Tuesday, January 10, 2012

စင်ကာပူရောက် ပရဟိတအဖွဲ့များစုကာ မြွေဆိပ်ဖြေဆေး လှူဒါန်းကြခြင်း

 


(၁)

ကျွန်မမျက်လုံးတွေ  ပြာလာပြီ ။ ကျွန်မ ဘာကိုမှ မမြင်ရတော့ဘူး။ မြွေဆေးပေးကြပါ။ ကျွန်မကို ကယ်ကြပါအုံး လို့ တတွတ်တွတ်တောင်းဆိုနေတဲ့ မဌေးရဲ့အဖြေကို ကျွန်တော့်အဖေဟာ မျက်ရည်တွေကြားက ဘာမှပြန်မဖြေနိုင်တော့တဲ့အခါ သေခါနီးလူမမာ မဌေးလေးဟာ သူ့ကိုအသက်ကယ်မဲ့ မြွေဆိပ်ဖြေဆေးဆိုတာ ဒီကမ္ဘာမြေမှာ မရနိုင်တော့တဲ့ အရာဆိုတာ ကောင်းကောင်းကြီး နားလည်သွားပါပြီ။ ဘယ်လိုမှတောင်းဆိုလို့ မရနိုင်တော့မှန်း မဌေးရိပ်မိတဲ့အခါမတော့ “ကျွန်မသိပါတယ် ဆရာ၊ ကျွန်မမနေရတော့ပါဘူး။ ကျွန်မမရှိတော့တဲ့အခါ ကျွန်မသားလေးကို စောင့်ရှောက်လိုက်ပါနော်” တဲ့။ မဌေးဟာ သူချစ်တဲ့ တစ်ဦးတည်းသော လူမမယ်သားကလေး၊ မြွေဆေးမရနိုင်တဲ့ဒေသနဲ့ အားလုံးကို အပြီးအပိုင် ကျောခိုင်းစွန့်ခွာ သွားခဲ့ရပါပြီ။ မြန်မာပြည်မှာ မဌေးတွေ ဘယ်နှစ်ယောက်များ ရှိခဲ့၊ ရှိနေလိမ့်ဦးမလဲ မပြောတတ်တော့ပါ။”

            တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို ဖတ်ပြနေသော ကိုကျော်ဝဏ္ဏ၏ အသံတို့မှာ အနည်းငယ်တုန်ယင်နေပါသည်။ နားထောင်နေကြသူ အားလုံးတို့၏ မျက်ဝန်းများတွင်လည်း စိတ်မကောင်းခြင်း၊ ၀မ်းနည်းခြင်းများနှင့် ပြည့်နှက်လျှက်ရှိ၏။ ဤသည်မှာ စင်ကာပူရောက် မြန်မာပရဟိတအဖွဲ့များ၏ ဒုတိယအကြိမ် မြွေဆိပ်ဖြေဆေး စုပေါင်းလှူဒါန်းပွဲအတွက် စည်းဝေးပွဲ မြင်ကွင်း တစ်စိတ်တစ်ဒေသ ဖြစ်ပါသည်။

(၂)

မြန်မာနိုင်ငံတွင် မြွေကိုက်မှု၏ ၉၀ ရာခိုင်နှုံးမှာ မြွေပွေးဖြစ်သည်။ ၁၉၉၁ ခုနှစ်က မြွေကိုက်မှု ၁၄၀၀၀ ဖြစ်ခဲ့ပြီး ၁၀၀၀ ကျော် သေဆုံးခဲ့၏။ ၁၉၉၇ ခုနှစ်က မြွေကိုက်မှု ၈၀၀၀ အနက် ၅၀၀ ကျော် သေဆုံးခဲ့သည်။ သို့သော် အမှန်တကယ် မြွေကိုက်မှုများ မှာ ထိုကိန်းဂဏန်းများထက် ၁၂ ရာခိုင်နှုံးခန့် ပိုများနိုင်သည်။ မြို့ပြဧရိယာများတွင် မြွေကိုက်မှုမှာ မေလ နှင့် ဇွန်လများ ဖြစ်ပြီး ကျေးလက်တောရွာများတွင် ကောက်ရိတ်ချိန်ဖြစ်သော အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ပိုမို၍ အကိုက်များသည်ဟု WHO ၏ Snakebite Death Statistics for Asian Countries တွင်ဖော်ပြထားပါသည်။

သို့သော် ဒေါ်ချယ်ရီသိန်း ၏ ဖေဖော်ဝါရီ ၆၊ ၂၀၁၁ ရက်စွဲပါ Government To Produce New Viper Antivenom စာတမ်း တွင်မူ မြွေပွေးကိုက်မှုကို ၈၀ ရာခိုင်နှုံးဟု ဖော်ပြထားပြီး မြွေကိုက်သဖြင့် နှစ်စဉ်သေဆုံးရသော ဦးရေကို တစ်သောင်းကျော် သို့မဟုတ် ထို့ထက်ပိုနိုင်သည် ဟု ဖော်ပြထားပါသည်။ ထိုစာတမ်း၌ပင် မြန်မာနိုင်ငံ၌ မြွေအမျိုးအစားပေါင်း ၁၄၅ မျိုး ရှိပြီး လူကိုက်လျှင်သေစေနိုင်သော မြွေအမျိုးအစား ၅ မျိုးရှိသည်။ ထို ၅ မျိုးမှာ မြွေဟောက်၊ ငန်းမြွေ၊ ငန်းတော်ကြား၊ မြွေပွေး၊  sea snake တို့ဖြစ်သည်ဟု ဖော်ပြထားပါသည်။


အောက်မြန်မာနိုင်ငံ၊ ဆေးသုတေသနဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းဖေ၏ Prevention and First Aid Interventions Against Snakebite Injuries in Myanmar စာတမ်း၌ မြွေပွေးကိုက်မှု- ၈၂%၊ မြွေဟောက်ကိုက်မှု - ၈ %၊ မြွေစိမ်းကိုက်မှု - ၆ % နှင့် အခြား ၄% မှာ ငန်းမြွေ၊ ငန်းတော်ကြား စသည်တို့ဖြစ်သည်ဟု ဆိုပါသည်။ 


ထိုစာတမ်း၌ပင် မြန်မာနိုင်ငံ၌ မြွေအကိုက်ဆုံးအချိန်များမှာ လယ်ထွန်ချိန်(မေ၊ ဇွန်လ) နှင့် ကောက်သိမ်းချိန် (နိုဝင်ဘာ၊ ဒီဇင်ဘာလ) တို့ဖြစ်သည်။ အကိုက်အများဆုံးနေရာများမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်ရာ လယ်ကွင်းများ၊ လယ်ယာမှ အိမ်အပြန် လမ်း၊ ညဘက် အမှောင်ထဲတွင် ဟိုဟိုသည်သည် သွားလာခြင်း စသည်တို့ဖြစ်သည်။ ထို့အတူ မြွေအများဆုံး ရာသီမှာလည်း လယ်ထွန်ချိန်နှင့် ကောက်သိမ်းချိန်များဖြစ်သည်ဟု ဖော်ပြထားပါသည်။

မြန်မာနိုင်ငံတွင် မြွေကိုက်မှုအများဆုံး တိုင်းနှင့်ပြည်နယ်များမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး စသည်တို့ဖြစ်၏။





(၃)


မြန်မာနိုင်ငံရှိမြွေကိုက်သည့် ဒေသများသို့ မြွေဆိပ်ဖြေဆေးလှူဒါန်းရန် စတင်ဆော်သြသူမှာ ကိုကျော်ဝဏ္ဏဖြစ်ပါသည်။ သူက သူတို့ဒေသတွင် မြွေကိုက်ခံရပြီး မြွေဆိပ်ဖြေဆေးမရှိသဖြင့် အသက်ဆုံးရှုံးရသည့် လူနာများကို မျက်မြင်ကိုယ်တွေ့ ကြုံရသော ကြောင့် မြန်မာတစ်နိုင်ငံလုံးဆိုလျှင် မြွေကိုက်ခံရသဖြင့် သေဆုံးရသူဦးရေမှာ နည်းလှမည်မဟုတ်ဟု တွေးမိပြီး မြွေဆိပ် ဖြေဆေးများ လှူဒါန်းရန် အကြံပေါ်ခြင်းဖြစ်၏။ ထို့ပြင်တ၀ မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများ၌ရှိသော မြန်မာပရဟိတအဖွဲ့များ အနေနှင့်လည်း မည်သူမျှ မြွေဆိပ်ဖြေဆေးလှူဒါန်းရန် မတွေးတောမိကြ။ ဤသည်မှာ ကျွန်တော်တို့နိုင်ငံအတွက် အလွန်လိုအပ်လျှက်ရှိသော ကွက်လပ်ကြီးတစ်ခုပင် ဖြစ်ပါသည်။


မြွေကိုက်သည်ဆိုခြင်းမှာ ကျေးလက်မှ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများကိုသာ အကိုက်များသည်ဖြစ်ရာ တောင်သူ လယ်သမားအများစုမှာ ဆင်းရဲကြသူများဖြစ်သဖြင့် မြွေဆိပ်ဖြေဆေးရှိသည့်တိုင် ငွေကြေးမတတ်နိုင်သဖြင့် အသက်ဆုံးရှုံးရမှု များမှာလည်း မရေတွက်နိုင်ပါပေ။ ထို့မျှသာမကသေး လယ်လုပ်သူများမှာ များသောအားဖြင့် အိမ်ထောင်ဦးစီး သို့မဟုတ် လုပ်နိုင်ကိုင်နိုင်သူများ ဖြစ်ပေရာ အိမ်ထောင်ဦးစီးတစ်ယောက် အသက်ဆုံးရှုံးသည်နှင့် ထိုမိသားစုတစ်ခုလုံး ဒုက္ခရောက် တော့သည်။ အိမ်ထောင်ဦးစီးမဟုတ်စေကာမူ လုပ်နိုင်ကိုင်နိုင်သူတစ်ဦး လျော့သွားပါကလည်း နဂိုကမှ မချောင်လည်ရသည့် မိသားစု၏ စီးပွားရေးအခြေအနေကို ပိုမိုဆိုးရွားသွားစေပါသည်။


အကယ်၍ မြွေကိုက်သဖြင့် အသက်ဆုံးရှုံးရသူမှာ ကျောင်းသားအရွယ်ဖြစ်ပါက နိုင်ငံ၏ အနာဂတ်ရတနာတစ်ဦး ဆုံးရှုံးရခြင်း ဖြစ်၏။ ထိုကျောင်းသားမှာ အထက်တန်းပညာများ သင်ကြားနေသူဖြစ်ပါကမူ နိုင်ငံ့သားကောင်းတစ်ယောက်ကို လက်လွတ် ဆုံးရုံးလိုက်ရခြင်းလည်း မည်ပါသည်။ မည်သည့်ဘက်မှ တွက်သည်ဖြစ်စေ မြွေကိုက်သဖြင့် အသက်ဆုံးရှုံးရသည်များမှာ အလွန်နစ်နာလှသည်ဖြစ်ရာ ကျွန်တော်တို့ စင်ကာပူရောက် မြန်မာပရဟိတအဖွဲ့များစုကာ မြွေဆိပ်ဖြေဆေးများ စုပေါင်းလှူဒါန်း ကြရန် စိတ်တူသဘောတူ ဆုံးဖြတ်ကြခြင်း ဖြစ်ပါသည်။


(၄)

ပထမဦးဆုံးအကြိမ် မြွေဆိပ်ဖြေဆေးလှူဒါန်းခြင်းကို စနေဓမ္မမိတ်ဆွေများအဖွဲ့မှ ပြုလုပ်ခြင်း ဖြစ်ပါသည်။ ပထမဦးဆုံးအကြိမ် ဖြစ်သဖြင့်လည်း အခက်အခဲများစွာ ကြုံရသည်။ အဓိကကြုံရသော အခက်အခဲမှာ မြွေဆိပ်ဖြေဆေးအစစ်အမှန်ကို မှန်ကန် သောဈေးနှုံးနှင့် လိုသလောက်ဝယ်ယူရရှိနိုင်ရေး ဖြစ်၏။

ယခင်ကာလများက မြွေဆိပ်ဖြေဆေးအတုလုပ်သူများ ရှိခဲ့ဖူးခြင်းကြောင့်တစ်ကြောင်း၊ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ မှ ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးကိုဝယ်ယူရရှိရန် အခက်အခဲရှိခြင်းကြောင့် တစ်ကြောင်းတို့ကြောင့် ကျွန်တော်တို့မှာ အလှူငွေများ ကောက်ခံရရှိချိန်မှ မြွေဆိပ်ဖြေဆေးလှူဒါန်းနိုင်သည်ထိ ခြောက်လမျှ ကြာမြင့်ခဲ့ပါသည်။  

ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့သို့ ကိုကျော်ဝဏ္ဏ မြွေဆိပ်ဖြေဆေးအတွက် အလှူခံလာသည်မှာ ၂၀၁၀ ခုနှစ် ဇူလိုင်လ ပထမပတ်က ဖြစ်ပါသည်။ သို့သော် တကယ် မြွေဆိပ်ဖြေဆေးများကို ဆေးရုံဆေးခန်းများသို့ လှူနိုင်တာကျတော့ ၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့ကျမှ ဖြစ်၏။ မြွေဆိပ်ဖြေဆေးများဝယ်ယူရရှိရေးအတွက် မြင်းမူဆရာတော်ဘုရားကြီးနှင့် ခွက်ခွင်း ဆရာတော်ဘုရားကြီးတို့မှ အကူအညီ ပေးခဲ့ပါသည်။

စနေဓမ္မမိတ်ဆွေများအဖွဲ့မှ အလှူငွေမှာ ၈၆၆၄၀၀ ဖြစ်၏။ ဆေးတစ်လုံး၏ တန်ဖိုးမှာ ၁၃၃၀၀ ခန့်ဖြစ်သဖြင့် မြွေဆိပ်ဖြေဆေး ၆၅ လုံး ၀ယ်နိုင်ခဲ့ပါသည်။ ထို ဆေးများကို ဆေးရုံဆေးခန်း ၅ ခုသို့ တစ်နေရာလျှင် ၁၃ လုံးကျဖြင့် လှူဒါန်းခဲ့၏။  

ကျွန်တော်တို့လှူဒါန်းခဲ့သော နေရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ခွက်ခွင်းတိုက်နယ်ဆေးရုံ။

၂။ မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်ဆေးရုံ။


၃။ ပဲခူးတိုင်းအနောက်ပိုင်း၊ ပေါင်းတလည်မြို့နယ်၊ တိုက်နယ်ဆေးရုံ။

၎။ ပဲခူးတိုင်းအနောက်ပိုင်း၊ ရွှေတောင်မြို့နယ်၊ ကျီးသဲတိုက်နယ်ဆေးရုံ။

၅။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မောင်ထောင်တိုက်နယ်ဆေးရုံ။



(၅)

ဤကျွန်တော်တို့ မြွေဆိပ်ဖြေဆေးလှူဒါန်းပွဲသတင်းကို ကြားသိသောအခါ ကျွန်တော်တို့ထံသို့ အနယ်နယ် အရပ်ရပ်မှ မြွေဆိပ်ဖြေဆေးများ အလှူခံလာခဲ့ပါသည်။

အလှူခံလာသော ဒေသများမှာ နယ်စုံမှဖြစ်ပြီး လိုအပ်သော မြွေဆိပ်ဖြေဆေးမှာလည်း များသဖြင့် စနေဓမ္မမိတ်ဆွေများ၏ အလှူငွေတစ်မျိုးတည်းဖြင့် ၀ယ်ယူလှူဒါန်းရန် မလောက်ငချေ။ ထို့ကြောင့် အခြားအဖွဲ့များကိုပါဖိတ်ကြားပြီး မြွေဆိပ်ဖြေဆေး အကြောင်း ရှင်းလင်းပြောပြလျှက် စည်းရုံးရလျှင် အလှူငွေပိုများလာပြီး လိုအပ်သော မြွေဆိပ်ဖြေဆေးကို အားလုံး မဟုတ်လျှင်သော်မှ အတော်များများ ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု စနေဓမ္မမိတ်ဆွေများဖြစ်သော ကိုသောင်းတန်၊ ကိုမြင့်သိန်းတို့နှင့် ကိုကျော်ဝဏ္ဏတို့ တိုင်ပင်ကြပါသည်။

သို့နှင့် ကျွန်တော်တို့ စင်ကာပူရှိ အခြားသော ပရဟိတအဖွဲ့များဖြစ်သော အဘိဓမ္မာအသင်းကြီး၊ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၊ လောက အသင်းကြီး၊ အောင်လံသုခိတာအသင်း၊ ထားဝယ်မိသားစု ပရဟိတအသင်း၊ PSA မိသားစု၊ ဗုဒ္ဓအလင်းရောင် ပါရမီဖြည့် အသင်း၊ သာသနာ့ရောင်ခြည်  စသည်အဖွဲ့များကိုပါ ဖိတ်ကြားကာ ၂၀၁၁ ခုနှစ်၊ မေလ ၁ ရက် နေ့တွင် စင်ကာပူနိုင်ငံ၊ ပင်နင်စူလာ ပလာဇာရှိ ဓမ္မပန်းခင်း စာကြည့်တိုက်၌ ဒုတိယအကြိမ် မြွေဆိပ်ဖြေဆေးလှူဒါန်းပွဲ ဖြစ်မြောက်ရေးအတွက် ဆွေးနွေးကြပါသည်။

တက်ရောက်လာသောအဖွဲ့များကို ကျွန်တော်တို့က ပထမအကြိမ် မြွေဆိပ်ဖြေဆေးလှူခဲ့စဉ်က အတွေ့အကြုံများ၊ အခက်အခဲ များ၊ ယခုအကြိမ်တွင်မူ ပထမအကြိမ်က အတွေ့အကြုံရှိပြီးပြီမို့ အခက်အခဲတစ်စုံတစ်ရာ မရှိဘဲ လှူဒါန်းနိုင် လိမ့်မည်ဖြစ် ကြောင်း၊ ဆေးအလှူခံလာသည့်ဒေသတွင် ဘုန်းတော်ကြီးတစ်ဦး၊ ပညာရေးမှ ကျောင်းဆရာတစ်ဦး၊ ကျန်းမာရေးမှ ၀န်ထမ်းတစ်ဦး၊ ရပ်မိရပ်ဖတစ်ဦး၊ ရပ်ရွာအကျိုးသယ်ပိုးလိုသူ တစ်ဦးတို့ပါဝင်သည့် ၅ ဦးကော်မတီဖွဲ့ကာ လှူဒါန်း သည့်ဆေးများကို သေသေချာချာ သိမ်းဆည်းထားရန်လိုကြောင်း၊ တကယ်မြွေကိုက်လူနာကိုသာ ဆေးထုတ်ပေးရန် နှင့် ဆေးများကို ပလတ်စတစ်ဖြင့် လုံစွာထုပ်ကာ ရေအောက်တွင်ထားရန်လိုကြောင်း စသည်တို့ကို ရှင်းပြပါသည်။
ကျွန်တော်က ကောက်ခံရရှိသည့်အလှူငွေများကို စာရင်းပြုစုထားရန်၊ အလှူငွေပို့မှတ်တမ်းများ ရယူထားရန်၊ ဆေးပေးအပ်ရာ တွင်လည်း လက်ခံရရှိကြောင်း မှတ်တမ်းများယူထားရန်၊ ရသုံးမှန်းခြေငွေစာရင်း ထုတ်ပြန်ပေးရန် စသဖြင့် အကြံပြုပါသည်။ အခြားသူများအားလည်း မိမိတို့နှင့်နီးစပ်ရာ မိတ်ဆွေများ၊ အဖွဲ့များသို့ မြွေဆိပ်ဖြေဆေး စုပေါင်းလှူဒါန်းပွဲအကြောင်း သတင်း ပေးကာ ပူးပေါင်းပါဝင်လှူဒါန်းနိုင်ရေးအတွက် စည်းရုံးကြပါရန်၊ အနယ်နယ်အရပ်ရပ်မှ မြွေဆိပ်ဖြေဆေးများ အလှူခံ လာပါကလည်း သေသေချာချာစိစစ်ပြီးလက်ခံကြပါရန်၊ အလှူခံလာသော နေရာများကို စာရင်းပြုစုကာ ဖြစ်နိုင်လျှင် သွားရောက်လေ့လာပါရန်၊ ၎င်းတို့အားလည်း ၅ ဦးကော်မတီဖွဲ့ခိုင်းထားပါရန်၊ ထို့ပြင် မြွေဆိပ်ဖြေဆေးသာမက အခြား သဘာဝဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်များကျရောက်ခဲ့ပါကလည်း ယခုကဲ့သို့ပင် စည်းစည်းလုံးလုံးဖြင့် လှူဒါန်းကြရန် စသဖြင့် ၀ိုင်းဝန်းဆွေးနွေးကြပါသည်။



ထို့နောက် ကိုကျော်ဝဏ္ဏက လာမည့် ၂၀၁၁ ခုနှစ်၊ မေလ ၁၇ ရက် (ကဆုန်လပြည့်နေ့) နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့၊ စကားဝါလမ်းရှိ မင်းကွန်း တိပိဋကနိကာယကျောင်းတော်ကြီး၌ စုပေါင်းမြွေဆိပ်ဖြေဆေးလှူဒါန်းပွဲကို ကျင်းပမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခု တက်ရောက်လာသောအဖွဲ့များအနေနှင့်လည်း ဖြစ်နိုင်လျှင် မြန်မာပြည်သို့ပြန်သူကပြန်ကာ မြွေဆိပ်ဖြေဆေး လှူဒါန်းပွဲသို့ တက်ရောက်ပါရန်၊ ပြန်ရန်အဆင်မပြေသူများအနေနှင့် မြန်မာပြည်ရှိ မိမိတို့၏ ဆွေမျိုးသားချင်းများကို တက်ရောက်စေလိုကြောင်း၊ မီဒီယာများ အနေနှင့် The Voice, 7 Day News, Flower News စသည်တို့ကို ဖိတ်ကြား ထားကြောင်း စသဖြင့် ရှင်းလင်းပြောပြပါသည်။









တက်ရောက်လာသူများမှ စင်ကာပူပရဟိတ အဖွဲ့များ၏ web site တစ်ခုလုပ်ထားကာ သတင်းနှင့် လှုပ်ရှားမှုများကို တင်ပေးသွားခြင်း၊ ပါဝင်သည့်အဖွဲ့များ၏ web site များကို link လုပ်ပေးထားခြင်းဖြင့် သက်ဆိုင်ရာ အဖွဲ့များ၏ လှုပ်ရှားမှုများ ကို အခြားအဖွဲ့များကပါ သိနိုင်ကြောင်း၊ စုပေါင်းမြွေဆိပ်ဖြေဆေးလှူဒါန်းရာတွင် မည်သည့်အဖွဲ့အစည်းကိုမှ နာမည်မခံစေဘဲ စင်ကာပူရောက် မြန်မာပရဟိတအဖွဲ့များ ဟုသာ နာမည်တပ်ရန်၊ ထို့အောက်တွင်မှ မိမိတို့ သီးခြားနာမည်နှင့် တံဆိပ်များ ထည့်သွင်းရန် စသည်တို့ ၀ိုင်းဝန်းဆွေးနွေးကြပါသည်။

ထိုနေ့တွင်ပင် ဗုဒ္ဓအလင်းရောင်ပါရမီဖြည့်အသင်း၊ ထားဝယ်မိသားစု ပရဟိတအသင်း၊ အောင်လံသုခိတာအသင်း နှင့် စနေဓမ္မမိတ်ဆွေများအဖွဲ့ တို့မှ မြွေဆိပ်ဖြေဆေးဝယ်ယူရန် အလှူငွေများ ပေးအပ်ခဲ့ကြပါသည်။

(၆)

၂၀၁၁ ခုနှစ်၊ မေလ ၁၇ ရက် (ကဆုန်လပြည့်နေ့) နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့၊ စကားဝါလမ်းရှိ မင်းကွန်း တိပိဋက နိကာယကျောင်းတော်ကြီး၌ မြင်းမူတိပိဋကဆရာတော်ကြီးနှင့်တကွ အခြားဆရာတော်ကြီးများပါ ကြွရောက်လျှက် စုပေါင်းမြွေဆိပ်ဖြေဆေးလှူဒါန်းပွဲကို ကျင်းပခဲ့ကြပါသည်။

စုပေါင်းမြွေဆိပ်ဖြေဆေးလှူဒါန်းပွဲအတွက် ကောက်ခံရရှိသော အလှူငွေများမှာ -

၁။ ဗုဒ္ဓအလင်းရောင်ပါရမီဖြည့်အသင်း မှ - စင်ကာပူဒေါ်လာ ၁၀၀၀.၀၀

၂။ ထားဝယ်မိသားစု ပရဟိတအသင်း မှ - စင်ကာပူဒေါ်လာ ၂၀၀.၀၀

၃။ အောင်လံသုခိတာအသင်း မှ - စင်ကာပူဒေါ်လာ ၇၀၀.၀၀

၎။ စနေဓမ္မမိတ်ဆွေများအဖွဲ့ မှ - စင်ကာပူဒေါ်လာ ၁၁၀၀.၀၀

၅။ သာသနာ့ရောင်ခြည်အသင်း မှ - စင်ကာပူဒေါ်လာ ၅၀၀.၀၀

၆။ PSA မိသားစု မှ - စင်ကာပူဒေါ်လာ ၂၇၀၅.၀၀

၇။ အဘိဓမ္မာအသင်းကြီး မှ - စင်ကာပူဒေါ်လာ ၅၆၅.၀၀

၈။ ဟင်္သာရောင်းဝယ်ရေး မှ - စင်ကာပူဒေါ်လာ ၃၀၇.၄၀

၉။ Lotus Foundation မှ - စင်ကာပူဒေါ်လာ ၃၃၀.၀၀

၁၀။ ဗုဒ္ဓအလင်းရောင်ပါရမီဖြည့်အသင်း (Mun Siong မြန်မာညီအစ်ကိုများ) မှ နောက်ထပ်- မြန်မာငွေကျပ် ၅၀၁၀၀၀.၀၀

- ဖြစ်ပါသည်။ မြန်မာငွေနှင့် ၅၅၀၁၀၀၀  ဖြစ်၏။

အခန်းအနားကျင်းပရာတွင် ကုန်ကျစရိတ်များရှိမည်ဖြစ်ရာ ထိုအတွက် ထပ်မံလှူဒါန်းကြသော ငွေမှာ ကျပ်ငါးသောင်း ဖြစ်ပါသည်။



ထိုအလှူငွေဖြင့် မြွေဆိပ်ဖြေဆေး ၄၃၆ လုံးဝယ်ယူကာ ၂၄ နေရာသို့ လှူဒါန်းခဲ့ပါသည်။ လှူဒါန်းခဲ့သော နေရာများမှာ အောက်ပါအတိုင်းဖြစ်၏။






စဉ်
တိုင်း
မြို့ နယ်
ကျေးရွာအုပ်စု
ရရှိဆေးလုံး
၁။
မန္တလေးတိုင်း
မိတ္ထီလာ
ကွက်ငယ်
၁၆
၂။
သာစည်
ရွေတုပ်ကုန်း
၁၆
၃။
မကွေးတိုင်း
အထက်မင်းလှ
ကျောက်မြောင်
၁၆
၎။
ပေတော(ကမ်းနား)
၁၆
၅။
စလင်း
တညောင်
၂၀
၆။
ဥသျှစ်ကုန်း
၁၆
၇။
ဒို့ မေတ္တာနာရေးကူညီမှုအသင်း
၂၀
၈။
တောင်တွင်းကြီး
စိတ္တသုခလူမှုကူညီမှုအသင်း
၂၀
၉။
အောင်လံ
အောင်လံသုခိတာ
၁၆
၁၀။
ဆိပ်ဖြူ
ကန်စွန်းမ
၂၀
၁၁။
နတ်မောက်
ပိတောက်ကုန်း
၂၀
၁၂။
စလင်း
ငါးစဉ်ကျောင်းတိုက်
၂၀
၁၃။
မင်းဘူး၊စကု
ဇီဝကအခမဲ့ဆေးကုခန်း
၁၆
၁၄။
စစ်ကိုင်းတိုင်း
ဘုတလင်
သပြေပင်
၁၆
၁၅
မောင်းထောင်မြေဇင်း
၂၀
၁၆။
မြင်းမူ
ခွက်ခွင်းကျေးရွာ
၂၀
၁၇။
ကန့် ဘလူ
အုပ်ခင်း
၂၀
၁၈
ဧရာဝတီတိုင်း
ဒေးဒရဲ
ကျုံးဒါးချောင်း
၁၆
၁၉။
အင်္ဂပူ
ကွင်းကောက်တိုက်နယ်ဆေးရုံ
၁၆
၂၀။
လေးမျက်နှာ
လေးမျက်နှာပြည်သူ့ ဆေးရုံ
၁၆
၂၁။
မော်ကျွန်း
မော်ကျွန်းပရဟိတအသင်း
၁၈
၂၂။
ဘိုကလေး
ဘိုကလေးပရဟိတအသင်း
၂၀
၂၃။
ပဲခူးတိုင်း
လက်ပံတန်း
၂၀
၂၄။
မကွေးတိုင်း
မြိုင်မြို့နယ်
၁၈
စုစုပေါင်း
၄၃၆



မြွေဆိပ်ဖြေဆေး ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ အလှူခံထားသော ဒေသအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက် လာကြပါသည်။ များသောအားဖြင့်လာကြသူများမှာ ဆရာတော်ကြီးများ၊ ဆရာဝန်ကြီးများ၊ ကျောင်းအုပ်ကြီးများနှင့် ရပ်မိရပ်ဖ များဖြစ်ပါသည်။ အချို့လည်း ကော်မတီဝင် ၅ ဦးစလုံး၊ အချို့မှာ နှစ်ဦးသုံးဦး စသဖြင့် ဖြစ်၏။

ကျွန်တော်တို့က ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့မှ လှူဒါန်းခဲ့သော နေရာများကိုပါ ဖိတ်ကြားထားသဖြင့် သူတို့လည်း လေ့လာသူများအနေဖြင့် လာရောက်ကြပါသည်။








စင်ကာပူရောက် မြန်မာပရဟိတအဖွဲ့များ၏ စုပေါင်းမြွေဆိပ်ဖြေဆေးသတင်းအား The Voice ဂျာနယ်၊ အတွဲ ၇၊ အမှတ် ၂၄ တွင် ဖော်ပြခဲ့ပါသည်။


(၇)

မြန်မာနိုင်ငံတွင် မြွေအကိုက်ဆုံးရာသီမှာ တစ်နှစ်လျှင် နှစ်ကြိမ်ဖြစ်ရာ ယခု ကျွန်တော်တို့က တစ်ကြိမ်မျှသာ လှူဒါန်းနိုင်သဖြင့် ဆင့်ပါးစပ် နှမ်းပက်သကဲ့သို့ ဖြစ်နေပါသည်။ သို့အတွက် ယခုထက်လည်း ဆေးလုံးရေပိုမိုများပြားစွာ လှူနိုင်ရန်၊ တစ်နှစ်လျှင် နှစ်ကြိမ်လည်း လှူဒါန်းနိုင်ရန်အတွက် ကိုကျော်ဝဏ္ဏက မြွေဆိပ်ဖြေဆေးကော်မတီဖွဲ့ကာ ယခုထက်ပိုပြီး ထိရောက်စွာ စည်းရုံးလှုပ်ရှားနိုင်ရန် အကြံပြုပါသည်။

စင်ကာပူရောက် မြန်မာပရဟိတအဖွဲ့များ၏ ဒုတိယအကြိမ် မြွေဆိပ်ဖြေဆေး စုပေါင်းလှူဒါန်းပွဲအတွက်၂၀၁၁၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ စည်းဝေးပွဲပြုလုပ်ကြသောအခါ မြွေဆိပ်ဖြေဆေးကော်မတီ ဖွဲ့စည်းရန် အားလုံးက သဘောတူခဲ့ကြ၏။ မြွေဆိပ် ဖြေဆေး လှူဒါန်းရေးမှာ စင်ကာပူတွင်သာမက မြန်မာပြည်ဘက်မှ ပါဝင်ဆောင်ရွက်မှုသည်လည်း အရေးကြီးပေရာ  မြွေဆိပ်ဖြေဆေးကော်မတီအား စင်ကာပူအဖွဲ့ နှင့် မြန်မာပြည်အဖွဲ့ဟု နှစ်ဖွဲ့ထားရှိရမည် ဖြစ်ပါသည်။

စင်ကာပူအဖွဲ့မှ အဓိကဆောင်ရွက်ရမည်မှာ အလှူငွေကောက်ခံ ရရှိရေးဖြစ်၏။ မြန်မာပြည်အဖွဲ့အနေနှင့်မူ ဆောင်ရွက်စရာ ပိုများပါသည်။ မြွေဆိပ်ဖြေဆေး လှူဒါန်းနေကြောင်း အများပြည်သူသို့အသိပေးရန်၊ အလှူခံလာသော နေရာများအား မှန်မှန်ကန်ကန်ဟုတ်မဟုတ် စုံစမ်းရန်၊ မြွေဆိပ်ဖြေဆေး ပေးအပ်ပွဲကျင်းပရန်၊ ပေးလိုက်သော မြွေဆိပ်ဖြေဆေးများကို မည်ကဲ့ သို့ အသုံးပြုသနည်းဆိုသည်ကို ပြန်လည်သတင်းရယူရန်၊ လှူဒါန်းလိုက်သော မြွေဆိပ်ဖြေဆေးနှင့် အသက်မည်မျှ ကယ်လိုက် နိုင်သည်ကို စုံစမ်းရန်၊ ရရှိလာသော သတင်းအချက်အလက်များကို စင်ကာပူအဖွဲ့သို့ တစ်ပတ်တစ်ကြိမ် သို့မဟုတ် နှစ်ပတ် တစ်ကြိမ် ပေးပို့နေရန် စသည်တို့ ဖြစ်ပါသည်။

မြွေအကိုက်ဆုံးအချိန်ကို မေလ နှင့် အောက်တိုဘာ ဟု ဆိုသဖြင့် ကျွန်တော်တို့က ဧပြီလနှင့် စက်တင်ဘာလတွင် မြွေဆိပ် ဖြေဆေးများလှူဒါန်းနိုင်ရန် ကြိုးပမ်းရပါမည်။ ထို့အတွက် ကော်မတီဝင် အဖွဲ့များအနေနှင့် အလှူငွေကို မတ်လနှင့် သြဂုတ်လ တွင် အစုံရရန် ကောက်ခံရမည်ဖြစ်ပါသည်။

စင်ကာပူ မြွေဆိပ်ဖြေဆေးကော်မတီကို အောက်ပါအဖွဲ့များပါဝင်လျှက် ဖွဲ့စည်းလိုက်ပါသည်။

၁။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအသင်း

၂။ ထာဝရမီးအိမ်

၃။ ထားဝယ်မိသားစု ပရဟိတအသင်း

၎။ စလင်းမြို့နယ်အသင်း

၅။ ဗုဒ္ဓအလင်းရောင် ပါရမီဖြည့်အသင်း

၆။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၊ လောကအသင်းကြီး

၇။ အောင်လံသုခိတာအသင်း

၈။ PSA မြန်မာမိသားစု

၉။ အဘိဓမ္မာအသင်းကြီး

၁၀။ စနေဓမ္မမိတ်ဆွေများအဖွဲ့

မြန်မာပြည်မှ မြွေဆိပ်ဖြေဆေးကော်မတီ ဖွဲ့စည်းရေးကိုမူ အဖွဲ့အသီးသီးမှ မြန်မာပြည်ရှိ ပါဝင်ဆောင်ရွက်လိုသူများကို စာရင်းကောက်ကာ ဖွဲ့စည်းရန် ဖြစ်ပါသည်။ အဖွဲ့၌ မြွေဆိပ်ဖြေဆေးဝယ်ယူရရှိရေးကို အဓိကဆောင်ရွက်ပေးသော ဆရာတော် ကြီးများဖြစ်သည့် မြင်းမူဆရာတော်ဘုရားကြီး၊ ခွက်ခွင်းဆရာတော်ဘုရားကြီး နှင့် ကလေးဝတောရ ဆရာတော်ဘုရားကြီးတို့ အားလည်း ထည့်သွင်းနိုင်ရန် ကိုကျော်ဝဏ္ဏမှ သွားရောက်လျှောက်ထားမည် ဖြစ်ပါသည်။

ယခုအကြိမ် မြွေဆိပ်ဖြေဆေးအလှူငွေကို ၂၀၁၂၊ ဇန္န၀ါရီလ ၁၄ ရက်နေ့ညတွင် အစုံအပ်ပါရန် အဖွဲ့အားလုံးသို့ နှိုးဆော်ထား၏။ မြွေဆိပ်ဖြေဆေးပေးအပ်ပွဲကိုမူ ၂၀၁၂၊ ဖေဖော်ဝါရီလ ဒုတိယပတ်၌ ကျင်းပရန် ရည်မှန်းထားပါသည်။

လောလောဆယ် ကောက်ခံရရှိထားသော အလှူငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စဉ်
အလှူရှင်များ
အလှူငွေ (စင်ကာပူဒေါ်လာ)
ထားဝယ်မိသားစု ပရဟိတအသင်း
500
သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးအသင်း(STA)
400
အောင်လံသုခိတာ အသင်း
600
STA
15
နိုဘယ်(လ်)မိုး
20
PSA Myanmar Family
2727
ဒေါ်တင်တင်မြင့်
30
စုစုပေါင်း
4292



အခြားအဖွဲ့များဖြစ်သော ထာဝရမီးအိမ်၊ စလင်းမြို့နယ်အသင်း၊ ဗုဒ္ဓအလင်းရောင် ပါရမီဖြည့်အသင်း၊ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၊ လောက အသင်းကြီး၊ အဘိဓမ္မာအသင်းကြီး နှင့် စနေဓမ္မမိတ်ဆွေများအဖွဲ့ တို့မှ လာမည့် ဇန္န၀ါရီလ ၁၄ ရက်နေ့တွင်အလှူငွေများ လွှဲအပ်မည်ဖြစ်ပါသည်။

(၈)

မြန်မာနိုင်ငံအတွင်း မြွေကိုက်သော ဒေသများမှ မြွေဆိပ်ဖြေဆေးများ အလှူခံလိုပါက အောက်ပါအချက်အလက်များဖော်ပြ၍ အလှူခံနိုင်ပါသည်။

၁။ တည်နေရာ တိုင်း/ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ

၂။ မြွေအကိုက်ဆုံး ရာသီ

၃။ မြွေကိုက်သည့်ဦးရေ (ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်လျှင် လူပေါင်းမည်မျှ မြွေကိုက်ခံရပြီး၊ မည်မျှသေဆုံးသည်။)

၎။ မြွေဆိပ်ဖြေဆေးကို ထိန်းသိမ်းမည့် ငါးဦးကော်မတီအဖွဲ့

၁) သာသာနာရေး (ဘုန်းတော်ကြီး စသည်) ဘွဲ့

၂) ပညာရေး (ကျောင်းအုပ်၊ ကျောင်းဆရာ စသည်) အမည်

၃) ကျန်းမာရေးဝန်ထမ်း (ဆရာဝန်၊ ကျန်းမာရေးမှူး၊ သားဖွားဆရာမ စသည်) အမည်

၎) ရပ်မိရပ်ဖ တစ်ဦး (ရပ်ရွာလူကြီး စသည်) အမည်

၅) ရပ်ရွာအကျိုးသယ်ပိုးလိုသူ (ခေတ်ပညာတတ်ဖြစ်လျှင်ပိုကောင်းပါသည်) အမည်

အလှူခံလာသည့်ဒေသများအား မြွေဆိပ်ဖြေဆေးကော်မတီ အဖွဲ့ဝင်များမှ စစ်ဆေးကာ အတည်ပြုပေးပြီး ကောက်ခံရရှိသော အလှူငွေပေါ်မူတည်ကာ မြွေဆိပ်ဖြေဆေးများကို လှူဒါန်းမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတစ်ဝှမ်း၌ မြွေကိုက်ခံရသူဦးရေမှာ သောင်းဂဏန်းမျှရှိရာ ကျွန်တော်တို့လှူဒါန်းသော ဆေးအရေအတွက်မှာ အလွန် နည်းနေပါသေးသည်။ ထို့ကြောင့် အခြားနိုင်ငံများမှ မြန်မာပရဟိတအဖွဲ့များ၊ မြန်မာပြည်တွင်းမှ အလှူရှင်များအားလည်း အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။



ရည်ညွှန်း -

၁။ Government To Produce New Viper Antivenom - ဒေါ်ချယ်ရီသိန်း

၂။ Prevention and First Aid Interventions Against Snakebite Injuries in Myanmar - ဦးထွန်းဖေ


အေးငြိမ်း
၁၀ ဇန္န၀ါရီလ၊ ၂၀၁၂

2 comments:

Than Chaung said...

Could you please add contact persons and bank account numbers for accepting donation?

အေးငြိမ်း said...

မြွေဆိပ်ဖြေဆေးအတွက် ပါဝင်လှူဒါန်းလိုသူများ ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များနှင့် ဖုံးနံပါတ်များကို "မြွေဆိပ်ဖြေဆေးအတွက် ပါဝင်လှူဒါန်းလိုသူများ" ဆိုသောခေါင်းစဉ်ဖြင့် တင်လိုက်ပါမည်ခင်ဗျား။

ကျေးဇူးတင်ပါသည်။