Wednesday, May 31, 2017

ကျွန်ုပ်တို့ ခန္ဓာကိုယ်ကို အစိုးမရခြင်းကြောင့် ဒုက္ခဖြစ်ရခြင်းအကြောင်း

(၁)

ရဟန်းတို့၊ ရုပ်သည်အတ္တမဟုတ်၊ ရဟန်းတို့ ဤရုပ်သည် အတ္တဖြစ်ခဲ့လျှင် ရုပ်သည် နာကျင်ခြင်းငှာ မဖြစ်ရာ၊ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေလင့်ဟူ၍လည်း ရုပ်၌ (စီရင်၍) ရရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သော ကြောင့် နာကျင်ခြင်းဖြစ်၏။ “ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေလင့်” ဟူ၍လည်း ရုပ်၌ စီရင်၍မရအပ်။

- - - - - - - - - -

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရရှိပြီးသောအခါ သတ္တဌာနတို့၌ ၄၉ ရက် စံနေပြီးသည့်နောက် ဆိတ်ကျောင်းညောင်ပင်ရင်း၌ အင်း၊ သည်လောက်ခက်ခဲ နက်နဲတဲ့တရားကို ဘယ်သူ့ကိုဟောရင် မြန်မြန်သဘောပေါက်မှာပါလိမ့်၊ ဘယ်သူ့ကို စ ဟောရပါ့မလဲ ဟု ဆင်ခြင်သော် ဦးစွာ အာဠာရရသေ့ကြီးကို သတိရတော် မူသည်။ အင်း၊ သူ့ကိုဟောရရင်တော့ မြန်မြန်တရားရမှာပဲ ဟု အကြံဖြစ်သော် ကိုယ်ထင်ရှားမပြသောနတ်သည် အရှင်ဘုရား၊ အာဠာရကြီးသေတာ ခုနစ်ရက်ရှိပါပြီဘုရားဟု လျှောက်၏။ ထိုအခါ ဥဒက ရသေ့ကို သတိရပြန်၏။ ကိုယ်ထင်ရှားမပြသော နတ်သည် အရှင်ဘုရား၊ မနေ့ညကပဲ ဥဒကရသေ့ကြီးသေပါပြီဘုရားဟု လျှောက်ပြန်၏။

အင်း၊ သည်လိုဖြင့် ငါ့အပေါ်ကျေးဇူးများခဲ့တဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့ကို ဟောရလျင်ကောင်းလေစွ ဟု အကြံဖြစ်ကာ မိဂဒါဝုန်တော၌ တရားကျင့်နေကြသော ပဉ္စ၀ဂ္ဂီငါးဦးတို့ထံသွားကာ ပထမဦးဆုံးတရားဖြစ်သော ဓမ္မစကြာတရားတော်ကို ဟောတော်မူသည်။ ထိုအခါ ပဉ္စ၀ဂ္ဂီငါးဦးတို့သည် အသီးသီးအသကအသက သောတပတ္တိမဂ်၌ တည်ကုန်၏။

အားလုံးသောတာပန်ဖြစ်ပြီးသောအခါ မြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂီငါးပါးတို့ကို အနတ္တလက္ခဏသုတ်ကိုဟောတော်မူ၏။ ပဉ္စ၀ဂ္ဂီငါးပါးတို့လည်း အာသဝေါတရားတို့မှလွတ်မြောက်ကာ အရဟတ္တမဂ်ဖိုလ်၌ တည်ကုန်၏။ ထိုအခါဝယ် လောက၌ ရဟန္တာ ခြောက်ယောက်ဖြစ်ကုန်၏ ဟု ၀ိနယမဟာဝဂ္ဂ၌ ဖော်ပြထားလေသည်။

အထက်ပါတရားတော်မှာ မြတ်စွာဘုရားက ပဉ္စ၀ဂ္ဂီငါးပါးတို့ကိုဟောကြားခဲ့သော မည်သည့်အရာမှ အစိုးမရကြောင်း အနတ္တလက္ခဏသုတ်မှ တစ်ပိုင်းတစ်စ ဖြစ်၏။

(၂)

ကျွန်တော်ငယ်စဉ်က ကျန်းမာရေးအလွန်ကောင်းသည်။ ကျွန်ုပ်အသက် (၄၅) နှစ်ထိ အလွန်ဖျားနာခဲ၏။ တစ်နှစ်နေလို့ တစ်ခါ မဖျားစဖူး။ ပြောရလျှင် လေးငါးဆယ်နှစ်နေလို့တောင် တစ်ခါ ဖျားတာနာတာ ဖြစ်ခဲလှသည်။ ဟို့ငယ်စဉ် အသက် (၇) နှစ် လောက်က တစ်ခါ၊ အသက် ဆယ့်နှစ်နှစ်လောက်က တစ်ခါ အသည်းအသန် ဖျားဖူးသည်။ သည့်နောက် ဖျားလို့ ဆေးရုံ ဆေးခန်းသွားရတာ မရှိသလောက်ဖြစ်၏။ ကျွန်တော်မှတ်မိသလောက် တစ်ခါမှ မရှိခဲ့စဖူး။

သို့သော် အသက် (၄၅) နှစ်ကျော်လာတော့ တို့ကနဲရှို့ကနဲ ဖြစ်လာသည်။ အသက် (၄၆) နှစ်တွင် လည်ပင်းကြီး hyperthyroid ဖြစ်သည်။ ၃ - ၄ နှစ်လောက် ဆက်တိုက် ဆေးစားလိုက်ရသည်။ ကံအားလျော်စွာ လုံးဝပျောက်သွား၏။

Hyperthyroid နှင့် မရှေးမနှောင်းပင် ၂၀၀၆ ခုနှစ်၌ ဆီးချိုဖြစ်သည်။ ဆီးချိုဖြစ်ပြီဆိုကတည်းက ဆေးထိုးဆေးသောက် လုပ်လိုက်ရသည်မှာ ယခုထိ။ သို့တိုင် တမြန်မနှစ်ကထိ ဖျားတာ၊ နာတာ သိပ်မဖြစ်သေး။

မနှစ်ကစပြီး ဖျားတတ်လာသည်။ (အသက် ၅၅ နှစ်) ဖျားသည့်အချိန်များမှာ မြန်မာပြည်မှ ပြန်လာခါစ အချိန်များ ဖြစ်၏။ သို့တိုင် တစ်ရက်နှစ်ရက်နှင့်ကောင်းသွားသည်။ မနှစ်က ရန်ကုန်မှပြန်လာပြီး နှစ်ခါဖျားသည်။ သို့သော် ပါရာဆီတမော့ နှစ်ပြား သုံးကြိမ်သောက်ပြီး တစ်ရက်နှင့် ကောင်းသွားသည်ချည်းဖြစ်၏။
ယခုတစ်ခါဖျားတာ တော်တော်ခံလိုက်ရသည်။ 5/5/17 ကနေ 10/5/17 ထိ (၆) ရက်လောက် ဆက်တိုက်ဖျားသည်။ ဆိုးသည်မှာ ချောင်းအဆက်မပြတ် ဆိုးခြင်းဖြစ်၏။ အဖျားမရှိတော့သည့်တိုင် ချောင်းကဆိုးပြီး ခေါင်းကမကောင်းသေးတော့ ဆယ်ရက်ကျော်လောက် ဘာမှမလုပ်နိုင်ဘဲ အိပ်ယာပေါ်လှဲကာ အနားယူနေရလေသည်။

သည်မျှဖြစ်သွားရသည်မှာ ၅ ရက်နေ့က ဖျားနေတာကို အတင်းတွန်းပြီးအလုပ်လုပ်၊ တစ်ခါ ညကျတော့ CSOC စာမေးပွဲ စစ်စရာရှိ၍ နေမကောင်းလျက်နှင့် သွားရသေးသည်။ စာမေးပွဲစစ်တယ်ဆိုပေသိ၊ ထိုင်နေရတာမဟုတ်။ လက်တွေ့ပြရတာ ဆိုတော့ အော်ဟဲ့၊ ဟစ်ဟဲ့၊ အပေါ်တက်လိုက် အောက်ဆင်းလိုက်နှင့်။ လိုအပ်ချက်အရ စီစီတီဗီတပ်ထားတာဆိုတော့ အလီဘာဘာလုပ်လို့မရ။ ည ဆယ်နာရီတီးခါနီးမှ အိမ်ပြန်ရောက်သည်။ ထို့ကြောင့် ပိုဆိုးသွားသည်ထင်ပါသည်။

အဖျားက (၅) ရက်ကျော်တော့ ဆရာဝန်က dengue သို့မဟုတ် chikungunya ဖြစ်နိုင်သည်ဟု နာမည်တပ်၏။ သွေးစစ်တော့ ဘာဆိုလည်း အတော်နည်းနေသည် ဆို၏။ သို့နှင့် ခေါင်းလည်းကိုက်၊ ဘာမှစားချင်သောက်ချင်စိတ်လည်းမရှိဘဲ တောက် လျှောက်အိပ်ယာထဲလှဲနေရတာ ဆယ်ရက်ကျော်ကြာသည်။ အခုတောင် ခေါင်းက နောက်ချင်သလိုလို၊ ဇက်ကြောက တက်ချင်သလိုလိုရှိသေး။ ချောင်းဆိုးကလည်း နည်းနည်းကျန်သေးသည်။

ကျန်းမာရေးကမကောင်းတော့ လုပ်စရာရှိတာတွေ အတော်လစ်ဟင်းသွားသည်။ ကျန်းမာရေး၏ တန်ဘိုးကို မကျန်းမာတော့မှ သိသည်။

ထိုအခါကျမှ တစ်ခါဖူးမှ ဘုရားရှိခိုးဖို့ သတိမရသော ကျွန်ုပ်မှာ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော အနတ္တလက္ခဏသုတ် ကို သတိရမိလေသော ဟူသတတ်။

အနတ္တလက္ခဏသုတ်က ကျွန်ုပ်တို့မှာ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်မပိုင်။ ထို့ကြောင့် မဖျားချင်ဘဲ ဖျားရသည်။ မနာချင်ဘဲ နာရသည်။ မအိုချင်ဘဲအိုရသည်။ မသေချင်ဘဲ သေရသည်မဟုတ်လော။ အချုပ်အားဖြင့် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဉာဏ် အားလုံး ဘာတစ်ခုမှ ကိုယ်ပိုင်မရှိ။ အားလုံး အနတ္တချည်းသာဖြစ်သည် ဟူ၏။

(၃)

အသင် လုံကလေး၊ လုံမကလေးတို့ မဖတ်သောကြောင့်သာ မသိရှိရမည်။ အဝေးသင်တက္ကသိုလ်၊ မြန်မာစာ ဒုတိယနှစ်တွင် အရှေ့တိုင်းပညာ၊ ပါဠိလစ်ထရေချာ (ပရို့စ်) (ထိုစကားကိုဘာသာပြန်စရာ ရှားလေရော့သလားမသိ၊ ပြဌာန်းစာအုပ်တစ်အုပ်လုံး မြန်မာစာနှင့်၊ ပါဠိလိုချည်းဖြစ်သည့်တိုင် ခေါင်းစဉ်ကိုမူ OS2003, Pali Literature (Prose) Text Book ဟု ပေးထားပါသည်။ ထိုစကားလုံးကို ဘာသာပြန်ရမှာ သိပ်ခက်ခဲနေလျှင် ကျွန်ုပ်က ပိုက်ဆံကြေးငွေ တစ်ပြားတစ်ချပ်မှ မယူဘဲ ကူညီပေးလိုပါ ကြောင်း ထိုစာအုပ်စီစဉ်သူ တာဝန်ရှိသူ လူကြီးမင်းများအား အကြောင်းကြားလိုက်ပါလေ။)

မြန်မာစာဒုတိယနှစ်၊ အရှေ့တိုင်းဘာသာတွင် အခန်း(၁) ၀ိနယမဟာဝဂ္ဂ မှ (၅) ပုဒ်၊ အခန်း (၂) မဟာပရိနိဗ္ဗာသုတ္တမှ (၅) ပုဒ်စီ ပါပါသည်။

အထက်ဖော်ပြပါ ပထမဆုံးစာပိုဒ်မှာ ထိုစာအုပ်ထဲမှ စာများကို အကျဉ်းချုပ်ကာ ဖော်ပြထားခြင်းမျှ ဖြစ်ပါကြောင်း။ 

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၉ မေလ၊ ၂၀၁၇

No comments: