Wednesday, May 31, 2017

လူရိုင်းတို့၏တိုင်းပြည် - ၂

(၄) မဆလခေတ်* တရားဥပဒေစိုးမိုးမှု အခြေအနေ
------------------------------------------------------
(*မဆလခေတ် = မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်)

ပြောသာပြောရသည်။ မဆလခေတ်က အတော်လေး တရားဥပဒေစိုးမိုးမှုရှိသည်ဟု ခံစားမိပါသည်။ အစိုးရအရာရှိကြီးများ လာဘ်စားသည့်တိုင် ယခုလောက် ဆိုးဆိုးဝါးဝါး လာဘ်စားတာ မကြားစဖူး။ သတင်းစာများကို အစိုးရက ထိန်းချုပ်ထား၍ သော်လည်းကောင်း၊ ကျွန်တော်က ငယ်သေးတော့ နိုင်ငံရေးအကြောင်းတွေ နားမလည်တာကတစ်ကြောင်း၊ နောက်ပြီး ကျွန်တော်က အတော်ထူသည့်ကောင် ဖြစ်သည့်အတွက် လာဘ်ပေးလာဘ်ယူကိစ္စများကို မသိတာလည်း ဖြစ်နိုင်ပါသည်။
ကျွန်တော်ဘယ့်ကလောက် အူသလဲဆို ကိုယ့်ဆီက လာဘ်ငွေတောင်းသွားတာတောင် တောင်းမှန်းမသိပါ။ ထိုအကြောင်း ကျွန်တော် ယခင်ဆောင်းပါးများတွင် ရေးခဲ့ဖူးပါသည်။
ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀က လေးမျက်နှာ လ.၀.က ရုံးတွင် မှတ်ပုံတင်သွားလုပ်၏။ ကျွန်တော့်ညီဝမ်းကွဲ မြင့်စိုး လည်းပါသည်။ သူက ၈ တန်း။ မှတ်ပုံတင်လုပ်တာ ဘာမှမကြာပါ။ လုပ်ပြီးတော့ စာရေးက ရော့ညီလေး၊ ပြီးပြီ။ အစ်ကိုတော့ ဟိုနားသွားစရာရှိလို့ ပိုက်ဆံ ၅ ကျပ် ခဏပေးပါအုံးကွာ။ ဆိုတော့ ကျွန်တော်လည်း လိုရမယ်ရဆောင်လာသည့် ၅ ကျပ်တန် လေး ထုတ်ပေးလိုက်ပြီး သူပြန်အလာကို စောင့်နေကြ၏။ ကိုယ်တော်က တော်တော်နှင့် ပြန်မလာ။ အတော်ကြီး ကြာတော့မှ မြင့်စိုးက ကိုအေးငြိမ်းကလည်း၊ စောင့်မနေပါနဲ့တော့ဗျာ။ သူလိုချင်လို့ တောင်းသွားတာဖြစ်မှာပေါ့ ဆိုတော့မှ ဟေ၊ ဟုတ်လား။ သိပါဘူးကွာ၊ ငါကတော့ ချေးသွားတာ အောက်မေ့လို့ ဟု ဆိုကာ ပြန်ခဲ့ကြသည်။
ကျွန်တော်က အဲသလောက်ထိ တုံးသူဖြစ်သည်။ အနို့ ဟို့ တောကြိုအုံကြားထဲက တက်လာခဲ့တာဆိုတော့ လာဘ်ပေးတယ်ဆိုတာ စာထဲမှာပဲ သင်ဖူးပြီး ဘာကိုဆိုလိုမှန်း သိမှမသိဘဲကိုး။ သုံးတန်းမှာတော့ လာဘ်ပေးလာဘ်ယူ၊ တို့ရန်သူ ဆိုတာ သင်ရသည်။ သို့တိုင် ထိုပုံပြင်ကို ကျွန်တော် သေသေချာချာ နားမလည်ခဲ့ပါ။ တံငါသည်က အဘယ်ကြောင့် ကြိမ်ဒဏ်တောင်းသည်။ တံခါးမှုးကို ဘာကြောင့် ကြိမ်နှင့်နာနာဆော်ပြီး အလုပ်ဖြုတ်ပစ်သည်စသည်တို့ကို နားမလည်ခဲ့။
မဆလခေတ် လာဘ်စားမှုများမှာ ယခုလောက် ပေါ်ပေါ်ထင်ထင် များများစားစား ပေးတာမကြားစဖူးပါ။ သူတို့ကတော့ လဖက်ရည်ဘိုးဆိုလား။ တောင်းသည်။ လဖက်ရည်ဘိုး ဆိုကတည်းက ငွေကြေးပမာဏ များလှမည်မဟုတ်ကြောင်း ခန့်မှန်းနိုင်ပါသည်။
ကြားဖူးသည်ကတော့ အကောင်ကြီးကြီးများကို လာဘ်ထိုးရာ၌ ဆီပုံးများ၊ ဆန်အိတ်များဖြင့် လာဘ်ထိုးရသည် ဆို၏။ ဟိုတိုင်းမှူး၏သမီး မင်္ဂလာဆောင်တော့ ကားသော့များလက်ဖွဲ့သည်ဆို၏။ ထိုလာဘ်ပေးလာဘ်ယူသည့် ပမာဏကို ယခုလူများ ကြားရပါက ဟားတိုက်ရီနေမည်လား မပြောတတ်။ သို့တိုင် လာဘ်ကတော့ လာဘ်ပင်ဖြစ်ပါသည်။
ကျွန်တော်တို့ငယ်ငယ်က လမ်းသရဲဆိုတာ ရှိသည်။ ကျွန်တော်က တောသားဆိုတော့ မြို့ကို မရောက်စဖူးသလို လမ်းသရဲ ဆိုတာကိုလည်း သူများပြောတာသာ ကြားဖူးသည်။ အတိအကျမသိပါ။
ဆရာစလင်းခင်မောင်ရည် ၏ “ကြယ်သီးမတပ်၊ ရင်ကိုလှပ်၍၊ ကြားညှပ်ဘောင်းဘီ၊ ဆံပင်ရှည်သည်၊ မြန်ပြည်ဖွားမှ ဟုတ်ပါစ” ဆိုသော ကဗျာမှာ လမ်းသရဲကို သရုပ်ဖော်ထားတာ ဖြစ်ပါလိမ့်မည်။ လမ်းသရဲဆိုသည်မှာ (ထိုခေတ်က လူကြီးများအဖို့) ဆိုးပေတေလိပ်နေသည့် လူငယ်ကလေးများကို ဆိုလိုဟန်ရှိပါသည်။ ဘဲလ်ဘောင်းဘီရှည်နှင့် ဆံပင်ရှည်နှင့်။ ရင်ဘတ် ကြယ်သီးကို ဖြုတ်လျှက်။ လမ်းဘေးထိုင်ကာ ဂစ်တာတီးပြီး သီချင်းများအော်ဆိုကြမည်။ ကောင်မလေးတွေ ဖြတ်သွားလျှင် အသံသေး အသံကြောင်များဖြင့် အော်ဟစ်နောက်ပြောင်မည်။ တစ်ခါတစ်ခါ အုပ်စုလိုက် ချိန်းရိုက်ကြမည်။ ဆေးချချင် ချမည်။
သို့တိုင် အများပြည်သူကို ထိခိုက်လောက်အောင် ဒုက္ခမပေးဟု ထင်ပါသည်။ ယခုခေတ် စပယ်ယာများ ခရီးသည်ကို သံတုတ်နှင့်ရိုက်တာမျိုးတော့ လမ်းသရဲတို့ လုပ်မည်မထင်ပါ။ သို့သော် သည်ကိစ္စကျွန်တော် သေသေချာချာ မသိပါ။ ရန်ကုန်သားများမှသာ သိပါလိမ့်မည်။
ကျွန်တော့်စိတ်ထင် ၁၉၈၈ အရေးအခင်းမဖြစ်မီထိ လူတို့သည် အေးအေးချမ်းချမ်း၊ ငြိမ်ငြိမ်သက်သက် ရှိကြသည်ဟု ထင်သည်။ သို့သော် ဤသည်မှာ တစ်ပိုင်းသာမှန်ကြောင်း ၈၈ အရေးအခင်းက သက်သေပြလိုက်၏။ လူတို့သည် အတင်း ဖိနှိပ်ထားသဖြင့်သာ ဣနြေ္ဒရနေသော်ငြားလည်း အုပ်ချုပ်မှုလျော့နည်းသွားသည်နှင့် တပြိုင်နက် မူလစရိုက်များ အထင်းသား ပေါ်လာလေသည်။ ၈၈ အရေးအခင်းသည် လူတို့ကို မင်းမဲ့စရိုက်များဖြစ်အောင် သင်ကြားပေးလိုက်၏။ ဥပဒေဆိုတာ ချိုနဲ့လားဟု မေးရလောက်အောင် ဖြစ်သွားသည်။ ဤသို့ဖြစ်လာစေရန်၊ ဤအခြေအနေဆိုက်လာစေရန် လူဆိုးလူမိုက်များကို လွှတ်ပေး၍ တမင်သက်သက် ဖန်တီးယူသည်။ လောကတွင် လူမိုက်နှင့်လူလိမ္မာ၊ ပညာရှိသူနှင့် ပညာမဲ့သူ မည်သူပိုများ သနည်း။ လူအများမှာ ၎င်းတို့ ဆင်ထားသော ထောင်ချောက်တွင်းသို့ ပျော်ပျော်ကြီး သက်ဆင်းကျရောက်သွားလေတော့ သတည်း။
ဤမှစကာ နဂိုကတည်းက ယိုင်နဲ့နဲ့ဖြစ်နေသော လူတို့၏ အကျင့်စာရိတ္တများမှာ အသားကုန်ပျက်ယွင်းကုန်လျက် ယခင်က စိပ်ပုတီးကို လည်ပင်းဆွဲထားသော ကြောင်သူတော်ကြီးများအား ကြွက်သူခိုးများအဖြစ် ပွင့်လင်းမြင်သာစွာ တွေ့မြင်ကြရ ကုန်လေသည်။
သို့တိုင် ဤပျက်ယွင်းမှုများမှာ မြို့ကြီးပြကြီးများတွင်သာ အဖြစ်များပြီး တောရွာများတွင်မူ သိပ်ပြောင်းလဲတာ မတွေ့ရပါ။
၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့။ အရေးအခင်းကြီးဖြစ်တော့ ကျွန်တော် ရန်ကုန်၊ ဗျိုင်းရေအိုးစင်မှာ တည်းပြီး အလုပ်ရှာနေခိုက် ဖြစ်ပါသည်။ ထို့ကြောင့် အရေးအခင်းကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။ နေ့ချင်းညချင်း ပြောင်းလဲ သွားသော လူတို့၏ အကျင့်စရိုက်များကို တုန်လှုပ်ချောက်ခြားစွာ မြင်တွေ့ခဲ့ရသည်။
ထို့နောက် ကျွန်တော် ရွာပြန်ခဲ့သည်။ တောရွာများဘက်တွင်မူ ယခင်ကတည်းက ဆိုးပေတေလိပ်နေသူများ အနည်းငယ် ခေါင်းထောင်လာ၏။ သို့သော် ကျေးလက်တောရွာများ၌ လူဆိုးနှင့်လူကောင်း ယှဉ်လိုက်လျှင် လူဆိုးဆိုသူများမှာ အနည်း ငယ်မျှသာ ဖြစ်လေရာ ၎င်းတို့ရမ်းကားချင်တိုင်း ရမ်းကားလို့မရအောင် လူနေမှုအသိုင်းအ၀ိုင်းက ထိန်းပေးသွားသည်။ သို့သော် အရေးအခင်းကြောင့် မြို့ပြဘက်မှ လူများ တောဘက်သို့ လွင့်လာလေရာ မရှိဘူးဆိုစေ၊ ၎င်းတို့၏ အမူအကျင့် ဓလေ့စရိုက်များ မှာ ကျေးလက်လူနေမှုစနစ်ကို အနည်းငယ် ထိခိုက်သည်သာ ဖြစ်လေသည်။
သို့နှင့် ကျွန်ုပ်တို့မြန်မာနိုင်ငံတော်ကြီး ချောက်ထဲကျခါနီးဆဲဆဲ ဖြစ်နေလေရာ၊ ချောက်ထဲပြုတ်မကျခင် လက်နှစ်လုံးလောက် အလို၌ စစ်ဗိုလ်ချုပ်ကြီးများက မဟာကရုဏာတော် ရှေ့ထားလျှက် အလွန်အင်မတန်မှကို မဖြစ်နိုင်တော့သည့်အတွက် မတတ်သာ၍ အာဏာသိမ်းလိုက်ရလေသည်။ (သာဓု၊ သာဓု၊ သာဓု။ မောင်မင်းကြီးသားများ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ။ မြန်မာနိုင်ငံမှာရှိသမျှ ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက်၊ လေပေါ်လေအောက် သယံဇာတရှိသမျှ ကိုယ့်ပထွေး ပေးထားသည့် အမွေကဲ့သို့ အကုန်သိမ်းကြုံး ယူငင်ခံစားစံစားနိုင်ကြပါစေ။)
စစ်အစိုးရအုပ်ချုပ်ပြီဆိုတော့ စစ်စည်းကမ်းအတိုင်းပဲ အုပ်ချုပ်လေတော့မပေါ့။ စစ်သားပါဆိုမှ ပညာတွေ၊ ပညက်တွေ လာမပြောနဲ့။ တစ်သွေးတစ်သံတစ်မိန့်။ ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ်။
သည်တော့ လူများမှာ ရေပါဘို့အရေး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ။ ရှိသမျှနည်းလမ်းအားလုံး ကျင့်သုံးရပြန်သည်။ ဤတွင် နဂိုကမှ ယိုင်နဲ့နဲ့ဖြစ်နေသော ကာရိုက်တာလေး မဖြစ်စလောက်မှာ လူမိုက်များ၏ အုပ်ချုပ်မှုအောက်တွင် နိဂုံးကမ္မတ်၊ အဆုံးသတ် သွားရလေတော့သတည်း။

(၅) ယောယိမ်းလိုက်၊ ဘသားယိမ်းလိုက်ခေတ်
------------------------------------------------

သည်ဘက်ခေတ်တော့ ဟဲဟဲ။ မိတ်ဆွေတို့ မြင်ကြ၊ ကြားကြတော်မူကြသည့်အတိုင်း ဖြစ်ပါသည်။
ကျွန်တော်တို့လူများလုပ်လိုက်ပြီဆို အလွန်အကျွံချည်းဖြစ်၏။ ပိတ်ပြီဆိုလည်း အသားကုန်ပိတ်။ ဖွင့်ပြီဆိုလည်း အသားကုန် ဖွင့်။
ယခင်က အင်တာနက်ဆိုတာ အကန့်အသတ်ပေါင်းများစွာနှင့်။ လူတိုင်းလက်လှမ်းမီသော အရာမဟုတ်။ လက်ကိုင်ဖုန်း ဆိုသည့်အရာမှာ ခင်ဗျားတို့ ကျွန်တော်တို့လို ငမွဲများနှင့် လားလားမှ အပ်စပ်သည့်အရာမဟုတ်။ ကိုးရီးယားကားထဲ၌ အမှိုက် သိမ်းသည့်သူက လက်ကိုင်ဖုံးကိုင်တာမြင်ရတော့ ကျွန်တော်တို့တိုင်းပြည်မှလူများမှာ သည်ကိစ္စဘယ်လိုမှမဖြစ်နိုင်။ အလွန်အကျူး အထူးအကဲဖွဲ့ဆိုထားသည့် အတိဿယ၀ုတ္တိအလင်္ကာအဖြစ် ရှုမြင်ကြသည်ထိ ဖြစ်၏။
ဟိုကုမ္ပဏီကြီးက ဆင်းမ်ကဒ်တစ်ခုကို ၁၅၀၀ ကျပ်မျှနှင့်ရအောင် သူလုပ်နိုင်ကြောင်း ပြောသည့်အခါ လူကြားကောင်းအောင် ပုံပြင်များပြောနေသည်ဟု ထင်မှတ်ခဲ့ကြ၏။ မည်သူကမျှမယုံ။ ကျွန်တော်တို့မှာ ဟိုလူကြီးများ မျက်လှည့်ပြနေသည်ကို အဟုတ်ကြီးမှတ်ကာ နေခဲ့ကြရ၏။
ဟော၊ သူတို့လုပ်ပေးချင်ပြန်တော့ အလွယ်လေးပါလားခင်ဗျာ။ တယ်လီဖုန်းအော်ပရေတာနှစ်ခုကို ဖွင့်ပေးလိုက်သောအခါ သိပ်မကြာသေးမီနှစ်များက မဖြစ်နိုင်ဘူးထင်ခဲ့သော လက်ကိုင်ဖုန်းတစ်လိုင်းကို ၁၅၀၀ ကျပ်လောက်သာ ရှိတော့သည်။
လက်ကိုင်ဖုန်းများတွင်ကျယ်လာတော့ ဟော - အီလက်ထရောနစ် မီဒီယာရေစီးကြောင်းကြီးမှာ အင်နှင့်အားနှင့် ၀င်ရောက် လာလေ၏။ ထိုအခါ ထိုလူမှုကွန်ရက်တည်းဟူသော မျက်နှာစာအုပ်သည် ပြဿနာပေါင်း သောင်းခြောက်ထောင်ကိုလည်း သယ်ဆောင်လာလေတော့၏။ ဖေ့စ်ဘုတ်အကြည့်လွန်နေသဖြင့် ထမင်းချက်မထားသော ယောက်ျားကို မိန်းမလုပ်သူက ဓားနှင့်ထိုးသောအမှု။ ဖေ့စ်ဘုတ်တွင်တွေ့သော ကောင်မလေးနှင့် နသားပါးယားချင်သဖြင့် အိမ်ကမိန်းမကို အတင်းကွာခိုင်းရာ မိန်းမက ကွာမပေးသောကြောင့် လင်ဖြစ်သူက ဓားနှင့်ထိုးသောအမှု။ လက်ကလည်း ယဉ်ပါ့ခင်ဗျာ။ လမ်းသွားရင်း အမှတ်တမဲ့ ကြည့်သွားတာတောင် မင်းက ငါ့ဘာမှတ်လို့ ကြည့်တာလဲကွ ဟု ဓားနှင့်ထ ထိုးချေ၏။
ကျုပ်ကျက်လိစနစ်နှင့် နှစ်ပါးသွားလာခဲ့သော ကျွန်ုပ်တို့ရွှေပြည်ကြီးမှာ ယခုလည်း သည် အီလက်ထရောနစ်မီဒီယာအတွက် မည်သည့်စနစ်မှမရှိ။ မျက်နှာစာအုပ်ကို လုံးဝထိန်းကွပ်မထားလေရကား ခုနစ်ရက်သားသမီးတို့မှာ ဆဲချင်တိုင်းဆဲခွင့်ဟူသော လူ့အခွင့်အရေးကြီးကို အသားကုန် အသုံးချကြလေကုန်သတည်း။
ရေသည် မြင့်ရာမှ နိမ့်ရာသို့သာ စီးလေ့ရှိသည့် သဘာဝအတိုင်း လူ့စိတ်သည်လည်း မကောင်းသည့်ဘက်သို့သာ အစဉ် ညွှတ်နေလေသည်။ အားနေသောစိတ်သည် ကောင်းတာလုပ်ဖို့ရာစိတ်မကူးတတ်။ မကောင်းတာလုပ်ဖို့သာ ပိုများလေ၏။
အင်တာနက်ဟူသည် ပိတ်သာမထားပါက ဘာညာသာရကာ အကုန်ကြည့်လို့ရလေရကား အင်တာနက်စာမျက်နှာများပေါ်မှ အယုတ္တ၊ အနတ္တအားလုံးကို (ယခင်က အင်တာနက်ဆိုတာကြီးကို အနည်းငယ်မှ မြည်းစမ်းမကြည့်ဖူးသော) လူကြီးလူငယ် လူလတ် လူ့ပိစိညှောက်တောက်၊ ယောက်ျား၊ မိန်းမ၊ ပျိုပျိုအိုအို၊ ရှင်လူရဟန်းအစရှိသည့် ခုနစ်ရက်သားသမီးအပေါင်းတို့သည် လွတ်လပ်စွာ စိတ်ရှိလက်ရှိ သုံးဆောင်ခံစားကြကုန်၏။
ယနေ့ထုတ် သတင်းစာများကိုကြည့်လိုက်လျှင် လူသတ်မှု၊ မုဒိန်းမှု စသည့်သတင်းများကို နေ့တိုင်းလိုလို ဖတ်ရလေရာ (မဟုတ်မှလွဲရော) ကျွန်ုပ်ကတော့ ဤသတင်းများမှာ အင်တာနက်ကို အဆီးအတားမဲ့သုံးခြင်း၏ ရလဒ်ဆိုးများဟုပင် ထင်မြင်မိပါတော့သည်။
အင်တာနက်ဟူသည် သောက်ယူသုံးစွဲလို့မကုန်ခမ်းနိုင်သော ပညာသမုဒ္ဒရာကြီးနှင့်တူ၏။ သို့သော် မကောင်းသည်များ၊ မဟုတ်မမှန်သည်များလည်း အနမတဂ္ဂဖြစ်၏။ မိမိ၏ ဉာဏ်စွမ်းနှင့် အကျိုးရှိသည်ကို ထုတ်ယူအသုံးချရန် အလွန် အရေးကြီးလေသည်။
ဒုစရိုက်မှုများ ပေါများလာရခြင်း၏ အခြားအကြောင်းတစ်ရပ်မှာလည်း မဟုတ်တာလုပ်၍ ထောင်ချထားသူများကို မဟာကရုဏာတော်ထားလျက် ငါ့လက်ကလွတ်၊ ဗြွတ် ဟု အကုန်ထောင်ခါသွားခြင်း ဖြစ်၏။ သို့မဟုတ်ပါကလည်း ဒါလောက်တောင် အစိုးရ လုပ်ချင်တဲ့ကောင်တွေ၊ မင်းတို့ထိန်းနိုင်ရင်၊ ထိန်းကြစမ်းကွာ ရော့ - ဟု ထွက်ကန် ကန်သွားတာလည်း ဖြစ်ချင်ဖြစ်မည်။ သည်ကိစ္စ မည်သူမှ မသိနိုင်။
ဖြစ်လိုက်သည့် ရာဇ၀တ်မှုတွေဆိုတာကလည်း တမင်သက်သက် ဖြစ်ခွင့်ပေးထားသလားတောင် အောက်မေ့ရသည်။ တော်ကြာ ဟိုနားအလောင်းတွေ့လို့၊ တော်ကြာဟိုနားမှာ ပုပ်ပွနေပြန်ပြီ။ တော်ကြာ မြို့လည်ခေါင် အိမ်တံခါးဖွင့် ၀င် သတ်သွားလို့။ တော်ကြာ ဘယ်ကလေးမလေးကို မုဒိန်းကျင့်လို့။
ဗိုင်းကောင်းကျောက်ဖိ ဆိုသည်မှာ အသုံးမတည့်တော့သော ကျောက်ခေတ်က စကားပုံအနေနှင့်သာ ရှိတော့သည်။ အဲလေ သုံးဘို့မဆိုထားပါနှင့်။ ဘာကိုဆိုလိုမှန်းတောင် သိကြမည်မထင်ပါ။ မယုံလျှင် ကိုယ့်အနားက မိန်းကလေးတွေ မေးကြည့်ပါ။ အဲလေ မိတ်ဆွေ ကိုယ့်ဘာသာကိုယ်လည်း မေးကြည့်ပါအုံး။ ဗိုင်းကောင်းကျောက်ဖိ ဆိုတာ ဘာလဲလို့။ ဟိုဗိုင်းဒါမကို အမြင်ကပ်လို့ ကျောက်တုံးနဲ့ဖိသတ်တာ နေမှာပေါ့ ဟု မဖြေလျင် ကံကောင်း။

ဒုစရိုက်မှုများ များလာသလောက် တရားပွဲများဆိုတာလည်း ကျွန်တော်တို့ငယ်ငယ်ကထက် ဆယ်ဆမျှမက ပိုပေါလာသည်။ ဟောသည့်ဆရာတော်များမှာလည်း နှယ်နှယ်ရရ ဆရာတော်များမဟုတ်။ (၁၈) ဘွဲ့ရဆရာတော်။ (၃၇) ကျမ်းအောင် ဆရာတော်။ တိပိဋက (၄) ကျမ်းအောင် ဆရာတော်စသည်။ မင်းတို့ဘုန်းကြီးတွေကလည်း မင်းသားရှုံးနေပါလားကွာ ဟု အဖေကြီးက ပြော၏။ တရားပွဲမုခ်ဦးမဏ္ဍပ်ကြီးမှာ လူသွားလမ်းပလက်ဖောင်းနှင့်အပြည့်။ လမ်းသွားလမ်းလာများမှာ ပလက်ဖောင်းပေါ်က သွားမရတော့ ကားလမ်းပေါ် ဆင်းလျှောက်ရသည်။ တရားပွဲအတွက် ပန်းဘိုးချည်း တစ်သိန်းကျော် ကုန်သည်။ လမ်းတစ်ခုလုံးပိတ်၍ တရားပွဲကျင်းပနေတော့ လမ်းလျှောက်စရာမရှိ။ နင်ရို့လမ်းလျှောက်စရာ နေရာရှိတာ၊ မရှိတာ အရေးမကြီး။ ငါတို့ နိဗ္ဗာန်ကို မြန်မြန်ရောက်ဘို့က ပိုအရေးကြီးသည်။ ကိုယ်လုပ်နေတာ တရားမှန်း၊ မတရားမှန်းလည်း မဝေခွဲတတ်ကြ။
ဆန္ဒတွေဆိုတာကလည်း ပြလိုက်ကြရတာ တချိမ်းချိမ်း။ စာရင်းသာကောက်ကြည့်လိုက်ပါက ကမ္ဘာပေါ်တွင် မြန်မာပြည်သည် ဆန္ဒအများဆုံးတိုင်းပြည် ဖြစ်နိုင်လေသည်။
အမေကသားကို တရားစွဲသည်။ သားကအမေကို တုတ်နှင့်ရိုက်သည်။ မိဘမေတ္တာဆိုတာ ခြွင်းချက်တွေပါလာပြီလား။ တရားမဟောရပါဆိုသည့်တိုင် ပလ္လင်ပေါ်တက်ထိုင်ပြီး ပါးစပ်ကို တိပ်နှင့်ပတ်ကာ ကက်ဆက်ခွေဖွင့်သူက ရှိသေးသည်။ အရှက်ကလည်း တစ်စက်ကလေးမှမရှိ။ အရူးဘုံမြှောက်၊ ချေးခြောက်ကောက်စား ဆိုသောစကားပုံမှာ သူတို့အတွက် ထားခဲ့တာဖြစ်မည်။
မြန်မာပြည်တွင်းမှာ ဖြစ်ပျက်နေတာတွေကြည့်ရင်း ကျွန်တော်ကတော့ အခြေအနေတွေဟာ ပုံမှန်တောင် ဟုတ်ပါလေရဲ့လားဟု တစ်ခါတစ်ခါ သံသယ ၀င်မိလေသည်။

(၆) နိဂုံး
---------

ကျွန်တော်ငယ်စဉ်က ငြိမ်းချမ်းစွာနေခဲ့ရသောဘ၀ကို ပြန်လည်တမ်းတမိတိုင်း စိုင်းထီးဆိုင်၏ ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ သီချင်းတစ်ပိုင်းတစကို ဆိုညည်းမိသည်။
ငယ်စဉ်က . . . ကလေးတို့ဘ၀မှာ . . . ပျော်ပါးဘို့ရာ . . . . လွယ်ပါတယ် . . . 
ကိုယ်ရတာနဲ့ . . . တင်းတိမ်ရောင့်ရဲ . . .
ဘာပဲပြောပြော၊ စင်ကာပူမှာနေရတာ ငြိမ်းငြိမ်းချမ်းချမ်းရှိပါသည်။ တရားဥပဒေစိုးမိုးသင့်သလောက် စိုးမိုးမှုရှိသည်ဟု ခံစားမိသည်။ အကောင်းကြီးမဟုတ်သည့်တိုင် မဆိုးလှဟု ဆိုနိုင်ပါသည်။ နောက်ကျောလုံသည်။ စိတ်လုံခြုံမှုရှိသည်။ အလုပ်သွားချိန်သွား၊ စားချင်တာစား၊ လည်ချင်သပဆိုထွက်လည်။ စာဖတ်ချင်ရင်ဖတ်။ နေထိုင်လည်ပတ်နေရတာ စက်ရုပ်ဆန်သည့်တိုင် သက်တောင့်သက်သာရှိတယ် ဆိုတာကိုတော့ မငြင်းနိုင်ပါ။
ကျွန်တော်တို့အမိမြန်မာနိုင်ငံတော်ကြီးကိုလည်း ဤကဲ့သို့ဖြစ်စေချင်လှသည်။
ခရစ်ယာန်ဆိုတာမရှိ။ ဗုဒ္ဓဘာသာဆိုတာမရှိ။ မွတ်ဆလင်ဆိုတာမရှိ။ ကချင်မရှိ။ ကယားမရှိ။ ဗမာမရှိ။ အားလုံး လူသားများချည်း ဖြစ်သည်။ လူကိုလူလိုမြင်ပြီး လူလိုချစ်ခင်တတ်ရမည်။ ငါ့ကိုဒီလိုပြောရင်မခံနိုင်သလို သူ့ကိုပြောရင်ရော ခံနိုင်ပါ့မလားဟု ကိုယ်ချင်းစာစိတ်ရှိရမည်။
ဟိုဘက်အိမ်က ကမြင်းမသားလေးလေးတွေ ဂစ်တာတဒေါင်ဒေါင်ခေါက်နေတာနဲ့ ငါ တရားကောင်းကောင်း ထိုင်လို့မရဘူး ဆိုလျှင်တော့ တစ်ခုခုလွဲနေပြီ။
ကျွန်တော် ယခင်က သူများတိုင်းပြည်သွားပြီး အရိုင်းအစိုင်းတွေ၊ တရားမရှိ ဓားမရှိတွေ ထင်ခဲ့ဖူးရာမှ ယခု ကိုယ့်အိမ်ပေါ် ရောက်လာတော့ ဘုရားတ,မိ ရသည်။
ငါတို့မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ နေလိုလလိုထွန်းကားတဲ့နိုင်ငံကွ ဟု လက်မ မထောင်ပါနှင့်။ ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံများထဲတွင် မြန်မာနိုင်ငံမပါပါ။ ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံများထဲတွင်လည်း မြန်မာနိုင်ငံမပါသေးပါ။
ဘယ်လိုများဖြစ်ကုန်ရပါလိမ့် အရပ်လူကြီးတို့။ ဘုရားကယ်ပါ၊ တရားကယ်ပါ၊ ရတနာသုံးပါး အကုန်ကယ်ပါ။ မရပါခင်ဗျား။ ဘယ်သူလာကယ်လို့မှမရပါ။ ကိုယ့်ကိုယ်ကိုယ်သာ ကယ်ရပါမည်။ လူတိုင်းလူတိုင်းသည် ကိုယ်ချင်းစာတရား၊ မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရားများ လက်ကိုင်ထားပါမှ ငြိမ်းချမ်းသော၊ သာယာသော၊ ပျော်ရွှင်ဖွယ်ကောင်းသော လူ့ဘောင်ကို တည်ထောင်နိုင်မည်။
မိတ်ဆွေအပေါင်းတို့သည် အကျိုးမရှိ၊ သိမ်ဖျင်းသောကိစ္စများဖြင့် အချိန်မကုန်စေဘဲလျက် မိမိတို့၏ အဘိုးတန်အချိန်များကို မိမိ မိသားစုအတွက်၊ မိမိပတ်ဝန်းကျင်အတွက် မိမိနိုင်ငံအတွက် အကျိုးရှိရှိအသုံးချခြင်းဖြင့်သော်လည်းကောင်း၊ လူကို လူကဲ့သို့မြင်ပြီး ချစ်ခင်ကြင်နာစိတ်များ မွေးခြင်းဖြင့်သော်လည်းကောင်း -

ငြိမ်းချမ်းသော၊ ချစ်ခင်သော၊ ပျော်ရွှင်သော လူ့ဘောင်သစ်တစ်ရပ်တည်ဆောက်ရာတွင် တစ်ဦးအဖြစ် ပါဝင်ကြပါဟု တိုက်တွန်းလိုက်ရပါကြောင်း။

အားလုံးကို ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၃၀ မတ်လ၊ ၂၀၁၇

No comments: