Wednesday, May 31, 2017

ဆန်လည်းကုန်ပြီး မြေလည်းလေးသောသူများအကြောင်း

(၁)

ဤလောကတွင် မိမိအတွက်လည်းအကျိုးမရှိ၊ မိမိ မိသားစုအတွက်လည်း အကျိုးမရှိ၊ တိုင်းပြည်အတွက်လည်း အကျိုးမရှိ၊ လူ့လောကအတွက်လည်း အကျိုးမရှိ။ ဘာတစ်ခုမှအကျိုးမရှိသောအလုပ်ကို လုပ်နေသူများ ရှိသည်။

ထိုသူများရှိနေခြင်းအားဖြင့် လောကအတွက် မည်သည့်ကောင်းကျိုးမှမရှိ။ တစ်နည်းအားဖြင့် ထိုသူများမရှိခြင်းသည်သာလျှင် လောကအတွက် ပို ကောင်းပေလေသေးသည်။ ထိုသူများရှိနေခြင်းအားဖြင့် လူအများ ဒုက္ခရောက်ကြရသည်။ ခုနစ်ရက် သားသမီးတို့ စိတ်ဆင်းရဲရသည်။ အလကားနေရင်း အပိုအလုပ်တွေ လုပ်ကြရသည်။ မလိုလားအပ်ပဲ ပိုက်ဆံနှင့် လုပ်အားများ အလဟဿ ကုန်ဆုံးရသည်။ ဘာကောင်းသနည်း။ ဘာတစ်ခုမှ မကောင်းပါ။

ကန်းနေသော မျက်စိသည် နာကျင်ကျိန်းစပ်ရုံအတွက် သက်သက်မျှသာ ဖြစ်သည်။ မျက်လုံးပိုင်ရှင်ကို မည်သို့မှ အကျိုးမပြု ဟု ပဉ္စတန္တရကျမ်းထဲတွင် ဆိုသည်။ ထိုသူများကို မွေးရခြင်းအတွက် မွေးသမိခင်လုပ်သူသည် ၀မ်းရေစပ်ရုံမျှရှိသည် ဟု ရှေးလူကြီးသူမတို့ ဆိုစမှတ်ပြုသည်။

ကျွန်တော့်မျက်လုံးထဲတွင်မတော့ ကျွန်တော်တို့တိုင်းပြည်၌ ထိုကဲ့သို့သောသူများ တော်တော်များများရှိနေသည်ဟု မြင်မိ၏။

ထိုသူများကား လောကကြီးအတွက် ဆန်လည်းကုန်ပြီး မြေလည်းလေးသောသူများ ဖြစ်တော့၏။ ၎င်းတို့ကိုထမ်းပိုးထားရခြင်း အတွက် ကမ္ဘာမြေကြီးအနေနှင့် အလွန်ဝန်လေးလှပါဘိတော့သည်။

(၂)

မေလ ၂၃ ရက်နေ့က အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့တွင် အသေခံဗုံးခွဲသမား Salman Abedi ၏ လက်ချက်ဖြင့် ဗုံးပေါက်ကွဲ ခဲ့သည်။  ဖောက်ခွဲခဲ့သည့်နေရာမှာ ဆယ်ကျော်သက်တို့အသည်းစွဲ အမေရိကန်အဆိုတော် Ariana Grande ၏ သီဆို ဖျော်ဖြေပွဲတွင် ဖြစ်၏။ အနည်းဆုံး ၂၂ ဦးသေကာ ၅၉ ယောက် ဒဏ်ရာရခဲ့သည်။ ဆယ်ကျော်သက်တို့ပွဲဆိုတော့ ဆယ်ကျော်သက် တော်တော်များများ သေပွဲဝင်ခဲ့ကြရသည်။ အင်္ဂလန်တွင် ကျွန်တော်နှင့်ဆွေမျိုးတော်စပ်သူ တစ်ဦးမှ မရှိပါ။ သို့တိုင် သည်သတင်းဖတ်ပြီး ကျွန်တော် တော်တော်စိတ်မကောင်းဖြစ်မိသည်။

အင်္ဂလန်တွင်ဗုံးကွဲပြီး နောက်တစ်နေ့ည၌ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် နှစ်နေရာခွဲပြီး ဗုံးခွဲခဲ့သည်။ ရဲအရာရှိ သုံးဦး သေဆုံးခဲ့၏။

ယခုဖြစ်ရပ်များမဖြစ်ခင် များမကြာမီ ၂၀၁၇၊ မတ်လ ၂၂ ရက်ကလည်း ဗြိတိသျှပါလီမန်အပြင်ဘက်၌ ဗုံးခွဲခဲ့သေးသည်။ လူ ၃ ဦးသေပြီး ၄၀ ကျော်ဒဏ်ရာရခဲ့၏။

ယခုဗုံးခွဲမှုမှာ လူ ၃၂ ဦးသေဆုံးခဲ့သော ဘရပ်ဆယ်လေဆိပ် နှင့် မက်ထရိုစတေရှင် ဗုံးကွဲအပြီး တစ်နှစ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်လေသည်။ ထို့ပြင် အင်္ဂလန်တွင် ၂၀၀၅၊ ဇူလိုင်လ ၇ ရက် မြေအောက်ရထားဗုံးခွဲမှုအပြီး လူအသေအပျောက် အများဆုံး ဗုံးခွဲမှုလည်းဖြစ်၏။  မြေအောက်ရထားဗုံးခွဲမှုတုံးက လူ ၅၂ ဦးသေဆုံးခဲ့သည်။

၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့က အိုစမာဘင်လာဒင်ကို အမေရိကန်ပြောက်ကျားတို့ သတ်လိုက်နိုင်ပြီဆိုတော့ ကျွန်ုပ်မှာ ကျွန်ုပ်ဘကြီး သိန်းတစ်သောင်းထီ ပေါက်သကဲ့သို့ အလွန်ဝမ်းသာ ရွှင်မြူးခဲ့ပါသည်။ တစ်ခါတော့ဖြင့် ငရဲသားတွေ အထိန်းအကွပ်မရှိ၊ သွားကြပေရော့ ဟု ထင်ခဲ့မိသည်။ သို့တိုင် ထို မကောင်းဆိုးရွားများမှာ ကျွန်ုပ်ထင်သလောက် မတုံးပါ။ သူတို့အဓိပတိကြီးမရှိတော့သည့်တိုင် ဗုံးခွဲမှု၊ လူသတ်မှုများကို ဆက်လက် ကျူးလွန်နေနိုင်ကြသေးသည်။

ဘင်လာဒင် မာလက ဈာန်ကြွပြီး များမကြာမီ ၂၀၁၃ ဧပြီလ ၈ ရက်၌ ISIS (Islamic State of Iraq and Syria) ဟူသော မိစ္ဆာဂိုဏ်းတစ်ခု ထပ်ပေါ်ခဲ့သည်။ (ငါ့လခွမ်းတဲ့မှ။ ငါ့မွေးနေ့နဲ့များ လာတူနေရတယ်လို့ကွာ။ နေဦး၊ လေးမျက်နှာပြန်ပြီး မွေးနေ့ကို သွားပြောင်းပစ်ဦးမယ်။ ကတောက်စ်)

သောက်ကျိုးနည်း၊ IS တွေပေါ်လာတော့ ဘင်လာထက်တောင် ပိုဆိုးနေသေးသည်။ ကျွန်ုပ်နားမလည်နိုင်သည့်အချက်မှာ ထို မကောင်းဆိုးရွားများကို အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဂျာမဏီ၊ အင်္ဂလန်၊ အီရန်၊ မလေးရှား၊ အင်ဒိုနီးရှား စသည့် တစ်ကမ္ဘာလုံး က ၀ိုင်းဝန်းထိုးနှက်တိုက်ခိုက်နေသည့်တိုင် သကောင့်သားများမှာ အပြုံးမပျက်ပဲ အသေခံဗုံးခွဲမှုများကို ကမ္ဘာအနှံ့ ပျော်ပျော်ကြီး ဆက်လက်ဆင်နွှဲနေနိုင်ခြင်းပင်ဖြစ်၏။ ဒီကောင်တွေမှာ လူတွေဘယ်လောက်ရှိနေလို့လဲ၊ လက်နက်တွေ ဘယ်လောက် ရှိနေလို့လဲ၊ ပိုက်ဆံတွေ ဘယ်က ဒလဟော စီးမျောဝင်နေသလဲ။

ထို့ကြောင့် ကျွန်တော်ကတော့ အမေရိကန်နှင့် ရုရှားတို့၏ စစ်ရေးစွမ်းရည်အပေါ်လည်း သံသယဖြစ်မိပါသည်။ 

ဝမ်းနည်းစရာကောင်းသည်မှာ ထိုမိစ္ဆာအဖွဲ့ထဲတွင် ပညာတတ် လူငယ်လူရွယ်များ ပါဝင်နေခြင်းဖြစ်၏။ တော်သည့်သူများ မကောင်းလျှင် ကမ္ဘာကြီးအတွက် အလွန်အန္တရာယ်များသည်။ လူတော်လူမကောင်းများကြောင့် ကမ္ဘာ့သမိုင်း ညစ်နွမ်းခဲ့ရ သည်။

ဒါက အပြင်ဘက်ထွက်ကြည့်ခြင်းဖြစ်သည်။ ကိုယ့်အတွင်းဘက်လည်း နည်းနည်းလောက် ငဲ့ကြည့်ပါရစေဦး။

(၃)

တခြားတိုင်းပြည်များမှာသာမဟုတ်။ ကျွန်ုပ်တို့တိုင်းပြည်တွင်လည်း ဆန်လည်းကုန်၊ မြေလည်းလေးသော သကောင့်သား၊ သကောင့်သမီးများ အတော်များများ ရှိလေသည်။ ထိုသူများကြောင့် တိုင်းပြည်နာသည်။ ခုနစ်ရက်သားသမီးတို့ စိတ်ဆင်းရဲရသည်။ ဘယ့်နှယ်ကွယ်၊ အလုပ်မရှိလည်း ကိုယ့်ဟာကိုယ် ကိုင်ထားပါလား။ (ဟိုလေ - စာအုပ်ရှိတဲ့သူက စာအုပ်ကိုင်၊ ဖုန်းရှိတဲ့သူက ဖုန်းကိုင်ဘို့ ပြောပါတယ်။ ဒါမှ စာအုပ်ကလေးဖတ်၊ ဖွဘုတ်လေးပွတ်လို့ရမှာမဟုတ်လား။)

ခုတော့ကွယ် အားအားလျားလျား၊ တရားဟောချင်ရတာနဲ့၊ ဆန္ဒပြချင်ရတာနဲ့။ ငါတို့သည်လိုလုပ်လျှင် သည်လိုတွေ ဖြစ်ကုန်မည် ဆိုသည်ကို နည်းနည်းမှ ထည့်မတွက်။ ကိုယ်ချင်းစာတရားဆိုတာကလည်း စိုးစဉ်းကလေးမျှမရှိ။ စဉ်းစားဆင်ခြင် တိုင်းထွာနိုင်ဘို့ဆိုတာ ဝေလာဝေး။ ငါ့စကားနွားရပြော၊ စိတ်ရူးပေါက်တိုင်း အကုန်ထလုပ်။ ဘေးက ပုလင်းတူ၊ ဘူးဆို့တွေက ၀ိုင်း ဘေးတီးပေး။ သူတို့ဒီလိုလုပ်ဖို့ ပိုက်ဆံ သိန်းပေါင်းတော်တော်များများ ထုတ်ပေးထားသည်ဆိုတော့ ကျွန်ုပ်မှာ အံ့သြလွန်းလို့ သေလုမတတ်ရှိချေသည်။

ထိုသူများ၏ ဤကဲ့သို့သောလုပ်ရပ်များသည် တိုင်းပြည်ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် ဘာများ အသုံးတည့်ပါ သနည်း။ ပြည်သူလူထု၏ အသိဉာဏ်နှင့် ကိုယ်ကျင့်တရားမြင့်မားရေးအတွက် မည်ကဲ့သို့ အထောက်အကူ ပြုပါသနည်း။ အထောက်အကူမပြုသည့်ပြင် အသိဉာဏ်နှင့်ဆင်ခြင်တုံတရားနည်းသူတို့အတွက် မကောင်းသည့်လမ်းကို နားယောင်ခြင်း တည်းဟူဟော အန္တရာယ်ဆိုးကြီးလည်း ရှိနေချေလေသေး၏။

၎င်းတို့သည် အထက်တွင်ဖော်ပြခဲ့သော IS ဂိုဏ်းသားများနှင့် ဖအေတူမအေကွဲ ညီအစ်ကိုများသာ ဖြစ်ချေသည်။ IS ဂိုဏ်းသားများက လက်နက်များဖြင့် လူများကို သေအောင်သတ်သည်။ ၎င်းတို့က အသိဉာဏ်နုံ့နဲ့သူများကို မဟုတ်ကဟုတ်က ဗရုတ်သုက္ခစကားလုံးများဖြင့် သေအောင်သတ်သည်။ အကြမ်းနည်းဖြင့်သတ်သည်နှင့် အနုနည်းဖြင့်သတ်တာပဲ ကွာသည်။

လောကသဘာဝအရ ဓမ္မဘက်က အနိုင်ရလေ့ရှိသည်ဆိုသော်ငြားလည်း ထိုအနိုင်ရမှုမှာ အဓမ္မက ဓမ္မကို လုပ်ချင်တိုင်း လုပ်ပြီး၍ ဖွတ်ဖွတ်ညက်ညက်ကျေမှ မနိုင့်ရင်ကာ နိုင်ရတာမျိုး ဖြစ်လေသည်။

တစ်နည်းအားဖြင့်လည်း ရုပ်ရှင်ကားများထဲကလို မင်းသားက သေကောင်ပေါင်းလဲခံရပြီး လူဆိုးတွေ အားလုံး သေကျေ ပျက်စီးပြီးခါမှ “ဟေ့ကောင်တွေ မပြေးနဲ့။ မင်းတို့ကို ပြည်သူ့ရဲတွေ ၀ိုင်းထားပြီးပြီ” ဆိုတာမျိုး ဖြစ်လေသည်။

ကျွန်ုပ်တို့ကမ္ဘာလောကကြီးသည် ဆန်ကုန်မြေလေးများ မနှေးအမြန်ပျောက်ကွယ်ကုန်လျှက် သာယာချမ်းမြေ့သော လောကကြီးဖြစ်လာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၆ မေလ၊ ၂၀၁၇ 

No comments: