Monday, January 16, 2012

စင်ကာပူတွင် လူများသေဆုံးသောအခါ အသုဘအခမ်းအနားအပြီး မည်သို့ဆက်လက်ဆောင်ရွက်စရာများ ကျန်သေးသနည်း ဆိုခြင်းအကြောင်း

၁၉။ ဆက်လက်ဆောင်ရွက်စရာများ

အသုဘအခမ်းအနားပြီးလျှင် သေဆုံးသူနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်စရာ များစွာကျန်နေပေသေးရာ ဤသည်တို့ကို လည်း ရှင်းလင်းရန် လိုပါသည်။ မဟုတ်လျှင် ပြဿနာပေါ်နိုင်၏။ သို့ဆိုလျှင် ဘာတွေဆောင်ရွက်စရာ ကျန်သေးသနည်း။

၁။ အိမ်ထောင်စုစာရင်းမှ နှုတ်ပယ်ခြင်း

၂။ ဘဏ်စာရင်းကိစ္စ

၃။ အာမခံကုမ္ပဏီများ

၎။ ပေးစရာရှိသော အခွန်အခ၊ လစဉ်ကြေး စသည်

၅။ ရှေ့နေရှေ့ရပ်များ

၆။ နေအိမ်ခွန်

၇။ လူမှုရေးအဖွဲ့အစည်းများ

၈။ CPF ပိုက်ဆံပြန်ထုတ်ခြင်း

၉။ မွေးစားသားသမီးများကိစ္စ

၁၀။ အခြား ဆက်စပ်ပတ်သက်နေသော အဖွဲ့အစည်းများ


၁။ အိမ်ထောင်စုစာရင်းမှ နှုတ်ပယ်ခြင်း (Apply for Death Extract)

ဤကိစ္စကား လ.၀.က နှင့် ပတ်သက်၏။ စင်ကာပူ၌ ဆောင်ရွက်စရာကိစ္စများ ပေါ်လာလျှင် လွယ်ကူစွာလုပ်ကိုင် ဆောင်ရွက် နိုင်စေရန် online service ကို provide လုပ်ပေးထားခြင်းအပေါ် ကျွန်တော်အလွန်ကျေနပ်မိ၏။ Online service ဟူသည် မိမိအိမ်မှ စာကြည့်စားပွဲတွင် သီချင်းကလေးနားထောင်ရင်း သက်တောင့်သက်သာ (ဟိုလူ့မျက်နှာချိုသွေး၊ ဒီလူ့သွားဖြဲပြ လုပ်စရာမလိုပဲ) လုပ်နိုင်သဖြင့် အလွန်အဆင်ပြေလှပါသည်။


ဤကဲ့သို့လျှောက်ထားခြင်းကို ဖွားသေစာရင်းဌာန (Registry of Births & Deaths)  တွင်လုပ်ရပါသည်။ ဤလက်မှတ်မှာ DC (Death Certificate) certified true copy လည်းဖြစ်သည်။ Death extract ကို မည်သူမဆို လူတိုင်းလျှောက်ထား၍ ရပါသည်။  

မှတ်ချက်။            ။ ၂၀၀၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်ကာ Death extract လုပ်ခြင်းကို ရှေ့နေရှေ့ရပ်များနှင့် ဆောင်ရွက်ပါက online မှသာဆောင်ရွက်ခွင့် ပေးပါတော့သည်။

လိုအပ်သော စာရွက်စာတမ်းများ

လူကိုယ်တိုင်သွားလျှောက်လျှင် -

လျှောက်ထားသူ၏ နိုင်ငံသားကဒ် သို့မဟုတ် ပတ်စ်ပို့၊ ယာဉ်မောင်းလိုင်စင် စသည်

လျှောက်ထားလိုသူသည် ICA Building  သုံးထပ်ရှိ Citizen Services Centre, 3rd Storey သို့သွားပါ။

Registry of Births & Deaths
Citizen Services Centre
3rd Storey, ICA Building
10 Kallang Road
(next to Lavender MRT station)
Singapore 208718


ရုံးဖွင့်ချိန် - Monday to Friday : 8.00 a.m. to 4.30 p.m.
Saturday : 8.00 a.m. to 12.30 noon

တန်းစီလက်မှတ် Q-number  နှင့် Extract application form  ကိုယူပါ။

Extract application form  ကိုဖြည့်ပြီး ကောင်တာမှခေါ်တာကို စောင့်ပါ။ ပုံစံဖြည့်ရန် သေဆုံးသူ၏ နာမည်၊ ကျား၊ မ။ သေဆုံးသည့်နေ့ရက်၊ သေဆုံးမှတ်ပုံတင်နံပါတ် (အထက်တွင်ဖော်ပြခဲ့ပြီး)။ သို့မဟုတ်ပါက လွန်ခဲ့သော ၅ နှစ်အတွင်းက သေဆုံးခြင်းဖြစ်လျှင် သေဆုံးသူ၏ နိုင်ငံသားကဒ်အမှတ် သို့မဟုတ် မွေးစာရင်းအမှတ်။

အကယ်၍ သင်သည် ဤအချက်အလက်များကို မပေးနိုင်ဘူးဆိုငြားအံ့။ သူတို့ကို ရှာခိုင်းနိုင်ပါသည်။ သို့သော် ရှာခ ပိုက်ဆံတော့ ပေးရပါမည်။ ရှာချိန်တစ်လအတွက် ၃၅ ကျပ်ပေးရမည်။ မတွေ့သေး၍ ဆက်ရှာလိုသည် ဖြစ်အံ့။ နောက်ထပ်တစ်လတိုင်း သို့မဟုတ် တစ်လ၏ အစိတ်အပိုင်းတိုင်း (ဆိုလိုသည်မှာ ရှာရတာ တစ်လနှင့် ၅ ရက်ကြာသည် ဆိုလျှင်လည်း ၂ လစာပေးရမည်။) အတွက် ၃၅ ကျပ်ပေးရပါမည်။ ထို့ပြင်လည်း ရှာဖွေပေးခကို မည်သည့်အကြောင်းနှင့်မှ ပြန်မအမ်းပါဟု ဖော်ပြထားလိုက်သေး၏။ သို့မို့ကြောင့် သူတို့ရှာနေစဉ်အတွင်း အသင်သည် သေဆုံးမှတ်ပုံတင်နံပါတ်ကို ရှာတွေ့သွားသည်ဖြစ်အံ့။ တွေ့ပင်တွေ့ငြားသော်လည်း သူတို့ရှာထားသည့် ကာလအတွက် ပိုက်ဆံပေးရပါလိမ့်မည်။

ဤကိစ္စများ ဆောင်ရွက်ပြီးနောက် လက်ခံဖြတ်ပိုင်းကို သိမ်းထားပါ။

ဆောင်ရွက်ခ

Death extract တစ်စောင်လျှင် စင်ကာပူဒေါ်လာ ၃၀ ဖြစ်၏။ ငွေကို လူကိုယ်တိုင်သွင်းလျှင် NETS သို့မဟုတ် CashCard ဖြင့် ပေးနိုင်ပါသည်။

Online မှလျှောက်သူများတွင် ငွေချေရန် VISA/Mastercard Credit Card သို့မဟုတ် Mastercard Debit Card ရှိထားရပါမည်။

ဆောင်ရွက်ရန် ကြာမြင့်ချိန်

ဘာအချက်အလက်မှ ထပ်ရှာရန်မလို၊ အားလုံးပြည့်စုံသည်ဆိုလျှင် ၄ ရက်ကြာပါမည်။ ရှာရမည်ဆိုလျှင် သည့်ထက်ပိုကြာ မည်။ လက်မှတ်ထုတ်ရန် အဆင်သင့်ဖြစ်ပြီဆိုလျှင် သင့်ကိုလာယူရန် အကြောင်းကြားပါလိမ့်မည်။

Death extract လက်မှတ်ထုတ်ခြင်း

Death extract လက်မှတ်ကို စာတိုက်မှ ပို့ခိုင်း၍ ရသလို၊ လူကိုယ်တိုင်သွားထုတ်လို့လည်းရပါသည်။ နိုင်ငံရပ်ခြားသို့ ပို့ရမည် ဆိုလျှင် စာတိုက်မှပို့လိုက်ပါလိမ့်မည်။



 ၂။ ဘဏ်စာရင်းကိစ္စ

သေဆုံးသူ၏ ဘဏ်စာရင်းကို ပိတ်ရန်လည်း အရေးကြီး၏။ စင်ကာပူတွင် ပေးစရာရှိသောကိစ္စများကို GIRO ဖြင့် စီစဉ်ထား တတ်ရာ သေဆုံးသူ၏ စာရင်းကို ပိတ်ရန် အရေးကြီးသည်။ မိမိက အကြောင်းမကြားလျှင် သူတို့ကတော့ ဆက်ဖြတ်မြဲ ဖြတ်နေမည်သာ ဖြစ်၏။ သေဆုံးသူ ဖွင့်ထားသော ဘဏ်စာရင်းအားလုံး၊ လစဉ်ပေးနေရသော အခွန်အခများ၊ အိမ်ဝယ်ထားလျှင် လစဉ်ပေးဆပ်ရမည့် အိမ်ဘိုး၊ တယ်လီဖုံးဘီလ် စသည်တို့ကို ပိတ်ရန်အရေးကြီးပါသည်။


၃။ အာမခံကုမ္ပဏီများ

အာမခံကုမ္ပဏီသို့ အကြောင်းကြားရန်လည်း အရေးကြီး၏။ ဤသည်မှာ မိမိကပြန်ရမည့် ပိုက်ဆံဖြစ်သဖြင့် အဆောတလျင် ပြုလုပ်ရပါမည်။ သေဆုံးသူသည် မည်သည့်အာမခံပေါ်လစီများ ၀ယ်ထားသည်ကိုလည်း အားလုံးသိထားရန် လိုပါသည်။ သို့မှ ၀ယ်ထားသမျှ အာမခံအားလုံး ပိုက်ဆံပြန်တောင်းနိုင်မည်။ ဒါလည်း မခဲယဉ်းပါ။ ကိုယ်လုပ်စရာမလို။ သူဆက်သွယ်ထားသော အေးဂျင့် (အရောင်းကိုယ်စားလှယ်) သို့ သူသေဆုံးကြောင်း အကြောင်းကြားလိုက်ရုံ ဖြစ်ပါသည်။ အေးဂျင့်က အစစ ဦးဆောင် လုပ်ပေးပါလိမ့်မည်။ ကိုယ်က သူတို့ပေးသော ပုံစံများတွင် လိုတာဖြည့်၊ လက်မှတ်ထိုးပေးရုံဖြစ်ပါ၏။


၎။ ပေးစရာရှိသော အခွန်အခ၊ လစဉ်ကြေး စသည်

သေဆုံးသူ၏ ခရက်ဒစ်ကဒ် ကြွေးကျန်များ၊ ဖုံးခ စသည် ပေးစရာရှိသည်များကို အားလုံးရှင်းပေးရန် လိုပါသည်။ GIRO ဖြင့် ဆောင်ရွက်ထားသည်များအားလုံးကိုလည်း GIRO arrangement ကို cancel လုပ်ပေးပါရန် သက်ဆိုင်ရာ ကုမ္ပဏီများသို့ အကြောင်းကြားရမည်။


၅။ ရှေ့နေရှေ့ရပ်များ

သေဆုံးသူက မည်သည့်သေတမ်းစာများ၊ အရေးကြီးစာရွက်စာတမ်းများ ထားရစ်ခဲ့သည်ကို ၎င်း၏ ရှေ့နေနှင့် ဆွေးနွေး မေးမြန်ရန်လိုပါသည်။


၆။ နေအိမ်ခွန်

နေအိမ်ခွန်အတွက် -

Inland Revenue Authority of Singapore
Ruling and Estate Duty Branch
Tel: 6351 3380
Email:
ed@iras.gov.sg        - သို့ဆက်သွယ်ပါ။


၇။ အခြားအဖွဲ့အစည်းများ

ကားလွှဲပြောင်းမှု ကိစ္စ၊ ကုမ္ပဏီတစ်ခုခုတွင် အစုပါဝင်ထားမှုကိစ္စ၊ ၎င်း ရရှိရမည့် ခံစားခွင့်၊ အကျိုးအမြတ်ကိစ္စ စသည့် ရှုပ်ထွေး လှသည့် ကိစ္စရပ်များကိုလည်း ရှင်းလင်းရန်လိုပါသည်။


၈။ CPF ပိုက်ဆံပြန်ထုတ်ခြင်း

အကယ်၍ CPF သွင်းနေသူတစ်ဦး ကွယ်လွန်ခဲ့ပါက ၎င်းက နာမည်ပေးထားခဲ့သူ(ဇနီး၊ သမီးသားစသည်) သည် အောက်ပါ ငွေကြေးကို ထုတ်ယူခွင့်ရှိသည်။

v  ကွယ်လွန်သူ၏ CPF ပိုက်ဆံ

v  ၎င်းရရှိရမည့် ခံစားခွင့်

v  အခြားငွေကြေးခံစားခွင့်များ

သေဆုံးသူသည် နာမည်ပေးမထားခဲ့ပါက ထိုပိုက်ဆံများကို တရားဥပဒေအရ မိသားစုဝင်များသို့ ခွဲဝေပေးပါမည်။


၉။ ထိုမျှသာမက မွေးစားသားသမီးများကိစ္စကိုလည်း ရှေ့နေရှေ့ရပ်များနှင့် ရှင်းရန်လိုပါသည်။ အကယ်၍ လုပ်ငန်းခွင်တွင် ထိခိုက်သေဆုံးခဲ့ရသည်ဆိုလျှင် Work Injury Compensation ထိခိုက်မှု အာမခံထုတ်ရေးကိစ္စလည်း လုပ်ရမည်။ သေဆုံးသူဝင်ထားသော အသင်းအဖွဲ့များ (ဥပမာ - Country Club စသည်) အားလည်း ၎င်းကွယ်လွန်ကြောင်း အကြောင်းကြားရန် လို၏။ မဟုတ်ပါက နှစ်စဉ်ကြေး၊ လစဉ်ကြေးများ ဆက်ဖြတ်နေမည်။ ဖိတ်စာ၊ အကြောင်းကြားစာတို့ ဆက်လာနေမည်။ မလိုလားအပ်သော ကိစ္စများ လိုက်ရှင်းနေရမည်။


၁၀။ CPF ကို မည်ကဲ့သို့ ထုတ်ယူရမည်နည်း

တစ်စုံတစ်ဦးသေဆုံးခဲ့ပါက ၎င်း၏ မိသားစုဝင်များသည် သေဆုံးလက်မှတ်ကို မည်သည့် CPF ရုံးသို့မဆို တင်ပြလျှောက်ထား နိုင်ပါသည်။ CPF ရုံးကလိုအပ်သည်များကို စစ်ဆေးပါမည်။ အားလုံးအတည်ပြုပြီးသည်နှင့် CPF ပိုက်ဆံပြန်ထုတ်ရန် အကြောင်းကြားပါလိမ့်မည်။

CPF ပိုက်ဆံပြန်ထုတ်ရန် အောက်ပါစာရွက်စာတမ်းများ တင်ပြရပါမည်။

1. Death Certificate of deceased
2. Marriage Certificate or Certificate of Making the Decree Nisi Absolute
(i.e. Divorce Certificate), where applicable
3. Birth certificate(s) of the deceased person’s child(ren)
4. Singapore identity card or other identification documents
5. Nominees' bank passbooks or bank statements
6. Nominees' statement of account with the Central Depository Pte Ltd (CDP) if the
Special Discounted Shares due to the nominee is to be transferred to his or her
individual CDP account.

မရှင်းလင်းသူများ ဖုံးနံပါတ် 1800 227 1188 (Code 5, Sub-code 2) သို့ခေါ်ယူမေးမြန်းနိုင်ပါသည်။

အကယ်၍ သေဆုံးသူသည် စင်ကာပူနိုင်ငံသားမဟုတ်သူ (SPR) ဖြစ်ပါက အောက်ပါအတိုင်းဆောင်ရွက်ရပါမည်။

အောက်ဖော်ပြပါစာရွက်စာတမ်းများကို -

၁။ အောက်ပါလိပ်စာအတိုင်း စာတိုက်မှ ပို့နိုင်သည်။

Withdrawal Schemes Department,
Central Provident Fund Board,
79 Robinson Road,
Singapore 068897

၂။ လူကိုယ်တိုင် CPF Service Centre သို့သွားပို့နိုင်သည်။

တင်ပြရမည့် စာရွက်စာတမ်းများ

၁။ သေဆုံးလက်မှတ် (Notri Public Certified True Copy ဖြစ်ရမည်။)

၂။ သေဆုံးလက်မှတ်တွင် သေဆုံးသူ၏ နာမည် စသည့်အချက်အလက်များမပါလျှင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၏ မည်သူမည်ဝါဖြစ်ကြောင်းထောက်ခံချက်

၃။ သေဆုံးသူနှင့် မည်ကဲ့သို့တော်စပ်ကြောင်း တရားဝင်စာရွက်စာတမ်း

၎။ လျှောက်ထားသူ၏ နိုင်ငံသားကဒ်၊ ပတ်စ်ပို့ နှင့် ဆက်သွယ်ရန် ဖုံးနံပါတ်၊ လိပ်စာ

အားလုံးစစ်ဆေးပြီးသည်နှင့် CPF ပိုက်ဆံပြန်ထုတ်လို့ရပါပြီ။ မည်သည့် ပိုက်ဆံများရမည်နည်း။

က) CPF savings in the Ordinary, Special, Medisave and Retirement Accounts (ရနိုင်လျှင်)

ခ)  Discount  ချထားသော Singtel (ST) share (ရနိုင်လျှင်)

 အကယ်၍ သေဆုံးသူသည် မိမိ၏ CPF ကို ဆက်ခံရန် နာမည်စာရင်းမထားခဲ့ပါက ထိုပိုက်ဆံကို Succession Act အရ ခွဲဝေပေးပါလိမ့်မည်။ မွတ်ဆလင် မဟုတ်သူများအတွက် -

သေဆုံးသူသည် အပျို၊ လူပျိုဖြစ်လျှင် CPF ပိုက်ဆံကို မိဘများသို့ အညီအမျှ ခွဲဝေပေးပါလိမ့်မည်။

သေဆုံးသူသည် အိမ်ထောင်ရှိပါက CPF ပိုက်ဆံကို အိမ်ထောင်ဘက်သို့ ထက်ဝက်ပေးပြီး သားသမီးများအား ကျန်သည့် ထက်ဝက်ကို အညီအမျှခွဲဝေပေးပါလိမ့်မည်။

မွတ်ဆလင်ဖြစ်ပါက CPF ပိုက်ဆံကို Administration of Muslim Law Act အရ ခွဲဝေပေးပါလိမ့်မည်။

 အကယ်၍ သေဆုံးသူသည် အိမ်ကို CPF စုငွေများမှ ၀ယ်ခဲ့ခြင်းဖြစ်လျှင် ၎င်းသည် CPF Nomination နှင့် မသက်ဆိုင်တော့ပါ။

မှတ်ချက်။            CPF ကိစ္စများမှာ အတန်ရှုပ်ထွေးပါသဖြင့် ဤနေရာတွင် မဖော်ပြတော့ဘဲ CPF အကြောင်းဆောင်းပါးတွင် မှ အသေးစိတ် ဖော်ပြပါမည်။

သေဆုံးသူ ၀ယ်ယူခဲ့သော အိမ်သည် HDB မှ အိမ်ဖြစ်လျှင် ၎င်း၌ Home Protection Scheme (HPS) ရှိနိုင်ပါသည်။ ရှိခဲ့လျှင် CPF သည် HDB နှင့်သော်လည်းကောင်း၊ ငွေချေးထားသည့် ဘဏ်နှင့်သော်လည်းကောင်း ပြန်ဆပ်ရန် ကြွေးကျန်များအတွက် တိုက်ရိုက်စကားပြောပါလိမ့်မည်။

မှတ်ချက်။            ။ အိမ်ဝယ်တိုင်းHome Protection Scheme (HPS) မရှိနိုင်ပါ။ သူတို့ပေးမှ ရမည်ဖြစ်ပါသည်။ ဥပမာ - ကျွန်တော့်တွင် ဆီးချိုနှင့် လည်ပင်းကြီးရောဂါရှိသည့်အတွက် ကျွန်တော်ပြနေကျ Jurong Polyclinic မှ ဆေးမှတ်တမ်းများ တောင်းယူ စစ်ဆေးကြည့်ကာ HPS ချမပေးပါ။

သေဆုံးသူက  ဤအိမ်နှင့်ပတ်သက်၍ အမွေကိစ္စ၊ ဘာမှ မပြောခဲ့ပါက Intestate Succession Act အရ ခွဲဝေပေးပါလိမ့်မည်။


မှီခိုသူ (ဇနီးမယား၊ သမီးသား စသည်) တို့အတွက် MediShield Premium ကို သေဆုံးသူက ပေးခဲ့သည် ဖြစ်အံ့။

အသင်သည် သေဆုံးသူအား မှီခိုကာ သေဆုံးသူက သင့်အတွက် MediShield Premium ကို ပေးနေလျှင် သူ့ Medisave Account အတွင်းမှ ပိုက်ဆံအားလုံးကို သင့် Medisave Account အတွင်းလွှဲပေးရန် စီစဉ်ပါလိမ့်မည်။ အကယ်၍ သင်သည် အသက်လည်း ၁၆ နှစ်ပြည့်ပြီး၊ သင့်တွင်လည်း အာမခံသက်တမ်းတိုးရန် Medisave saving လည်း အလုံအလောက်ရှိပြီး ဖြစ်ပါက သင့် account အတွင်း အလိုအလျောက်လွှဲပေးပါလိမ့်မည်။

ဤသည်မှာ သေဆုံးပြီးနောက် ဆက်လက်လုပ်ကိုင်စရာရှိသည်များကို အကြမ်းဖျဉ်းပြောပြခြင်း ဖြစ်ပါသည်။ အလွန်ပျင်းစရာကောင်းလှသည့် ကျွန်တော်လည်း ရေးရတာ လက်မတွေ့လှသည့် ဥပဒေကြောင်းဆိုင်ရာများကို မဖော်ပြတော့ပါ။ မိတ်ဆွေတို့လည်း စိတ်ဝင်စားလိမ့်မည်မထင်ပါ။

စာနှင့်ရေးရတာသာ လွယ်သည်။ လက်တွေ့၌ ပြောသလောက်မလွယ်ပါ။ အလွန်ရှုပ်ထွေးလှ၏။ သည်တော့ ခေါင်းမစားရလေအောင် ကိစ္စ အတော်များများကို အေးဂျင့်၊ ရှေ့နေ စသည်တို့နှင့် လွှဲလိုက်ပါ။ သူတို့ကတော့ ဒါနှင့်လုပ်စားနေတာ ဆိုတော့ ဘယ်လိုလုပ်ရမည်ဆိုတာ သိသဖြင့် လုပ်ရလွယ်သည်။

မပျင်းမရိ ဖတ်ရှုအားပေးသော ပရိသတ်အပေါင်းကို ကျေးဇူးတင်ပါ၏။


အေးငြိမ်း

၁၆ - ၁ - ၂၀၁၂၊ ည ၁၁ နာရီ ၁၂ မိနစ်

Blk 663D, Jurong West St. 65

#15-233

Singapore 644663

Tel: 97303027

No comments: