော်သော ၀န်ချည်ကြိုးနှင့် ၀န်ချီကိရိယာကို သုံးရမည်။
v ၀န်ကို သေချာစွာ ချည်နှောင်ရမည်။ မ,လိုက်လျှင် ၀န်သည် တည်ငြိမ်နေရမည်။ တစ်ဖက်စောင်းနင်းဖြစ်မနေစေရ။
v မ,မည့်ဝန်အပေါ်တွင် မည်သည့် ပစ္စည်းကိုမှ မချည်နှောင်ဘဲ အလွတ်တင်မထားရ။ ပြုတ်ကျနိုင်သော ပစ္စည်းများ (ဥပမာ - အုတ်ခဲ၊ ကျောက်ခဲ၊ သစ်သားချောင်း စသည်) ရှိမနေကြောင်း သေချာစေရမည်။
v အကယ်၍ အုတ်ခဲ၊ ကျောက် စသည့် ပစ္စည်းများသယ်သည့်အခါ လုံခြုံစွာ ထုပ်ပိုးပြီးမှ မ, ရမည်။
v ပစ္စည်းများကို နေရာချရာတွင် ၀န်ချီခါးပတ်ကြိုး၊ သံကြိုးများအား ပိမနေစေရန် အောက်တွင် သစ်သားချောင်း စသည်တို့နှင့် ခုပြီးမှ ချရမည်။
v အကယ်၍ ၀န်ချီကြိုး၊ ၀န်ချီကိရိယာများတွင် အပြစ်အနာအဆာတစ်ခုခုတွေ့ခဲ့ပါက ၀န်ချီလုပ်ငန်းကြီးကြပ်သူအား ချက်ချင်း အကြောင်းကြားရမည်။
အချက်ပြသူ၏ တာဝန်ဝတ္တရားများ (Duties of Signalman)
v အချက်ပြသူသည် လက်မှတ်ရ ကျွမ်းကျင်သူဖြစ်ရမည်။
v ခန့်အပ်ထားသည့် လက်မှတ်ရ ကျွမ်းကျင်သူမှအပ အချက်ပြခြင်းကို အခြားသူများအား လုံးဝခွင့်မပြု။
v အချက်ပြသူသည် အခြားသူများနှင့် ကွဲပြားခြားနားစေရန် ရောင်ပြန်အင်္ကျီ ၀တ်ဆင်ထားပြီး အချက်ပြသူ ဟု ရေးသားထားရမည်။
v အချက်ပြသူသည် လက်ဟန်ခြေဟန်နှင့် အချက်ပြနည်းကို ကောင်းစွာတတ်ကျွမ်းနားလည်ထားရမည်။
v ကရိန်းမောင်းသူနှင့် ပြတ်သားတိကျစွာ ဆက်သွယ်ပြောဆိုနိုင်ရမည်။
v ကြိုးချည်သူက ၀န်ကို သေချာစွာချည်နှောင်ပြီးကြောင်း သေချာမှသာ ကရိန်းမောင်းသူအား စတင် မ,နိုင်ပြီ ဖြစ်ကြောင်း အချက်ပေးရမည်။
v ၀န်ချီခြင်း လုပ်နေသည့် ပတ်ဝန်းကျင်မှလူများအား ချီမ,လာသည့်ဝန်မှ အဝေးသို့ရှောင်နိုင်ရန် ခရာမှုတ် အချက်ပေး ရမည်။
v ၀န်ကို မည်သည့်နေရာမှ မ,လာပြီး မည်သည့်နေရာတွင် ချမည်ကို သေချာစွာ သိထားရမည်။
v ၀န်ကို ကရိန်းဖြင့် ချီမ-ပြီးသယ်သွားရာ လမ်းတစ်လျှောက်ရှိ အနှောင့်အယှက်၊ အဟန့်အတားများကို သိထားရမည်။
v ၀န်ချမည့်နေရာသည် ၀န်ချရန် ကင်းရှင်းနေကြောင်း သေချာစေရမည်။
၇၊ ၉၊ ၂။ အန္တရာယ်ဆန်းစစ်ချက်ဇယား ရေးဆွဲခြင်း (Risk Assessment for Lifting)
            အန္တရာယ်များသည့် မည်သည့်ဆောက်လုပ်ရေးလုပ်ငန်းမဆို အန္တရာယ်ဆန်းစစ်ချက်ဇယား ရေးဆွဲရန် မရှိမဖြစ် လိုအပ်သည်။ အထက်အခန်းများတွင် ဖော်ပြခဲ့သည့်အတိုင်း အန္တရာယ်ဆန်းစစ်ချက်ဇယား ရေးဆွဲရာတွင် အပိုင်း (၃) ပိုင်းပါရှိ သည်။
၇၊ ၉၊ ၂၊ ၁။ အန္တရာယ်များကို ရှာဖွေဖော်ထုတ်ခြင်း
v ကရိန်းပြိုလဲခြင်း
v ၀န်ချီနေစဉ် ကရိန်းစက်ရပ်ခြင်း
v ၀န်ချီနေစဉ် ၀န်ချီကြိုးပြတ်ကျခြင်း
v ၀န်ချီနေစဉ် ၀န်များ ပြိုပျက်ကျခြင်း
v မ,ချီလာသောဝန်မှ ပစ္စည်းများ ပြုတ်ကျခြင်း
v မ,ချီလာသောဝန်နှင့် လူ သို့မဟုတ် အဆောက်အဦ၊ ပစ္စည်းများနှင့် တိုက်မိခြင်း
၇၊ ၉၊ ၂၊ ၂။ အန္တရာယ်ကို ဆန်းစစ်ခြင်း
ဖြစ်ပေါ်လာမည့် မတော်တဆမှုကြောင့် ရမည့်ဒဏ်ရာ ပြင်းထန်မှုအတိုင်းအဆ ပမာဏကို တွက်ဆရပါမည်။ ဥပမာ - ကရိန်းလဲပြိုခြင်းအတွက် လူများသေနိုင်သည်။ အဆောက်အဦများ ပျက်စီးနိုင်သည်။ ၀န်ချီနေစဉ် ၀န်များ ပြိုပျက်ကျလျှင် လူများကို အပြင်းအထန် ထိခိုက် ဒဏ်ရာရစေနိုင်သည်။ သေသည်ထိ ဖြစ်နိုင်သည်။ မိမိချီမ,မည့် ၀န် အကြီးအသေး၊ အလေး အပေါ့ကိုလိုက်၍ ပြင်းထန်မှုအဆင့်ကို အကဲဖြတ်ရပါမည်။ ဒဏ်ရာပြင်းထန်မှုအဆင့်ကို သေနိုင်သည်၊ အလွန်ပြင်းထန်သည်၊ မဖြစ်လောက်ပါ ဟု သုံးဆင့်ခွဲနိုင်ပါသည်။
            ထို့ပြင် ဤမတော်တဆမှုသည် မကြာခဏဖြစ်သလား၊ ဖြစ်တောင့်ဖြစ်ခဲလား၊ အလွန်ဖြစ်ခဲသည့်ကိစ္စလား ဆိုသည် ကိုလည်း မှန်မှန်ကန်ကန် ဆုံးဖြတ်ရပါမည်။
            ဤအချက်များပေါ်မူတည်ကာ အန္တရာယ်အနည်းအများကို တွက်ချက်ပါသည်။ အန္တရာယ်သိပ်များလျှင် လုပ်ခွင့် မပြုနိုင်ပါ။ အန္တရာယ်ကို အလယ်အလတ်အဆင့်ထိ ရောက်လာစေရန် ထိန်းချုပ်သည့်နည်းစနစ်များဖြင့် လျှော့ချရန် လိုပါသည်။ အန္တရာယ်သိပ်မရှိဆိုမှ လုပ်ခွင့်ပြုပါသည်။ အန္တရာယ်အနည်းဆုံးဆိုလျှင် အကောင်းဆုံးဖြစ်၏။
၇၊ ၉၊ ၂၊ ၃။ အန္တရာယ်များကို ထိန်းချုပ်ခြင်း
            အောက်ပါတို့မှာ ၀န်ချီခြင်းအတွက် အန္တရာယ်ထိန်းချုပ်နည်းများ ဖြစ်ပါသည်။
v အလုပ်လုပ်ခွင့်ပါမစ်ဖြင့်သာ ၀န်ချီခွင့်ပြုခြင်း
v ကရိန်းမောင်းသူ၊ ၀န်ချီလုပ်ငန်းကြီးကြပ်သူ၊ ကြိုးချည်သူ၊ အချက်ပြသူ အားလုံးအား အန္တရာယ်ဆန်းစစ်ချက် (Risk Assessment) နှင့် အန္တရာယ်ကင်းစွာ ၀န်ချီခြင်းအစီအစဉ် (Safe Work Procedure) ကို သေချာစွာ ရှင်းပြထားခြင်း
v ၀န်ချီခြင်းအစီအစဉ် (Lifting Plan) ရေးဆွဲထားခြင်းနှင့် ၀န်ချီသည့်အခါ ထိုအတိုင်း လိုက်နာစေခြင်း
v ကရိန်းမောင်းသူ၊ ၀န်ချီလုပ်ငန်းကြီးကြပ်သူ၊ ကြိုးချည်သူ၊ အချက်ပြသူ အားလုံးအား လက်မှတ်ရ၊ ကျွမ်းကျင်သူများ ဖြစ်ကြောင်း သေချာစေခြင်းနှင့် ခန့်စာများထုတ်ပေးခြင်း
v ကရိန်း၊ ၀န်ချီကြိုးနှင့် ၀န်ချီကိရိယာများအား စစ်ဆေးပြီးကြောင်း သက်တမ်းရှိလက်မှတ်များ တင်ပြစေခြင်း
v ၀န်ချီသည့်ဧရိယာကို မသက်ဆိုင်သူများ မ၀င်နိုင်စေရန် ကာရံထားစေခြင်း
v ကရိန်း၊ ၀န်ချီကြိုးနှင့် ၀န်ချီကိရိယာများအား လစဉ်စစ်ဆေးကြောင်း သေချာစေခြင်း
v အုတ်ခဲကဲ့သို့သော သေးငယ်သည့်ပစ္စည်းများကို ပုံးများ၊ ဇလားများအတွင်း ထည့်သယ်စေခြင်း၊ သို့မဟုတ် ပြုတ်မကျ စေရန် ဆန်ကာ (Cargo Net) များဖြင့် ဖုံးအုပ်ကာ သယ်စေခြင်း
ဝန်ချီခြင်းအတွက် အန္တရာယ်ဆန်းစစ်ချက်ဇယားကို နောက်ဆက်တွဲ ( ) တွင် ဖော်ပြထားပါသည်။
၇၊ ၉၊ ၃။ အန္တရာယ်ကင်းစွာဝန်ချီခြင်း အစီအစဉ် (Safe Lifting Procedure)
၁။ ၀န်ချီလုပ်ငန်းကြီးကြပ်သူ ၏ လက်မှတ် (Certificate of Lifting Supervisor)
၂။ အချက်ပြသူ ၏ လက်မှတ် (Certificate of Signal man)
၃။ ကြိုးချည်သူ ၏ လက်မှတ် (Certificate of Rigger)
၎။ ကရိန်းမောင်းသူ ၏ လက်မှတ် (Certificate of Crane Operator)
၅။ ကရိန်း ၏ လက်မှတ် (LM Cert - Lifting Machine Certificate)
၆။ ၀န်ချီကရိယာများ၏ လက်မှတ် (Lifting Gear, Lifting Belt, Lifting Sling, Shackle’s Certificates)
၇။ အန္တရာယ် အကဲဖြတ်ချက် (Risk Assessment)
၈။ အန္တရာယ်ကင်းစွာ အလုပ်လုပ်ရမည့် အစီအစဉ် (Safe Work Procedure)
၉။ ၀န်ချီခြင်း အစီအမံ (Lifting Plan)
v သက်တမ်းရှိလက်မှတ် မတင်ပြနိုင်သော ကရိန်းများကို သုံးခွင့်မပြုပါနှင့်။
v သုံးမည့်ဝန်ချီကိရိယာအားလုံး အာဏာပိုင်အဖွဲ့က စစ်ဆေးပြီးကြောင်း သက်တမ်းရှိလက်မှတ် ရှိရမည်။ သက်တမ်းကုန်နေပြီ ဖြစ်သော ၀န်ချီကိရိယာများကို မသုံးရ။
v သက်တမ်းရှိ ကရိန်းမောင်းသူလက်မှတ် ရှိသူကိုသာ ကရိန်းမောင်းခွင့် ပြုရမည်။
v ၀န်ချီလုပ်ငန်းကြီးကြပ်သူ၊ အချက်ပြသူ၊ ကြိုးချည်သူအားလုံး လက်မှတ်ရ ကျွမ်းကျင်သူများဖြစ်ရမည်။
v အန္တရာယ် အကဲဖြတ်ချက် (Risk Assessment), အန္တရာယ်ကင်းစွာဝန်ချီခြင်း အစီအစဉ် (Safe Work Procedure), ၀န်ချီခြင်း အစီအမံ (Lifting Plan), ၀န်ချီခွင့်ပါမစ် (Lifting Permit) စသည်တို့ အားလုံးပြင်ဆင် တင်ပြ အတည်ပြုချက် ရယူပြီးမှသာ ၀န်ချီခြင်းလုပ်ငန်းကို လုပ်ကိုင်ရမည်။
v ကရိန်းများတွင် (လော်ရီကရိန်းမှအပ) အန္တရာယ်ကင်းစွာ မ,နိုင်သောဝန် (SWL – Safe Working Load) ကို ချိတ်ဆွဲပြသ ထားရမည်။
v ကရိန်းများတွင် ၀န်အားပြဂရပ် (load chart) ကို ပြသထားရမည်။
v ကရိန်းများတွင် ၀န်ပိုအချက်ပေးကိရိယာ (overload warning device) တပ်ဆင်ထားရမည်။
v မည်သည့်ဝန်ချီခြင်းလုပ်ငန်းကိုမဆို ၀န်ချီလုပ်ငန်းကြီးကြပ်သူ၏ အနီးကပ်ကြီးကြပ်မှုအောက်၌ အချက်ပြသူ၊ ကြိုးချည်သူတို့၏ အကူအညီဖြင့် လုပ်ကိုင်ရမည်။
v တစ်နေ့တာ ၀န်ချီခြင်းလုပ်ငန်းမစမီ ကရိန်းမောင်းသူသည် ကရိန်းမှ အထိန်းခလုတ်များ၊ အချက်ပြမီတာများ ကောင်းမကောင်း စစ်ဆေး၍ နေ့စဉ်စစ်ဆေးချက်မှတ်တမ်းတွင် ရေးသွင်းရမည်။ အကယ်၍ ကရိန်းတွင် ချွတ်ယွင်းချက် တစ်စုံတစ်ရာတွေ့ပါက ၀န်ချီလုပ်ငန်းကြီးကြပ်သူကို ချက်ချင်းအကြောင်းကြားပါ။ စိတ်မချရဘဲ ၀န်ချီခြင်း မပြုရ။
v ဘီးတပ်ကရိန်း (mobile crane) များတွင် ခြေ (out rigger) များကို အပြည့်ဆန့်ထုတ်ထားရမည်။ ကရိန်းဘီးများသည် မြေမှ ကင်းလွတ်နေရမည်။ ကရိန်းရပ်ထားသောမြေကြီးသည် ခိုင်မာတောင့်တင်းပြီး ညီညာသော မြေမျက်နှာပြင် ဖြစ်ရမည်။
v ကရိန်းမောင်းသူနှင့် အချက်ပြသူတို့ တစ်ဦးနှင့်တစ်ဦး မြင်နိုင်သည့်အကွာအဝေးတွင် ရှိပါက လက်ဟန် (hand signal) ဖြင့် အချက်ပြနိုင်သည်။ တစ်ဦးနှင့် တစ်ဦးမြင်ရန်ခက်ခဲပါက သို့မဟုတ် မမြင်နိုင်ပါက စကားပြောစက်ကို သုံးရမည်။
v ကရိန်းပိုင်ရှင်သည် ကရိန်းကို လစဉ်ပုံမှန် ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ရမည်။ ပြုပြင်ထိန်းသိမ်းမှုမှတ်တမ်းကို သိမ်းဆည်း ထားရမည်။
v ကရိန်းကို ပြုပြင်ထိန်းသိမ်းသူသည် လက်မှတ်ရ ကျွမ်းကျင်သူဖြစ်ကြောင်း သေချာစေရမည်။
v လေပြင်းတိုက်နေသည့်၊ မိုးသည်းထန်စွာရွာနေသည့် ရာသီဥတုမျိုးများတွင် ၀န်ချီခြင်းမပြုရ။
v အန္တရာယ်မကင်းသည့်ကြိုး၊ အန္တရာယ်မကင်းသည့်ဝန် စသည့် မည်သည့် အန္တရာယ်မကင်းသည့် အခြေအနေတွင်မှ ၀န်ချီခြင်း မပြုပါနှင့်။
၇၊ ၉၊ ၄။ ၀န်ချီခြင်း အစီအမံ (Lifting Plan)
v ကရိန်းအမျိုးအစား၊ ကရိန်း၏လက်မှတ်နံပါတ် နှင့် သက်တမ်းကုန်မည့်ရက်စွဲ၊
v ကရိန်း၏ အန္တရာယ်ကင်းစွာ ချီမ-နိုင်သော ၀န် (Safe Working Load), လက်တံ (boom) အရှည်
v ကရိန်းမောင်းသူ အမည်၊ ထိုသူ၏ လက်မှတ်နံပါတ်နှင့် သက်တမ်းကုန်မည့်ရက်စွဲ၊
v ၀န်ချီလုပ်ငန်းကြီးကြပ်သူ၏ အမည်နှင့် လက်မှတ်နံပါတ်၊
v အချက်ပြသူ၏ အမည်နှင့် လက်မှတ်နံပါတ်၊
v ကြိုးချည်သူ၏ အမည်နှင့် လက်မှတ်နံပါတ်၊
v ၀န်ချီရာတွင်သုံးမည့် ၀န်ချီကြိုးများ၊ ၀န်ချီကိရိယာများ၏ လက်မှတ်နံပါတ်နှင့် သက်တမ်းကုန်မည့်ရက်စွဲ၊
v မ,ချီရမည့် ၀န်များ၏ ပုံသဏ္ဍာန်၊ အရွယ်အစား၊ ခန့်မှန်းခြေ အနည်းဆုံး နှင့် အများဆုံး အလေးချိန်၊
v ကြိုးချည်ရမည့် နေရာ၊ ရာသီဥတု အခြေအနေ၊
v ၀န်ချီရာတွင်သုံးမည့် အန္တရာယ်ကင်းရေး ကိရိယာများ
-       အစရှိသည်တို့ကို အပြည့်အစုံ ဖော်ပြထားရသည်။
ဝန်ချီခြင်း အစီအမံ (Lifting Plan) ပုံစံကို နောက်ဆက်တွဲ ( ) တွင် ဖော်ပြထားပါသည်။
၇၊ ၉၊ ၅။ ကရိန်းအမျိုးအစားများ (Type of Cranes)
ဆက်ပါဦးမည်။
အေးငြိမ်း
၂၀ အောက်တိုဘာ၊ ၂၀၁၃။ 
ညနေ ၅း၄၁ နာရီ
No comments: