Monday, January 23, 2012

တစ်သုံးလုံး အခမဲ့ ဘုရားဖူးခရီးစဉ်

အချီး

ကျွန်တော်တို့မြန်မာလူမျိုးများသည် ပရဟိတလုပ်ငန်းများ၌ လွန်စွာ ၀ါသနာထုံကြကုန်၏။ ငွေကြေးအားဖြင့်သော် လည်းကောင်း၊ မိမိကိုယ်တိုင်ပါဝင်ကာ ဝေယျာဝစ္စလုပ်ကိုင်ပေးခြင်းဖြင့်သော် လည်းကောင်း၊ ငွေအား၊ လူအားဖြင့်သော် လည်းကောင်း တစ်နည်းမဟုတ်တစ်နည်း ကိုယ်တတ်နိုင်သလို ဆောင်ရွက်ကြသည်။ ဆောင်ရွက်ရာတွင်လည်း နယ်ပယ် စုံလှ၏။ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ နာရေး၊ သက်ကြီးရွယ်အို၊ မိဘမဲ့ကလေးများ စောင့်ရှောက်ခြင်းလုပ်ငန်းစသဖြင့် အမျိုးစုံသည်။ ဆောင်ရွက်ကြရာတွင် မိမိနှင့် နီးစပ်ပတ်သက်ရာ အပေါင်းအသင်း၊ မိတ်ဆွေသူငယ်ချင်းများကို စည်းရုံးဆော်သြလျှက် အဖွဲ့ကလေးများဖွဲ့ကာ မိမိအစီအစဉ်နှင့် မိမိတို့စိတ်ကြိုက် လှုပ်ရှားကြသည်။ တစ်ခါတစ်ရံ ထို အဖွဲ့ငယ်ကလေးများ စုပေါင်းလျှက် ဆောင်ရွက်ကြသည်များလည်း ရှိ၏။ နာရေးကူညီမှု အသင်းကဲ့သို့သော စနစ်တကျဖွဲ့စည်းကာ အင်တိုက်အားတိုက် လုပ်ကိုင်နေသော အဖွဲ့များလည်း မနည်းလှပါပေ။

ဤကဲ့သို့သော ပရဟိတ အဖွဲ့များမှာ မြန်မာနိုင်ငံအတွင်း၌ သာမက၊ အခြားနိုင်ငံများတွင်လည်း အများအပြားရှိသည်။ စင်ကာပူ ၌လည်း ထိုကဲ့သို့သော မြန်မာပရဟိတ အဖွဲ့များ များစွာရှိ၏။ အချို့မှာ ဘာသာရေးရည်ရွယ်ချက်ဖြင့်၊ အချို့မှာ ပညာရေး ရည်ရွယ်ချက်ဖြင့်၊ အချို့မှာ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းကြသည်။ ထိုအဖွဲ့များအကြောင်းကို အများသိနိုင်စေရန်အတွက် ကျွန်တော် ဤမဂ္ဂဇင်းတွင် အလျဉ်းသင့်သလို တစ်ဖွဲ့ချင်း မိတ်ဆက်ပေးသွားပါမည်။ ယခင်လက သက်ကြီးရွယ်အို စောင့်ရှောက်ရေး (Save The Aged) အဖွဲ့အကြောင်း ဖော်ပြခဲ့သည်။ ယခု တစ်သုံးလုံးအဖွဲ့အကြောင်း မိတ်ဆက်ဖော်ပြပါမည်။

တစ်သုံးလုံး ဆိုတာ ဘာလဲ

တစ်သုံးလုံးကို စတင် အကောင်အထည်ဖော်ခဲ့သူမှာ ဂျစ်တူး (မုံရွာ) ဖြစ်၏။ ဤအစီအစဉ်လေး ဖြစ်ပေါ်လာရခြင်းမှာ ဤသို့ ဖြစ်ပါသည်။

၂၀၀၁ ခုနှစ် ဒီဇင်ဘာလတွင် စင်ကာပူနိုင်ငံ၊ တိုပါးရိုးကျောင်း ၁၀ နှစ်ပြည့် အခမ်းအနား ကျင်းပစဉ် မြန်မာနိုင်ငံမှ သံဃာများ စင်ကာပူနိုင်ငံသို့ ကြွလာပါသည်။ မြို့ခံဒါယိကာ၊ ဒါယိကာမများ ရှိသည့် ဘုန်းတော်ကြီးများအတွက် သူတို့ဒါယိကာများက စင်ကာပူနိုင်ငံအနှံ့လိုက်ပြကြသဖြင့် ပြဿနာမရှိ။ သို့သော် အချို့ဘုန်းတော် ကြီးများမှာ စင်ကာပူတွင် ဒါယိကာ၊ ဒါယိကာမ များမရှိကြ။ အခြားသူများအနေနှင့်လည်း ကိုယ့်ကိစ္စနှင့်ကိုယ် မအားလပ်ကြ သောကြောင့် ထိုဘုန်းဘုန်းများကို လိုက်ပါ ပို့ဆောင်ပေးရန် မလွယ်။ သို့နှင့် ဂျစ်တူးက ထို ဘုန်းဘုန်းများအတွက် ဘတ်စ်ကားငှားကာ ဘုရားဖူးခရီးစဉ် စီစဉ်ပေးခြင်း ဖြစ်ပါသည်။

တစ်သုံးလုံးဟု အမည်ပေးရခြင်းအကြောင်းကား နှစ်စဉ် တစ်လပိုင်း၊ တစ်ရက်နေ့  နေ့လည်တစ်နာရီ၌ ဘုရားဖူးခရီးစဉ် စတင်သည့်အတွက် ဖြစ်၏။ တစ်သုံးလုံးအဖွဲ့၏ logo မှာ အောက်ပါအတိုင်းဖြစ်သည်။
တစ်သုံးလုံး Logo


ပထမဦးဆုံးနှစ်တွင် သံဃာတော်များကိုသာ ပို့ဆောင်ပြသပေး၏။ ဘတ်စ်ကားတစ်စီးငှားကာ သံဃာတော် ၄၃ ပါးကို စင်ကာပူ ရှိ ဗုဒ္ဓဘာသာ ကျောင်းကန်ဘုရားများနှင့် အခြား စိတ်ဝင်စားဖွယ်ကောင်းသော နေရာများသို့ ပို့ကာ ရှင်းလင်းပြသသည်။ Esplanade Theatre မှာ ဆောက်ပြီးခါစ အသစ်အဆန်းဖြစ်သဖြင့် ဆရာတော်ကြီးများအား ထိုနေရာသို့ ပို့ဆောင်ပေးခဲ့၏။

နောက်နှစ်များတွင် ဘုန်းတော်ကြီးများသာမက လူပုဂ္ဂိုလ်များပါ လိုက်ပါလာသဖြင့် ကားစီးရေကိုလည်း နှစ်စီး၊ သုံးစီး၊ လေးစီး၊ ခြောက်စီးစသဖြင့် တိုးခဲ့ရသည်။

ဤကဲ့သို့ ပို့ဆောင်ခဲ့သည်မှာ ယခုနှစ် (၂၀၁၂ ဇန္န၀ါရီလ ၁ ရက်နေ့) ဆိုလျှင် ၈ ကြိမ်ရှိသွားပြီ ဖြစ်ပါသည်။ ယခုနှစ်တွင်မူ ဘုရားဖူးခရီးစဉ်သို့ လိုက်ပါလိုသူ အတော်များလာသဖြင့် ဘတ်စ်ကား ၈ စီး စီစဉ်ခဲ့၏။ ကားတစ်စီးလျှင် ၄၅ ဦးလိုက်ပါနိုင် သဖြင့် စုစုပေါင်း လူ ၃၆၀ လိုက်ပါနိုင်မည် ဖြစ်ပါသည်။ သို့သော် နောက်ထပ်အလှူရှင်ပေါ်လာသဖြင့် ကားနှစ်စီး ထပ်တိုးခဲ့ရာ ဘုရားဖူးဘတ်စ်ကား ၁၀ စီးဖြစ်သွားခဲ့ပါသည်။ စတင်ထွက်ခွာမည့်အချိန်တွင် ဘုရားဖူးများ တစ်စတစ်စ များပြားလာခဲ့ရာ ထို ကား ၁၀ စီးနှင့်မဆန့်သဖြင့် အချို့ ကျန်ရစ်ခဲ့ရသူများပင် ရှိပါသေးသည်။ နောက်ထပ်ကားတစ်စီးရရန် ကြိုးစားခဲ့ကြ သေးသော်လည်း မအောင်မြင်ခဲ့ပါ။

လိုက်ပါပို့ဆောင်ခဲ့သည့် နေရာများမှာ စင်ကာပူရှိ ဘုန်းတော်ကြီးကျောင်းများ၊ စင်ကာပူပိုက်ဆံ ထုတ်သည့်စက်ရုံ၊ ရေသန့် စက်ရုံများ နှင့် အခြားစိတ်ဝင်စားဖွယ်နေရာများ ဖြစ်ပါသည်။ စင်ကာပူပိုက်ဆံ ထုတ်သည့်စက်ရုံအတွက် ၀င်ကြေး ၅ ဒေါ်လာ ပေးရပါသည်။ လူအင်အား ၁၅၀ ကြည့်၍ ရသော်လည်း အခန်းများမှာ ကျဉ်းသဖြင့် လူအများ တပြိုင်နက်ဝင်ရန် မလွယ်ပါ။ ထို့ကြောင့် ၂၀၁၀ ခုနှစ်တွင် ဘုန်းတော်ကြီးများကိုသာ ဦးစားပေး လိုက်လံပြသခဲ့ပါသည်။

ရေသန့်စက်ရုံကို သွားရောက်လေ့လာလိုလျှင် လေ့လာခွင့်ကို တစ်လအလိုကတည်းက လျှောက်ထားရ၏။ သို့သော် လိုက်ပါလာကြသူများမှာ စိတ်ဝင်စားမှုနည်းသဖြင့် စီစဉ်ရတာနှင့် မကာမိသောကြောင့် ယခုနှစ်တွင် ထိုအစီအစဉ်ကို ဖျက်လိုက်ကြောင်း ဂျစ်တူးက ဆိုပါသည်။

ဤခရီးစဉ်တွင် လိုက်ပါလိုသူများအဖို့ နာမည်စာရင်းကြိုတင်ပေးထားရန် မလိုသကဲ့သို့ မည်သည့်အခကြေးငွေမှ ပေးရန်လည်း မလိုပါချေ။ ဘတ်စ်ကားထိုင်ခုံမှာ ဦးရာလူစနစ် ဖြစ်၏။ ခရီးစဉ်တွင် အုပ်ချုပ်သူ၊ စည်းကမ်းကြပ်မတ်ပေးမည့်သူ စသည် သီးသန့်ခန့်ထား ဆောင်ရွက်ခြင်းမရှိသဖြင့် လိုက်ပါသူများအနေနှင့် မိမိအသိနှင့်မိမိ စည်းကမ်းတကျ သွားလာ၊ ပြောဆို၊ ပြုမူကြရန် လိုပါသည်။

လိုက်ပါသူများအနေနှင့် အောက်ပါစည်းကမ်းများကို လိုက်နာရန် ဂျစ်တူးက နှိုးဆော်ထားပါ၏။

၁။ မပြေးလွှားဘဲ စည်းကမ်းရှိရှိ သွားလာကြပါရန်
၂။ လမ်းဖြတ်ကူးလျှင်သတိထားပြီး ကားအသွားအလာ ရှင်းပါမှ ကူးဖြတ်ကြပါရန်
၃။ မိမိတွင်ပါလာသော တစ်ရှူး၊ ရေပုလင်းအခွံ စသည့် အမှိုက်များကို အမှိုက်ပုံးများတွင်သာစွန့်ပစ်ကြပါရန်
၎။ ဘုန်းကြီးကျောင်းများအတွင်း ဘုရားရှိခိုးနေသော ဘုန်းကြီးများကိုတွေ့လျှင် အတွင်းသို့ ဝင်ရောက်ဘုရားမဖူးကြပါရန်
၅။ မိမိစီးနင်းလိုက်ပါသောကားကို မှတ်သားထားရန် ( ဥပမာ -
A , B , C - - - စသည်)
၆။ လူစုံမှကားများထွက်မည် ဖြစ်သောကြောင့် ခရီးစဉ်ကိုဆက်မလိုက်တော့ပါက မိမိကားတွင်ဦးဆောင်သူကိုဖြစ်စေ၊ မိမိအနီးရှိထိုင်ခုံမှလူကိုဖြစ်စေ အကြောင်းကြားခဲ့ပါရန်
သက်သတ်လွတ်ဘုန်းကြီးကျောင်းတွင် ကျောင်းဝင်းအတွင်း၌ ဖိနပ်စီးခွင့်ပြုထားသဖြင့် ဖိနပ်မချွတ်ဘဲ ၀င်နိုင်ပါသည်။

ဘယ်သူတွေ ကမကထပြု လှူကြတာလဲ

ဘုရားဖူးခရီးစဉ်အတွက် ဘတ်စ်ကားငှားခ လိုပေရာ ထိုကားငှားခအတွက် အလှူငွေများ စုဆောင်းရ၏။ ဂျစ်တူးကတော့ စုဗူးနှင့် စုသည်။ အိမ်ပြန်ရောက်သည့်အခါတိုင်း ပိုက်ဆံအိတ်ကိုဖွင့်ကာ ပါလာသည့် ကျပ်စေ့များကို စုဗူးထဲထည့်၏။ နောက် ဘုရားဖူးရက်ရောက်သော် စုဗူးဖောက်သည်။ ထိုစုငွေများဖြင့် ဘုရားဖူးကား ငှားသည်။
ဂျစ်တူး၏ မိတ်ဆွေများကလည်း  ဘုရားဖူးဘတ်စ်ကားခအတွက် ၀ိုင်းဝန်းအလှူငွေထည့်ဝင်ကြသည်။ စုစုပေါင်း အလှူရှင် ၃၅ ဦးခန့်ရှိ၏။ ၁၀၊ ၂၀၊ ၅၀၊ ၁၀၀ စသဖြင့် အားတက်သရော လှူဒါန်းကြသည်။ အလှူရှင်များမှာ နှစ်စဉ် တိုးပွားလျှက် ရှိ၏။


ထို့ပြင် လမ်း၌ အဆာပြေစားရန် ကောက်ညှင်းထုပ်လှူသူများလည်း ရှိပါသည်။
ဘယ်နေရာတွေ သွားခဲ့သလဲ
ယခု ၂၀၁၂ ခုနှစ်၊ ဇန္န၀ါရီလ ၁ ရက်၊ တနင်္ဂနွေနေ့ နှစ်ဆန်းတစ်ရက်နေ့တွင် စင်္ကာပူနိုင်ငံ မြန်မာဗုဒ္ဓဘာသာ ကျောင်းတော် ကြီးရှိ ဆရာတော်၊ သံဃာတော်များမှ ဒါယိကာ၊ ဒါယိကာမများအား အန္တရာယ်ကင်းခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းစသော ကောင်းကျိုးအဖြာဖြာ ရရှိကြပါစေခြင်း အလို့ငှာ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ကြပါသည်။ ထို့နောက် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ လောင်းလှူကြ၏။ ထို့နောက် ဆရာတော်များထံမှ နှစ်ကူးဆုတောင်းစကား နာကြားကြပါသည်။

အခမ်းအနားအပြီးတွင် ကြွရောက်လာသော ဧည့်ပရိသတ်ကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံပါသည်။ နေ့လည်စာမှာ ကိုယ်တိုင်ယူစနစ်ဖြစ်ပြီး ၀က်သား၊ ကြက်သား၊ ဟင်းသီးဟင်းရွက်များသာမက သစ်သီးများ၊ အအေးများနှင့် ဝေေ၀ဆာဆာ ရှိလှပါသည်။ ကျွေးသည့်နည်းမှာ ကိုယ်တိုင်ယူစနစ်ဖြစ်၏။ အချို့မှာ မိမိစားလောက်ရုံမျှ ချင့်ချိန်မယူ။ အတင်း နင်းကန် ထည့်ကာ မကုန်နိုင်သည့် အစားအသောက်များကို လွှင့်ပစ်ပါသည်။ ကျွန်တော့်ရှေ့တည့်တည့်တွင် ထိုင်နေသူတစ်ဦး၏ ပန်းကန်အတွင်း၌ လုံးဝမစားရသေးသော ကြက်ပေါင်တစ်ချောင်း နှင့် သီးစုံဟင်းများ အတော်များများကျန်နေတာ သတိထားမိပါသည်။ သူ ဒီအတိုင်းလွှင့်ပစ်လိုက်သည်ကို ကျွန်တော့်မှာ မနေနိုင်မထိုင်နိုင် အသည်းယားလှ၏။ ဓါတ်ပုံလျှောက်ရိုက်ရင်း စားပွဲများသို့ လျှောက်ကြည့်ရာ ဤကဲ့သို့သော မကုန်နိုင်၍ ပစ်လိုက်ရသည့် အစားအသောက်များကို တော်တော်များများ တွေ့ရသဖြင့် ကျွန်တော်လှူတာပင်မဟုတ်သော်လည်း အကုသိုလ်ပွားမိပါသည်။ အစသော် ထိုပန်းကန်များ ကို ဓါတ်ပုံရိုက်ယူမည် စိတ်ကူးမိသေးသော်လည်း အကျယ်အကျယ် မငြိမ်းဘွယ်ဖြစ်လာမည် စိုးသောကြောင့် မရိုက်တော့ပါ။  
စားစေချင်လို့ လှူတာဖြစ်ပါသည်။ ကုန်နိုင်သပဆို လေးငါးဆယ်ပန်းကန်စားပါ။ ဘာမှပြောစရာ အကြောင်းမရှိ။ အလဟဿ ဆိုသော စကားလုံးကို ထိုသူများနားမလည်ခြင်းအပေါ် အံ့သြမိပါသည်။ မကုန်နိုင်သဖြင့် ၎င်းတို့ပစ်လိုက်သော အစား အသောက်များကိုသာ စုလိုက်လျှင် နောက်ထပ် အနည်းဆုံး လူ ၁၀ ဦးခန့် စားနိုင်ပါလိမ့်မည်။ ထိုမျှပင်မကနိုင်ပါ။ သည်းခံပါ ခင်ဗျား။ မဆိုင်တာတွေရောပါသွားသည်။
စားသောက်ဗိုက်ဖြည့်ပြီးသော် နေ့လည် ၁၂ နာရီခွဲတိတိတွင် ကားများစထွက်ပါသည်။ လိုက်ပါလိုသူများမှာ အတန်များသဖြင့် ကား ၉ စီးပင်ဖြစ်သော်လည်း မဆန့်တော့သဖြင့် ကျန်ရစ်ခဲ့ရသူများ ရှိပါသေးသည်။
 ဘုရားဖူးကားများ


၁။ ရွှေသာလျောင်း (Sri Lankaramaya Temple)

ပထမဦးဆုံးသွားရောက်သည့်နေရာမှာ စင်ကာပူရှိ တစ်ဆူတည်းသော ရွှေသာလျောင်းဆင်းတုတော်ကြီးတည်ရှိရာ Sri Lankaramaya Temple ဖြစ်ပါသည်။ မဟာဗောဓိပင်လည်း ရှိ၏။ ကျောင်းထိုင်ဆရာတော်မှာ Ven K. Rathanasara ဖြစ်ပြီး ကျောင်းလိပ်စာမှာ 30-C St. Michael's Road, Singapore 328002 ဖြစ်၏။


ဤကျောင်းကို ၁၉၅၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သဖြင့် စင်ကာပူရှိ အစောဆုံးသီရိလင်္ကာကျောင်း ဖြစ်ပါသည်။ ထိုကျောင်းရှိ ရွှေသာလျောင်း ဆင်းတုတော်ကြီးမှာ အလျား ၄၅ ပေ ရှိပါသည်။ ကျောင်း၌ စာကြည့်တိုက်နှင့် မဟာဗောဓိပင်လည်း ရှိသည်။ နှစ်ကူးဖြစ်သဖြင့် ကျောင်းတော်အတွင်း ဘုရားဖူးများဖြင့်  လူစည်ကားလှသည်။
 ဗောဓိပင်


၂။ ရွှေကျောင်းတော် (Golden Pagoda Buddhist Temple)

ရွှေကျောင်းတော်ကြီးမှာ 798 Tampines Road, Singapore 518475 - တွင်တည်ရှိသည်။ ကျောင်းသို့ရောက်သည်နှင့် ဆရာတော်ကြီးများက ကြိုဆိုနေကြပါသည်။ ထို့နောက် အားလုံးကို ထိုင်စေပြီး ဆုတောင်းပေးပါသည်။ ဆုတောင်းပြီးသော် လိမ္မော်သီးများ ဝေပေး၏။
ဆုတောင်းပေးနေသော ဆရာတော်များ

ကျောင်းတွင် ဘုရားပုံတော် တော်တော်များများကို ဖူးခဲ့ရသည်။ ဤတွင် အချို့ကိုဖော်ပြလိုက်ပါသည်။
 လ ဘုရား

 ဆေးဘုရား

ကျောင်းထိုင်ဆရာတော်မှာ Ven. Fazhao ဖြစ်၏။ ၁၉၅၉ ခုနှစ်ဖွားဖြစ်ပြီး NS ပြီးလျှင်ပြီးချင်း ၁၉၇၉ ခုနှစ်တွင် မြင့်မြတ်သော ရဟန်းဘ၀သို့ တက်လှမ်းခဲ့သည်။ ဆရာတော်သည် ၁၉၉၄ ခုနှစ်တွင် Metta Welfare Association ကို တည်ထောင်ခဲ့သည်။ ဆရာတော်အား ထိုင်းဘုရင် ဘူမိဘောအဒူယာဒက်ခ်ျက Chaokun Phra Vithethamanusith ဘွဲ့ ပေးအပ်ခဲ့သည်။ ထိုဘွဲ့ပေးခဲ့ပြီး တစ်နှစ်အကြာတွင် ဆရာတော်၏ ဗုဒ္ဓဘာသာဆိုင်ရာ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် ထိုင်းမင်းသမီး မဟာချက်ကရီ သီရိဒုံက Dharma Cakara Gold Wheel Award  ဘွဲ့ကိုပေးအပ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင်   ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှ Doctor of Philosophy Degree in Social Work  ကို ဆရာတော်အား ချီးမြှင့် အပ်နှင်းခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ ဆရာတော်အား မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့ကို ချီးမြှင့်ခဲ့သည်။

၂၀၀၁ ခုနှစ်တွင် ဆရာတော် Fazhao ၏ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံမှ ဘဒ္ဒန္တစိတ္တပါလ မထေရ် ရွှေကျောင်းတော်သို့ ကြွရောက် ခဲ့သည်။

၃။ Kong Meng San Phor Kark See Monastery

ထို့နောက် ဘိရှန်းကျောင်းကြီးထံ ဆက်ခဲ့ကြပါသည်။ ကျောင်းကြီးမှာ စင်ကာပူရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ အနက် အကြီးဆုံးကျောင်းဖြစ်ပြီး 88, Bright Hill Road တွင်ရှိသည်။ ကျောင်းကြီးကို ၁၉၂၀ ခုနှစ်တွင် စတင်တည်ထောင် ခဲ့သည်။

ကျောင်းကြီးမှာ ကြီးမားသလို ကျောင်းအတွင်းရှိဆင်းတုတော်၊ စေတီတော်၊ လှုပ်ရှားမှုများမှာလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ ကျွန်တော်တို့ရောက်သွားတော့ ဘုန်းတော်ကြီးများနှင့် ဥပသကာများ ၀တ်ပြုဆုတောင်းနေသည်ကို တွေ့ခဲ့ရ ပါသည်။



ထိုကျောင်း၌ ကျွန်တော်သဘောအကျဆုံးမှာ ကျောက်ထွင်းဘုန်းကြီးရုပ်တုကလေးများ ဖြစ်ပါသည်။ အရေအတွက်အားဖြင့် များပြားသလို အားလုံးမှာ ပုံစံတူ ချစ်စရာကလေးများ ဖြစ်၏။ မျက်နှာကလေးများမှာ ပြုံးနေပြီး ငြိမ်းချမ်းလှသည်။ စေတီထောင့်များတွင်လည်းကောင်း၊ မြက်ခင်းပြင်များ၌ ဖြန့်ကျဲ၍သော်လည်းကောင်း ချထား၏။



ထိုနေရာတွင် ဘုရားဖူးလာကြသူအားလုံး စုပေါင်းကာ ဓါတ်ပုံရိုက်ကြ၏။ လူများသောကြောင့် ဓါတ်ပုံက တစ်ပုံတည်းနှင့် မဆန့်။ ထို့ကြောင့် နှစ်စု၊ သုံးစုခွဲကာရိုက်ကြရသည်။

ထိုနေရာတွင် ကျောင်းအတွင်း အတန်ကြာလှည့်လည်ကြည့်ကြပြီး နောက်တစ်နေရာသို့ ဆက်ခဲ့ကြသည်။

၎။ Mount Faber

မောင့်ဖေဘာတောင်၏ မူလအမည်ရင်းမှာ Telok Blangah Hill ဖြစ်၏။ ၁၈၄၅ ဇူလိုင်လတွင် မောင့်ဖေဘာ ဟု နာမည်ပြောင်း ခဲ့သည်။ ဗိုလ်ကြီး ချားလ်စ် အက်ဒွပ်ဖေဘာ စင်ကာပူသို့ ၁၈၄၄ ခုနှစ်တွင် ရောက်ခဲ့ပြီးနောက် တောင်တက်လမ်းကို ဖောက်ခဲ့ ပြီး သူ့နာမည်ပေးခဲ့ခြင်း ဖြစ်သည်။ အမှန်ဆိုရလျှင် သူဖောက်သောလမ်းကလေးမှာ ပီဘိ မဖြစ်ညစ်ကျယ်ကလေးမျှ ဖြစ်၏။ သို့နှင့်တောင် သူဖောက်တာဆိုပြီး တိုင်းရင်းသားနာမည်ဖျောက်။ သူ့နာမည် ပေးခဲ့သေးသည်။ ဤသည်ကို အားကျကာ ကျွန်ုပ်ပင်လျှင် ခါကာဘိုရာဇီ တောင်တက်လမ်းအသစ်ထွင်ကာ ခါကာဘိုရာဇီတောင်ကြီးကို မောင့်အေးငြိမ်း ဟု နာမည် ပေးရကောင်းမလားဟု စိတ်ကူးယဉ်မိပါသေး၏။
မောင့်ဖေဘာတောင်သို့ရောက်ရှိကြစဉ်

အမြင့် ၃၄၄ ပေရှိသော မောင့်ဖေဘာမှာ စင်ကာပူတွင် တတိယအမြင့်ဆုံးတောင်ဖြစ်၏။ ပထမအမြင့်ဆုံးမှာ အမြင့်ပေ ၅၃၈ ရှိ ဘူကစ်တီမားတောင် ဖြစ်ပြီး ဒုတိယအမြင့်ဆုံးတောင်မှာ အမြင့်ပေ ၄၃၆ ရှိ ဘူကစ်ဂွမ်ဘ တောင် ဖြစ်သတည်း။

ကားပေါ်မှဆင်းလိုက်သည်နှင့် ကောက်ညှင်းပေါင်းများ ဝေပါသည်။ ကျွန်တော်တို့မှာ ဗိုက်ဆာနေသည်ဖြစ်ရာ အလွန်စားလို့ ကောင်းလှ၏။ ကျေးဇူးပါ အလှူရှင်များနှင့် စီစဉ်သူများခင်ဗျား။ အခြားသူများကြည့်လိုက်တော့လည်း အားလုံး မြိန်ရေ၊ ရှက်ရေ စားနေကြတာတွေ့ရပါသည်။

စင်ကာပူရှိ ခြင်္သေ့သုံးကောင်အနက် တစ်ကောင်မှာ ပင်လယ်ရေစပ်တွင်သော် လည်းကောင်း၊ တစ်ကောင်မှာ ဆင်တိုဇာ တွင်လည်းကောင်း၊ တစ်ကောင်မှာ မောင့်ဖေဘာတွင် လည်းကောင်း စံပယ်၏။ မောင့်ဖေဘာမှ ခြင်္သေ့မှာ အစာဝပုံမရ။ ပိန်လှသည်။ ရှုမျှော်ခင်းကောင်းလှသည်နှင့် ကျွန်ုပ်တို့လည်း ဓါတ်ပုံတစ်ဖျပ်ဖျပ်ရိုက်ကြ၏။

ကျွန်ုပ် ခြင်္သေ့ကိုဓါတ်ပုံရိုက်နေစဉ် နောက်နားဆီမှ “ဟင်၊ မဲမှောင်နေတာပဲ။ ဘာမှလည်း မမြင်ရဘူး” ဟု ညည်းတွားသံ ကြားရ၏။ ဘာများပါလိမ့်ဟု စပ်စုလိုစိတ်နှင့် နောက်လှည့်ကြည့်လိုက်သော် အဝေးကြည့်မှန်ပြောင်းကို ဟိုဘက် လှည့်ကြည့်လိုက်၊ သည်ဘက်လှည့်ကြည့်လိုက်လုပ်နေသော လူတစ်စုကို တွေ့၏။ နောက်မှ တစ်ယောက်လာကာ “ဘယ်ကြည့်လို့ရမလဲကွ။ ဒါက ပိုက်ဆံထည့်ကြည့်ရတာ။ ဟောဒီမှာ ပိုက်ဆံထည့်တဲ့အပေါက်၊ မင်းကြည့်ချင်ရင် ကျပ်စေ့ ထည့်လိုက်” ဟု ဆို၏။ ပထမ လူငယ်အုပ်စု စိတ်ပျက်လက်ပျက်နှင့် နောက်ဆုတ်သွားတာ တွေ့ရသည်။

၎င်းတို့ကိုကြည့်ပြီး လွန်ခဲ့သော ဆယ်နှစ်ကျော်က ကျွန်ုပ်ကိုယ်တိုင် ဆင်တိုဇာကျွန်းပေါ်တွင် ဤကဲ့သို့ကြုံခဲ့ရသည်ကို ပြန်တွေးမိပြီး ငါးခူပြုံး ပြုံးမိသောဟူသတတ်။

၅။ Marina Barrage

မောင့်ဖေဘာပြီး သွားခဲ့သော နောက်တစ်နေရာမှာ Marina Barrage ဖြစ်၏။ ဤပရောဂျက်မှာ စင်ကာပူ၏ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် စင်ကာပူ၏ဖခင်ကြီး မစ္စတာလီကွမ်ယု၏ အမြော်အမြင်ကြီးလှသော စိတ်ကူးများထဲမှ ရလဒ်တစ်ခု ဖြစ်၏။ ရေကန်ကြီးမှာ ဟက်တာပေါင်း တစ်သောင်းကျော် ကျယ်ဝန်းသဖြင့် စင်ကာပူနိုင်ငံဧရိယာ၏ ၆ ပုံတစ်ပုံမျှရှိသည်။ စင်ကာပူနိုင်ငံ၏ အကြီးမားဆုံးနှင့် မြို့ပြမှ မိုးရေကိုခံယူမှုအများဆုံး ရေကန်ကြီးလည်း ဖြစ်သည်။ ဤရေကန်ကြီးမှ စင်ကာပူတစ်နိုင်ငံလုံး ရေလိုအပ်ချက်၏ ၁၀% ထိ ဖြည့်ပေးနိုင်စွမ်းရှိသည်။

ဤရေကန်ကြီးတွင် ပင်လယ်ရေနှင့် ရေချိုကို ကန့်ထားသော မီတာ ၃၅၀ ရှည်သော ရေကာတာကြီးရှိသည်။ ဤရေကာတာ ကြီး၌ ရေတံခါး ၉ ပေါက်ရှိ၏။ မိုးအလွန်သည်းထန်စွာရွာသော အချိန်များတွင် ကုန်းတွင်းရေလျှံမှုကို ထိန်းရန် ထို ရေတံခါးကြီးများ ကိုဖွင့်လျှက် ဒီကျချိန်၌ ပင်လယ်အတွင်းသို့ ရေများထုတ်ပစ်သည်။



ကျွန်တော်တို့ရောက်သွားချိန်တွင် မရီနာဘားရာ့ဂ်ျ ခေါင်မိုး မြက်ခင်းပြင်၌ လူကြီးလူငယ်အများအပြားတို့သည် စွန်လွှတ်သူ ကလွှတ်ကြ၊ မိမိတို့ အုပ်စုလိုက် ၀ိုင်းဖွဲ့ကာ စားသောက်ရင်း စကားဖောင်ဖွဲ့သူက ဖွဲ့ကြ။ ကလေးများမှာ ဘောလုံးကန်ကြနှင့် ပျော်စရာကြီးဖြစ်၏။ ကျွန်တော်လည်း လျှာရှည်ကာ ဟို့ဘက်အစွန်းရှိ ဆိုလာပယ်နယ်များရှိရာ သွားလေ့လာ၏။ ထိုနေရာတွင် လူပြတ်လှသည်။ မည်သူမှ မရှိ။ လူပြတ်သည်ကိုအခွင့်ကောင်းယူကာ ဟိုဒင်းလုပ်နေသော အတွဲတစ်တွဲကို တွေ့ရပြီးသကာလ ကျွန်တော့်မှာ အလိုက်သိစွာ ကုပ်ချောင်းချောင်းနှင့် ပြန်လှည့်ထွက်ခဲ့ရ၏။


ဤနေရာတွင်လည်း အတန်ကြာ လှည့်လည်ကြည့်ရှု အပန်းဖြေကြပြီး ညနေ ၆ နာရီလည်း တီးနေပြီဖြစ်သဖြင့် နောက် တစ်နေရာသို့ ဆက်ခဲ့ကြသည်။

၆။ Esplanade Theatre

ဤနေရာကား စင်ကာပူရောက်ရှိနေထိုင်သူတို့အဖို့ အထူးအဆန်းမဟုတ်တော့ပြီ။ သို့အတွက် တော်တော်များများမှာ ဘတ်စ်ကားပေါ်မှ ဆင်းသည်နှင့် ကျွန်ုပ်တို့မြန်မာများ၏ ဌာနေဖြစ်သော ပင်နင်စူလာသို့ ချီတက်ကြကုန်၏။ ဘုန်းတော်ကြီး များကို ကျောင်းပြန်ပို့ရန် ဘတ်စ်ကားတစ်စီးလောက်သာ ချန်ထားလျှက် ကျန်ကားအားလုံးမှာလည်း ပြန်ကုန်ကြပြီဖြစ်သည်။ ကျွန်တော်လည်း အများနည်းတူ ခရီးစဉ်ကို အဆုံးသတ်ကာ ပြန်ခဲ့ပါသည်။

ဘယ်လိုဆက်သွယ်ရမလဲ

တစ်သုံးလုံးအလှူနှင့် ပတ်သက်၍ အလှူငွေများ ထည့်ဝင်လိုသည် ဖြစ်စေ၊ ခရီးစဉ်အကြောင်း မေးမြန်လိုသည် ဖြစ်စေ အောက်ပါ ဖုံးနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

၁။ ကိုကျော်မိုးဦး - ၉၁၄၆၆၈၆၅
၂။ ကိုအောင်စိုး - ၉၇၇၅၄၃၈၉
၃။ ကိုတင်မောင်သိန်း - ၉၁၀၅၅၅၆၆
၎။ သုမင်းလှိုင် - ၉၃၂၅၈၇၈၀
၅။ ဂျစ်တူး - ၉၁၀၇၅၉၆၈

နိဂုံး

တစ်ခုရှိသည်မှာ သည်နှစ်တွင် ဂျစ်တူးက ခြေထောက်ကျိုးထားသဖြင့် ကောင်းကောင်းမလှုပ်ရှားနိုင်။ သည့်အတွက် ဘုရားဖူး ခရီးသည်များကို ရှင်းလင်းပြသမည့်သူမရှိ။ နောက်နှစ်များတွင်တော့ ကျွန်တော်လည်းကူညီကာ ဘုရားဖူးများအား ရှင်းပြရန် ဂျစ်တူးကို အကြံပြုပါသည်။ သွားမည့်နေရာများကို တစ်လလောက် ကြိုတင် စီစဉ်ထားပြီး ထိုနေရာများအတွက် သိသင့်သိထိုက်သည်များကို လေ့လာကာ ရှင်းပြရန်ဖြစ်ပါ၏။

မသိသေးသူများအားလည်း တစ်သုံးလုံးဘုရားဖူးခရီးစဉ်အကြောင်း လက်ဆင့်ကမ်းလိုက်ပါ ခင်ဗျား။

အားလုံးကိုကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၃၊ ၁၊ ၂၀၁၂ နေ့လည် ၁၁ နာရီ ၁၁ မိနစ်

Blk 663D, Jurong West St. 65

#15-233

Singapore 644663

Tel: 97303027

Email: y_nyein@yahoo.com.sg

No comments: