Wednesday, October 23, 2013
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၂၄)
၇၊ ၉၊ ၆။ ၀န်ချီလုပ်ငန်းဆိုင်ရာ ကိရိယာများ (Lifting Gear / Lifting Sling / Lifting Belts)
ဝန်ချီလုပ်ငန်းဆိုင်ရာ ကိရိယာများမှာ ထုတ်လုပ်သည့် ကုမ္ပဏီကိုလိုက်၍ အမျိုးမျိုး ကွဲပြားသွားသည်။ သို့သော် အခြေခံအသုံးပြုပုံမှာမူ အတူတူပင်ဖြစ်ပါသည်။ ၀န်ချီကြိုးကို ပြုလုပ်သည့် ပစ္စည်းအမျိုးအစားပေါ်မူတည်၍ သံနှင့် သံမဟုတ်သော (ဖိုက်ဘာ၊ ပိုလီယက်စတာစသည်) ပစ္စည်းဟု နှစ်မျိုးခွဲနိုင်ပါသည်။ သံကြိုးတွင် ကွင်းများဆက်ထားသော ချိန်းကြိုး (Chain Sling)နှင့် ၀ိုင်ယာများလိမ်ထားသော စလင်း (Wire Rope Sling) ဟု နှစ်မျိုးနှစ်စားရှိ၏။
ဝန်ချီကိရိယာများသည်လည်း ၀န်ချီခြင်းလုပ်ငန်းတွင် အလွန်အရေးကြီးသည့် ပစ္စည်းများဖြစ်၏။ ထိုပစ္စည်းများကို စနစ်တကျမသုံးစွဲလျှင်လည်း အန္တရာယ်ကြီးသည်သာဖြစ်၏။ ထို့ကြောင့် ထိုပစ္စည်းများကို သုံးစွဲရာတွင်လည်းကောင်း၊ သိမ်းဆည်းရာတွင်လည်းကောင်း စနစ်တကျ ရိုသေစွာ သုံးစွဲ၊ သိမ်းဆည်းထားရမည်။
            အသုံးမပြုသည့်အခါများတွင် ၀န်ချီကိရိယာများကို မြေကြီးပေါ် သည်အတိုင်း ပစ်မထားရ။ ၀န်ချီကိရိယာများ ထားသို သည့်နေရာတွင် စနစ်တကျ ထားသိုရမည်။ ဖြစ်နိုင်သမျှ ရာသီဥတုဒဏ်မှ ကာကွယ်ထားရပါမည်။ နေပူထဲတွင်ထားခြင်း၊ မိုးရွာထဲတွင်ထားခြင်းတို့ကို ရှောင်ကြဉ်ပါ။ အေး၍ ခြောက်သွေ့သော နေရာတွင် ထားရပါမည်။
ဝန်ချီကြိုးနှင့် ၀န်ချီကိရိယာများမှ အပြစ်အနာအဆာများ
၇၊ ၉၊ ၇။ ပစ္စည်းများ၏ အလေးချိန် (Weight of the material)
            အောက်ပါဇယားမှာ ပစ္စည်းများ၏ စံအလေးချိန်ဖြစ်၏။ ပစ္စည်း၏ထုထည်ကိုတွက်ချက်ပြီး ထိုဇယားကို မှီငြမ်းပြု၍ မိမိ ချီမ-မည့်ဝန်၏ အလေးချိန်ကို ခန့်မှန်းနိုင်ပါသည်။
ပစ္စည်းများ၏ ထုထည်ကို တွက်နိုင်ရန် ပိုက်ပြင်ပိုက်ဆက်လက်စွဲစာအုပ်မှ ပုံသေနည်းများကို ပြန်ထည့်ပေးလိုက်ပါသည်။
၇၊ ၉၊ ၈။ အရာဝတ္တုများ၏ ပုံသဏ္ဍာန်နှင့် မြေဆွဲအားဗဟို (Form and Centre of Gravity of Construction Materials)
            ဆောက်လုပ်ရေးလုပ်ငန်းများ၌ ၀န်ချီရာတွင် ပစ္စည်းအမျိုးစုံသလောက် ပုံပန်းသဏ္ဍာန်မှာလည်း မျိုးစုံပေသည်။ အရာဝတ္တုတစ်ခုကို တည်ငြိမ်စွာ ချီမ-နိုင်ရန် ပစ္စည်းများ၏ မြေဆွဲအား ဗဟိုအကြောင်းကိုလည်း သိနားလည်ထားရန် အရေးကြီး၏။ သို့မဟုတ်ပါက ပစ္စည်းနှင့် ထိခိုက်မိမည့်အန္တရာယ်၊ ကြိုးတစ်ချောင်းတည်းအပေါ်တွင် ၀န်ပိနေမည့် အန္တရာယ် တို့ ရှိနိုင်ပါသည်။
ပစ္စည်းများကို တည်ငြိမ်စွာ ချီမ-နိုင်ရန် ၀န်ချီကြိုးနှင့် ထိုပစ္စည်းတို့၏ မြေဆွဲအားဗဟိုတို့ အထက်အောက် မျဉ်း တဖြောင့်တည်း ကျနေရန်လိုသည်။ ထို့ကြောင့် ၀န်ချီလုပ်ငန်းကြီးကြပ်သူနှင့် ကြိုးချည်သူတို့သည် အရာဝတ္ထုတို့၏ မြေဆွဲအား ဗဟိုတည်နေရာကို ခန့်မှန်းတတ်ရမည်။
            အောက်ပါတို့မှာ ပုံမှန်ပစ္စည်းများတွင်ရှိသည့် မြေဆွဲအား ဗဟိုများဖြစ်ပါသည်။ 
မည်သည့်အနေအထားတွင်ဖြစ်စေ ၀န်ကိုချိတ်မည့် ချိတ်နှင့် မြေဆွဲအားဗဟိုတို့ အထက်အောက် မျဉ်းတပြေးတည်း ကျနေရန် လိုပါသည်။ ပစ္စည်း၏ ပုံသဏ္ဍာန်ပြောင်းသွားသည်နှင့် မြေဆွဲအားဗဟို၏ တည်နေရာလည်း ပြောင်းသွားပါသည်။  အောက်ပါပုံတို့ကို လေ့လာကြည့်ပါ။
၇၊ ၉၊ ၉။ အန္တရာယ်ကင်းစွာ ချည်နှောင်နည်းများ (Proper Rigging Methods)
            ပစ္စည်းတစ်ခုကို အန္တရာယ်ကင်းစွာ ချီမ-နိုင်ရန် စနစ်တကျ၊ မှန်မှန်ကန်ကန် ကြိုးချည်တတ်ရပါမည်။ မှန်ကန်စွာ ကြိုးချည်တတ်ရန် သေချာစွာ လေ့ကျင့်သင်ကြားပေးရန် လိုပါသည်။ အောက်တွင် မှန်ကန်သော ကြိုးချည်နည်းများ၊ အန္တရာယ် ရှိသော ချည်နှောင်နည်းများ၊ ရှောင်ကြဉ်ရမည့်အချက်များကို ဖော်ပြထားပါသည်။
            ကြိုးချည်ရာတွင် ကြိုးပေါ်သက်ရောက်မည့် ၀န်အားမှာ ၀န်၏မူလအလေးချိန်၊ ချိတ်-ချိတ်ရမည့်နေရာများ၏ တည်နေရာ၊ မြေဆွဲအားဗဟို တည်နေရာ၊ မည်ကဲ့သို့ချည်နှောင်မည်၊ လေတိုက်နှုန်း စသည်တို့ပေါ်မူတည်နေပါသည်။ အထက်တွင် ပစ္စည်းများ၏ အလေးချိန်ခန့်မှန်းနည်းကို ဖော်ပြခဲ့ပါသည်။
            ချည်ပုံချည်နည်းကိုလိုက်၍ ကြိုးပေါ်သက်ရောက်မည့် အလေးချိန်မှာ အောက်ပါဇယားအတိုင်း ပြောင်းသွား၏။
ရှင်းလင်းချက်
ပထမကော်လံတွင်ကြည့်ပါက ကြိုးကိုအထက်အောက် ဖြောင့်တန်းစွာချည်ထားသည်ကို တွေ့ရမည်။ ဤအနေအထားအတွက် ချိန်းကြိုး၊ ခါးပတ်ကြိုး၊ ၀ိုင်ယာကြိုး၊ ဖိုက်ဘာကြိုးအားလုံးပင် မြှောက်ဖော်ကိန်း ၁ ဖြစ်၏။ ထို့ကြောင့် ကြိုး၏အန္တရာယ်ကင်းစွာ မ-နိုင်သောဝန်သည် ၃ တန် ဖြစ်ပါက ထိုအနေအထားဖြင့် မ-နိုင်မည့် ၀န်အားမှာ ၃ တန် x ၁ = ၃ တန်ပင် ဖြစ်သည်။
ဒုတိယကော်လံတွင် ကြိုးသည် ၀န်ကိုပတ်ချည်ထားသည်ကို တွေ့ရမည်။ ဤအနေအထားအတွက် ချိန်းကြိုး၊ ခါးပတ်ကြိုး၊ ဖိုက်ဘာကြိုးများ၏ မြှောက်ဖော်ကိန်း ၀.၈ ဖြစ်၏။ ထို့ကြောင့် ကြိုး၏အန္တရာယ်ကင်းစွာ မ-နိုင်သောဝန်သည် ၃ တန် ဖြစ်ပါက ထိုအနေအထားဖြင့် မ-နိုင်မည့် ၀န်အားမှာ ၃ တန် x ၀.၈ = ၂.၄ တန် ဖြစ်သည်။
အများဆုံး မ,နိုင်သောဝန်အား = ကြိုး၏အန္တရာယ်ကင်းစွာ မ,နိုင်သော ၀န် x ၀န်အား မြှောက်ဖော်ကိန်း
နောက်ဆုံးကော်လံတွင် ကြိုးသည် ၀န်ကိုပတ်ချည်ထားသည်ကို တွေ့ရမည်။ ဤအနေအထားအတွက် ချိန်းကြိုး၊ ခါးပတ်ကြိုး၊ ဖိုက်ဘာကြိုးများ၏ မြှောက်ဖော်ကိန်း ၀.၈ ဖြစ်၏။ ထို့ကြောင့် ကြိုး၏အန္တရာယ်ကင်းစွာ မ-နိုင်သောဝန်သည် ၃ တန် ဖြစ်ပါက ထိုအနေအထားဖြင့် မ-နိုင်မည့် ၀န်အားမှာ ၃ တန် x ၀.၈ = ၂.၄ တန် ဖြစ်သည်။
ကြိုးချည်ရာတွင် ကြိုး၏ အစောင်းထောင့်ကို အထူးသတိထားရပါမည်။ အစောင့်ထောင့် နည်းလာသည်နှင့်အမျှ ကြိုးပေါ်သက်ရောက်သည့်ဝန်အားမှာ ပိုများလာသည်။ အောက်တွင် အစောင့်ထောင့် ဒီဂရီများအလိုက် ကြိုးပေါ်သက်ရောက် သော ၀န်အားများကို ပြထားပါသည်။
ဤသည်ကိုကြည့်လျှင် ပေါင် ၁၀၀၀ ရှိသောဝန်ကို အလယ်တည့်တည့်မှ ကြိုးတစ်ချောင်းထဲဖြင့် -လျှင် ထိုကြိုး အပေါ်တွင် ၀န်အား ပေါင် ၁၀၀၀ သက်ရောက်မည် ဖြစ်သည်။
            သို့သော် ထိုဝန်ကို ဒေါင်လိုက်တန်းတန်း ကြိုးနှစ်ချောင်းဖြင့် -ပါမူ ကြိုးတစ်ချောင်းစီပေါ်တွင် ၀န်အား ပေါင် ၅၀၀ စီသာ ရှိသည်ကို တွေ့ရမည်။
            သို့သော် သတိထားရန်မှာ ၀န်ချည်ကြိုးကို ထောင့်တစ်ခုစောင်းပြီး ချည်လိုက်ပါမူ ထိုကြိုးပေါ်တွင် ၀န်အား ပိုမို သက်ရောက်လာခြင်း ဖြစ်သည်။ အစောင်းထောင့် ပိုများလာလေ ၀န်ပို ပိလာလေ ဖြစ်၏။
            သို့အတွက် ပေါင် ၁၀၀၀ လေးသော ၀န်တစ်ခုကို ပေါင် ၅၀၀ ဒါဏ်ခံနိုင်သည့် ကြိုးနှစ်ချောင်းနှင့် ၄၅ ဒီဂရီ စောင်းကာ -ပါက ကြိုးပြတ်ကျမည်ကို သတိထားရန် လိုပေသည်။ (အထက်ပါပုံကို ကြည့်ပါ)
ဝန်တစ်ခုကို ချီမတော့မည်ဆိုလျှင် ဦးစွာသိထားရမည်မှာ ၀န်၏အလေးချိန်နှင့် ၀န်ချီမည့်ကြိုး၏ ခံနိုင်ရည်အားတို့ ဖြစ်ပါသည်။ သို့မှသာ ကြိုးအရှည်ကို တွက်ချက်ပြီး ကြိုးထမ်းရမည့် ၀န်ချိန်ကိုသိကာ အန္တရာယ်ကင်းစွာ လုပ်ကိုင်နိုင်ပေမည်။
ထိုမျှသာမက ချိတ်ကို ကြိုးတွင်ပြန်ချိတ်သည့်အခါ (Choker) ၀န်၏အပေါ်တည့်တည့်တွင် ချိတ်ရန် အရေးကြီးပါ သည်။ ထိုချိတ်သည့်နေရာပြောင်းသွားသည်နှင့်အမျှ ကြိုး၏ ခံနိုင်ရည်အားလည်း ကျသွားပါသည်။ အောက်ပါပုံကိုကြည့်ပါ။
D/d Ratio (အချင်းကြီး/အချင်းငယ် အချိုး)
            နောက်တစ်ခုမှာ အချင်းကြီး/အချင်းငယ် အချိုး (D/d ratio) ဖြစ်ပါသည်။ ပစ္စည်းတစ်ခုကို မ-ရန် ကြိုးကို ထိုပစ္စည်း အားပတ်လိုက်လျှင် ထိုကြိုး၏ ခံနိုင်ရည်အားကျသွားသည်။ ဥပမာ လက်မ၀က်   လက်မ အချင်းရှိသော ကြိုးကို ၁၀ လက်မ အချင်းရှိသောပိုက်အား ပတ်ပြီး မ,မည်ဆိုလျှင် ၎င်း၏ D/d အချိုးမှာ ၂၀း၁ ဖြစ်ပါသည်။ အောက်ပါဂရပ်ကိုကြည့်လျှင် D/d အချိုး ၂၀ ရှိလျှင် ကြိုး၏စွမ်းရည်မှာ ၉၂ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့နိုင်ပါသည်။
ဆက်ပါဦးမည်။
အေးငြိမ်း
၂၃၊ ၁၀၊ ၂၀၁၃။ ည ၁၀း၃၅ နာရီ
No comments: