Sunday, October 13, 2013

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၁၅)


၇၊ ၇၊ ၁၀။ အမြင့် နှင့် ခေါင်မိုးပေါ်တွင် အလုပ်လုပ်ခြင်းအတွက် ဆိုင်းဘုတ်များ




၇၊ ၇၊ ၁၁။ အမြင့်တွင် အလုပ်လုပ်ခြင်းကို ရှောင်ရှားရန် အခြားနည်းလမ်းများ



၇၊ ၇၊ ၁၂။ ပြုတ်ကျခြင်း မြှောက်ဖော်ကိန်း (Fall Factor)


Fall Factor 0 - မိမိ၏ပုခုံးအထက်တွင် ချိတ်ကိုချိတ်ထားပါက Fall Factor သုည ဖြစ်၏။ အကောင်းဆုံးအခြေအနေဖြစ်သည်။

Fall Factor 1 - မိမိ၏ ခါးနှင့်ညီသောနေရာတွင် ချိတ်ကိုချိတ်ထားပါက Fall Factor တစ် ဖြစ်သည်။ သိပ်ပင်မကောင်းလှ သော်လည်း လက်ခံနိုင်သေးသည်။

Fall Factor 2 - မိမိ၏ ခြေထောက်အောက်တွင် ချိတ်ကိုချိတ်ထားပါက Fall Factor နှစ် ဖြစ်သည်။ လက်မခံနိုင်သော အခြေအနေဖြစ်၏။ ပြုတ်ကျလျှင် ခန္ဓာကိုယ်ပေါ်သို့ အားအများဆုံးသက်ရောက်မည် ဖြစ်သည်။

            Fall Factor ဆိုသည်မှာ ပြုတ်ကျသည့်အခါ လူကိုယ်ခန္ဓာကိုယ်ပေါ်သက်ရောက်သည့်အားကို မြှောက်သည့်ကိန်း ဖြစ်သည်။ ထို့ကြောင့် ထိုဂဏန်းကြီးလေ လူခန္ဓာကိုယ်ပေါ်သက်ရောက်သည့် အား များလေဖြစ်၏။ အလွယ်ဆုံးရှင်းပြရလျှင် လူ့ခေါင်းအထက်တွင် ချိတ်ကိုချိတ်ထားပါက ပြုတ်ကျလျှင် အလွတ်ကျမည့်အကွာအဝေးမှာနည်းသဖြင့် ခံရတာသက်သာမည်။ ချိတ်ကို ခြေထောက်အောက်တွင် ချိတ်ထားပါက ပြုတ်ကျလျှင် အလွတ်ကျမည့် အကွာအဝေးမှာ များသဖြင့် အလွန်ဆိုးရွားစွာ ခံစားရပါလိမ့်မည်။
            ခန္ဓာကိုယ်အလေးချိန် ကီလိုဂရမ် ၁၀၀ (ပေါင် ၂၂၀) ရှိသူတစ်ဦးဆိုပါစို့။
  • ချိတ်ကို ခြေထောက်အောက်တွင် ချိတ်ထားလျှင် (Fall Factor = 2) ပြုတ်ကျပါက ၎င်းခန္ဓာကိုယ်ပေါ်သို့ သက်ရောက်မည့်အားမှာ ၁၅ ကီလိုနျူတန် ရှိမည်။
  • ချိတ်ကို ခါးနှင့်ညီသည့်နေရာတွင် ချိတ်ထားလျှင် (Fall Factor = 1) ပြုတ်ကျပါက ၎င်းခန္ဓာကိုယ်ပေါ်သို့ သက်ရောက်မည့်အားမှာ ၁၁ ကီလိုနျူတန် ရှိမည်။
  • ချိတ်ကို ခြေထောက်အောက်တွင် ချိတ်ထားလျှင် (Fall Factor = 0) ပြုတ်ကျပါက ၎င်းခန္ဓာကိုယ်ပေါ်သို့ သက်ရောက်မည့်အားမှာ ၂ ကီလိုနျူတန်သာ ရှိမည်။


မှတ်ချက်။            ။ ပိန်သောသူတစ်ဦး၏ အလေးချိန်မှာ ကီလို ၅၀ ခန့်သာရှိပြီး သာမန်လူကြီးတစ်ဦးသည် ၇၅ ကီလိုခန့် လေးပါသည်။ ကီလို ၁၀၀ ဆိုသည်မှာ အလွန်ဝသော၊ အလွန်သန်မာထွားကျိုင်းသူများ၏ ခန္ဓာကိုယ်အလေးချိန် ဖြစ်၏။
လူခန္ဓာကိုယ်က ခံနိုင်သောအားမှာ ၆ ကီလိုနျူတန် (အမေရိကန်ကတော့ ၈ ကီလိုနျူတန်ဟု သတ်မှတ်သည်) ဖြစ်၏။ ဤသည်ကို ကြည့်ခြင်းဖြင့် အသက်ကယ်ကိုယ်သိုင်းကြိုးဝတ်ထားသည့်တိုင် မည်သည့်နေရာတွင် ချိတ်ကို ချိတ်ထားသနည်း ဆိုသည်မှာ အလွန်အရေးကြီးကြောင်း သိနိုင်ပါသည်။ မိမိနင်းထားသောကြမ်းပြင်၌ ချိတ်ကို ချိတ်ထားသူတစ်ဦးသည် အကယ်၍ ပြုတ်ကျခဲ့ပါက ငယ်ပါများ စုတ်ပြတ်သွားခြင်း၊ ခါးရိုးကျိုးခြင်း၊ အသားများ စုတ်ပြတ်၊ လန်ထွက်ခြင်းတို့ ဖြစ်နိုင်ပါ သည်။

၇၊ ၇၊ ၁၃။ အမြင့်မှပြုတ်ကျခြင်းကို ကာကွယ်သည့် အထိန်းများ

၁။ အလုပ်အတွက် နေရာချထားပေးသောကြိုး (Work Positioning)


            မြင့်သောနံရံများကို ဆေးသုတ်သည့် အလုပ်မျိုးများအတွက် ဤစနစ်ကိုသုံးသည်။ ပြုတ်ကျနိုင်သည့် အခွင့်အလမ်း နည်းနိုင်သမျှ နည်းအောင် စီမံထားရမည်။ မည်ကဲ့သို့သော ကိရိယာအားသုံးမည်ကို သေသေချာချာရွေးချယ်ရန် လိုပါသည်။ ဤကြိုးသည် အလုပ်လုပ်ရန် အဆင်ပြေစေရေးအတွက်သာဖြစ်ပြီး အသက်ကယ်ကြိုးမဟုတ်ပါ။ ဤစနစ်အတွက် အသက်ကယ်ကြိုး သီးသန့်ထားပေးရန်လိုသည်။
            အသက်ကယ်ကြိုးချိတ် ချိတ်မည့်နေရာသည် အနည်းဆုံး ၁၀ ကီလိုနျူတန် (10kN) သို့မဟုတ် ကီလို ၁၀၀၀ (1000 kg) အားရှိရမည်။

၂။ လှုပ်ရှားမှုကို ကန့်သတ်သော ကြိုး (Work Restraint)

            အစွန်း၌ အလုပ်လုပ်ခြင်းအတွက် အစွန်းကိုလွန်၍ ပြုတ်မကျစေရန် အစွန်းမရောက်မီထိ ချုပ်ထားသော ကြိုး (ခါးပတ်) ဖြစ်သည်။


လွတ်လပ်စွာလှုပ်ရှားနိုင်ရန် ရေပြင်ညီအသက်ကယ်ကြိုး (Horizontal life line) တပ်ထားပြီး ထိုကြိုးတွင် လှုပ်ရှားမှုကို ကန့်သတ်သောကြိုး (Work Restraint) တပ်ထားရမည်။ ဤကဲ့သို့တပ်ထားခြင်းဖြင့် အစွန်းနားရောက်ပါက ထိုကြိုးက ရှေ့ဆက်မသွားနိုင်စေရန် ဆွဲထားပေးလိမ့်မည်။
            ရေပြင်ညီအသက်ကယ်ကြိုးကို အသေဖမ်းထားသည့်နေရာ (Anchor point) သည် အနည်းဆုံး ၁၀၀၀ ကီလိုဂရမ် သို့မဟုတ် ၁၀ ကီလိုနျူတန် (10 kN) ရှိရမည်။

၃။ အမြင့်မှပြုတ်ကျလာလျှင် ဖမ်းထားသည့်စနစ် (Fall Arrest System)

            ထိုစနစ်သည် မတော်တဆအမြင့်မှ ပြုတ်ကျလာပါက အောက်သို့ကျမသွားစေရန် ဖမ်းထားသည့်စနစ် ဖြစ်၏။ ပြုတ်ကျသည့်အခါမှ တုံ့ပြန်သောစနစ်ဖြစ်သည်။ ဤစနစ်အတွက် သင့်တော်သည့် ကိရိယာများကို ရွေးချယ်အသုံးပြုရမည်။ ပြုတ်ကျလာသူသည် အဆုံးထိ ပြုတ်ကျသွားသည့်တိုင် အောက်ဖက်ကြမ်းပြင်နှင့် အနည်းဆုံး ၁ မီတာ (၃ပေ) လွတ်နေရန် အရေးကြီး၏။ ပြုတ်ကျလာသူအား ကယ်ဆယ်သည့် စနစ် (Rescue/Retrieval method) ကိုလည်း လိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းအပြည့်အစုံနှင့် အရံသင့်ထားရှိရမည်။ ကယ်ဆယ်ရေး လုပ်သားများကိုလည်း အမြင့်မှ ပြုတ်ကျလာသူ အား ကယ်ဆယ်ခြင်းသင်တန်း ပေးထားရမည်။
            ထိုစနစ်တွင် အောက်ပါပစ္စည်းများ ပါဝင်သည်။
  • တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း - အန္တရာယ်ကင်းကိုယ်သိုင်းကြိုး (Full Body Harness)
  • အဆက်မျှော့ကြိုး (Shock-Absorbing Lanyard)
  • အသက်ကယ်ကြိုး ချိတ်မည့်နေရာ (Anchor point /Eye Bolt / Beam)


ပြုတ်ကျခြင်းဟူသည် မြေဆွဲအားအရှိန်နှင့် ပြုတ်ကျခြင်းဖြစ်ရာ လူခန္ဓာကိုယ်ပေါ်သက်ရောက်သည့် ဒဏ်အားကို သက်သာနိုင်သမျှ သက်သာစေရန် ပြုတ်ကျခြင်းကြောင့် ဖြစ်ပေါ်သည့်အားကို အန္တရာယ်ကင်းကိုယ်သိုင်းကြိုးမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို မျှခံစေရမည် ဖြစ်သည်။ သို့မဟုတ်ဘဲ ခန္ဓာကိုယ်တစ်နေရာထဲသို့ အားသက်ရောက်လျှင် ထိုအစိတ်အပိုင်း အတွင်းကြေခြင်း၊ ဆိုးဝါးစွာစုတ်ပြတ်ခြင်းများ ဖြစ်စေနိုင်သည်။
ထိုမျှသာမက ချိတ်ကိုဖမ်းထားသည့်နေရာသည်လည်း ပြုတ်ကျသည့်ဒဏ်ကို ခံနိုင်စေရမည်ဖြစ်သည်။ ပြုတ်ကျလာသူအား ဖမ်းထားသည့် အထိန်းကြိုးကို ချည်ထားသည့်နေရာ (Anchor point) သည် အနည်းဆုံး ၁၅ ကီလို နျူတန် (15 kN) သို့မဟုတ် ၁၅၀၀ ကီလိုဂရမ် (1500 kg) အား ရှိရမည်။ 


 ၇၊ ၇၊ ၁၄။ လွတ်လွတ်လပ်လပ်ပြုတ်ကျနိုင်သော အနည်းဆုံးလွတ်ကင်းအမြင့် (Minimum Free Fall Height)

ခြေထောက်နင်းထားသော ကြမ်းပြင်တွင် ချိတ်ကို ချိတ်ထားသူအတွက် ပြုတ်ကျလျှင် အနည်းဆုံးရှိရမည့် လွတ်ကင်း အမြင့်မှာ ၆.၅၅ မီတာဖြစ်သည်။ သို့သော်လည်း အချို့ကတော့ ၅.၆ မီတာဟု တွက်ပါသည်။ ထိုလွတ်ကင်းအမြင့်ကို အောက်ပါ အတိုင်း တွက်နိုင်ပါသည်။ 



လင်းယတ်ကြိုးနှင့်အဆက်များ၏ အရှည် (Landyard + Connectors) = ၂ မီတာ (၆ ပေ)
စန့်ထွက်လာမည့် မျှော့ကြိုး အရှည် (Energy Absorber extension) = ၁.၇၅ မီတာ (၃.၅ ပေ)
လူအရပ် (Man height from harness attachment to feet) = ၁.၈ မီတာ (၆ ပေ)
ကြမ်းပြင်မှ အနည်းဆုံး အန္တရာယ်ကင်းအမြင့် (Minimum clearance from floor) = ၁ မီတာ (၃ ပေ)
ထို့ကြောင့် အနည်းဆုံးရှိရမည့် လွတ်ကင်းအမြင့် စုစုပေါင်း (Total Minimum Free Fall distance) = ၆.၅၅ မီတာ

၇၊ ၇၊ ၁၅။ ထိန်းချုပ်ကြိုး တည်နေရာ / ချိတ်ရမည့်နေရာ ကို ဒီဇိုင်းဆွဲခြင်း

ထိန်းချုပ်ကြိုး ချိတ်ရမည့်နေရာ (Anchor point) သည် ကြမ်းပြင်အစွန်းမှ ဝေးရာတွင်ဖြစ်ရမည်။
ရေပြင်ညီ အသက်ကယ်ကြိုးကို အဆောက်အဦ၏တိုင်များအကြားတွင် တန်းထားရမည်။
ထိန်းချုပ်ကြိုး ချိတ်ရမည့်နေရာကို အတတ်နိုင်ဆုံး အဆောက်အဦ၏တိုင်များ (Permanent structure) တွင် တပ်ဆင်ရမည်။ ယာယီတိုင်များတွင် တပ်ဆင်ပါက ထိုတိုင်သည် လူတစ်ကိုယ်ပြုတ်ကျသည့်ဒဏ်ကို ကောင်းစွာ ခံနိုင်ရမည်။
အကယ်၍ အဆောက်အဦပြင်ပတွင်ရှိသော ငြမ်းစင်ပေါ်တွင် အလုပ်လုပ်သူဆိုပါက အဆောက်အဦနံရံဘက်တွင် ချိတ်ကို ချိတ်ရပါမည်။

၇၊ ၇၊ ၁၆။ ပြုတ်ကျခြင်းမှ ကာကွယ်သည့်စနစ် (Fall Prevention System)

            အမြင့်တစ်နေရာမှ လူတစ်ဦးတစ်ယောက် ပြုတ်မကျနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ထားသော ပစ္စည်း၊ ကိရိယာ၊ နည်းလမ်းနှင့် စနစ်တို့ကို ပြုတ်ကျခြင်းမှကာကွယ်သည့်စနစ် (Fall Prevention System) ဟု ခေါ်သည်။ ၎င်းတို့တွင် ငြမ်းစင်၊ အကာအရံတန်းများ၊ လက်ရမ်းတမ်းများ၊ ဆစ်ဆာလစ်ဖ်(Scissor Lift)၊ ဘွန်းလစ်ဖ် (Boom Lift)၊ ဂွန်ဒိုလာ (Gondola) စသည်တို့ပါဝင်သည်။
            အမြင့်တွင်အလုပ်လုပ်ခြင်းအတွက် လုပ်ငန်းပိုင်ရှင်/အလုပ်ရှင်သည် အောက်ပါတို့ကို ပံ့ပိုးပေးထားရမည်။
၁။ လူတစ်ဦးသည် ၂ မီတာ (၆ပေ) ထက်မြင့်သောနေရာမှ ပြုတ်ကျနိုင်သည့် အန္တရာယ်ရှိပါက ထိုနေရာမှ ပြုတ်မကျနိုင်ရန်
    ကာရံပေးထားရမည်။
၂။ ထိုသို့ပြုတ်မကျစေရန် ကာရံပေးခြင်းကို အကာအရံတန်းများ၊ လက်ရမ်းများ သို့မဟုတ် ၎င်းနှင့်ညီမျှသော အခြား
    ထိရောက်သည့် အကာအရံများ ပြုလုပ်ပေးရမည်။
၃။ ထိုအကာအရံတန်းများသည် ခိုင်မာတောင့်တင်းသော၊ လုံလောက်သော၊ ပြုတ်ကျလာသည့် ဒဏ်ကို ခံနိုင်ရည်ရှိသော
    တန်းများ ဖြစ်ရမည်။
၎။ အကာအရံတန်းကို အနည်းဆုံး နှစ်တန်းပြုလုပ်ရမည်။ အောက်ဘက်တန်းမှာ ခြေနင်းကြမ်းပြင်မှ ၆၀၀ မီလီမီတာ  
    (ပေါင်လယ်ခန့်) အထိ၊ အပေါ်တန်းသည် ၁၁၀၀ မီလီမီတာ (ရင်ဆို့ခန့်) ထိ ရှိရမည်။
၅။ ထိုတန်းများကို မတော်တဆ ပြုတ်ထွက်မသွားနိုင်စေရန် အတွင်းဘက်၌ စိုက်ထူထားရမည်။
၆။ ထိုတန်းများသည် မည်သူ့ကိုမဆို ပြုတ်ကျခြင်းမှ ကာကွယ်ပေးနိုင်ရမည်။
၇။ အကယ်၍ လုပ်ငန်းအတွက်လိုအပ်လျှင် ထိုအကာအရံတန်းများကို ဖြုတ်နိုင်သည်။ သို့သော် အလုပ်ပြီးသွားလျှင် မူလအတိုင်း ချက်ချင်း ပြန်တပ်ပေးရမည်။
၈။ ကြမ်းပြင်အစွန်းများကို အပွင့်အတိုင်းမထားရ။ ခိုင်ခံ့စွာ ကာရံထားရမည်။
၉။ အကာအရံတန်းများသည် အနည်းဆုံး ၁.၁ မီတာ အမြင့်ရှိရမည်။ အလယ်တန်းတစ်တန်း ဆင်ရန်လည်းလိုပြီး ထိုအလယ်တန်း၏ အမြင့်မှာ ၆၅၀ မီလီမီတာ ရှိရမည်။ ခြေကာပြား (တိုးဘုတ်- Toe Board) များလည်း တပ်ဆင်ရန်လိုပြီး ခြေကာပြား၏ အမြင့်မှာ ၉၀ မီလီမီတာ ရှိရမည်။







ဆောင်ရန်၊ ရှောင်ရန်များ







၇၊ ၇၊ ၁၇။ ငြမ်းစင် (Scaffold)

       ၁။ ၀င်ပေါက်ထွက်ပေါက်၊ အတက်အဆင်းများအဖြစ်လည်းကောင်း
       ၂။ အမြင့်၌ အလုပ်လုပ်ရန်အတွက် လည်းကောင်း - ငြမ်းစင်ကို သုံးနိုင်သည်။



၇၊ ၇၊ ၁၇၊ ၁။ ငြမ်းစင်ကို အန္တရာယ်ကင်းစွာ အသုံးပြုခြင်း



၁။ အသုံးပြုရန် အန္တရာယ်ကင်းကြောင်း စစ်ဆေးချက်ကဒ်ပြားကိုတွေ့ပါက ထိုငြမ်းစင်အား အသုံးပြုနိုင်သည်။
၂။ ဤငြမ်းစင်အား မသုံးပါနှင့်။ အန္တရာယ်ရှိသည် ဟူသော ကဒ်ပြားချိတ်ဆွဲထားပါက ထိုငြမ်းစင်ကို မသုံးပါနှင့်။
၃။ ငြမ်းစင်များအား ဆင်ခြင်း၊ ဖျက်ခြင်း၊ ပြင်ခြင်းစသည်တို့ကို ငြမ်းစင်ထိုးရန် ကျွမ်းကျင်သူများကသာ (Approved scaffold
    contractors) ပြုလုပ်ရမည်။ 
၎။ ငြမ်းစင်များ ဆင်ခြင်း၊ ဖျက်ခြင်း၊ ပြင်ခြင်းစသည်တို့ကို ပြုလုပ်ရာတွင် လက်မှတ်ရ၊ ကျွမ်းကျင်ပြီး၊ အတွေ့အကြုံရှိသူ ငြမ်းစင်
    ကြီးကြပ်သူ၏ အနီးကပ်ကြီးကြပ်ခြင်းဖြင့်သာ ပြုလုပ်ရမည်။
၅။ ငြမ်းစင်ကို ညီညာပြီးမာကြောသော မြေပြင်ပေါ်တွင်သာ တည်ဆောက်ရမည်။
၆။ ငြမ်းစင်ပေါ် အတက်အဆင်းလုပ်ရန် သင့်တော်သည့် အန္တရာယ်ကင်းသောလှေခါး တပ်ဆင်ပေးထားရမည်။
၇။ ငြမ်းစင်အခင်း ပတ်ပတ်လည်၌ ခြေကာပြားများ (Toe Board) တပ်ဆင်ထားရမည်။
၈။ ငြမ်းစင်ပေါ်တွင် ပစ္စည်းများတင်ထားခြင်းဖြင့် ၀န်ပို မပိစေရ။ (Do not overload)
၉။ ငြမ်းစင်အား အသုံးမပြုမီ အမြဲစစ်ဆေးရမည်။
၁၀။ ငြမ်းစင်ပေါ်၌ အလုပ်လုပ်နေစဉ်အတွင်း အန္တရာယ်ကင်းကိုယ်သိုင်းကြိုး (Safety Harness) ကို ၀တ်ဆင်ထားရမည်။ ချိတ်
      ချိတ်ထားရမည်။

၇၊ ၇၊ ၁၇၊ ၂။ အန္တရာယ်ရှိသော အခြေအနေများ



ဆက်ပါဦးမည်။

အေးငြိမ်း
၁၃၊ ၁၀၊ ၂၀၁၃။ ည ၀၀း ၃၀ နာရီ









No comments: