Wednesday, May 31, 2017

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ (၃)

(၄) Third Party Inspection System for Construction Sector - ကိုအောင်ကျော်သိုက်

ကျွန်တော့်နာမည်ကတော့ ကိုအောင်ကျော်သိုက်ပါ။ RIT ကနေ BE (Civil) နဲ့ဘွဲ့ရခဲ့ပါတယ်။ နောက်ပြီး NTU ကနေ International Construction Management ဘွဲ့ထပ်ယူပါတယ်။ စင်ကာပူမှာ မြန်မာ civil engineer တွေ စုဖွဲ့ထားတဲ့ SMCES (Society of Myanmar Civil Engineers (Singapore)) မှာ vice president အနေနဲ့ တာဝန်ထမ်းဆောင် နေပါတယ်။

ကျွန်တော်ပြောမှာက ခုနက ကိုသိန်းသန်းဝင်းပြောတဲ့ ၀န်ကြီးဌာနနဲ့ Stat board နှစ်ခုထဲက Stat Board အကြောင်း ပြောမှာပါ။

ကျွန်တော်တို့ ဒီမှာလုပ်တယ်ဆိုတာက သူတို့ဆီမှာ ရှိပြီးသား Rules and regulation အောက်မှာ ၀င်လုပ်လိုက်တာ။ ဒါလုပ်ရမယ်၊ ဒါမလုပ်ရဘူးဆိုတာ ရှိပြီးသား။ သူ့စနစ်ထဲမှာ ကိုယ်ကအလိုလိုဝင်သွားပြီး အေးအေးဆေးဆေး လုပ်သွားလို့ ရတယ်။

မြန်မာပြည်မှာလိုနေတာကျတော့ လုပ်ငန်းအတွေ့အကြုံတွေမဟုတ်ဘူး။ စင်ကာပူမှာ ခုလိုစနစ်မျိုးရောက်လာအောင် နှစ်ပေါင်းများစွာ ဘယ်လိုလုပ်ခဲ့သလဲဆိုတာ လိုချင်တာ။ သူတို့ အကောင်အထည်ဖော်ခဲ့တဲ့စနစ်ကို တစ်ဆင့်ချင်း လေ့လာရမယ်။ နောက်ပြီး ဒီမှာလုပ်နေတာတွေကို မြန်မာပြည်နဲ့ကိုက်ညီအောင် ပြန်လည်ပြုပြင် အသုံးချရမှာ။ သူတို့က develop ဖြစ်ပြီးသား။ ကိုယ်က ခုမှ စ ထူထောင်ရမှာဆိုတော့ တိုက်ရိုက်ကော်ပီကူးချဘို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

အခု ကျွန်တော်ပြောမှာကတော့ Third Party Inspection System for Construction Sector ပါ။ Third Party ဆိုတာ independant body ဖြစ်ရပါမယ်။ အရည်အသွေးကိုစစ်တဲ့နေရာမှာ ဘယ်သူနဲ့မှ ငြိစွန်းမနေရဘူး။ လွတ်လပ်နေရမယ်။ အစိုးရက ချပေးလိုက်တဲ့ သန်းတစ်ထောင်စီမံချက်ဆိုပါတော့။ အဲဒီ သန်းတစ်ထောင်နဲ့ကိုက်ညီတဲ့ အရည်အသွေးရလာ အောင် ကြားထဲက၀င်ပြီး စစ်ဆေးပေးတယ်၊ ထိန်းပေးပါတယ်။

Inspection လုပ်တယ်ဆိုတာ လုပ်ငန်းအတွေ့အကြုံတစ်ခုတည်းနဲ့လုပ်လို့ မရပါဘူး။ Specification, test report တွေကို ကြည့်ပြီး မှားတယ်မှန်တယ် ဆုံးဖြတ်ရတာပါ။

Third part inspection လုပ်ဖို့အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအောက်မှာ မန္တလေးတိုင်းဒေသကြီး တည်ဆောက်မှု ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့ ဆိုတာ ဖွဲ့ပြီး လုပ်ရပါမယ်။ တိုင်းဒေသကြီးအစိုးရအနေနဲ့ စစ်ဆေးတာတွေ အကုန် လိုက်လုပ်နေစရာမလိုပါဘူး။ အစိုးရက ပေါ်လစီပဲလုပ်ရမှာ။ တကယ်အကောင်အထည်ဖော်ရမှာက အဲဒီ အာဏာပိုင်အဖွဲ့က လုပ်ရမယ်။

မန်းစည်ပင်မှာ လူအင်အားရှိပြီးသားပါ။ အဲဒီအထဲကမှ သင့်တော်တဲ့သူတွေနဲ့ မန္တလေးတိုင်းဒေသကြီး တည်ဆောက်မှု ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့ရုံပါဘဲ။ သူတို့ကဘာလုပ်ရမလဲဆိုတော့ အဆောက်အအုံတွေ ဆောက်တော့မယ်ဆိုရင် တင်ဒါခေါ်မယ်။ ကိုယ်က အဲဒီအဆောက်အအုံအတွက် ရှိရမဲ့ စံချိန်၊ စံညွှန်းတွေ သတ်မှတ်ပေးရမယ်။ Archi က archi နဲ့ ပတ်သက်တဲ့ specification တွေ ထုတ်ပေးရမယ်။ Structure က structure နဲ့ပတ်သက်တဲ့ specification, standard တွေ ထုတ်ပေးရမယ်။ အဲဒါတွေရပြီဆိုရင် BQ (Bill of Quatity) (ပစ္စည်းစာရင်း) ထုတ်ပေးရပါတယ်။ မြန်မာပြည်မှာတော့ PAE နဲ့လုပ်တယ်။ အဲဒီအခါ ကုန်ကျစရိတ်တင်တဲ့အခါ ဘယ်လိုတင်မလဲ။ PAE နဲ့လုပ်တဲ့အခါကျတော့ ဘယ်လိုအုတ်မျိုးသုံးမလဲ။ ဘယ်လို finishing မျိုး သုံးမလဲဆိုတာ ဘယ်လိုသိနိုင်မလဲ။

ဆိုတော့ ဘာ specification မှမရှိဘဲ ဘာ Bill of Quantity မှမရှိဘဲ ဘယ်လိုမှ တင်ဒါခေါ်လို့မရဘူး။ ပစ္စည်းစာရင်းရှိတဲ့ အခါကျမှ ဘယ်လိုပစ္စည်းတွေသုံးမယ်။ ဘယ်လောက်ကျမယ်ဆိုတာ ပါမှာကိုး။ အဲဒီလိုပစ္စည်းစာရင်းနဲ့ကျတော့မှ ကိုယ်က တင်ဒါရွေးတဲ့အခါ ဈေးကွက်မှာ ဒီပစ္စည်းက ဒီလောက်ဈေးပဲရှိတာကို ဘာဖြစ်လို့ ဒီလောက်တင်ထားရသလဲ စသဖြင့် မေးလို့ရမှာပေါ့။ အဲဒီအခါကျတော့ တည်ဆောက်ရေးကော်မတီအနေနဲ့လည်း လုပ်ရလွယ်သွားတာပေါ့။ PAE တစ်ခုတည်းနဲ့ ဘယ်လို ဆုံးဖြတ်လို့မှ မရဘူး။

အခု မြန်မာနိုင်ငံမှာ MNBC (Myanmar National Building Code) ထွက်ပါတော့မယ်။ အဲဒါသာရှိရင် ဒီ spec. က MNBC ရဲ့ ဘယ် code ကို လိုက်နာပါဆိုရင် ပြီးသွားပြီ။ အဲဒီလို spec တွေသာရှိနေရင် ပွင့်ပွင့်လင်းလင်းရွေးလို့ရတယ်။ လာဘ်စားမှုတွေ ကိုလည်း လျှော့ချနိုင်တယ်။ အလုပ်လုပ်တော့မယ်ဆိုရင် Main contractor ကို ဒီ spec. တွေပေးလိုက်တယ်။

စည်ပင်ကိုခွင့်ပြုမိန့်တင်တော့ စည်ပင်က မြေပုံပေါ်မှာ ခုဆောက်မဲ့ အဆောက်အဦအသစ်ကို ဘယ်လမ်းထောင့်ကနေ ဘယ်လောက်အကွာမှာဆောက်ရမယ်၊ အဆောက်အဦနံပါတ်က ဘယ်လောက်လို့ သတ်မှတ်ပေးလိုက်တယ်။ မြေပုံကိုလည်း တစ်ခါတည်း update လုပ်ပြီးသား ဖြစ်သွားတယ်။

ဒီအာဏာပိုင်အဖွဲ့ကလည်း သူကိုယ်တိုင်မလုပ်ဘူး။ Third party က QP (Qualified Person) ကို ပေးလိုက်တယ်။ QP သည် အနည်းဆုံး PE (Professional Engineer) ဖြစ်ရမယ်။ PE ဆိုတိုင်းလည်း လုပ်ချင်တိုင်း လုပ်လို့မရဘူး။ QP မှတ်ပုံတင် ထားတဲ့သူ ဖြစ်ရမယ်ပေါ့။ ရန်ကုန်ကလာတဲ့ QP ဆိုရင်လည်း မန္တလေးတိုင်းအောက်မှာ မှတ်ပုံတင်ရမယ်။ QP ကနေ စီမံကိန်းတန်ဘိုးအလိုက် ခန့်ထားတဲ့ RE (Registered Engineer), RSE (Registered Senior Engineer) တွေနဲ့ ဆက်သွယ်ပြီး အမြဲတမ်းစစ်ဆေးတယ်။ နောက်ဆုံး BCA (Building and Construction Authority) ထိ တစ်ဆင့်ချင်းစစ်သွားပါတယ်။

ဒီအဖွဲ့မှာ နိုင်ငံ့ဝန်ထမ်းတွေ၊ ပုဂ္ဂလိကတွေ၊ ပြည်တွင်းပြည်ပက အတွေ့အကြုံရှိတဲ့သူတွေ၊ အသိပညာ၊ အတတ်ပညာရှင်တွေနဲ့ ရပ်မိရပ်ဖတွေ ပါသင့်ပါတယ်။

QP ကနေ Building Control Plan တွေကို control လုပ်တဲ့အခါ RE, RSE တွေကို လုပ်ငန်းခွင်ထဲမှာထားပြီး နေ့တိုင်း စစ်နေရမှာ။ လိုတဲ့အခါကျမှ သွားစစ်တာမျိုးမဟုတ်ဘူး။ နေ့တိုင်း report ရေးတင်ရမယ်။ စစ်တာကလည်း ပြီးခါမှ သွားစစ်တာမဟုတ်ဘူး။ လုပ်နေဆဲကာလမှာ သူတို့သုံးထားတဲ့ပစ္စည်းတွေ မှန်မမှန်၊ ပေးထားတဲ့ စံနှုန်းတွေနဲ့ ကိုက်မကိုက် အမြဲစစ်နေရတာ။ အဲဒါဆို ဘာမှ မှားစရာအကြောင်း မရှိတော့ဘူး။ Check list, inspection report တွေနဲ့ စနစ်တကျလုပ်ရင် ဖြစ်ပါတယ်။

ဒီအာဏာပိုင်အဖွဲ့အစည်းအနေနဲ့ QP, RE, RSE တွေ မှတ်ပုံတင်တာကနေ ပိုက်ဆံရမယ်။ သူကိုယ်တိုင်လည်း ကျွမ်းကျင် လုပ်သားတွေအတွက် ကျောင်းဖွင့်သင်ပေးခြင်းအားဖြင့် ၀င်ငွေရမယ်။ ဘယ်လိုလက်မှတ်ရမှ ဘယ်လုပ်ငန်းလုပ်ရမယ် ဆိုတဲ့ ကျွမ်းကျင်မှုအဆင့်တွေ သတ်မှတ်လို့ရမယ်။ အဲဒီလိုလေ့ကျင့်ပေးမှလည်း အလုပ်သမားတွေရဲ့အရည်အသွေး တက်လာမှာ ဖြစ်တယ်။

အရည်အသွေးတွေသတ်မှတ်လိုက်တဲ့အခါကျတော့ ကျွမ်းကျင်အဆင့် (၁) ဆို တစ်နေ့ဘယ်လောက်ပြီးနိုင်တယ်။ ကျွမ်းကျင်အဆင့် (၂) ဆို တစ်နေ့ဘယ်လောက်ပြီးနိုင်တယ်ဆိုတာ သိနိုင်တယ်။ ဆိုတော့ အစိုးရပိုင်းအနေနဲ့လည်း စည်းစနစ်တွေ သေသေချာချာ ချထားလုပ်ကိုင်ရမယ်။ အောက်ခြေလုပ်သားတွေကိုလည်း ကျွမ်းကျင်လာအောင် ပြုစုပျိုးထောင်ပေးရမယ်။ အပေါ်ပိုင်းရော အောက်ပိုင်းပါ နှစ်ခုလုံး လုပ်ဖို့လိုတာပေါ့။

နောက်ဆုံးအနေနဲ့ လုပ်ငန်းအပ်နှံတဲ့သူတွေကို ဘယ်လိုပုံစံမျိုးနဲ့ပေးမလဲ။ Bid only လား။ Design and Build နဲ့ ပေးမလား။ ဒါမှမဟုတ် အားလုံးအတွက် ဒါလောက်ပေးမယ်လို့ ချပေးမလား။

Bid only ဆိုရင် ပိုင်ရှင်ကိုယ်တိုင်က ဒီဇိုင်းဆွဲသူ၊ structure သမားတွေငှားရမယ်။ သူတို့ဆီက spec. တွေ၊ BQ တွေ တောင်းရမယ်။ နောက်ပြီးမှ တင်ဒါခေါ်မယ်။ တင်ဒါအောင်တဲ့သူကို ပေးလုပ်မယ်။

Design and Build ဆိုရင်တော့ ပိုင်ရှင်က archi နဲ့ညှိပြီး ဘယ်နှစ်ထပ်ဆောက်ချင်တယ် ပြောလိုက်ရုံပဲ။ Main contractor က ကိုယ့်ဘာသာကိုယ် ဒီဇိုင်းထုတ်၊ ကိုယ့်ဘာသာကိုယ်ဆောက်ရမယ်။ ဆောက်တဲ့အခါကျတော့ Third inspection သမားက စီမံကိန်းတန်ဘိုးအလိုက် PE ဘယ်နှစ်ယောက်၊ RE ဘယ်နှစ်ယောက်၊ RSE ဘယ်နှစ်ယောက်ထားရမယ်ဆိုတာ ဆုံးဖြတ်မယ်။

ဒါမှမဟုတ်။ ပိုင်ရှင်က ဆောက်မဲ့သူကို မင်းဘာသာမင်းအားလုံးလုပ်။ ဘယ်လောက်ကုန်မလဲဆို ပေးလိုက်တာ။ အဲဒါကျတော့ Main contractor က Archi ပုံထုတ်တာ၊ Design တွက်တာ၊ ဆောက်တာ အကုန်လုပ်ရတယ်။

ပြန်ချုပ်ရရင် စည်ပင်သာယာအောက်မှာ စစ်ဆေးရေးအာဏာပိုင်အဖွဲ့တစ်ခု ဖွဲ့လို့ရတယ်။ PE, RE, RSE တွေ၊ Third Party Inspection လုပ်မဲ့အဖွဲ့တွေဟာ အဲဒီအာဏာပိုင်ဆီမှာ လိုင်စင်ယူရမယ်။ စစ်ဆေးရေးအာဏာပိုင်အဖွဲ့ကနေ ဆောက်လုပ်ရေး လုပ်သားတွေအတွက် သင်တန်းကျောင်းတွေဖွင့်ပြီး လေ့ကျင့်သင်ကြားပေးလို့ရပါတယ်။

နောက်ပိုင်းလိုတဲ့အခါလည်း ကျွန်တော့်ကိုလှမ်းခေါ်လိုက်ပါ။ ပြောစရာအများကြီးကျန်ပါသေးတယ်။ ခုတော့ အချိန်လည်း စေ့နေပြီမို့ ဒီလောက်နဲ့ ရပ်လိုက်ပါမယ်။


ကျေးဇူးတင်ပါတယ်။ 

No comments: