Thursday, October 17, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၂၀)


၇၊ ၈၊ ၈။ ကွန်ဖိုင်းစပေ့စ်အတွင်းမှ လေထုအခြေအနေ  

            လူတို့အသက်ရှင်ရန် အချိန်တိုင်းရှူနေရသည့် အောက်ဆီဂျင်ပင်လျှင် လေထုအတွင်း ပါဝင်နှုန်းများလာလျှင် မကောင်း။ အဘယ်ကြောင့်ဆိုသော် အောက်ဆီဂျင်သည် မီးလောင်ခြင်းကို အားပေးသည်။ ထို့ကြောင့် အောက်ဆီဂျင်များ နေသည့် ပတ်ဝန်းကျင်သည် မီးလောင်လွယ်သည်။ သာမန်အခြေအနေတွင် မီးလောင်ရန် ခက်သည့် ပစ္စည်းများသော်မှ အောက်ဆီဂျင်များနေသည့် လေထုအတွင်းတွင် အလွယ်တကူ မီးလောင်နိုင်သည်။ ဤအချက်ကို သတိထားရန် လိုပါသည်။
            ထို့ပြင် အသက်ရှူရန် အောက်ဆီဂျင် အလုံအလောက်မရပါကလည်း အသက်ရှူကြပ်၍သေတတ်သည်။ အောက်တွင် အောက်ဆီဂျင်ပမာဏအလိုက် အန္တရာယ်ရှိနိုင်သည့် အခြေအနေကို ဖော်ပြထားပါသည်။



ဂဟေဆော်ရာမှထွက်လာသည့် မီးခိုးများ၊ နိုက်ထြိုဂျင်၊ ကာဘွန်ဒိုင်အောက်ဆိုဒ်၊ သံချေးတက်ခြင်း၊ အောက်ဆီဂျင် ဓာတ်ပြုခြင်း (oxidation), ဘက်တီးရီးများပေါက်ဖွားခြင်းတို့ကြောင့် လေထုအတွင်း အောက်ဆီဂျင်လျော့နည်းမှုကို ဖြစ်စေ သည်။ လေအ၀င်အထွက်မကောင်းသည့် မြေအောက်ပိုက်လိုင်းများ၊ အလုံပိတ်အခန်းများတွင် အောက်ဆီဂျင် လျော့နည်း နေတတ်သည်။
            အောက်ပါဇယားမှာ ရှိသင့်သည့် အန္တရာယ်ကင်းဓာတ်ငွေ့ပမာဏ ဖြစ်ပါသည်။




ဥပမာအားဖြင့် ဟိုက်ဒြိုဂျင်ဆာလဖိုဒ် (H2S) ဓာတ်ငွေ့များရှိနေသည့်နေရာ၌ အလုပ်လုပ်ရမည်ဆိုလျှင် လူတစ်ဦး၏ ခံနိုင်ရည်အားမှာ -
            အကယ်၍ ၈ နာရီကြာ အလုပ်လုပ်ရမည်ဆိုလျှင် 10 ppm ထက်မများစေရ။ များလျှင် အန္တရာယ်ရှိသည်။
            သို့သော် ၁၀ မိနစ်၊ ၁၅ မိနစ်ကြာ ခဏတစ်ဖြုတ်မျှသာ အလုပ်လုပ်ရမည်ဆိုလျှင် 15 ppm ထိခံနိုင်ရည်ရှိသည်။ ထို့ထက်များလျှင်မူ အန္တရာယ်ရှိ၏။
            PEL တန်ဘိုးနည်းလေ အန္တရာယ်များလေဖြစ်၏။ ဥပမာ - ဆာလဖာ ဒိုင်အောက်ဆိုဒ်၏ PEL မှာ 2 PPM ဖြစ်သည်။ အေရိုမက်တစ် ဟိုက်ဒြိုကာဘွန် ၏ PEL မှာ 1 PPM ဖြစ်၏။ ထို့ကြောင့် လေထုအတွင်း ထိုဓာတ်ငွေ့များ မဖြစ်စလောက် အနည်းငယ်မျှပါလာသည်ဆိုလျှင်ပင် အသက်အန္တရာယ်ရှိပါသည်။

၇၊ ၈၊ ၉။ အန္တရာယ်များကို ထိန်းချုပ်ခြင်း

            ကွန်ဖိုင်းစပေ့စ်သည် အလွန်အန္တရာယ်များလှသောနေရာ ဖြစ်ပေရာ ထိုအန္တရာယ်များအား ထိန်းချုပ်ထားရန် လိုပါသည်။ အောက်ပါတို့မှာ အန္တရာယ်ထိန်းချုပ်ခြင်း နည်းစနစ်များဖြစ်၏။

၁။ အလုပ်လုပ်ခွင့်ပါမစ် (Permit To Work System) (ပါမစ်ပုံစံကို နောက်ဆက်တွဲ x x x တွင် ဖော်ပြထားပါသည်။)
၂။ အောက်ဆီဂျင်၊ မီးလောင်တတ်၊ ပေါက်ကွဲတတ်သောဓာတ်ငွေ့များ၊ အဆိပ်ဓာတ်ငွေ့များကို တိုင်းတာခြင်း
၃။ ပြင်ပမှ သန့်ရှင်းလတ်ဆတ်သောလေ မှုတ်သွင်းပေးခြင်း၊ အထဲမှ လေညစ်များကို စုပ်ထုတ်ခြင်း
၎။ အလင်းရောင် အလုံအလောက်ထွန်းပေးခြင်း
၅။ မီးလောင်တတ်၊ ပေါက်ကဲစေတတ်သည့် ပစ္စည်းများကို ဖယ်ရှားပစ်ခြင်း
၆။ သင့်တော်သည့် ၀င်/ထွက်ပေါက်များ စီစဉ်ပေးခြင်း
၇။ ရေများရှိနေလျှင် စုတ်ထုတ်ပစ်ခြင်း
၈။ သင့်တော်သည့် တစ်ကိုယ်ရေသုံးပစ္စည်းများ (PPE) ၀တ်ဆင်ခြင်း
၉။ အရေးပေါ် ကယ်ဆယ်ရေးကိရိယာများ အရံသင့်ထားရှိခြင်း
၁၀။ အပေါက်ဝတွင် အစောင့်ထားခြင်း
၁၁။ သင်တန်းတက်ပြီးသူများအားသာ ၀င်စေခြင်း

၇၊ ၈၊ ၉၊ ၁။ အလုပ်လုပ်ခွင့်ပါမစ် (Permit To Work System)

            ကွန်ဖိုင်းစပေ့စ်သည် အလွန်အန္တရာယ်များလှ၏။ အခန့်မသန့်လျှင် အသက်အန္တရာယ်ရှိသည်။ ထို့ကြောင့် ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်ရောက်ရန် ခွင့်ပြုမိန့်ပါမစ်ဖြင့် ထိန်းထားရန်လို၏။ အခွင့်မရှိဘဲ မည်သူ့ကိုမှ ၀င်ခွင့်မပြုရ။ ထိုခွင့်ပြုမိန့်ပါမစ်တွင် ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်ရောက်ခြင်းအတွက် တာဝန်ရှိသည့် ကြီးကြပ်ရေးမှူးနှင့် ဓာတ်ငွေ့တိုင်းရန် ကျွမ်းကျင်သူက စစ်ဆေးလျှက် စစ်ဆေးပြီးကြောင်း၊ ၀င်ရောက်ရန် အန္တရာယ်ကင်းကြောင်း လက်မှတ်ထိုးကြရသည်။
            ကွန်ဖိုင်းစပေ့စ်လုပ်ငန်းအတွက် ကြီးကြပ်ရေးမှူးသည် ထိုကွန်ဖိုင်းစပေ့စ်အတွင်းဝင်မည့် အလုပ်သမားများမှာ အန္တရာယ် ဆန်းစစ်ချက်နှင့် အန္တရာယ်ကင်း လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောပြထားပြီး နားလည်သူများဖြစ်ကြောင်း၊ ကွန်ဖိုင်းစပေ့စ်အတွင်း၌ အလင်းရောင် လုံလောက်စွာရှိကြောင်း၊ ၀င်/ထွက်ပေါက်များ စနစ်တကျရှိပြီးဖြစ်ကြောင်း၊ ဓာတ်ငွေ့ စစ်ဆေးချက်ပြုလုပ်ပြီးဖြစ်ကြောင်း၊ လေမှုတ်စက်တပ်ဆင်ပြီးဖြစ်ကြောင်း၊ အရေးပေါ်ကယ်ဆယ်ရေး အစီအစဉ်များ စီမံထားပြီး ဖြစ်ကြောင်း၊ ၀င်မည့်သူများ၌ သတ်မှတ်ထားသော ၀တ်ဆင်ရမည့် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ အားလုံး အရံသင့် ရှိနေပြီး ဖြစ်ကြောင်း စစ်ဆေး၍ အာမခံလက်မှတ် ထိုးရသည်။
            ကွန်ဖိုင်းစပေ့စ်အတွက် ကျွမ်းကျင်သူသည် ထိုကွန်ဖိုင်းစပေ့စ်အတွင်း၌ အသက်ရှုရန် အောက်ဆီဂျင် အလုံအလောက်ရှိမရှိ၊ မီးလောင်တတ်၊ ပေါက်ကွဲတတ်သည့် ဓာတ်ငွေ့များရှိမရှိ၊ လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် အဆိပ်ငွေ့များရှိမရှိ၊ လေမှုတ်သွင်းထားမှု လုံလောက်ခြင်းရှိမရှိ၊ အလင်းရောင် လုံလောက်ခြင်း ရှိမရှိ အစရှိသည်တို့ကို စစ်ဆေးကာ အားလုံးစစ်ဆေးပြီးကြောင်း၊ ၀င်ရောက်ရန် အန္တရာယ်ကင်းသည့် အခြေအနေရှိကြောင်း လက်မှတ်ထိုးရသည်။
            ၎င်းတို့နှစ်ဦး၏ စစ်ဆေးချက်များ မှန်ကန်ကြောင်း စီမံကိန်းမန်နေဂျာလုပ်သူက အတည်ပြုပေးရသည်။ ထို အတည်ပြုချက်ရမှသာလျှင် ကွန်ဖိုင်းစပေ့စ်အတွင်းသို့ ၀င်ရောက်ခွင့်ရသည်။
            အကယ်၍ ကွန်ဖိုင်းစပေ့စ်အတွင်း၌ အောက်ဆီဂျင်လျော့နည်းသည့် လက္ခဏာ၊ အန္တရာယ်မကင်းသည့် အခြေအနေ များကြုံတွေ့လာရပါက ထုတ်ပေးထားသည့် ထိုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းရသည်။ မီးလောင်ခြင်း၊ လိမ့်ကျခြင်း၊ စသည့် မတော်တဆမှုတစ်ခုခု ဖြစ်ခဲ့လျှင် သော်လည်းကောင်း၊ မီးပျက်ခြင်း၊ လေမှုတ်ပန်ကာပျက်ခြင်း စသဖြင့် မူလ လုပ်ခွင့်လက်မှတ် ထုတ်ပေးစဉ်က အခြေအနေများ ပျက်ယွင်းသွားခဲ့လျှင် ထိုခွင့်ပြုမိန့်လက်မှတ်ကို ရုပ်သိမ်းရသည်။
            ထို့နောက် ထိုကွန်ဖိုင်းစပေ့စ်၌ အန္တရာယ်ကင်းသည့် အခြေအနေရောက်အောင် ပြန်လည် ပြင်ဆင်ပေးရသည်။ အားလုံး ပုံမှန်အတိုင်းပြန်ဖြစ်ပြီဆိုမှ လုပ်ခွင့်လက်မှတ်ကို ပြန်လည် ထုတ်ပေးရသည်။
            လုပ်ငန်းများအားလုံးပြီးသွားလျှင် သို့မဟုတ် တစ်နေ့တာကုန်ဆုံးသွားလျှင် လုပ်ခွင့်လက်မှတ်ကို ပိတ်သိမ်းလိုက်ရ သည်။ ထိုလက်မှတ် ပိတ်သိမ်းပြီးသည်နှင့် မည်သူတစ်ဦးတစ်ယောက်မှ ကွန်ဖိုင်းစပေ့စ်အတွင်းသို့ ၀င်ရောက်ခြင်း မရှိနိုင်စေရန် (ဥပမာ - အပေါက်ဝကို ပိတ်ထား၍သော်လည်းကောင်း၊ မ၀င်ရ၊ အန္တရာယ်ရှိသည် ဟူသော ဆိုင်းဘုတ်များ ချိတ်ဆွဲထားခြင်းဖြင့် သော်လည်းကောင်း) စီမံထားရမည်။


ထိုနေရာတွင် အလုပ်ပြီးသွားသည့်တိုင် ထို လုပ်ခွင့်လက်မှတ်များကို လွှင့်မပစ်ရ။ အရေးအကြောင်းရှိလျှင် ပြန်လည် ရည်ညွှန်းနိုင်ရန် သိမ်းဆည်းထားရမည်။ စင်ကာပူတွင်တော့ အနည်းဆုံး ၃ နှစ် သိမ်းထားရသည်။

၇၊ ၈၊ ၉၊ ၂။ အောက်ဆီဂျင်၊ မီးလောင်တတ်၊ ပေါက်ကွဲတတ်သောဓာတ်ငွေ့များ၊ အဆိပ်ဓာတ်ငွေ့များကို တိုင်းတာခြင်း

            ကွန်ဖိုင်းစပေ့စ်အတွင်း၌ အန္တရာယ်ရှိသော ဓာတ်ငွေ့များရှိနေနိုင်သည်။ ထို့ကြောင့် မည်သည့် ဓာတ်ငွေ့များ မည်သည့် ပမာဏထိရှိနေကြောင်း ကျွမ်းကျင်သူက တိုင်းတာစစ်ဆေးပေးရသည်။ ဓာတ်ငွေ့ကို မီတာဖြင့်တိုင်းခြင်းမှာ မခဲယဉ်းပါ။ သို့သော် ဤသို့တိုင်းခြင်းကို အထက်တွင်ဖော်ပြခဲ့သော လက်မှတ်ရ စစ်ဆေးသူ (Confined Space Safety Assessor) ကသာ တိုင်းတာခွင့်ရှိသည်။
            ထိုစစ်ဆေးသူက မည်သည့်အခြေအနေဆိုလျှင် အန္တရာယ်ကင်းသည်။ မည်သည့်အခြေအနေဆိုလျှင် အန္တရာယ် ရှိသည်။ အန္တရာယ်ရှိလျှင် ထိုအန္တရာယ်ကို လျော့နည်းပပျောက်အောင် မည်ကဲ့သို့လုပ်ရမည်ကို သိသည်။ သွင်းပေးရမည့် လေသန့်ပမာဏကို တွက်ချက်ပေးမည်။ ထို့နောက် မည်သည့်နေရာတွင် မည်သည့်အရွယ်ရှိသော လေမှုတ်စက် ဘယ်နှစ်လုံး တပ်ပါဟု ပြောလိမ့်မည်။ သို့မှ မရသေးလျှင် အလုပ်ကို ခေတ္တရပ်ဆိုင်းလျှက် အန္တရာယ်ကင်းသည်ထိ လုပ်ခိုင်းလိမ့်မည်။
            ဓာတ်ငွေ့ကိုတိုင်းရာတွင်လည်း တိုင်းပုံတိုင်းနည်းရှိသည်။ ဥပမာ - ရေတွင်းဟောင်းအတွင်းမှ ဓာတ်ငွေ့ကို တိုင်းမည် ဆိုပါစို့။ ဓာတ်ငွေ့တိုင်းရန် ရေတွင်းထဲသို့ ဆင်းလို့မဖြစ်။ ရေတွင်းထဲ၌ အဆိပ်ငွေ့များရှိနေနိုင်သဖြင့် ရေတွင်းအပြင်မှ နေလျှက် ဓာတ်ငွေ့တိုင်းစက်မှပိုက်ဖြင့် ရေတွင်းထဲသို့ချကာ တိုင်းရသည်။
            ထို့ပြင် ရေတွင်းကဲ့သို့ နက်သောတွင်းများထဲရှိ ဓာတ်ငွေ့ကိုတိုင်းရာ၌ တစ်နေရာထဲမဟုတ်ဘဲ အနက်အမျိုးမျိုး၌ တိုင်းယူရသည်။


ထို့အတူ မြေအောက်ပိုက်လိုင်းအတွင်း ၀င်မည်ဆိုပါကလည်း မြေပေါ်မှနေ၍ လက်လမ်းတမီထိ ဦးစွာတိုင်းရသည်။ ထို့နောက်မှ ဓာတ်ငွေ့တိုင်းစက်မှပိုက်အ၀ကို ၀ါးလုံးရှည်ထိပ်ရောက်အောင်ဆွဲလျှက် ၀ါးလုံးရှည်အား ပိုက်အတွင်း ရောက်နိုင်သမျှ ရောက်သည်ထိ တိုင်းရသည်။ အန္တရာယ်မရှိမှ လူဆင်းကာ ၀ါးလုံးရှည်အား မိမိရှေ့သို့ရောက်စေလျှက် ဆက်တိုင်းသွားရသည်။
            ဓာတ်ငွေ့မတိုင်းမီ ဓာတ်ငွေ့တိုင်းမီတာကို မှန်ကန်စွာ အလုပ်လုပ်ခြင်းရှိမရှိ ဦးစွာစမ်းကြည့်ရသည်။ ဓာတ်ငွေ့တိုင်း မီတာမှ ပြနေသော ဂဏန်းများသည် အသက်တမျှအရေးကြီးသဖြင့် ထိုကိန်းဂဏန်းများ မှန်မှန်ကန်ကန်ဖြစ်စေရေးမှာ အလွန် အရေးကြီးပါသည်။
            ဤကဲ့သို့ မီတာများ မှန်ကန်စေရေးအတွက် တစ်နှစ်တစ်ခါ ချိန်ကိုက်ရန် (Calibration) ပို့ရသည်။ ချိန်ကိုက်ပြီး ကြောင်းလက်မှတ်ကိုလည်း သိမ်းဆည်းထားရသည်။ နောက်တစ်ကြိမ် မည်သည့်ရက်၌ ထပ်မံချိန်ကိုက်ရမည်ဆိုသည်ကို လည်း မှတ်ထားရန် လိုပါသည်။ 
            ကွန်ဖိုင်းစပေ့စ်အတွင်းမှ လေထုအခြေအနေ ဓာတ်ငွေ့ပါဝင်မှုကို တိုင်းတာရာတွင် နေ့တစ်နေ့၏ လုပ်ငန်းခွင် မစမီ ပထမဦးဆုံးတိုင်းတာကာ အန္တရာယ်ကင်းကြောင်း အလုပ်လုပ်ခွင့်လက်မှတ် ထုတ်ပေးရသည်။ ထို့နောက် ၂ နာရီခြား တစ်ကြိမ် စသဖြင့် သတ်မှတ်ထားသော အချိန်ဇယားအလိုက် ပုံမှန်တိုင်းနေရသည်။
            နေ့လည် ထမင်းစားပြီး အလုပ်ပြန်မစမီ တစ်ကြိမ်ထပ်တိုင်းရသည်။ ကွန်ဖိုင်းစပေ့စ်အတွင်းမှ အခြေအနေသည် အမြဲပြောင်းလဲနေတတ်သည်ဖြစ်ရာ မနက်ပိုင်းက တိုင်းထားစဉ် အဆိပ်အတောက် ဓာတ်ငွေ့များ ရှိမနေသော်လည်း နေ့လည် ပိုင်းတွင် ရှိနေနိုင်သည်။ ထို့ကြောင့် သေချာစေရန် နေ့ခင်းပိုင်း အလုပ်ပြန်မစမီ တိုင်းရခြင်း ဖြစ်၏။
            ဥပမာ - နံနက်ပိုင်းတွင် ဖိုက်ဘာပိုက်လိုင်းအတွင်းပိုင်းကို ဓာတုဆေးရည်များဖြင့် လာမနိတ် (laminate) လုပ်သည်ဆိုပါစို့။ ထို လာမနိတ်လုပ်ထားသော အဆက်များမှ ဓာတ်ငွေ့များ အဆက်မပြတ်ထွက်နေသည်ဖြစ်ရာ ထမင်းစား နားချိန်တစ်လျှောက်လုံး ထွက်နေမည်ဖြစ်၏။ ထိုအခါ လေမှုတ်စက်ကို မောင်းမထားပါက၊ သို့မဟုတ် အကြောင်းတစ်စုံတစ်ရာ ကြောင့် လေမှုတ်စက် ရပ်နေပါက ထိုဓာတ်ငွေ့များ ပိုက်အတွင်း စုနေနိုင်သည်။ ထိုအခြေအနေသည် အလွန်အန္တရာယ်များလှ ၏။ ထို့ကြောင့် သေချာစေရန် လူများထပ်မံမ၀င်ရောက်မီ ဓာတ်ငွေ့အခြေအနေကို ထပ်မံတိုင်းတာရန် လိုအပ်ခြင်း ဖြစ်လေသည်။
            ကွန်ဖိုင်းစပေ့စ်အတွင်း လူများရှိနေသမျှ ကာလပတ်လုံး ဓာတ်ငွေ့အခြေအနေကို အမြဲမပြတ်၊ သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း တိုင်းတာနေရန် လိုပါသည်။ တိုင်းတာ၍ရသော တန်ဘိုးများကိုလည်း မှတ်တမ်းတင်ထားရသည်။ (ထိုမှတ်တမ်းဇယားကို နောက်ဆက်တွဲ - - ဖြင့် ဖော်ပြထားပါသည်။)
            ကွန်ဖိုင်းစပေ့စ်အတွင်း အလုပ်လုပ်နေသူများ၌လည်း အုပ်စုတစ်ခုလျှင် အိတ်ဆောင်မီတာ တစ်လုံးကျစီ တပ်ဆင်ထားရပါမည်။ အကယ်၍ ကွန်ဖိုင်းစပေ့စ်အတွင်း ဓာတ်ငွေ့များသည် အန္တရာယ်ကင်းပမာဏထက် ပိုများလာလျှင် သို့မဟုတ် အောက်ဆီဂျင် အလုံအလောက်မရှိလျှင် ထိုမီတာကလေးက အန္တရာယ်အချက်ပေး အသံမြည်ပါလိမ့်မည်။ ထိုမြည်သံကြားပါက ချက်ချင်း အပြင်ထွက်ရန် လိုပါသည်။




 ၇၊ ၈၊ ၉၊ ၃။ ပြင်ပမှ သန့်ရှင်းလတ်ဆတ်သောလေ မှုတ်သွင်းပေးခြင်း၊ အထဲမှ လေညစ်များကို စုပ်ထုတ်ခြင်း

            ကွန်ဖိုင်းစပေ့စ်အတွင်း အလုပ်လုပ်နေစဉ် ပြင်ပမှ သန့်ရှင်းလတ်ဆတ်သောလေကို မှုတ်သွင်းပေးထားရမည်။


ဓာတုဗေဒပစ္စည်းများဖြင့် အလုပ်လုပ်ခြင်းမဟုတ်လျှင် သာမန် လေမှုတ်စက်ဖြင့် မှုတ်သွင်းပေးထားလျှင် လုံလောက် နိုင်ပါသည်။ သို့သော် ကွန်ဖိုင်းစပေ့စ်အတွင်း၌ ဓာတုဆေးများဖြင့် အလုပ်လုပ်ရမည်ဆိုပါက လေမှုတ်သွင်းပေးရမည့် ပမာဏ ကို တွက်ယူရပါမည်။ ၎င်းကို air change ဟုခေါ်၏။ ဓာတုဆေးများမှ ထုတ်လွှတ်သော ဓာတ်ငွေ့ပမာဏပေါ် မူတည်ကာ air change ကို တွက်ပြီး မည်မျှကြီးသော လေမှုတ်စက် တပ်ဆင်ရမည်ကို တွက်ချက်ရပါသည်။ 
            ဤအတွက်အချက်ပုံစံမှာ အနည်းငယ်ရှုပ်ထွေးသဖြင့် ဤနေရာတွင် ချန်ခဲ့ပါမည်။ ကွန်ဖိုင်းစပေ့စ် နှစ်ခန်းရှိလျှင် တစ်ခန်းလျှင် လေမှုတ်စက် တစ်လုံးကျစီ တပ်ဆင်ပေးရန် လိုပါသည်။ လေမှုတ်စက်၏ လေစုပ်သည့်အ၀ဘက်၌ အင်ဂျင် အိတ်ဇောများ၊ ဓာတုဗေဒဆေးဝါးများ၊ ဖုန်အမှုန်များ၊ မီးခိုးထွက်သည့်အရာများ စသည်တို့ ရှိမနေစေရပါ။
            ကွန်ဖိုင်းစပေ့စ်အတွင်းသို့ လူများစတင်မ၀င်ရောက်မီ ကွန်ဖိုင်းစပေ့စ်၏ အရွယ်အစားကိုလိုက်၍ လေမှုတ်စက်ကို နာရီဝက်တန်သည်၊ တစ်နာရီတန်သည် မောင်းထားပေးရပါမည်။  လူများရှိနေစဉ် တစ်ချိန်လုံးလည်း လေမှုတ်စက်ကို မောင်းထားရမည်။ ထမင်းစားနားချိန်ပင် ရပ်မထားသင့်ပါ။ နေ့လည်ပိုင်း အလုပ်ပြန်စလျှင် လူများပြန်ဝင်မည်ဖြစ်သဖြင့် လေမှုတ်စက်မောင်းထားမှ ကွန်ဖိုင်းစပေ့စ်အတွင်း လေကောင်းလေသန့်များ အဆက်မပြတ်ရနေမည် ဖြစ်ပါသည်။
            လေမှုတ်စက် မောင်းထားစဉ်တစ်ချိန်လုံးလည်း ကောင်းကောင်းအလုပ်လုပ်မလုပ် အဆက်မပြတ် အကဲခတ်နေရန် လို၏။ အကြောင်းတစ်စုံတစ်ရာကြောင့် လေမှုတ်စက်ရပ်သွားပါက အတွင်းမှလူများကို အမြန်ဆုံးထွက်လာရန် အကြောင်းကြား ရပါမည်။ လေမှုတ်စက် ပြန်ကောင်းသွားမှ ပြန်ဝင်စေရပါမည်။


ဂဟေဆော်ခြင်းအတွက် ထွက်လာသည့်မီးခိုးငွေ့များကို စုပ်ထုတ်ရန် လေစုပ်စက် တပ်ဆင်ပေးထားရပါမည်။ လေစုပ်စက် တပ်ဆင်ရမည့်အနေအထားကို အထက်ပါပုံတွင် ပြထားပါသည်။

၇၊ ၈၊ ၉၊ ၄။ အလင်းရောင် အလုံအလောက်ထွန်းပေးခြင်း

            ကွန်ဖိုင်းစပေ့စ်သည် အလုံပိတ်အခန်းဖြစ်နိုင်သဖြင့် အလင်းရောင်ကောင်းစွာမရနိုင်ပါ။ ထို့ကြောင့် အလင်းရောင် လုံလောက်စွာ ထွန်းပေးထားရမည်။ ကွန်ဖိုင်းစပေ့စ်အတွင်း၌ မီးလောင်ပေါက်ကွဲစေတတ်သည့် ဓာတ်ငွေ့များရှိနေနိုင်သည် ဖြစ်ရာ ကွန်ဖိုင်းစပေ့စ်အတွင်းထွန်းမည့် မီးသီး၊ မီးချောင်းများမှာ မပေါက်ကွဲနိုင်သည့် (explosive proof) မီသီး၊ မီးချောင်း များဖြစ်ရပါမည်။
            ထို့ပြင် ဓာတ်လိုက်ခြင်းအန္တရာယ်ကိုလျှော့ချရန် ကွန်ဖိုင်းစပေ့စ်အတွင်းသုံးမည့် လျှပ်စစ်ပစ္စည်းများမှာ ၁၁၀ဗို့အားသုံး လျှပ်စစ်ပစ္စည်းများဖြစ်ရမည်ဟု သတ်မှတ်ထားပါသည်။ လျှပ်စစ်ပစ္စည်းများအား ဗို့အားကိုလိုက်၍ အရောင်များခွဲထားရာ ၁၁၀ ဗို့ မှာ အ၀ါရောင်ဖြစ်သည်။ ထို့ကြောင့် ကွန်ဖိုင်းစပေ့စ်အတွင်းရှိနေသည့် ပစ္စည်းများ၊ ပလပ်နှင့်ဆော့ကက်များမှာ အ၀ါရောင် ဖြစ်ရမည်။
            အလင်းရောင်ကို အလုပ်လုပ်သည့်နေရာ နှင့် ၀င်/ထွက်ပေါက် နှစ်နေရာလုံး၌ အလုံအလောက် ထွန်းပေးထားရမည်။ မီးကြိုးများကို ခေါင်းပေါ်မှ သွယ်တန်းရမည်။ မီးကြိုးများကို ကြမ်းပြင်ပေါ်ချ၍ သွယ်တန်းပါက ခလုတ်တိုက်လဲမည့် အန္တရာယ် ရှိသည်။

၇၊ ၈၊ ၉၊ ၅။ မီးလောင်တတ်၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို ဖယ်ရှားပစ်ခြင်း

            ကွန်ဖိုင်းစပေ့စ်အတွင်း၌ ကြုံရတတ်သည့် နောက်အန္တရာယ်တစ်မျိုးမှာ မီးလောင်ပေါက်ကွဲမည့် အန္တရာယ်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကွန်ဖိုင်းစပေ့စ်သည် အလုံပိတ်အခန်းဖြစ်သဖြင့် ဓာတ်ငွေ့များအလွယ်တကူ ထွက်မသွားနိုင်ဘဲ စုနေ တတ်သည်။ ထိုဓာတ်ငွေ့များသည် မီးလောင်ပေါက်ကွဲစေတတ်သည့် ဓာတ်ငွေ့များဖြစ်လျှင် အလွန်အန္တရာယ်များလှ၏။ ဥပမာ - ပိုက်နံရံကို ဆေးသုတ်သည်ဆိုပါစို့။ ဆေးသုတ်ရာမှ ထွက်လာသည့် အငွေ့များမှာ မီးလောင်လွယ်သည်။
            ဂဟေဆော်ခြင်း၊ ဓာတ်ငွေ့သုံးဖြတ်ခြင်း၊ သံချောင်းကို တူနှင့်ထုခြင်း၊ ကျောက်စက်တိုက်ခြင်း စသည့် မီးပွားထွက် နိုင်သော အလုပ်များလုပ်မည်ဆိုပါက ကွန်ဖိုင်းစပေ့စ်အတွင်း မီးလောင်ပေါက်ကွဲနိုင်သည့် ဓာတ်ငွေ့များရှိ၊ မရှိတိုင်းကြည့်ရန် အလွန် အရေးကြီးပါသည်။
            ထို့ပြင် မီးလောင်စေတတ်သော ပစ္စည်းများဖြစ်သည့် စက္ကူ၊ သစ်သားစ၊ ပလတ်စတစ်၊ အမှိုက်သရိုက်စသည်တို့ကို ရှင်းလင်းထားရပါမည်။ ဆေးသုတ်မည်ဆိုပါက ဆေးပုံးကို လိုသလောက်သာ ယူပါ။ အလုပ်ပြီးလျှင် ဆေးပုံးများအားလုံး ပြန်ထုတ်ယူလာပါ။ ကွန်ဖိုင်းစပေ့စ်အတွင်း၌ မည်သည့် မီးလောင်စေတတ်သော ပစ္စည်းကိုမှ သိုလှောင်ထားခြင်း မပြုပါနှင့်။ ထိုဆေးများသည် အငွေ့များထုတ်နေသည်ဖြစ်ရာ ထိုအငွေ့များ ကွန်ဖိုင်းစပေ့စ်အတွင်း စုမိနေပါက မီးလောင်မည့် အန္တရာယ် ရှိပါသည်။

 ဆက်ပါဦးမည်။

အေးငြိမ်း
၁၇၊ အောက်တိုဘာ၊ ၂၀၁၃ နေ့လည် ၄း၁၆ နာရီ





No comments: