Wednesday, October 16, 2013
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၁၉)
၇၊ ၈။ ကတုတ်ကျင်းများ၊ လိုဏ်များအတွင်း ၀င်ရောက်ခြင်း။ အလုပ်လုပ်ခြင်း (Confined Space Safety)
၇၊ ၈၊ ၁။ ကွန်ဖိုင်းစပေ့စ် ဟူသည် အဘယ်နည်း
ထိုနေရာများသည် -
Ø  ၀င်ရန်၊ ထွက်ရန် မလွယ်ကူ။
Ø  အသက်ရှူရန်သင့်တော်သည့် အောက်ဆီဂျင် ရှိချင်မှရှိမည်။
Ø  အလင်းရောင်အလုံအလောက် မရသောနေရာများဖြစ်မည်။
Ø  မီးလောင်တတ်သည့်၊ ပေါက်ကွဲစေတတ်သည့် ဓာတ်ငွေ့များရှိသည့် နေရာများဖြစ်မည်။
Ø  လူကိုသေစေတတ်သည့် အဆိပ်ဓာတ်ငွေ့များရှိသည့် နေရာများဖြစ်မည်။
Ø  ထိုနေရာများသည် ကြာရှည်လူနေရန် မသင့်။
ထိုနေရာများတွင် ရေတွင်း၊ အိမ်သာတွင်း၊ အိမ်သာတွင်းဟောင်းများနှင့် ရှေးယခင်ကာလများက ဆောက်လုပ်ခဲ့သည့် နေအိမ်ကြီးများ၊ ဘုရားရှိခိုးကျောင်းကြီးများ၊ စသည်တို့၏ မြေအောက်ခန်းများလည်း ပါဝင်ပါသည်။
ထိုနေရာများသို့ သည်အတိုင်း စွပ်ဝင်မသွားသင့်ပါ။ အခန့်မသင့်လျှင် အသက်ဆုံးရှုံးသည်ထိ အန္တရာယ်များပါသည်။ ထိုနေရာများသို့ ၀င်ရောက်ရန် သို့မဟုတ် ထိုနေရာများတွင် အလုပ်လုပ်ရန် ကြိုတင်ပြင်ဆင်ရမည်။
ဤအခန်းတွင် အန္တရာယ်ကင်းအောင် ပြင်ဆင်ရမည့် အချက်များကို စုစည်းတင်ပြထားပါသည်။
ထိုနေရာများသည် လေ၀င်လေထွက်မကောင်းပါက ပန်ကာများဖြင့် လေမှုတ်သွင်းခြင်း၊ အိတ်ဇောပန်ကာများဖြင့် အထဲမှ အန္တရာယ်ရှိသော ဓာတ်ငွေ့များကို စုတ်ထုတ်ခြင်း၊ အလင်းရောင်နည်းနေပါက၊ မှောင်နေပါက မီးထွန်းပေးခြင်း၊ အ၀င်အထွက် မလွယ်ပါက လွယ်ကူစွာ ၀င်ထွက်နိုင်ရန် လှေခါးစသည်တို့ ဖန်တီးပေးခြင်းများ လုပ်ပေးရမည်။
            ထို့ထက်ပိုအရေးကြီးသည်မှာ ထိုနေရာတွင် အသက်ရှူရန် အောက်ဆီဂျင်အလုံအလောက်ရှိသလား၊ မီးလောင်တတ်၊  ပေါက်ကွဲတတ်သည့်ဓာတ်ငွေ့၊ အသက်အန္တရာယ်ရှိသည့် အဆိပ်ငွေ့ စသည်တို့ရှိနေသလား စသဖြင့် တိုင်းတာကြည့်ရန် ဖြစ်၏။ ဤဓာတ်ငွေ့များမှာ မျက်စိဖြင့် ကြည့်၍သော်လည်းကောင်း၊ နှာခေါင်းဖြင့် ရှူ၍သော်လည်းကောင်း၊ ခန့်မှန်းမရနိုင်။ ထိုဓာတ်ငွေ့များကို တိုင်းတာသည့် ကိရိယာများဖြင့်သာ တိုင်းတာရပေသည်။
၇၊ ၈၊ ၂။ ကွန်ဖိုင်းစပေ့စ်၌ ကြုံတွေ့ရနိုင်သော အန္တရာယ်များ
ကွန်ဖိုင်းစပေ့စ်တွင် တွေ့ရနိုင်သည့် အန္တရာယ်များမှာ အောက်ပါတို့ဖြစ်၏။ နေရာဒေသကိုလိုက်၍ ထို့ထက်ပိုချင်ပိုနိုင်ပါသည်။
၁။ မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း
     ကွန်ဖိုင်းစပေ့စ်အတွင်း၌ မီးလောင်ပေါက်ကွဲစေတတ်သည့် ဓာတ်ငွေ့များရှိနေနိုင်သည်။ အကယ်၍ ထိုဓာတ်ငွေ့များ မီးပွားတစ်ခုခုနှင့် ထိမိပါက မီးလောင်ပေါက်ကွဲစေတတ်သည်။ ထို့ကြောင့် ကွန်ဖိုင်းစပေ့စ်တွင် ထိုဓာတ်ငွေ့များ ရှိနေ၊ မနေ စစ်ဆေးကြည့်ရန် လိုပါသည်။
၂။ အဆိပ်သင့်ခြင်း (ဟိုက်ဒြိုဂျင်ဆာလဖိုဒ်၊ ကာဘွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့များကို ရှုမိခြင်း)
     မြေအောက် ရေဆိုးထုတ်ပြွန်များအတွင်း ဓာတ်ပြုမှုများကြောင့် အဆိပ်ငွေ့များထွက်နိုင်သည်။ ကွန်ဖိုင်းစပေ့စ်အပြင်၌ အင်ဂျင်၊ မီးစက်များမောင်းထားရန်လိုလျှင် ထို အင်ဂျင်နှင့်မီးစက်များ၏ အိတ်ဇောပေါက်များကို ကွန်ဖိုင်းစပေ့စ် ၀င်ပေါက်မှ ဝေးရာသို့ လှည့်ထားပါ။ သို့မဟုတ်လျှင် အိတ်ဇောမီးခိုးများ ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်လာလျှင် ကာဘွန် ဒိုင်ဆောက်ဆိုဒ်နှင့် ကာဘွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့များဝင်လာမည်ဖြစ်သဖြင့် အလွန် အန္တရာယ်များပါသည်။
၃။ အောက်ဆီဂျင်အလုံအလောက် မရခြင်း
     မြေကြီးနှင့် သို့မဟုတ် အခြားဓာတ်ပစ္စည်းများနှင့် ဓာတ်ပြုရာမှ အောက်ဆီဂျင်ဓာတ် ဆုံးရှုံးခြင်း၊ လိုဏ်ဂူများအတွင်းရှိ ထုံးကျောက်များမှ ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်သည် လေကို ပြင်ပသို့ တွန်းထုတ်ခြင်း၊ သံလှောင်ကန်များ အတွင်း၌ သံချေးတက်ခြင်းကြောင့် အောက်ဆီဂျင်ဓာတ် ချို့တဲ့ခြင်း စသည်တို့ကြောင့် ကွန်ဖိုင်းစပေ့စ်များအတွင်း အောက်ဆီဂျင်ဓာတ် လျော့နည်းခြင်း ဖြစ်ပေါ်နိုင်သည်။
၎။ ရေနစ်ခြင်း
     မြေအောက်ပိုက်ကြီးများ သို့မဟုတ် လိုဏ်ခေါင်းများအတွင်း ရေများရှိနေနိုင်သဖြင့် သတိမပြုလျှင် ရေနစ်တတ်သည်။
၅။ ဆူညံခြင်း
     ပြင်ပ လေဟာနယ်ထက်စာလျှင် အလုံပိတ်နေရာတွင် ဆူညံသံပိုမိုကျယ်လောင်သဖြင့် နားအကာအကွယ်များ ၀တ်ဆင် ကာ အလုပ်လုပ်ရသည်။
၆။ အပူလွန်ကဲခြင်း
     လေအ၀င်အထွက် အကန့်အသတ်ရှိသဖြင့် ပူစရာရှိလျှင် အလွန်ပူတတ်သဖြင့် နာရီများစွာ အလုပ်လုပ်ရသူများအဖို့ အပူလွန်ကဲခြင်း ဖြစ်တတ်သည်။
၇။ ချော်လဲခြင်း၊ အမြင့်မှလိမ့်ကျခြင်း စသည့် ခန္ဓာကိုယ်ကို ထိခိုက်စေတတ်သည့် အန္တရာယ်များ
၈။ ရွှေတွင်း၊ မိုင်းတွင်းကဲ့သို့သော နေရာများတွင် မြေပြိုနိုင်သည့် အန္တရာယ်ကိုပါ ကြုံတွေ့ရနိုင်သည်။ ထို့ကြောင့် အရေးကြုံလျှင် အမြန်ဆုံးပြေးထွက်နိုင်မည့် ထွက်ပေါက်ကို ကြည့်ထားရပါမည်။ ထိုထွက်ပေါက်တွင် မည်သည့်ပစ္စည်း နှင့်မှ ပိတ်ဆို့မနေပါစေနှင့်။ မိမိ၏ ပတ်ဝန်းကျင် အခြေအနေကို အမြဲသတိပြုနေပါ။ တစ်စုံတစ်ရာထူးခြားမှုရှိလျှင် အမြန်ဆုံးထွက်နိုင်ရန် ပြင်ဆင်ပါ။
၉။ မမျှော်လင့်ဘဲ ပြင်ပမှ ရေ၊ သဲ စသည်တို့ ၀င်လာခြင်း
    ကွန်ဖိုင်းစပေ့စ်သည် မြေအောက်ပိုက်လိုင်းဖြစ်ပါက ထိုပိုက်လိုင်း အတွင်း မထင်မှတ်ဘဲ ရေများစီးဝင်လာတတ်သည်။ ထိုအခါ ထွက်ပေါက်ပိတ်နေတတ်သည်။ ကွန်ဖိုင်းစပေ့စ်သည် မြေကျင်းများဖြစ်ပါက မြေစာများ၊ သဲများပြိုကျလာတတ်သည်။
၁၀။ ဖုံ၊ အမှုန်များ
       ကွန်ဖိုင်းစပေ့စ်သည် ရှေးဟောင်းအဆောက်အဦမျိုးဖြစ်ပါက နှစ်ပေါင်းများစွာကတင်နေသည့် ဖုံများ အများအပြား
       ရှိနေနိုင်သည်။ ထို့ကြောင့် ဖုံကာ၊ နှာခေါင်းအကာများယူသွားပါ။ ထိုဖုံများသည် ဓာတ်မတည့်မှု (alergic) ကို  
       ဖြစ်စေနိုင်သည်။
၁၁။ အလုပ်လုပ်ခြင်းကြောင့် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များ
       အကယ်၍ ကွန်ဖိုင်းစပေ့စ်အတွင်း ဆေးသုတ်ရမည်ဆိုပါက ဆေးသုတ်ရာမှ ဆေးငွေ့များထွက်လာမည်။ ဂဟေဆော်
      ရန် လိုအပ်ပါက ဂဟေဆော်ခြင်းမှ ထွက်လာသည့် ဓာတ်ငွေ့များသည် အန္တရာယ်ရှိ၏။ ကျောက်ခွဲခြင်း စသည့် အမှုန်
      ထွက်သည့် အလုပ်များလုပ်ရလျှင် ထိုအမှုန်များကို ထိန်းချုပ်သည့်နည်း (ဥပမာ - ဖုံစုပ်စက်တပ်ဆင်ပေးခြင်း) ကိုပါ
      ထည့်သွင်းစဉ်းစားရမည်။ ထို ဂဟေဓာတ်ငွေ့နှင့် ဖုန်များ ထွက်သွားစေရန် လေအ၀င်အထွက်ကောင်းစေရန်
      လေမှုတ်စက်များ အလုံအလောက်ထားပေးရန်လိုသည်။ ထို့ပြင် စက်ပစ္စည်းများသုံးလျှင် ကြုံတွေ့ရမည့် စက်မှု
      အန္တရာယ် (ဥပမာ - စက်ညပ်ခြင်း) စသည်တို့ပါဖြစ်နိုင်သည်။
      ဓာတုဆေးဝါးများဖြင့် အလုပ်လုပ်ရလျှင် ထိုဓာတုပစ္စည်းများ၏ ဆေးငွေ့ထုတ်လွှတ်မှုပမာဏ၊ ထိုဆေးငွေ့များကို 
      ကုန်စင်အောင် စုပ်ထုတ်ရန်လိုအပ်မည့် လေမှုတ်စက် အရွယ်၊ ထိုဆေးများကြောင့် ဖြစ်နိုင်သည့် အခြား အန္တရာယ်များ   
      ကိုပါ ထည့်သွင်းစဉ်းစားရပါမည်။
၇၊ ၈၊ ၃။ အန္တရာယ် ဆန်းစစ်ချက်ရေးဆွဲခြင်း (Risk Assessment)
            ပထမဦးဆုံး လုပ်ရမည်မှာ အန္တရာယ် ဆန်းစစ်ချက်ရေးဆွဲခြင်း ဖြစ်ပါသည်။ ရေးဆွဲရမည့်နည်းမှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဖြစ်ပါသည်။ အန္တရာယ် ဆန်းစစ်ချက်ရေးဆွဲရန် ကွန်ဖိုင်းစပေ့စ် အလုပ်နှင့် သက်ဆိုင်သူများ ပါဝင်သည့် အဖွဲ့ဖွဲ့ရသည်။ အဖွဲ့ခေါင်းဆောင်သည် ကွန်ဖိုင်းစပေ့စ်အကြောင်း ကောင်းစွာနားလည်သူ ဖြစ်ရမည်။
ပထမဦးစွာ ၀င်ရောက်မည့်၊ အလုပ်လုပ်မည့် ထိုကွန်ဖိုင်းစပေ့စ်တွင်တွေ့ကြုံရမည့် အန္တရာယ်များကို ရှာဖွေဖော်ထုတ် ရေး ဖြစ်၏။ ဤကဲ့သို့ အန္တရာယ်များကို ရှာဖွေဖော်ထုတ်ရာတွင် ဖြစ်နိုင်ချေရှိသော အခြေအနေအားလုံးကို ထည့်သွင်းစဉ်းစား ရမည်။ မည်သည့်အန္တရာယ်များရှိနိုင်သည်ကို အထက် ၇၊ ၈၊ ၂ တွင်ဖော်ပြခဲ့ပြီး ဖြစ်၏။
ထို့နောက် ထိုအန္တရာယ်များ၏ ပြင်းထန်မှုအဆင့်၊ ဖြစ်နိုင်သည့် ကြိမ်နှုန်း စသည်တို့ကို သတ်မှတ်သည်။ ထို့နောက် အန္တရာယ်အဆင့်ကို တွက်ချက်သည်။ ပြီးနောက် ထိုအန္တရာယ်များကို မည်ကဲ့သို့ကာကွယ်ရမည်နည်း စသည့် ထိန်းချုပ်ရမည့် နည်းစနစ်များ ပြဌာန်းသည်။ ထို့နောက် တာဝန်ယူလုပ်ကိုင်ရမည့်သူကို သတ်မှတ်ပေးသည်။
            ရေးဆွဲပြီးသည့် ကွန်ဖိုင်းစပေ့စ်အတွက် အန္တရာယ်ဆန်းစစ်ချက်ကို စီမံကိန်းမန်နေဂျာက လက်မှတ်ထိုး အတည်ပြု ပေးရသည်။ အတည်ပြုပြီးသော အန္တရာယ်ဆန်းစစ်ချက်ကို ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်ရောက်မည့်သူအားလုံးကို နားလည် အောင်ရှင်းပြထားရမည်။ ၎င်းတို့သေချာစွာနားလည်ကြောင်းကိုလည်း လက်မှတ်ထိုး မှတ်တမ်းယူကာ ထိုမှတ်တမ်းကို သိမ်းဆည်းထားရမည်။
၇၊ ၈၊ ၄။ ကွန်ဖိုင်းစပေ့စ်အတွင်းသို့ ၀င်ရောက်ရန်၊ အလုပ်လုပ်ရန်အတွက် အန္တရာယ်ကင်း လုပ်ငန်းအစီအစဉ်
           (Safe Work Procedure) ရေးဆွဲခြင်း
            အန္တရာယ်များလှသော ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်ရောက်/အလုပ်လုပ်ရန် အန္တရာယ်ကင်းရေး အစီအစဉ်များ ရေးဆွဲ ရသည်။ အန္တရာယ်ကင်း လုပ်ငန်းအစီအစဉ် ရေးဆွဲရာတွင်လည်း နားလည်တတ်ကျွမ်းသူကသာ ဦးဆောင်ရေးဆွဲရမည် ဖြစ်ပါသည်။ ၎င်းသည်ကွန်ဖိုင်းစပေ့စ်အတွင်း၌ မည်သည့်အန္တရာယ်များရှိနိုင်သည်။ ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်မည့်သူများ အန္တရာယ်ကင်းစေရန် မည်သည်တို့ကို ပံ့ပိုးပေးရမည် စသည်တို့ကို သေချာဂဃစွာနားလည်ထားရမည်။ တစ်နည်းအားဖြင့် ထိုသူသည် အထက်တွင်ဖော်ပြခဲ့သည့် အန္တရာယ် ဆန်းစစ်ချက်ရေးဆွဲသည့်အဖွဲ့ ခေါင်းဆောင်ဖြစ်နိုင်ပါသည်။
            အန္တရာယ်ကင်း လုပ်ငန်းအစီအစဉ်တွင် ကွန်ဖိုင်းစပေ့စ်၏ သတင်းအချက်အလက်များ၊ ဆိုင်းဘုတ်များ၊ မှတ်တမ်းများ စသည်တို့ကို ဖော်ပြရမည်။ ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်/ထွက်ရန် အပေါက်များ။ အလင်းရောင်ရရန် စီစဉ်ထားမှု။ လေကောင်း လေသန့်ရစေရန် စီစဉ်ထားမှု၊ အရေးပေါ် ကယ်ဆယ်ရေးအစီအစဉ်၊ ကွန်ဖိုင်းစပေ့စ်အတွင်းသို့ ၀င်မည့်သူများ၏ ကျန်းမာရေး လိုအပ်ချက်၊ ကွန်ဖိုင်းစပေ့စ်အတွင်းသို့ ၀င်မည့်သူများအား ပေးရမည့် သင်တန်းများ၊ ကွန်ဖိုင်းစပေ့စ်အား စစ်ဆေးမည့်သူ၏ အရည်အချင်းသတ်မှတ်ချက်၊ ကွန်ဖိုင်းစပေ့စ် အပေါက်ဝတွင်စောင့်ရမည့်သူ၏ အရည်အချင်း စသည်တို့ကို အပြည့်အစုံ ဖော်ပြထားရမည်။
            အန္တရာယ်ကင်း လုပ်ငန်းအစီအစဉ်တွင် ပါဝင်ရမည့် အသေးစိတ်အချက်အလက်များကို အောက်တွင် တစ်ချက်ခြင်း အသေးစိတ်ရှင်းပြထားပါသည်။ အရေးကြီးသည်မှာ ထိုလုပ်ငန်းအစီအစဉ်အတိုင်း လက်တွေ့လိုက်နာ လုပ်ဆောင်ကြဘို့ ဖြစ်ပါသည်။ ထိုလုပ်ငန်းအစီအစဉ်ကို ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်ရောက်၊ အလုပ်လုပ်မည့်သူများအား သေသေချာချာ နားလည်အောင် ရှင်းပြထားရန် အရေးကြီးပါသည်။ ရှင်းပြသည့်မှတ်တမ်းများလည်း ရယူထားရပါမည်။
၇၊ ၈၊ ၅။ ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်ရောက်ရန် လိုအပ်သော သင်တန်းများ
            ကွန်ဖိုင်းစပေ့စ်ဟူသည် အလွန်အန္တရာယ်များလှသော နေရာဖြစ်ရာ မည်သည့်အစီအမံမှမရှိဘဲဝင်ပါက အသက် အန္တရာယ်ပင် ရှိနိုင်ပါသည်။ 
            ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်ရောက်မည့်သူများအား ကွန်ဖိုင်းစပေ့စ်အတွင်း၌ အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ရန် အလုပ်မစတင်မီ သင်တန်းပေးထားရပါသည်။ စင်ကာပူတွင် ထိုသင်တန်းကို Safety Orientation Course (Manhole) ဟု ခေါ်၏။ ထို့ပြင် ကွန်ဖိုင်းစပေ့စ်၌ အလုပ်လုပ်ခြင်းကို ကြီးကြပ်မည့်သူသည်လည်း Manhole Supervisor Safety Course ကို တက်ရပါသည်။ ထိုသင်တန်း၌ ကွန်ဖိုင်းစပေ့စ်နှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို သင်ကြားပေးသည်။
            ထို့မျှသာမက ကွန်ဖိုင်းစပေ့စ်အတွင်း အလုပ်လုပ်ရန် အန္တရာယ်ကင်းမကင်း၊ အကယ်၍ အန္တရာယ်မကင်းပါက မည်သည်တို့ လုပ်ပေးရမည် စသည်တို့ကို စစ်ဆေးအကြံပေးမည့်သူကိုလည်း ကျွမ်းကျင်သူဖြစ်လာစေရန် သင်တန်းပေးထားရ ပါသည်။ စင်ကာပူတွင် ထိုသူအား Confinded Space Safety Assessor (CSSA) ဟု ခေါ်ပါသည်။ ထိုလက်မှတ်ရထားသူ မှသာ ကွန်ဖိုင်းစပေ့စ်ကို စစ်ဆေးခွင့်၊ အလုပ်လုပ်ရန် လက်မှတ်ထုတ်ပေးခွင့်၊ မည်သည်တို့ပြုလုပ်ရမည်ဟု အကြံပေးခွင့် ရှိပါသည်။ ထိုသူအား ကွန်ဖိုင်းစပေ့စ်ကို စစ်ဆေးမည့်သူအဖြစ် ခန့်စာထုတ်ပေးထားရမည်။
            ထိုသူများအားလုံးစုံမှ ကွန်ဖိုင်းစပေ့စ်အတွင်း အလုပ်လုပ်လို့ရသည်။
၇၊ ၈၊ ၆။ တာဝန်ဝတ္တရားများ
၇၊ ၈၊ ၆၊ ၁။ ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်ရောက်မည့်သူများ (Confined Space Entrants)
Ø ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်ရောက်အလုပ်လုပ်ကိုင်ရန် သတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ပြီးစီး ထားရမည်။
Ø ကွန်ဖိုင်းစပေ့စ်အတွက် လိုက်နာရမည့်စည်းကမ်းများကို အတိအကျလိုက်နာရမည်။
Ø သတ်မှတ်ထားသော တစ်ကိုယ်ရေကာကွယ်ရေး ပစ္စည်းများကို သေချာစွာ ၀တ်ဆင်ရမည်။
Ø ကွန်ဖိုင်းစပေ့စ်အတွင်းဝင်လျှင် မိမိ၏ အလုပ်လုပ်ခွင့်ကဒ်ပြားကို ကင်းစောင့်သို့ပေးခဲ့ကာ လက်မှတ်ထိုးပြီးမှ ၀င်ရမည်။
Ø ကွန်ဖိုင်းစပေ့စ်မှပြန်ထွက်လာလျှင် မိမိ၏အလုပ်လုပ်ခွင့်ကဒ်ပြားကို ပြန်ယူပြီး ပြန်ထွက်ကြောင်း လက်မှတ်ထိုးရမည်။
Ø ကွန်ဖိုင်းစပေ့စ်အတွင်း၌ အန္တရာယ်တစ်စုံတစ်ရာတွေ့ပါက အပေါက်စောင့်သို့ ချက်ချင်းအကြောင်းကြားပြီး မိမိ၏ လုပ်ဖော်ကိုင်ဘက်များကို ခေါ်လျှက် အပြင်ထွက်လာရမည်။
၇၊ ၈၊ ၆၊ ၂။ ကွန်ဖိုင်းစပေ့စ် ကင်းစောင့် (Confined Space Attendant)
Ø ကွန်ဖိုင်းစပေ့စ်အတွင်း လူများရှိနေသမျှကာလပတ်လုံး ကွန်ဖိုင်းစပေ့စ်အပေါက်ဝတွင် တစ်ချိန်လုံးရှိနေရမည်။ အကယ်၍ အိမ်သာ စသည် ခေတ္တခဏသွားလိုပါက လူစားထားခဲ့ရမည်။ ထိုသူအား ဘာတွေလုပ်ရမည်ကို သေချာစွာ မှာခဲ့ရမည်။
Ø ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်သူများ၏ အလုပ်လုပ်ခွင့်ကဒ်ပြားများကို သိမ်းဆည်းလျှက် ကွန်ဖိုင်းစပေ့စ်ဝင်ခွင့်မှတ်တမ်း (Confined Spage Log Book) တွင် အ၀င်လက်မှတ် ထိုးခိုင်းရမည်။
Ø ကွန်ဖိုင်းစပေ့စ်အတွင်းမှ ထွက်လာသူများအား အလုပ်လုပ်ခွင့်ကဒ်ပြားများပြန်ပေးကာ ကွန်ဖိုင်းစပေ့စ်ဝင်ခွင့်မှတ်တမ်းစာအုပ် တွင် အထွက်လက်မှတ်ထိုးခိုင်းရမည်။
Ø ကွန်ဖိုင်းစပေ့စ်အတွင်းရှိသူများနှင့် အမြဲမပြတ် ဆက်သွယ်နေရမည်။ ကွန်ဖိုင်းစပေ့စ်အတွင်းမှ အခြေအနေကို အမြဲမပြတ် စူးစမ်းနေရမည်။ ပြင်ပ ပတ်ဝန်းကျင်မှ အခြေအနေကိုလည်း အမြဲမပြတ်လေ့လာနေကာ အန္တရာယ်မကင်းမှု တစ်စုံတစ်ရာ တွေ့ခဲ့ပါက အတွင်းမှ လူများကို အမြန်ဆုံးထွက်လာရန် အချက်ပေးရမည်။
Ø အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် အပြန်အလှန်ဆက်သွယ်မှုရှိရမည်။
၇၊ ၈၊ ၆၊ ၃။ ကွန်ဖိုင်းစပေ့စ် ကြီးကြပ်ရေးမှူး (Confined Space Supervisor)
Ø ကွန်ဖိုင်းစပေ့စ်အတွက် ခိုင်ခံ့ကောင်းမွန်ပြီး အန္တရာယ်ကင်းသော ၀င်ပေါက်/ထွက်ပေါက်ကို တပ်ဆင်ပေးထားရမည်။ မသက်ဆိုင်သူများ မ၀င်နိုင်စေရန် ၀င်/ထွက်ပေါက်မှလွဲ၍ ကျန်အပေါက်များအားလုံးကို ခိုင်ခံ့စွာ ပိတ်ထားရမည်။
Ø ကွန်ဖိုင်းစပေ့စ်အတွင်း အလင်းရောင်လုံလောက်စွာရရန် စီမံပေးထားရမည်။
Ø အလုပ်အခြေအနေပေါ်မူတည်၍ လုံလောက်သော လေမှုတ်စက်၊ လေစုပ်စက်များ တပ်ဆင်ပေးထားရမည်။
Ø အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း နှင့် ကယ်ဆယ်ရေးအဖွဲ့ကို အရံသင့်ထားရှိပေးထားရမည်။
Ø ကွန်ဖိုင်းစပေ့စ်အပေါက်ဝတွင် ကင်းစောင့်ရှိနေကြောင်း သေချာစေရမည်။
Ø ကွန်ဖိုင်းစပေ့စ်အတွက် သတိပေးဆိုင်းဘုတ်ချိတ်ဆွဲထားရမည်။ 
Ø အလုပ်သမားများ၏ ကျန်းမာရေးအခြေအနေသည် ကွန်ဖိုင်းစပေ့စ်အတွင်း၌ အလုပ်လုပ်နိုင်ကြောင်း သေချာစေရမည်။
Ø ကွန်ဖိုင်းစပေ့စ်အား ကျွမ်းကျင်သူက ဓာတ်ငွေ့အခြေအနေ စစ်ဆေးပြီးကြောင်း သေချာစေရမည်။
Ø ကွန်ဖိုင်းစပေ့စ်အတွင်း လိုအပ်သည့်ပစ္စည်းမှန်သမျှ အလုပ်သမားများအား ပံ့ပိုးပေးထားရမည်။
Ø ကွန်ဖိုင်းစပေ့စ်အတွက် အလုပ်လုပ်ရန် လိုအပ်သော အခြေအနေအားလုံး ပြည့်စုံကောင်းမွန်ပြီဆိုပါက အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားရမည်။
Ø ကွန်ဖိုင်းစပေ့စ်အတွင်း အလုပ်လုပ်နေစဉ် တစ်လျှောက်လုံး ကွန်ဖိုင်းစပေ့စ်အခြေအနေ၊ အလုပ်သမားများ၏ အခြေအနေကို အမြဲ စောင့်ကြည့်နေရမည်။
Ø အတည်ပြုပြီးသော အလုပ်လုပ်ခွင့်ပါမစ်ကို ကွန်ဖိုင်းစပေ့စ်အပေါက်ဝ၌ ထားရှိရမည်။
၇၊ ၈၊ ၆၊ ၄။ ကွန်ဖိုင်းစပေ့စ်အား စစ်ဆေးသူ (Confined Space Safety Assessor)
Ø  ကွန်ဖိုင်းစပေ့စ်စစ်ဆေးသူများအတွက် သတ်မှတ်ထားသော သင်တန်းကို တက်ရောက်အောင်မြင်ပြီး လက်မှတ်ရထားသူ ဖြစ်ရမည်။
Ø  ကွန်ဖိုင်းစပေ့စ်အတွင်းမှ ဓာတ်ငွေ့များတည်ရှိမှုအခြေအနေကို စစ်ဆေးရမည်။ စစ်ဆေးတွေ့ရှိချက်ကို ကွန်ဖိုင်းစပေ့စ်တွင်း အလုပ်လုပ်ခွင့် ပါမစ်မှ စစ်ဆေးချက်မှတ်တမ်းတွင် ရေးသွင်းကာ လက်မှတ်ထိုးထားရမည်။
Ø  မိမိတိုင်းတာသော ဓာတ်ငွေ့တိုင်းမီတာသည် ချိန်ကိုက်ထားသော (calibrated) မီတာဖြစ်ကြောင်း သေချာစေရမည်။ ထိုချိန်ကိုက်ထားသည့်စာရွက်ကို ရယူသိမ်းဆည်းထားရမည်။
Ø  သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း ကွန်ဖိုင်းစပေ့စ်အား ဓာတ်ငွေ့တိုင်းတာကာ မှတ်တမ်းတင်ထားရမည်။
Ø  ကွန်ဖိုင်းစပေ့စ်သည် အလုပ်လုပ်ရန် သင့်တော်သောအခြေအနေရှိကြောင်း (၀င်/ထွက်ပေါက်၊ အလင်းရောင်အခြေအနေ၊ လေမှုတ်စက် အခြေအနေ၊ ကင်းစောင့်၊ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း နှင့် အဖွဲ့များ ရရှိနိုင်မှု၊ ကွန်ဖိုင်းစပေ့စ်အတွင်းမှ လေထုသည် ကျန်းမာရေးအတွက် ကောင်းမွန်ကြောင်း) သေချာစေရမည်။
Ø  ကွန်ဖိုင်းစပေ့စ်အတွင်း အန္တရာယ်တစ်စုံတစ်ရာတွေ့ပါက ပါမစ်ကို ချက်ချင်းရုတ်သိမ်းကာ အန္တရာယ်ကင်းသည့် အခြေအနေ ရောက်မှ ပြန်ထုတ်ပေးရမည်။
Ø  ပါမစ်ကို ပိတ်သိမ်းပြီးနောက် ကွန်ဖိုင်းစပေ့စ်အတွင်း မည်သူမှ မ၀င်နိုင်စေရန် စီမံထားကြောင်း သေချာစေရမည်။
၇၊ ၈၊ ၇။ ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်ရောက်အလုပ်လုပ်ရန် လိုအပ်သောပစ္စည်းများ
            ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်ရောက်အလုပ်လုပ်လိုလျှင် အကာအကွယ်ပစ္စည်း အပြည့်အစုံရှိရသည်။ ၎င်းတို့မှာ -
၁။ ၀င်မည့်သူများ ၀တ်ဆင်ရမည့် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ (ပီပီအီး)
            က) ခမောက်အမာ (Safety Helmet)
            ခ) အန္တရာယ်ကင်း ဘွတ်ဖိနပ် (Safety Shoe)
            ဂ) အန္တရာယ်ကင်း မျက်မှန် (Safety Glasses)
            ဃ) လက်အိတ် (Hand Gloves)
            င) နားကြပ်၊ နားအဆို့ (Ear Muff or Ear Plugs)
            စ) အသက်ရှုကူကိရိယာ (Respirator)
            ဆ) ကိုယ်သိုင်းကြိုး (Full Body Harness)
၂။ မှောင်နေလျှင် ထိုးရန် ဓါတ်မီး (Torch Light)
၃။ အသက်ကယ်ကြိုး (Life Line)
၎။ ဓာတ်ငွေ့တိုင်းသည့် မီတာ (Gas Meter, Potable Gas Meter)
၅။ လေမှုတ်သွင်းပေးမည့် ပန်ကာ နှင့် လေစုပ်စက် (Air Blower and Exhaust Fan)
၆။ မီးသတ်ဘူး (Fire Extinguisher)
၇။ ကွန်ဖိုင်းစပေ့စ်အတွင်း ထွန်းရန် မပေါက်ကွဲနိုင်သည့် ၁၁၀ ဗို့အား မီးလုံးများ (Explosive proof 110V bulbs)
၈။ အကယ်၍ လျှပ်စစ်သုံးပစ္စည်းများ (ဥပမာ - ကျောက်စက် စသည်) သုံးရန်လိုအပ်လျှင် ထိုပစ္စည်းများသည် ဗို့အား ၁၀၀ သုံး
    ပစ္စည်းများ ဖြစ်ရမည်။ (110V Electrical tools)
၉။ အရေးပေါ် အသက်ကယ်ပစ္စည်းများ - SCBA (Self-Contained Breathing Apparatus)
၁၀။ သုံးချောင်းထောက် ကယ်ဆယ်ရေးစင် (Tripod and ManHandler Hoist)
၁၀။ လူနာကို သယ်ထုတ်သည့် ထမ်းစင် (Stretcher)
၁၁။ အန္တရာယ်ရှိသည်။ ကွန်ဖိုင်းစပေ့စ်။ အခွင့်မရှိ မ၀င်ရ - ဟူသော ဆိုင်းဘုတ် (Confined Space Signage)
၁၂။ ကင်းသမားနှင့် အထဲမှလူများ အပြန်အလှန်ဆက်သွယ်နိုင်သည့် စကားပြောစက် (ရေဒီယို၊ ဝေါ်ကီတော်ကီ)
၁၃။ ကွန်ဖိုင်းစပေ့စ်အတွင်း လူအ၀င်အထွက်ကိုမှတ်သည့် ဇယား (Log book)
၁၅။ လုပ်ငန်းအတွက်လိုအပ်သော အခြားပစ္စည်းများ
ဆက်ပါဦးမည်။
အေးငြိမ်း
၁၆၊ ၁၀၊ ၂၀၁၃။ နေ့လည် ၁၂း ၄၈ နာရီ
No comments: