Wednesday, May 31, 2017

လူရိုင်းတို့၏တိုင်းပြည် - ၁

(၁) ကျွန်တော်ငယ်စဉ်က အခြားသူများကို အထင်လွဲခဲ့ပုံ
----------------------------------------------------------
ကျွန်တော်ငယ်စဉ်က ကိုယ့်အသိဉာဏ်တစ်ထွာတစ်မိုက်မျှနှင့် အခြားသူများကို အထင်လွဲခဲ့ဖူးသည်။
အခြားမဟုတ်ပါ။ အရှေ့အလယ်ပိုင်းဒေသမှ အသေခံဗုံးခွဲမှုများ၊ လူသတ်မှုများ၊ အိန္ဒိယမှ မုဒိန်းမှုများကို ဖတ်ရတော့ သြော်၊ အတော်တရားမဲ့တဲ့ဒေသနဲ့ တရားမဲ့တဲ့သူတွေပါလားဟု ထင်ခဲ့မိခြင်း ဖြစ်၏။
ကျွန်တော့်စိတ်ထင် ကျွန်တော်တို့ငယ်ငယ်က ယခုလောက် ဒုစရိုက်မှုမပေါဟု ထင်ပါသည်။ မုဒိန်းမှုများလည်း ယခုလောက် မများပါ။ သမီးအရင်းကို ဖအေလုပ်သူက မုဒိန်းကျင့်တယ်ဆိုတာ (ဘုရားစူးရပါစေ့) ကျွန်တော်ဖြင့် ခုခေတ်မှကြားဖူးတာ ဖြစ်ပါသည်။ ယခင်က မရှိဟု မဆိုလို။ သို့တိုင် အလွန်ရှားပါသည်။ လူသတ်မှုကျူးလွန်ဘို့ရာလည်း ယခုခေတ်လောက် မလွယ်လှပါ။ ယုတ်စွအဆုံး ခိုးတာတောင် သည်လောက်မများ၊ ဓားပြတိုက်တယ်ဆိုတာ ကြိုကြားကြိုကြားသာ ကြားဖူးသည်။ ဓားပြတိုက်သည့်သတင်း၊ လူသတ်မှုသတင်းများဆိုလျှင် အထူးအဆန်းလုပ်၍ မျက်လုံးများ ပြူးပြဲကာ ဖတ်ကြရတာဖြစ်၏။
ကိုယ့်အရပ်ဒေသ၊ ကိုယ့်တိုင်းပြည်တွင် ဒုစရိုက်မှု သိပ်မတွေ့ရတော့ တခြားတိုင်းပြည်မှလူများကို အရိုင်းအစိုင်းကောင်တွေ၊ တရားမရှိ၊ ဓားမရှိတဲ့ကောင်တွေဟု သူတို့အကြောင်းကိုလည်း မသိပါဘဲလျက် တစ်ဖက်သတ် ထင်မြင်ခဲ့ဖူးတာ ဖြစ်ပါသည်။

(၂) ကျွန်တော်တို့ရွာမှ ခိုးသားများအကြောင်း
----------------------------------------------

ကျွန်တော်တို့ငယ်စဉ်က ရွာ (ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ၀ါးတောကွင်းကျေးရွာ) တွင် ဒုစရိုက်မှုဆိုတာ မရှိသလောက် ရှားပါသည်။ ခိုးမှုဝှက်မှုလောက်ပဲ အနည်းအပါး ရှိသည်။ ခိုးသည်ဆိုရာတွင်ပင် တောသူတောင်သားတွေဆိုတော့ များများစားစား ခိုးရလောက်အောင် ပစ္စည်းရှိတာမဟုတ်ပါ။
ခိုးမှုဆိုတော့ ကျွန်တော်တို့ရွာက သူခိုးညီအစ်ကိုများအကြောင်း ဖောက်သည်ချပါရစေဦး။
သူတို့မိဘများမှာ ဦးဟန်သိန်း၊ ဒေါ်စိန် ထင်ပါသည်။ သားများကတော့ ကိုတင်ညွန့်၊ ကိုအေး၊ ကိုကြွက်နီ စသူတို့ဖြစ်၏။ အနှစ် ၄၀ ကျော်ပြီဆိုတော့ ကောင်းကောင်းမမှတ်မိတော့။
မိဘများဖြစ်သူ ဦးဟန်သိန်းတို့မှာတော့ ရိုးရိုးသားသား သူလိုကိုယ်လိုထဲကပင် ဖြစ်၏။ သို့သော် သူတို့သားများမှာကား စောရနက္ခတ်နှင့် ယှဉ် မွေးလာသလော မသိ။ မခိုးရလျှင် မနေနိုင်သည့် အစားထဲက ဖြစ်၏။ ခိုးသမှ ငယ်ငယ်ကလေးတည်းက ကြီးလာသည်ထိ ခိုးသည်။ သူတို့ခိုးတာက ၀ါသနာဘာဂီ ဆက်တိုင်းမီလို့ ခိုးတာဖြစ်သည်။ စားစရာမရှိလို့မဟုတ်။ သူတပါးကို နစ်နာစေလိုလို့မဟုတ်။
ကိုအေးငယ်စဉ် ဘုန်းကြီးကျောင်းသားဘ၀က ကျောင်းသားများ၏ ကျောက်သင်ပုန်း၊ ကျောက်တံ စသည်တို့ကိုခိုးသည်။ တစ်ခါနှစ်ခါဆိုရင်တော့ မိချင်မှ မိလိမ့်မပေါ့။ သို့ပေသိ၊ အမြဲခိုးနေတော့ လူမိတော့သည်။ သည်တော့ ကျောင်းထိုင်ဆရာတော် ဘုရားက ငအေးအား ကျောင်းတိုင်ကိုဖက်စေကာ မလှုပ်နိုင်အောင် ကျောင်းသားနှစ်ဦးကို လက်တစ်ဖက်တစ်ချက်မှ ဆွဲထားစေပြီး ကျောတစ်ရာရင်တစ်ရာ ကြိမ်ဒဏ်ခတ်လေသည်။ ငအေးမှာ ယဲ့ယဲ့သာ ကျန်သောဟူ၏။
ရိုက်ပြီးတော့ ဆရာတော်ဘုရားလည်း အမောအပန်းဖြေရင်း ကွမ်းမြုံ့နေရာမှ -
ဟဲ့ ငအေး။
ဘုရား။
တယ်နာသလား။
မှန်ပါ့ဘုရား၊ တကယ်နာ၊ ဘုရားစူးနာ၊ သောက်ကျိုးနည်း နာတာပါဘုရား။
အင်း၊ မင်းနောက်မခိုးရဲအောင် မှတ်လောက်သားလောက် ဒဏ်ပေးတာကွ။
တင်ပါ့ဘုရား။
အဲသလောက်နာသွားပြီဆိုတော့ နောက် ခိုးချင်စိတ် ရှိသေးလားကွဲ့။
မှန်ပါ့။ နာတော့ အတော်နာတာပဲ ဘုရား။ ဒါပေမဲ့ ခိုးချင်စိတ်ကတော့ နည်းနည်း ကျန်သေးတယ်ဘုရာ့။
ဘုန်းကြီးမှာ ငအေးကို လက်မြှောက်လိုက်ရလေသည်။
တစ်ခါသား ကိုရင်ငအေးတို့အိမ်သို့ ဧည့်သည်များ ရောက်လာ၏။
ဧည့်သည်တွေဆိုတော့ တောရွာတို့ထုံးစံအတိုင်း မရှိရှိတာနှင့် အိမ်ကကြက်ကို ရိုက်သတ်ကျွေးသပေါ့။ ကလေးတွေကတော့ ဧည့်သည်များစားပြီးမှ အရိုးအရင်းကိုက်ရမည်။
အိမ်က ၀ါးကြမ်းခင်းထားတော့ ၀ါးခြမ်းတစ်ခုနှင့်တစ်ခုအကြား တုတ်တစ်ချောင်းဝင်သာရုံ အပေါက်ကလေးများ ဖြစ်နေသည်။
ဧည့်သည်များ ကြက်သားကာလသားဟင်းနှင့် အသားကုန်လွေးနေစဉ် ကိုရင်ငအေးတို့ညီအစ်ကိုက အိမ်အောက်မှနေပြီး ဟေ့၊ အကုန်မစားနဲ့၊ ဒို့ဘို့လဲ ချန်ထားအုံး ဟု တီးတိုးပြောကာ ဧည့်သည်များဖင်ကို တုတ်နှင့်ထိုးလေ၏။ ဧည့်သည်များမှာ ထသွားရလည်း အခက်၊ သူရို့မိဘများကို ပြန်တိုင်ရလဲအခက်နှင့် ထမင်းတောင် ၀အောင်မစားရဘဲ ပြီးလိုက်ရသောဟူ၏။
တစ်ခါကလည်း ငအေးတို့အိမ်သို့ ဧည့်သည်တစ်ယောက်၊ ငှက်ပျောခိုင်ကြီးနှင့် ပေါက်ချလာသည်။ ငှက်ပျောသီးများမှာ ၀င်းဝါ နေပြီး စားတန်ကောင်းအခြေအနေဖြစ်၏။ ငှက်ပျောခိုင်ကြီး မြင်ကတည်းက ကိုရင်ငအေးတို့ ညီအစ်ကိုမှာ သွားရည်ယိုလှပြီ။
ဧည့်သည်များမှာ ငှက်ပျောခိုင်ကို ကြမ်းပြင်တွင် တွဲလောင်းဆွဲကာ လူကြီးများနှင့် မာကြောင်းသာကြောင်း စကားဖောင်ဖွဲ့ကြ၏။
ငအေးတို့ညီအစ်ကိုမှာ အိမ်အောက်မှနေ၍ ငှက်ပျောသီးများကို တစ်လုံးပြီးတစ်လုံး အခွံနွှာကာ တ၀တပြဲ တုတ်ကြလေသည်။
ကိုင်း၊ ကိုင်း၊ စကားလည်းကောင်းပါရဲ့။ သွားစရာလေးရှိလို့ ခွင့်ပြုအုံးနော့ ဆိုကာ ဧည့်သည်လူကြီးက သူ့ငှက်ပျောခိုင်ကို ဆွဲလိုက်ရာ ငှက်ပျောခိုင်မှာ အသီးများကင်းစင်လျက် ရိုးတန်ချည်းသာ ကျန်တော့ကြောင်း တွေ့ရလေသော ဟူသတတ်။ လူလည် ဖိုးသာအေးတို့ညီအစ်ကိုမှာတော့ ပျောက်ချင်းမလှ ပျောက်ကုန်ကြလေပြီ။
ကျွန်တော် ၅ တန်းကျောင်းသားဘ၀က အိမ်တွင် လယ်သူရင်းငှားအဖြစ် ဖိုးသာအေး၏အစ်ကို ကိုတင်ညွန့်ကို ငှားသည်။ တစ်ည ကျွန်တော်တို့အိပ်နေစဉ် ကိုတင်ညွန့်က အိမ်ပေါ်တက်ခိုးသည်။ မှောင်ထဲတွင် ကိုတင်ညွှန့်ကို သေတ္တာနား၌ တွေ့ကြရ၏။ ကျွန်တော့်ကြီးဒေါ် ရှင်မယ်ကြိုင်က အသံများတုန်လျှက် သူခိုး သူခိုး ဟု အော်၏။ အဖေကြီးတို့လည်း ထလာကာ ဖိုးတင်ညွန့်လက်ကို ဆွဲမိသည်။ ဟေ့ကောင်တင်ညွန့်၊ မင်း ဒါဘာလုပ်တာလဲ။ သွားစမ်း၊ သွား သွား ဟု လွှတ်လိုက်၏။ အရီးက ဟင်၊ သူခိုးကို လက်ပူးလက်ကြပ်မိတာတောင် မရိုက်နိုင်ဘူး၊ ဘုရားဖြစ်မဲ့ အုတ်ခဲကျိုးဟု ကျွန်တော့်အဖေကို ကျိန်ဆဲလေ၏။ ကျွန်တော့်အဖေဖြစ်သူမှာ ထမင်းကြမ်းခဲ ယပ်ခပ်စားသူဖြစ်လေရကား စကားနည်းရန်စဲ၊ ဘာမှ ပြန်မပြောဘဲ အိပ်ယာ ၀င်သွားလေသည်။
ထိုစဉ်က ကျွန်တော်တို့တောမှ အိမ်များမှာ တံခါးမရှိသောအိမ်က များသည်။ ကျွန်တော်တို့အိမ်မှာတော့ အိမ်ရှေ့ တံခါးမကြီး ရှိပါ၏။ ထရံကို တံခါးလုပ်ထားပြီး ဖွင့်လိုလျှင် အပေါ်သို့မ,တင်ကာ ဖွင့်ပြီး အပေါ်တွင်ပင် ၀ါးလုံးကိုကန့်လန့်ထိုးကာ ဆွဲထား၏။ ညဘက်အိပ်တော့ ထိုတံခါးမကြီးကို ချပြီး အတွင်းမှ မင်းတုပ် ထိုးထားသည်။
သို့သော် အိမ်နှင့်မီးဖိုဆောင်ကူးသည့်ဘက်တွင် တံခါးမရှိ။ မီးဖိုဆောင်နောက်ဘက်မှ တံခါးမှာလည်း ပီဘိ ဘုရားစူးရပါစေ့ တံခါး ဖြစ်လေသည်။ ထရံအစုတ်ကလေးကို တံခါးလုပ်ကာ မလဲရုံ ထောင်ထားတာသာ ဖြစ်လေသည်။ ၀င်လိုထွက်လိုပါက ထို ထရံအစုတ်ကို အသာလှပ်ပြီး ၀င်/ထွက်ရုံဖြစ်၏။ သည်တော့ သူခိုးဝင်ဘို့ရာ ဘာခဲယဉ်းပါမတုံး။
ဤသည်မှာ ကျွန်တော်တို့ရွာမှ သူခိုးဋီကာ ဖြစ်လေသည်။

(၃) အေးငြိမ်းလှသော (လှသော ကိုအေးငြိမ်းဟု ဆိုလိုခြင်းမဟုတ်) ကျွန်ုပ်တို့ရွာကလေး
-------------------------------------------------------------------

အမှန်ဆို ကျွန်တော်တို့ရွာမှာ ဖဲရိုက်တာ၊ ကြက်တိုက်တာ၊ အရက်ချက်တာ ဘာတစ်ခုမှ မရှိ။ အဲလေ အရက်ဆိုင်တော့ တိုးတိုး တိတ်တိတ် ရှိသပေါ့။ တခြားရွာက ယူရောင်းတာ ဖြစ်၏။ ကျွန်တော်တို့ရွာပတ်ဝန်းကျင်တွင် အရက်ချက်ရောင်းသည့်ရွာဆိုလို့ တစ်ရွာတည်းသာ ကြားဖူးသည်။ ရွာနာမည်မှာ စမ်းကြီးဟု ခေါ်၏။ ကျွန်တော်တော့ တစ်ခါမှ မရောက်စဖူး။
ရွာမှာအရက်ရောင်းသည်ဆိုစေ။ ပေါ်တင်ဆိုင်ဖွင့်ရောင်းတာ မဟုတ်။ အရက်သောက်သူများလည်း ရှိပါ၏။ သို့တိုင် အရက်မူးပြီး ရမ်းကားတာ၊ ရန်ဖြစ်တာ၊ မရှိသလောက်ရှားသည်။ လူသတ်တယ်ဆိုတာ မပြောပါနှင့်။ ကျွန်တော်ရွာမှာ နေခဲ့သမျှကာလပတ်လုံး လူသတ်တယ်ဆိုတာ တစ်ခါလား ကြားဖူးလိုက်သည်။ သို့သော် မည်သူက မည်သူ့ကို မည်သည့်အကြောင်းနှင့် ဘယ်တုံးကသတ်သည်ဆိုတာ အတိအကျမသိ။ ပီဘိ သဲ့သဲ့ကလေး ကြားဖူးရုံမျှ ဖြစ်လေသည်။
သို့သော်လည်းပေါ့လေ။ တောရွာသဘာဝ ထန်းရည်တော့ ရသပေါ့။ ထန်းရည်ကတော့ သူသူငါငါ လူတကာသောက်သည်။ ကျွန်တော်လည်း ငယ်စဉ်က ထန်းရည်ကို အသားကုန်မူးနေအောင်၊ ကမ္ဘာကြီးတစ်ခုလုံး ချာလပတ်ရမ်းနေအောင် သောက်ဖူး သည်။ ပြောရလျှင် ကျွန်တော်က ခင်ဗျားတို့ ဘီယာထက် ထန်းရည်အရသာကို ပိုကြိုက်လေသည်။ ထန်းရည်၏ မူရင်း အရသာမှာ ပီဘိ အချိုသက်သက် ဖြစ်၏။ သို့သော် ထန်းရည်ကို နေနှင့်ချက်လိုက်တော့ ပြင်းလာသည်။ ထန်းရည်သောက်လို့ အကောင်းဆုံးအချိန်မှာ မနက် ၉နာရီ ၁၀ နာရီလောက်ဖြစ်သည်။ အရသာမှာ ချိုပြင်းကလေးဖြစ်ပြီး အမျိုးသမီးများလည်း သောက်လို့ရသည်။
သို့သော် မွန်းလွဲသွားသည်နှင့် တဖြည်းဖြည်း ပြင်းလာသည်။ ညနေ ၅ နာရီလောက်သောက်သည့် ထန်းရည်ကတော့ ခွက်ထဲသို့ ငှဲ့ထည့်လိုက်လျှင် ပုဇွန်ဆိတ်ကလေးများကဲ့သို့ တဖြတ်ဖြတ်ခုန်ကာ၊ အရောင်ကလည်း ပြာလဲ့လဲ့နှင့် အလွန်ပြင်းလေသည်။ တော်ရုံလူ မသောက်နိုင်။ အညာမှာ ထန်းရည်ကို မြေအိုးနှင့်ခံသော်လည်း ကျွန်တော်တို့ဘက်မှာတော့ ၀ါးကျည်တောက်နှင့် ခံလေသည်။ သောက်တော့လည်း ၀ါးမှုတ်ခွက်နှင့်ပင် သောက်တာဖြစ်သည်။
တစ်ခါတစ်ခါတော့ လက်ဖြစ် စိမ်ရည် လုပ်သောက်ကြသေးသည်။ စိမ်ရည် ဆိုသည်မှာ လှော်စာတဆေးကို ကောက်ညင်းနှင့် ဖောက်ကာ အရည်ကို သောက်ခြင်းဖြစ်သည်။ စိမ်ရည်နုနုဆိုလျှင် ကလေးလူကြီး၊ ယောက်ျားမိန်းမ စားလည်းစား၊ သောက် လည်း သောက်နိုင်သည်။ သို့သော် ရင့်သွားလျှင်တော့ အရက်လိုဖြစ်သွားပြီး ယောက်ျားကြီးများသာ သောက်လေသည်။
ရှေးက အရက်၊ စိမ်ရည်များမှာ ကောက်ညှင်း၊ ထန်းလျက်၊ အုန်းမြစ်စသည်တို့နှင့်ချက်တာဖြစ်၍ ရောဂါဖြစ်နိုင်သည်ဆိုစေ၊ ယခုခေတ်လောက် မဆိုးပါ။ မဆိုးလှဟု ထင်ပါသည်။ ကျွန်တော့်အဘိုး ဘိုးစိန်ခိုဆိုလျှင် အင်မတန် အရက်ကြိုက်သူဖြစ်၏။ သို့သော် အသက် (၈၀) ထိ ဘာရောဂါမှ အထွေအထူးမရှိဘဲ နေသွားခဲ့သည်။ အဲလေ အလွန်အကျွံသောက်လျင်တော့လည်း သေချင်းဆိုးနှင့် သေလိမ့်မပေါ့။
နောက်တော့ ဘာတဲ့၊ ရာဘာဖိနပ်စုတ်တွေထည့်သည်၊ ပုလဲဓာတ်မြေသြဇာတွေထည့်သည်ဆိုလား ကြားလာရလေသည်။ အရက်ကြောင့် သေသည့်ဦးရေလည်း များသထက် များလာလေ၏။
မြို့ကြီးပြကြီးတွေမှာသာ အသုဘအိမ်တွင် ညလုံးပေါက် ဖဲရိုက်သည့် ဓလေ့ရှိသည်။ ကျွန်တော်တို့ရွာတွင်မူ ဖဲချပ်တောင် မမြင်စဖူး။ လောင်းကစားနှင့်ပတ်သက်၍ ကျွန်တော်တို့ရွာမှလူများမှာ သင်္ကြန်တွင်း ရေလောင်းကစားတာလောက်သာ သိသူများ ဖြစ်လေသည်။
နောက်တော့ ကျွန်တော်တို့ရွာကို ဟိုမှသည်မှလူများ ပြောင်းရွှေ့အခြေချလာကာ သူတို့နှင့်အတူ စရိုက်မျိုးစုံကိုလည်း သယ်လာသည်ဟု သိရသည်။ ၂ လုံး၊ ၃ လုံးတွေ ခေတ်စားတော့ ၀ါးတောကွင်းမှာလည်း ၂ လုံးရောဂါ ထလိုက်သေးသည်။ မမကတော့ မနေနိုင်မထိုင်နိုင် - ဟဲ့၊ သန်းသန်းလွင်၊ တို့ရွာကို ပေါက်တတ်ကရလူတွေ လာမနေစေနဲ့။ ရွာနာတယ်။ တို့ဆီမှာ အရင်က ဘာလောင်းကစား၊ အရက်ဆိုင်မှ ရှိတာမဟုတ်ဘူး။ အဲဒီဓလေ့ကို တတ်နိုင်သမျှထိန်းထားကြစမ်း ဟု မကြာခဏ လှမ်းမှာလေသည်။
ကမ္ဘာကြီး ရွာဖြစ်လာခြင်း၏ဒဏ်ကို ကျွန်ုပ်တို့ရွာလည်း မခံနိုင်။ ယခုတော့ ရွာမှာ အစုံရနေပြီ။ လူငယ်များလည်း ပညာစုံ တတ်နေလောက်ပြီထင်ပါ၏။ သို့တိုင် ဒုစရိုက်မှု ကြီးကြီးမားမား မကြားမိသေးပါ။ မမက အမြဲရွာနှင့်အဆက်ရနေ၍ ရွာသတင်းမှန်သမျှ အကုန်ကြားနေရသည်။ မမသိလျှင် ကျွန်တော်မသိစရာမရှိ။ သို့မို့ကြောင့် ကျွန်တော်တို့ရွာဘက်မှာ ဒုစရိုက်မှု ကြီးကြီးမားမား မရှိတာ သေချာသလောက်ဖြစ်ပါသည်။

ဆက်ပါဦးမည်။


အေးငြိမ်း
၁၀ မတ်လ၊ ၂၀၁၇

No comments: