Saturday, October 12, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၁၄)


၇၊ ၇။ အမြင့်တွင် အလုပ်လုပ်ခြင်း (Work At Height Safety)


            အမြင့်တွင်အလုပ်လုပ်ခြင်းသည် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သကဲ့သို့ အမြင့်မှ ပြုတ်ကျ သေဆုံးခြင်းသည်လည်း ဆောက်လုပ်ရေးလုပ်ငန်းများ၌ အဓိကအကျဆုံးနှင့် အဖြစ်အများဆုံး မတော်တဆမှု ဖြစ်သည်။ ထို့ကြောင့် အမြင့်မှပြုတ်ကျခြင်းကို ကာကွယ်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများပြဌာန်းပြီး သေသေချာချာ လုပ်ကိုင်ရ ပါသည်။ ဥပဒေ၊ နည်းဥပဒေများရှိသည့်တိုင် လုပ်သားများကိုယ်တိုင် လိုက်နာလုပ်ဆောင်ကြပါမှ အမြင့်မှပြုတ်ကျသည့် မတော်တဆမှုများကို လျှော့ချနိုင်ပါလိမ့်မည်။ ထို့ကြောင့် လုပ်သားများကို ပညာပေးရန်လည်း လိုပါသည်။
            မတော်တဆမှုများမှာ ပေးဆပ်ရမှုတန်ဘိုး ကြီးမားလှပါသည်။ မတော်တဆမှုများကို လျှော့ချနိုင်ရန် မိမိလုပ်မည့် အလုပ်ကို သေချာကျနစွာ စီမံထားရန် အလွန်အရေးကြီး၏။
            အမြင့်တွင် အလုပ်လုပ်ခြင်းဟူသည် -
  • လိမ့်ကျနိုင်သည့် အန္တရာယ်ရှိသော အမြင့်တစ်နေရာတွင် အလုပ်လုပ်ခြင်း
  • လိမ့်ကျနိုင်သည့် အန္တရာယ်ရှိသော အပေါက်များ၊ ကျင်းများအနီး၌ အလုပ်လုပ်ခြင်း
  • လိမ့်ကျနိုင်သည့် အန္တရာယ်ရှိသော ကြမ်းပြင်အစွန်း၊ ခေါင်မိုးအစွန်းများ၌ အလုပ်လုပ်ခြင်း
  • ကျိုးနိုင်သည့်၊ ပေါက်ပြဲနိုင်သည့် ခေါင်မိုးကဲ့သို့ မျက်နှာပြင်တစ်ခု၌ အလုပ်လုပ်ခြင်း
  • မြေပြင်ထက်ပိုပြီး မြင့်သောနေရာ၌ ဖြစ်စေ၊ နိမ့်သောနေရာ၌ဖြစ်စေ တစ်စုံတစ်ဦးသည် လိမ့်ကျနိုင်သည့် အန္တရာယ်ရှိသော မည်သည့်နေရာမျိုး၌ မဆို အလုပ်လုပ်ခြင်း
  • မျက်နှာပြင်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းရာ၌ ပြုတ်ကျနိုင်သော အခြေအနေရှိခြင်း

-       စသည်တို့ ဖြစ်၏။

၇၊ ၇၊ ၁။ တာဝန် ၀တ္တရားများ

            လုပ်ငန်းရှင်သည် အပေါက်များနှင့် ပွင့်နေသောကြမ်းခင်းများအား ခိုင်ခံ့သော အကာအကွယ်တန်းများ တပ်ဆင်ပေးရမည်။ အဆောက်အဦသို့ ၀င်ထွက်သည့်နေရာနှင့် အတက်အဆင်းလှေခါးများအား လက်ရမ်းတန်းများ တပ်ဆင်ကာ အမြဲကောင်းမွန်နေအောင် ထိန်းသိမ်းထားရမည်။
            ကြီးကြပ်ရေးမှူးများအနေနှင့် -
  • အမြင့်တွင်အလုပ်လုပ်ရန် လိုအပ်သော ထိန်းချုပ်မှုများအားလုံး စီမံပြီးဖြစ်ရမည်။
  • အမြင့်တွင် အန္တရာယ်ကင်းစွာအလုပ်လုပ်ရန် လိုက်နာရမည့် စည်းမျဉ်းများနှင့် လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းအစဉ်တို့ကို အလုပ်သမားအားလုံးသို့ ရှင်းလင်းပြောပြထားရမည်။
  • အလုပ်လုပ်နေစဉ်တစ်လျှောက်လုံး လုပ်ငန်းကို အနီးကပ်ကြီးကြပ်နေရမည်။
  • အကာအရံတန်းများ၊ ခြေကာပြားများ၊ အဖုံးများအားလုံး ခိုင်ခံ့ကောင်းမွန်စွာ နေရာတကျရှိနေစေရမည်။
  • အရေးပေါ်အခြေအနေအတွက် စီစဉ်ထားကာ အမြဲအသင့်ဖြစ်နေရမည်။
  • အလုပ်သမားတိုင်းအား လိမ့်ကျခြင်းမှ အကာအကွယ်ပေးမည့် တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများ ထုတ်ပေးထားကာ ထိုပစ္စည်းများ ကောင်းမွန်သည့်အခြေအနေတွင် ရှိမရှိ အမြဲစစ်ဆေးနေရမည်။
  • မိမိ၏ အလုပ်သမားများသည် အမြင့်တွင်အလုပ်လုပ်ရန် လိုအပ်သော အကာအကွယ်များ ပြုလုပ်ပေးထားပြီးဖြစ်ကြောင်း သေချာစေရမည်။


၇၊ ၇၊ ၂။ အန္တရာယ်များကို ရှာဖွေဖော်ထုတ်ခြင်း (Identifying Hazards)

ပထမဦးဆုံးလုပ်ရမည်မှာ အန္တရာယ်များကို ရှာဖွေဖော်ထုတ်ခြင်းဖြစ်သည်။ လူတစ်ဦးတစ်ယောက်ကို အနာတရ ဖြစ်စေမည့် အခြေအနေ၊ လုပ်ဆောင်မှုများ (ဥပမာအားဖြင့် တစ်စုံတစ်ယောက်သည် အကာအရံမရှိသော အဆောက်အဦ အစွန်း၌ အလုပ်လုပ်စဉ် ပြုတ်ကျနိုင်ချေရှိခြင်း) ကို လုပ်ငန်းခွင်အတွင်း ရှာဖွေဖော်ထုတ်ရမည်။ ဤကဲ့သို့ဖော်ထုတ်ရာတွင် လုပ်ငန်းခွင်အတွင်း ရှိသူများသာမက လုပ်ငန်းပြင်ပမှ လုပ်သားပြည်သူများအတွက်ပါ ထည့်သွင်းစဉ်းစားရမည်။ အန္တရာယ်များ ကို ဖော်ထုတ်ရာတွင် လုပ်ငန်းမစမီကတည်းက တတ်ကျွမ်းနားလည်သူများနှင့်တိုင်ပင် လုပ်ကိုင်သင့်သည်။ ထို့ပြင် လုပ်ငန်း ပြောင်းသွားတိုင်းလည်း ထိုအန္တရာယ်များကို ပြန်လည်စိစစ်နေရန် လိုပါသည်။
အန္တရာယ်များကို ရှာဖွေဖော်ထုတ်သည့်နည်းလမ်းပေါင်းများစွာရှိ၏။ ထိုအထဲမှ အချို့မှာ အောက်ပါတို့ဖြစ်ပါသည်။
  • ယခင်အခါများကဖြစ်ပွားခဲ့သော အမြင့်မှပြုတ်ကျခြင်း သို့မဟုတ် အမြင့်တွင် အလုပ်လုပ်ခြင်းနှင့် ပတ်သက်သည့် မတော်တဆမှုများ၊ ဒဏ်ရာအနာတရဖြစ်မှုများ
  • သက်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ
  • အမြင့်၌ လုပ်ရသောလုပ်ငန်းများကို လုပ်ကိုင်နေသည့် အင်ဂျင်နီယာ၊ ကြီးကြပ်ရေးမှူး၊ ကိုအော်ဒီနေတာများ၊ အလုပ်သမားများ၏ အကြံပေးချက်များ
  • လုပ်ငန်းခွင်အတွင်း လှည့်လည်စစ်ဆေးခြင်း
  • အန္တရာယ်မကင်းသည့်အပြုအမူနှင့် ပတ်သက်သည့် အခြားမှတ်တမ်းမှတ်ရာများ


၇၊ ၇၊ ၃။ ပြုတ်ကျနိုင်သည့် အန္တရာယ်ရှိသော ပတ်ဝန်းကျင်အခြေအနေ

  • ၆ ပေထက်ပိုမြင့်သော အလုပ်အလုပ်သည့်နေရာများ
  • စနစ်တကျ ဆင်မထားသော၊ မခိုင်ခံ့သော ငြမ်းစင်များ
  • သေချာစွာ နားလည်တတ်ကျွမ်းခြင်း မရှိသူများက ဖြစ်သလိုဆင်ထားသော ငြမ်းစင်များ
  • ဖုံးအုပ်မထားသော ကြမ်းပြင်အပေါက်များ
  • ကျိုးပဲ့ပျက်စီးနေသော လှေခါးများ၊ အလွန်ရှည်ပြီး သေချာစွာတုပ်နှောင်ထားခြင်း မရှိသော လှေခါးများ
  • အမြင့်တစ်နေရာတွင် ကြမ်းပြင်တစ်ခုမှ တစ်ခုသို့ ခုန်ကူးခြင်း၊ သို့မဟုတ် သေချာစွာ တည်ဆောက်ထားသော တံတားတစ်ခုမရှိဘဲ ပျဉ်ပြားထိုး၍ ကူးခြင်း
  • ဆီ၊ ရေစသည်တို့ကြောင့် ချောနေသော မျက်နှာပြင်များ
  • မညီညာသော၊ ကျိုးပဲ့လွယ်သော၊ ကျွတ်ဆတ်သော၊ ပေါက်ပြဲနေသော ခေါင်မိုးကဲ့သို့ မြင့်သောနေရာများ
  • ဆိုးဝါးသော ရာသီဥတုအခြေအနေ (ဥပမာ- မိုးသည်းစွာရွာခြင်း၊ လေပြင်းတိုက်ခြင်း၊ နေအလွန်ပူခြင်း စသည်) တွင် အလုပ်လုပ်ခြင်း
  • အစွန်းများကို ကာရံမထားသော အလုပ်လုပ်ရာနေရာများ၊ ခေါင်မိုးများ
  • ကြီးမားလေးလံသည့်ပစ္စည်းများကို လူအားဖြင့်သယ်ရခြင်း
  • အလုပ်လုပ်သည့်ကြမ်းပြင်ပေါ်တွင် ခံနိုင်ဝန်ထက်ပိုတင်ခြင်းကြောင့် ကြမ်းပြင်ကျိုးကျမည့်အန္တရာယ် ရှိခြင်း
  • အမြင့်တစ်နေရာတွင် ရှိနေစဉ် တစ်ခုခုဖြင့်ရိုက်မိသောကြောင့် ပြုတ်ကျခြင်း




၇၊ ၇၊ ၄။ အန္တရာယ်များကို အကဲဖြတ်ခြင်း

            ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို ရှာဖွေဖော်ထုတ်ပြီးပါက ထိုအန္တရာယ် လုပ်ငန်းခွင်အတွင်း ဖြစ်နိုင်သော ကြိမ်နှုန်း (ဖြစ်လေ့ဖြစ်ထရှိသည်၊ မကြာခဏဖြစ်သည်၊ တစ်ခါတစ်ရံမှသာ ဖြစ်သည်၊ ဖြစ်တောင့်ဖြစ်ခဲ၊ ဖြစ်လေ့မရှိ စသည်) ကို သတ်မှတ်ရပါသည်။ ထို့နောက် ထိုအန္တရာယ်၏ ပြင်းထန်မှုအဆင့် (သေနိုင်သည်၊ အကြီးအကျယ်ဒဏ်ရာရနိုင်သည်၊ ဒဏ်ရာရနိုင်သည်၊ စိုးရိမ်စရာမရှိ၊ မပြောပလောက်ပါ စသည်) ကို သတ်မှတ်၏။
            ထို့နောက် ထိုအန္တရာယ်များမဖြစ်အောင် မည်ကဲ့သို့ ကာကွယ်တားဆီးမည်ဟူသော နည်းလမ်းများ ရွေးချယ်ရသည်။ ထိုနည်းများကို မည်သူက အကောင်အထည်ဖော်မည်ဟု သတ်မှတ်ရသည်။ လိုအပ်လျှင် အကောင်အထည်ဖော်မည့် အချိန် ကိုပါ သတ်မှတ်ပေးထားရသည်။
ထို့နောက်မှ အန္တရာယ်အဆင့် (အလွန် အန္တရာယ်များသည်၊ သိပ်အန္တရာယ်မရှိပါ၊ အန္တရာယ်နည်းပါသည်။) စသည် သတ်မှတ်ရသည်။ အလွန်အန္တရာယ်များသည့်အလုပ်ကို လုပ်ခွင့်မပြုပါ။ ထိုအန္တရာယ်အဆင့်မှ လျော့ကျအောင် နည်းလမ်း ရှာရသည်။ လိုအပ်သည်များကို ပံ့ပိုးပေးရသည်။ အန္တရာယ်သိပ်မရှိမှ (သေလောက်သည့် အန္တရာယ်မဟုတ်တော့မှ) လက်ခံသည်။
အန္တရာယ်အကဲဖြတ်ဇယား ရေးဆွဲရာတွင် တစ်ဦးတစ်ယောက်ကောင်းနှင့်မရ။ လုပ်ငန်းခွင်အတွင်း လက်တွေ့ လုပ်ကိုင်နေသူ ကြီးကြပ်ရေးမှူးများ၊ ဖိုမင်၊ အင်ဂျင်နီယာ၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး အရာရှိ စသူတို့ ပါဝင်သော အန္တရာယ်အကဲဖြတ်ရေးအဖွဲ့ ဖွဲ့ရသည်။ ထို့နောက် အသင့်တော်ဆုံးသူတစ်ဦးက ဦးဆောင်ကာ ကျန်သည့်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေးဆွဲသည်။ ထိုအကဲဖြတ် ဇယားကို စီမံကိန်းမန်နေဂျာကဲ့သို့ ထိပ်ပိုင်းတာဝန်ရှိသူက အတည်ပြုပေးရသည်။ 
            ထိုအကဲဖြတ်ဇယားကို ထိုလုပ်ငန်းလုပ်ကိုင်မည့်သူအားလုံးကို ရှင်းလင်းပြောပြရသည်။ ပြောပြပြီးကြောင်းလည်း မှတ်တမ်းမှတ်ရာ ယူထားရသည်။

၇၊ ၇၊ ၅။ အန္တရာယ်များကို ထိန်းချုပ်ခြင်း အဆင့်ဆင့် (Hierarchy of Control)

အန္တရာယ်များကို ထိန်းချုပ်ရာတွင် အဆင့်ဆင့်ခွဲထားပါသည်။ အန္တရာယ်များကို ဖျောက်ပစ်ခြင်း၊ အစားထိုးခြင်း၊ အင်ဂျင်နီယာနည်းသုံး၍ ထိန်းခြင်း၊ အုပ်ချုပ်ရေးပိုင်းမှ ထိန်းချုပ်ခြင်း။ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများဖြင့် ထိန်းခြင်း တို့ဖြစ်ပါသည်။ ဤထိန်းချုပ်နည်းအဆင့်ဆင့်ကို  အခန်း (၃) တွင် ဖော်ပြခဲ့ပြီးဖြစ်၏။ ယခု အနည်းငယ်ပြန်လည်ဖော်ပြပါမည်။
            အန္တရာယ်များကို ဖျောက်ပစ်ခြင်း ဟူသည်မှာ အမြင့်တွင် အလုပ်လုပ်ရမည့်အလုပ်ကို အောက်မှလုပ်ခြင်း ဖြစ်၏။ ဥပမာ - ငြမ်းထိုး၍သော်လည်းကောင်း၊ လှေခါးဖြင့်သော်လည်းကောင်း မျက်နှာကျက်ကို ဆေးသုတ်မည့်အစား လက်ကိုင်ကို ၀ါးလုံးရှည်တပ်လျှက် ကြမ်းပေါ်မှ လှမ်းသုတ်ခြင်း၊ မီးပန်းဆိုင်းများကို ကြမ်းပြင်သို့ချပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ခြင်း စသည်တို့ ဖြစ်ပါသည်။
            အစားထိုးခြင်း ဟူသည်မှာ အန္တရာယ်များသည့် ပစ္စည်းကို အန္တရာယ်ပိုနည်းသည့် ပစ္စည်းဖြင့် အစားထိုးခြင်း ဖြစ်၏။ ဥပမာ - လှေခါးထောင်ပြီးလုပ်မည့်အစား ငြမ်းစင်၊ ဆစ်ဆာလစ်ဖ်၊ ဘွန်းလစ်ဖ်တို့ဖြင့်လုပ်ခြင်းဖြစ်သည်။
            အင်ဂျင်နီယာနည်းဖြင့် ထိန်းချုပ်နည်း ဟူသည်မှာ အစွန်းမှန်သမျှ ကာရံထားခြင်း၊ လက်ရမ်းတန်းများ တပ်ဆင်ပေးခြင်းတို့ဖြစ်သည်။
            အုပ်ချုပ်ရေးပိုင်းမှ ထိန်းချုပ်နည်းဆိုသည်မှာ ၀န်ထမ်းများအား အမြင့်တွင် အန္တရာယ်ကင်းစွာအလုပ်လုပ်နည်း သင်တန်းများသို့ စေလွှတ်ပေးခြင်း၊ ငြမ်းဆင်နည်းသင်တန်း၊ ဆစ်ဆာလစ်ဖ်၊ ဘွန်းလစ်ဖ်မောင်းနည်းသင်တန်းများ ပေးခြင်း။ ဆိုင်းဘုတ်များ တပ်ဆင်ခြင်း၊ အန္တရာယ်ကင်းစွာ အလုပ်လုပ်ရန် လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း စသည်တို့ ဖြစ်သည်။
            နောက်ဆုံးအဆင့်ကား ပီပီအီး (တစ်ကိုယ်ရည်ကာကွယ်ရေး ပစ္စည်းများ) ဖြစ်၏။ ဥပမာ - အမြင့်တွင် အလုပ်လုပ် နေသူတစ်ဦးအား လိမ့်မကျနိုင်စေရန် ကိုယ်သိုင်းကြိုး (Safety Harness) ၀တ်ခိုင်းစေခြင်းမျိုး ဖြစ်၏။

၇၊ ၇၊ ၆။ အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်း အစီအစဉ်

            မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ၊ ထိုအလုပ်ကို အန္တရာယ်ကင်းစွာ ပြီးမြောက်စေရန် မည်ကဲ့သို့လုပ်ရမည် ဟူသော အစီအစဉ် (SWP - Safe Work Procedure) ရေးဆွဲထားရသည်။ အမြင့်တွင် အလုပ်လုပ်မည်ဆိုပါက မည်သည့် အလုပ်ကို မည်ကဲ့သို့လုပ်မည်နည်း ဆိုသည့်အပေါ်မူတည်ကာ အန္တရာယ်ကင်းစွာအလုပ်လုပ်ခြင်း အစီအစဉ် ရေးဆွဲရ၏။
            အမြင့်တွင် အလုပ်လုပ်ရာ၌ သုံးရမည့် ကိရိယာ၊ စက်ယန္တယား (ဥပမာ၊ လှေခါးဖြင့်လုပ်မည်၊ ငြမ်းစင်ထိုး လုပ်မည်၊ ဆစ်ဆာလစ်ဖ် သုံးမည်၊ ဂွန်ဒိုလာသုံးမည် စသည်)၊ မည်သူတို့က မည်ကဲ့သို့လုပ်မည်၊ မည်သည့်သင်တန်းများ တက်ပြီး ဖြစ်ရ မည် စသည်တို့ကို အပြည့်အစုံ ဖော်ပြရသည်။ ထိုပစ္စည်း၊ သို့မဟုတ် စက်များကို အန္တရာယ်ကင်းအောင် မည်ကဲ့သို့ အသုံးပြု မည်။ မည်သည့် လက်သုံးကိရိယာများကို မည်ကဲ့သို့ အန္တရာယ်ကင်းအောင် အသုံးပြုရမည် စသည်တို့ကို ဖော်ပြရသည်။
            ထို့နောက် ထိုလုပ်ငန်းအစီအစဉ်ကို ထိုအလုပ်လုပ်မည့် အလုပ်သမားအားလုံးကို သေချာစွာ နားလည် သဘောပေါက်အောင် ရှင်းပြရသည်။ ထိုကဲ့သို့ရှင်းပြပြီး နားလည်ကြောင်းကိုလည်း မှတ်တမ်းယူထားရသည်။ ထိုမှတ်တမ်း၌ မည်သူတို့တက်ရောက်သည်၊ ၎င်းတို့၏ မှတ်ပုံတင်နံပါတ်၊ ကုမ္ပဏီနာမည်၊ ရက်စွဲ၊ ရှင်းပြသူအမည်၊ လက်မှတ် စသည်တို့ ပါဝင်သည်။
            ဤလုပ်ငန်းအစီအစဉ်ကို လုပ်ငန်းသဘာဝ ပြောင်းသွားတိုင်း၊ အခြေအနေပြောင်းတိုင်း ပြန်လည် ပြင်ဆင်ရေးဆွဲ ရမည်။
            အမြင့်မှ ပြုတ်ကျခြင်းမှ ကာကွယ်ရန် အ၀င်/အထွက်၊ အတက်/အဆင်းနေရာများကို ကန့်သတ်ထားရမည်။ သတ်မှတ်ထားသောနေရာမှသာ တက်/ဆင်းစေနိုင်ရန် မလိုအပ်သော အခြားနေရာများကို အတားအဆီး အကန့်အသတ်များ ပြုလုပ်ထားရမည်။ “မ၀င်ရ” ဟူသော ဆိုင်းဘုတ်များ ကပ်ထားရမည်။

၇၊ ၇၊ ၇။ စစ်ဆေးခြင်း နှင့် ပြုပြင်ထိန်းသိမ်းခြင်း


အမြင့်တွင် အလုပ်လုပ်ရန်အတွက် အသုံးပြုမည့် လှေခါးကိုသော်လည်းကောင်း၊ ငြမ်းစင်ကိုသော်လည်းကောင်း၊ စက်ကိရိယာ (ဆစ်ဆာလစ်ဖ်၊ ဂွန်ဒိုလာ၊ ဘွန်းလစ်ဖ် စသည်) များကိုသော်လည်းကောင်း ပုံမှန်စစ်ဆေးပြီး လိုအပ်သလို ပြုပြင်ထိန်းသိမ်းမှုများပြုရန် လိုသည်။ စစ်ဆေးသူ/ပြုပြင်ထိန်းသိမ်းသူသည် တကယ်တတ်ကျွမ်းသူဖြစ်ကြောင်း အာမခံနိုင် ရမည်။ ၎င်းကို ပြုပြင်ထိန်းသိမ်းခွင့်လက်မှတ် (ခန့်စာ) ထုတ်ပေးထားရမည်။ ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းများကို သိမ်းဆည်း ထားရမည်။
            စစ်ဆေးရာ၌ အသုံးမပြုမီ နေ့စဉ် မျက်မြင်စစ်ဆေးခြင်း၊ လစဉ်ပုံမှန်စစ်ဆေး ပြုပြင်ခြင်းနှင့် အကြီးစား စစ်ဆေး ပြုပြင်ခြင်း ဟု အမျိုးမျိုးရှိ၏။ နေ့စဉ်ပုံမှန်စစ်ဆေးခြင်းကို ထိုစက်အား အသုံးပြုသူက စစ်ရသည်။ ဤကဲ့သို့ စစ်ဆေးတတ်ရန် အသုံးပြုမည့်သူကို ထိုစက်သုံးနည်း သင်တန်းပေးထားရသည်။ စစ်ဆေး၍ စက်များချွတ်ယွင်းနေသည်ကို တွေ့ရလျှင် ကြီးကြပ်ရေးမှူးကို အကြောင်းကြားပါ။ ဆက်မသုံးပါနှင့်။ အန္တရာယ်များသည်။
            လှေခါးကိုလည်း ကောင်းမွန်သည့်အခြေအနေတွင် ရှိ၊ မရှိ အမြဲစစ်ဆေးနေရပါမည်။ ငြမ်းစင်ကိုလည်း အသုံးပြုမည့် သူက အသုံးမပြုမီစစ်ဆေးခြင်း နှင့် ငြမ်းစင်ကြီးကြပ်သူက အပတ်စဉ်ပုံမှန်စစ်ဆေးခြင်းဟု ရှိသည်။ အကယ်၍ ငြမ်းစင်သည် အန္တရာယ်ကင်းစွာ အသုံးပြုရန် မသင့်တော်ပါက အန္တရာယ်ကင်းကြောင်း စိတ်ချရသည်ထိ ပြုပြင်ပြီးမှ သုံးရမည်။ ဥပမာ လက်ရမ်းတန်းများ ပြုတ်နေပါက ထိုလက်တန်းများကို ဦးစွာပြုပြင်ပြီးမှ အလုပ်ဆက်လုပ်ရမည်။ မဟုတ်လျှင် ထိုပြုတ်နေသော နေရာမှ လိမ့်ကျတတ်သည်။
လှေခါး၊ ငြမ်း၊ ဆစ်ဆာလစ်ဖ် စသည်များအား စစ်ဆေးရမည့်ပုံစံများကို နောက်ဆက်တွဲပုံစံများတွင် ဖော်ပြထား ပါသည်။

၇၊ ၇၊ ၈။ အမြင့်တွင် အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ရန် သင်တန်းပေးခြင်း


အမြင့်တွင် အလုပ်လုပ်မည့်သူအားလုံးကို အန္တရာယ်ကင်းစွာအလုပ်လုပ်နိုင်ရန် သင်တန်းပေးထားရမည်။ သင်တန်းတွင် အောက်ပါတို့ပါဝင်နိုင်သည်။
  • ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ
  • အလုပ်ရှင်၊ ကြီးကြပ်ရေးမှူး နှင့် အလုပ်သမားတို့၏ တာဝန်ဝတ္တရားများ
  • အမြင့်၌ အလုပ်လုပ်ခြင်းအတွက် အန္တရာယ်အကဲဖြတ်နည်း
  • အမြင့်မှ ပြုတ်ကျနိုင်သည့် အန္တရာယ်များ
  • ထိုအန္တရာယ်များကို ရှာဖွေစစ်ဆေးနည်းများ
  • လုပ်ငန်းနှင့် ဆက်နွယ်နေသော အန္တရာယ်များ၊ ဤအန္တရာယ်များကို ထိန်းချုပ်နည်းများ (၎င်းတို့တွင် အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်း အစီအစဉ်၊ တစ်ကိုယ်ရည် ကာကွယ်ရေးပစ္စည်းများ စသည်တို့ပါဝင်သည်။)
  • အမြင့်၌ အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ရန် လုပ်ငန်းအစီအစဉ် (Safe Work Procedure)
  •  ပြုတ်ကျခြင်းမှ ကာကွယ်ရေး စီမံချက် (Fall Protection Plan)
  • တစ်ကိုယ်ရည် ကာကွယ်ရေးပစ္စည်းများကို စနစ်တကျ ၀တ်ဆင်နည်း၊ ထိန်းသိမ်းနည်း၊ စစ်ဆေးနည်းများ၊ အရေးပေါ်အခြေအနေတွင် တုံ့ပြန်ဆောင်ရွက်ပုံနည်းစနစ်များ


အကယ်၍ လုပ်ငန်းခွင်၌ မတူသောလူမျိုးများရှိနေပါက ရှင်းလင်းပြောပြသည်များကို အပြည့်အ၀နားလည်နိုင်ရန် သူတို့ဘာသာစကားဖြင့် ပြန်လည်ရှင်းပြရန်လိုအပ်ပါက ဘာသာပြန်ပေးရန်စီစဉ်ရမည်။ မိမိတို့ သင်ကြားပေးလိုက်သည်များကို နားလည် သဘောပေါက်ခြင်းရှိမရှိ ပြန်လည်ဆန်းစစ်ရန်လည်း လိုပါသည်။


၇၊ ၇၊ ၉။ အမြင့်မှ ပြုတ်မကျစေရေးအတွက် ထိန်းချုပ်ရန် နည်းလမ်းများ

အမြင့်၌အလုပ်လုပ်ရာတွင် လုံခြုံစိတ်ချရစေရန် အောက်ပါတို့ကို ပံ့ပိုးပေးရမည်။

သင့်တော်သည့် ၀င်ပေါက်၊ ထွက်ပေါက်။ အတက်၊ အဆင်းလှေခါး
ပြုတ်ကျခြင်းမှ ကာကွယ်ထားသည့်စနစ် (အကာအရံတန်းများ၊ ငြမ်းများ၊ ဂွန်ဒိုလာ၊ ဆစ်ဆာလစ်ဖ် စသည်)
ပြုတ်ကျလာလျှင် ဖမ်းထားသည့်စနစ် (Fall Arrest System) (ကိုယ်သိုင်းကြိုး - Safety harness။ အသက်ကယ်ကြိုး - Life line။ ပိုက်ကွန် - Safety net စသည်)
လှေခါးများ၊ ဆင့်များ

အမြင့်တွင် အလုပ်လုပ်ခြင်းအတွက် အန္တရာယ်ကင်းရေး စည်းမျဉ်းများ

  • ကြမ်းပြင်အပေါက်များကို ခိုင်ခံ့သောအဖုံးများဖြင့် ဖုံးအုပ်ထားပါ။
  • အတက်၊ အဆင်းများအတွက် သင့်တော်သော၊ လုံခြုံစိတ်ချရသော၊ ခိုင်ခံ့သော လှေခါးများကိုသာ သုံးပါ။
  • လှေခါး၌ အလင်းရောင် အလုံအလောက် တပ်ဆင်ပေးထားရမည်။
  • ထိုလှေခါးများ၌ လက်ရမ်းတန်းများ တပ်ဆင်ထားရမည်။
  • လှေခါးကို အမြဲသန့်ရှင်းထားပါ။ ကျောက်ခဲစသည့် အမှိုက်သရိုက်များ ရှိမနေပါစေနှင့်။
  • မည်သည့်အခါမှ ဖြတ်လမ်းမသုံးပါနှင့်။
  • အလုပ်လုပ်ရန်အတွက် သင့်တော်သော ကြမ်းပြင် သို့မဟုတ် ငြမ်းစင် တည်ဆောက်ပါ။
  • ငြမ်းစင်ကို ကျွမ်းကျင်သူများကသာ တည်ဆောက်ရပါမည်။
  • အလုပ်လုပ်ရန် အန္တရာယ်ကင်းသော ငြမ်းစင်အား (အန္တရာယ်ကင်းစွာ အသုံးပြုနိုင်သည်) ဟူသောစာတမ်း
  •       ချိတ်ဆွဲထားပါ။ စိတ်မချရသော၊ အန္တရာယ်ရှိသည့် ငြမ်းစင်အား (အန္တရာယ်ရှိသည်။ အသုံးမပြုရ) ဟူသော
  •       စာတမ်း ချိတ်ဆွဲထားရပါမည်။
  • ထိုကြမ်းပြင်/ငြမ်းစင်တွင် ပြုတ်ကျခြင်းမှ ကာကွယ်ရန် လက်ရမ်းတန်းများ တပ်ဆင်ရပါမည်။
  • ထိုကြမ်းပြင်/ငြမ်းစင်သို့ တက်/ဆင်းရန် ခိုင်ခံ့ကောင်းမွန်သော လှေခါးတပ်ဆင်ထားရမည်။
  • ထိုကြမ်းပြင်/ငြမ်းစင်၌ ပစ္စည်းများ လိမ့်ကျခြင်းမှ ကာကွယ်ရန် ခြေကာပြား (Toe Board) များ 
  •       တပ်ဆင်ထားရမည်။
  • ကျိုးပျက်၊ ပေါက်ပြဲနေသော ကြမ်းပြင်၊ မခိုင်ခံ့သောကြမ်းပြင်၊ အလုပ်လုပ်ရန် မသင့်တော်သည့်
  •       ကြမ်းပြင်များ/ငြမ်းစင်များကို မသုံးပါနှင့်။ စိတ်ချရသည်ထိ ပြင်ဆင်ပြီးမှ သုံးပါ။
  • အောက်သို့ ပစ္စည်းများပြုတ်မကျနိုင်စေရန် လက်သုံးကိရိယာများကို ပုံးများအတွင်း ထည့်ထားပါ။
  • အမြင့်တွင် အလုပ်လုပ်သည့်အခါတိုင်း အန္တရာယ်ကင်း ကိုယ်သိုင်းကြိုး (Full Body Harness) ၀တ်ဆင်ပါ။
  • လင်းယတ်ကို ခိုင်ခံ့သည့်နေရာ၌ ချိတ်ပါ။


ဆက်ပါဦးမည်။

အေးငြိမ်း
၁၂၊ ၁၀၊ ၂၀၁၃။ ည ၁၁း ၅၈ နာရီ











No comments: