Sunday, October 13, 2013

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၁၇)


၇၊ ၇၊ ၂၂။ ပြုတ်ကျခြင်းမှ ကာကွယ်ပေးသည့် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း (PPE for Fall Arrest) များ ရွေးချယ်ခြင်းနှင့်
             စစ်ဆေးခြင်း

            မိမိအလုပ်အတွက် သင့်တော်သည့် ပီပီအီး (PPE) ကိုရွေးရမည်။ မည်ကဲ့သို့ ရွေးရမည်မှန်းမသိလျှင် လုပ်ငန်းခွင် အန္တရာယ် ကင်းရေးအရာရှိ (Safety Officer) ထံ ချဉ်းကပ်မေးမြန်းပါ။
မိမိကိုထုတ်ပေးထားသော ပီပီအီး (PPE) ကို စနစ်တကျသုံးစွဲရန်၊ သိမ်းဆည်းရန်၊ ထိန်းသိမ်းရန် အရေးကြီး၏။
များသောအားဖြင့် အလုပ်သမားအများစုမှာ မိမိတို့၏ ကိုယ်သိုင်းကြိုး (Safety Harness) ကို ဂရုတစိုက် မထိန်းသိမ်း တတ်ကြပါ။ ဤသည်မှာ ၎င်းတို့အတွက် အလွန်အန္တရာယ်များ၏။ မိမိအသက်အန္တရာယ်ကို ကာကွယ်ပေးမည့် ကိုယ်သိုင်းကြိုး ကို ကောင်းစွာထိန်းသိမ်းထားရန် လွန်စွာအရေးကြီးသည်။
 
  • ပြုတ်ကျသည့်အခါ လူ့ခန္ဓာကိုယ်ပေါ်သက်ရောက်သည့်အားမှာ အလွန်ကြီးမား၏။ ထို့ကြောင့် မည်သည့်အခါမှ ခါးပတ် (Safety Belt) ကို မသုံးပါနှင့်။ ပြုတ်ကျလျှင် ခါးရိုးကျိုးကာ အပြင်းအထန် ဒဏ်ရာရနိုင်ပါသည်။
  • ဓာတုဗေဒဆေးရည်များ ကိုယ်သိုင်းကြိုးကို ထိမိလျှင်ကိုယ်သိုင်းကြိုး၏ခံနိုင်အားကို လျော့ကျစေသဖြင့် ကိုယ်သိုင်းကြိုးပေါ်တွင် ဆော့ပင် (Soft Pen) ၊ မာကာပင် (Marker Pen) များဖြင့် မိမိနာမည်များ၊ နံပါတ်များရေးခြင်း မပြုရ။
  • မိုးရွာ၊ နေပူထဲ၌ ကိုယ်သိုင်းကြိုးကို ပစ်ထားခြင်း၊ ကိုယ်သိုင်းကြိုး များပေါ်တွင် ခြစ်ရာ၊ ရှရာများပေါ်ခြင်း၊ ကိုယ်သိုင်းကြိုးမှ ကွင်းအဆက်များ သံချေးတက်နေခြင်း စသည်တို့သည် ကိုယ်သိုင်းကြိုး၏ ခံနိုင်ရည်ဒဏ်အားကို လျော့ကျစေသည်။ ထို့ကြောင့် ကိုယ်သိုင်းကြိုးကို အေးပြီး၊ ခြောက်သွေ့သောနေရာတွင် စနစ်တကျ သိမ်းဆည်းထားရမည်။
  • Safety Harness (Full Body Harness) အတွက် standard မှာ EN361 ဖြစ်၏။
  • Lanyard အတွက် standard မှာ EN354 ဖြစ်၏။
  • Energy Absorber အတွက် standard မှာ EN355 ဖြစ်၏။
  • Connector အတွက် standard မှာ EN362/EN12275 ဖြစ်၏။


Lanyard တွင် လင်းယတ်တစ်ချောင်း (Single Lanyard) နှင့် လင်းယတ်နှစ်ချောင်း (Double Lanyard) ဟု နှစ်မျိုး ရှိသည့် အနက် စင်ကာပူတွင် Double Lanyard ကိုသာ သုံးရသည်။ သာမန်အမြင့်၌ အလုပ်လုပ်ခြင်းအတွက် Double Laynard ကို ခန္ဓာကိုယ် နောက်ပိုင်းတွင်ရှိသော body harness ၏ Dorsal connection တွင် တွဲရသည်။ ထောင်လိုက် လှေခါးများ၊ ထောင်လိုက်ချထားသော ကြိုးများကို တက်/ဆင်းခြင်းအတွက် Laynard ကို ခန္ဓာကိုယ်ရှေု့ပိုင်းတွင်ရှိသော body harness ၏ Sternal connection တွင် တွဲရသည်။




  •  အင်နာဂျီအက်ဇောဘား (energy absorber) မပါသော လင်းယတ်ကို အလုပ်နေရာချထားခြင်း (work positioning) သို့မဟုတ် လှုပ်ရှားမှုအထိန်း (work restraint) အတွက်သာသုံးသည်။
  • အလုပ်နေရာချထားခြင်း (work positioning) lanyard သုံးလျှင် အသက်ကယ်ကြိုးနှင့် အင်နာဂျီအက်ဇောဘားပါသော လင်းယတ်ကို အမြဲတွဲသုံးရသည်။
  • လင်းယတ်ကို အသက်ကယ်ကြိုး သို့မဟုတ် အခြားခိုင်မြဲသောနေရာ (anchor point) ၌ အမြဲ ချိတ် ချိတ်ထားရမည်။ ၎င်းကို အင်္ဂလိပ်လို 100% tie off ဟု ခေါ်၏။ ကိုယ်သိုင်းကြိုးကို ချိတ်မချိတ်ဘဲ (အလွတ်) မည်သည့်အခါမှ မနေခြင်းကို ဆိုလို၏။
  • နိမ့်သောနေရာများ၌ လင်းယတ်အတိုကို သုံးခြင်းသည် ပိုကောင်း၏။
  • လင်းယတ်ရှည်နေသောကြောင့် တိုလိုသောရည်ရွယ်ချက်ဖြင့် ကြိုးကို မည်သည့်အခါမှ အထုံးမထုံးရပါ။
  • အင်နာဂျီ အက်ဇောဘားမပါဘဲ လင်းယတ်ကို harness မှ D ring တွင် တိုက်ရိုက်ချိတ်ခြင်း မည်သည့်အခါမှမလုပ်ရ။
  • အင်နာဂျီ အက်ဇောဘားဟူသည် တစ်ခါသုံးအတွက်သာ ဖြစ်သည်။ ပြုတ်ကျပြီးသွားသော အင်နာဂျီအက်ဇောဘား ကို မည်သည့်အခါမှ ပြန်မသုံးရပါ။



Safety Harness and Lanyards


 လင်းယတ်နှစ်ချောင်းကိုသုံးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တစ်နေရာမှ တစ်နေရာသို့ လျှောက်သွား၊ ကူးပြောင်းသည့်၍ လင်းယတ်တစ်ချောင်းကို ဖြုတ်ရန်လိုသည့်အခါ ကျန်တစ်ချောင်းကို ချိတ်တွင် ချိတ်ထားရန် ဖြစ်၏။ ချိတ်တွင်မချိတ်ဘဲ လင်းယတ်နှစ်ချောင်း လုံး မည်သည့်အခါမှ အလွတ်မနေရ။ အနည်းဆုံး တစ်ချောင်းချိတ်ထားရမည်။ ဤသည်ကိုပင် 100% tie off ဟု ခေါ်ခြင်းဖြစ်၏။

၇၊ ၇၊ ၂၃။ ပြုတ်ကျလာသူအား ဖမ်းယူထားသည့်စနစ်မှ ပစ္စည်းအချို့

၇၊ ၇၊ ၂၃၊ ၁။ ပိုက်ကွန်များ (Nets)

ပိုက်ကွန်များကို ဒုတိယအကာအကွယ်အဖြစ် သုံးလေ့ရှိသည်။ (ပထမအကာအကွယ်မှာ ပြုတ်မကျအောင် ထိန်းပေးသည့် Full body harness နှင့် Life lines များဖြစ်သည်။)

၇၊ ၇၊ ၂၃၊ ၂။ လေအိတ်များ (Air bags)

            ပြုတ်ကျသူအား အသက်ဆုံးရှုံးခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ကျိုးကြေခြင်းမဖြစ်စေရန် လေအိတ်များကို အောက်တွင် ခင်းပေးသည့်စနစ်ရှိသော်လည်း စင်ကာပူမှ ဆောက်လုပ်ရေးလုပ်ငန်းများတွင် သုံးသည်ကို တွေ့ရခဲပါသည်။


၇၊ ၇၊ ၂၃၊ ၃။ အသက်ကယ်ကြိုး (Life Lines) များကို ဖမ်းထားသည့်ကိရိယာ (Fall Arrestor) များအဖြစ် အသုံးပြုခြင်း

            ပြုတ်မကျစေရန် ကာကွယ်သည့်စနစ်တွင် အသက်ကယ်ကြိုးများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်၏။

(၁) ရေပြင်ညီ အသက်ကယ်ကြိုး (Horizontal Life Line)

            မြင့်သောကြမ်းပြင်များပေါ်တွင် အလုပ်လုပ်သည့်အခါ ရေပြင်ညီအသက်ကယ်ကြိုးကို သုံးသည်။

  
(၂) ထောင်လိုက် အသက်ကယ်ကြိုး (Vertical Life Line)



 အသက်ကယ်ကြိုးများအား သတ်မှတ်ထားသော လူအရေအတွက်သာ သုံးရမည်။ ဥပမာ - ရေပြင်ညီအသက်ကယ် ကြိုးတစ်ခုကို လူ ၂ ဦးအတွက်သာ သတ်မှတ်ထားပါက ထိုအသက်ကယ်ကြိုးတွင် လူနှစ်ဦးသာ ကိုယ်သိုင်းကြိုး ချိတ်ရမည်။ လူ သုံးဦးဖြစ်လာပါက နောက်ထပ် အသက်ကယ်ကြိုးတစ်ချောင်းထပ်မံ တပ်ဆင်ရမည်။


၇၊ ၇၊ ၂၃၊ ၄။ အလိုအလျောက် ပြန်ဆွဲသော အသက်ကယ်ကြိုး (Self-Retracting Lifelines)

ဤအသက်ကယ်ကြိုးမှာ ကြိုးကို ဘူးအတွင်းခွေသွင်းထား၏။ အတွင်း၌စပရင်ပါသဖြင့် ကြိုးတန်းလန်းကျမနေ။ ဖြည်းညင်းစွာ ကြိုးကိုဆွဲသွင်းဆွဲထုတ်လုပ်ပါက အလိုက်သင့် အတိုအရှည်ဖြစ်မည်။ သို့သော် ကြိုးကို ရုတ်တရက် ဆွဲထုတ်လိုက်ပါက ဘရိတ်ဖမ်း ထားလိုက်ပါလိမ့်မည်။ ဤနည်းဖြင့် ရုတ်တရက်အောက်သို့ပြုတ်မကျစေရန် ကာကွယ်ပေးထား၏။


Self-Retracting lifeline သည် ဒေါင်လိုက်အတွက်သုံးရန်ဖြစ်ပြီး အလျားလိုက်အတွက် သုံးရန်မဟုတ်ပါ။ အလျား လိုက်အတွက် သုံးလိုလျှင် ထုတ်လုပ်သူ၏ အကြံဉာဏ်ကို ရယူရပါမည်။

ဆက်ပါဦးမည်။

အေးငြိမ်း
၁၃၊ ၁၀၊ ၂၀၁၃။ ည ၀၀း ၅၈ နာရီ



No comments: